ကျွန်မနဲ့  ခရီးသွားခြင်း {အတွေး၊အရေး – ၁၇}

ကျွန်မ ဘ၀မှာ ခရီးသွားခြင်းကို နှစ်တိုင်းလိုလို စွဲစွဲမြဲမြဲ လုပ်ဖြစ်ခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ။ အရင်ကတော့ ခရီးသွားခြင်းကို ရံဖန် ရံခါ လုပ်ဖြစ်ခဲ့ပေမဲ့ ၂၀၀၅ ခုနှစ်က စပြီး နှစ်တိုင်းလိုလို ပုံမှန် ခရီးသွား ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ခု ၂၀၁၀ အထိ ဆိုပါတော့။

၂၀၀၅ ခုနှစ်က ပုဂံ၊ ညောင်ဦး၊မန္တလေး ၊ စစ်ကိုင်း၊ မင်းကွန်းဘက်ကို ဒီဇင်ဘာလ Christmas နဲ့  New Year ကြားကာလမှာ သွားဖြစ် ခဲ့ပါတယ်။ ဒီဇင်ဘာလဟာ အညာမှာတော့ အရမ်း အေးပါသေးတယ်။ ဆောင်းတွင်း မှာ ခရီးသွားရတဲ့ ဖီလင်လေးကလည်း အရမ်း နေလို့ ကောင်းပါတယ်။ အရာအားလုံးကို စိုစို ပြည်ပြည်၊ အေးအေး ချမ်းချမ်းနဲ့  မြင်ရ တွေ့ ရ ခံစားရလို့ ပါ။

၂၀၀၆ ခုနှစ်မှာတော့ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပင်းတယ၊ အောင်ပန်းတို့ ကို သွားဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ Christmas နဲ့  New Year ကြားကာလမှာပဲ သွားဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ အောင်ပန်းက လိမ္မော်ခြံ ထဲမှာ ပလိုင်းကြီးနဲ့  လိမ္မော်သီး ခူးနေတဲ့ အိုက်တင်တွေနဲ့  ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာလား အမှတ်တရ ပါပဲ။ နောက် အမှတ်တရ တစ်ခုကတော့ ပြန်မဲ့နေ့ မှာ ကလောမြို့ နား လေးက မြင်းမထိဂူကို မနက်ပိုင်း ၀င်လည်ကြ ပါတယ်။ ပုံမှန်ဆိုရင် အဲဒီက ပြီးရင် ရန်ကုန် ပြန်မယ်လို့  စီစဉ်ထားတာပါ။

အဲဒီမှာပဲ မြင်းမထိဂူ မရောက်ခင် လမ်းခွဲလေးက ဆိုင်းဘုတ်ကို စပ်စပ်စုစု ဖတ်လိုက်တာက ကျွန်မပါ။

“လွိုင်ကော်သို့  ၃၉မိုင်တဲ့ နီးနီး လေးပဲ သွားမလား။ ကယားပြည်ကို တစ်ခါမှ မရောက်ဖူးဘူး” လို့  စတင်ခဲ့ တာပါ။ ခရီးသွားတိုင်းမှာ ကျွန်မက ခရီးစဉ် စီစဉ်သူ ဒုတိယ လက်ထောက်ပါ။ သွားမဲ့ ခရီးစဉ်တိုင်းကို ကိုယ်တိုင် ရေးဆွဲ၊ ဘယ်မှာ တည်းမလဲ စီစဉ်နဲ့  အမြဲတမ်း ပင်တိုင် လုပ်ခဲ့သူပါ။ ကျွန်မရဲ့ စပ်စပ်စုစု စကားကို ကျွန်မရဲ့ ခေါင်းဆောင် ကလည်း လက်ခံပါတယ်။

ဒါနဲ့ ပဲ လွိုင်ကော်သွားမဲ့ လမ်းကို စုံစမ်းပြီး ခရီးဆက်ခဲ့ကြပါတယ်။ မိုင် ၂၀ကျော်လောက် ရောက်မှ စောစောက ဖတ်ခဲ့တဲ့ ခရီးမိုင်ဟာ ၃၉ မိုင် မဟုတ်ပဲ ၉၃ မိုင် ဖြစ်ကြောင်း နောက်ကျမှ သိခဲ့တာပါ။ ဒါပေမဲ့လည်း ရဲဘော် ဆက်လုပ်ပေါ့။ ကိုယ့်အုပ်စုနဲ့ ကိုယ်၊ ရုံးအပိုင် မီနီဘတ်စ်နဲ့  သွားကြတာဆိုတော့ သိပ် မခဲယဉ်းပါဘူး။ ကယားပြည်ဆိုတာ ရောက်ဖူးဖို့  မှ မလွယ်ပဲ။ ဒီတော့ မှားဖတ်မိတာပဲ အမှားကောင်း ဆိုပြီး ဆက်လက် ချီတက်ခဲ့ကြပါတယ်။

ကယားပြည်နယ်ကို ရောက်တော့ ညနေ ၅နာရီ ကျော်နေပါပြီ။ ဒါကြောင့် နာမည်ကြီး တောင်ကွဲစေတီနဲ့  တောင်ပေါ်က ဘုရားလေး ရှိတဲ့ မြို့ ကို အပေါ်စီးက မြင်ရတဲ့ ကျွန်မ နာမည် မမှတ်မိတော့တဲ့ စေတီလေး တစ်ဆူကို ရောက်ခဲ့ပါတယ်။ လွိုင်ကော်မြို့ လေးဟာ အေးချမ်း တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့ လေးတစ်ခုရယ်သာပါ။ အဲဒီနှစ်က မှတ်မှတ်ရရ ခြေရှည်ပြီး ကယားပြည်နယ် အထိ ရောက်ခဲ့ တာပါ။

၂၀၀၇ ခုနှစ်မှာတော့ ဒီဇင်ဘာလမှာ မသွားဖြစ်တော့ပါဘူး။ အလုပ်တွေ များနေတော့ ခွင့်ရက်ရှည်ယူပြီး သွားဖို့  မအားတာနဲ့  ၂၀၀၈ ခုနှစ် သင်္ကြန်ကာလမှာ သွားခဲ့တာပါ။ ခရီးစဉ်က ရွှေစက်တော်၊ မုံရွာ၊ မန္တလေး၊ မေမြို့ ၊ လားရှိုး၊ မူဆယ်ဘက်ကို သွားခဲ့ကြတာပါ။ နွေရာသီ ခရီးသွားတဲ့ ဖီလင်ကလည်း တစ်မျိုးလေး ကောင်းပါတယ်။

ဘာလို့ လဲဆိုတော့ ဆောင်းတွင်းသွားရင် အနွေးထည် အထူကြီးတွေနဲ့  ဓာတ်ပုံရိုက်ရင် ပဲပေးလို့  သိပ်မှ မကောင်းတာပဲ။ နွေရာသီ ဆိုတော့ လွတ်လပ် ပေါ့ပါးတဲ့ ၀တ်စုံလေးတွေ စိတ်ကြိုက် ၀တ်နိုင်တယ်လေ။ တစ်ခု မကောင်းတာကတော့ သင်္ကြန်တွင်းမို့  စားစရာ နေစရာ အားလုံး ဈေးနှုန်းက ၂ဆ နီးပါး ဈေးကြီးတာပါ။ နောက်ပြီး သင်္ကြန်ဆိုတော့ ရေစိုတာပေါ့နော်။

အဆိုးဆုံးက တရုတ်ပြည် ရွှေလီဘက်ကို သွားလည်ချိန်ပါ။ အိုး ရွှေလီ သင်္ကြန်က အလွန်ဆိုးတာပဲ။ ရေကို ပုန်းလိုက်ကြီး တိုက်တွေ ပေါ်က လောင်းချတာ၊ စားသောက်ဆိုင်မှာ စားသောက်နေတုံး တိုက်တွေပေါ်ကနေ ရေတွေ လောင်းချတာ၊ ဈေးဝယ်နေရင်း ဆိုင် အတွင်းထဲအထိ ရေ၀င်လောင်းတာမျိုးတွေလေ။ ကျွန်မတို့ ကသာ ဈေးဝယ်နေတုံး ရေလိုက် အလောင်းခံရလို့  စိတ်လည်း ညစ်၊ သူတို့ ဆိုင်တွေ စိုကုန်လို့  အားနာပေမဲ့ သူတို့ ကတော့ အေးဆေးပါ။ ဘာမှ မမှုပါဘူး။

၂၀၀၉ ခုနှစ်မှာလည်း သင်္ကြန်မှာပဲ သွားဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လည်ပတ်ဖို့  သက်သက် မဟုတ်ပဲ အလုပ်ကိစ္စနဲ့  လုပ်ငန်းခွင် တစ်ခုကိုပါ ၀င်ကြတာပါ။ ကျွန်မတို့ ရဲ့ လုပ်ငန်းက ကချင်ပြည်နယ် တနိုင်း ဘက်မှာလေ။ ဒီတခေါက်မှာတော့ ကျွန်မက ခါတိုင်းသွား နေကျ မီနှီဘတ်စ်နဲ့  မလိုက်နိုင်ခဲ့ပါဘူး။ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေကြောင့် (Operation လုပ်ထားရတာကြောင့်) လေယာဉ်နဲ့  နောက်မှ မြစ်ကြီးနားကို လိုက်သွားတာပါ။ ဒါပေမဲ့ အပြန်လမ်းမှာတော့ ခေါင်းမာစွာနဲ့  ကားစီးပြီး ရအောင် ပြန်လာခဲ့တာပါ။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့် ၊ မြစ်ဆုံ၊ ကရိန်နော်၊ အင်းတော်ကြီး ရွှေမဉ္ဖူဘက်အထိ ရောက်ခဲ့ တာပါ။ အပြန်ကျမှ ဗန်းမော်၊ နမ့်ခမ်းလမ်းဘက်ကနေ မူဆယ်ဘက်ကို ၀င်ပြီး လှည့်ပြန်လာတာပါ။ တရုတ် နယ်စပ်မြို့ ၂မြို့ ဖြစ်တဲ့ ရွှေလီနဲ့  လိုက်ဇာကို မတူညီတဲ့ နယ်စပ်နေရာ ၂ခုကနေ ရောက်ရှိ လည်ပတ် ခဲ့ရပါတယ်။့ သင်္ကြန် ပိတ်ရက် ၁၀ရက်လုံး ကားပေါ်မှာ ကုန်ခဲ့ကြတဲ့ အမှတ်တရ နှစ်တစ်ခု ပါပဲ။ ဘာလို့ လဲဆို တော့ တနေရာနဲ့  တနေရာ အရမ်းဝေးတော့ ကားစီးရင်း အချိန်ကုန်ရတာမို့ လေ။

ဒီလိုနဲ့  နှစ်တိုင်းလိုလို ခရီးထွက်ဖြစ်လာတော့  ခရီးသွားခြင်း အရသာ ဆိုတဲ့ ဖီလင်ကိုလည်း မူးယစ် ဆေးစွဲ သလို ယစ်မူး စွဲလမ်း နှစ်သက်တတ်လာပါတယ်။ တစ်နှစ်တစ်ခါ ခရီးသွားချိန်နားနီးလာရင် လူက အလိုလို နေရင်း ရင်ခုန်လာပါတယ်။ ဒီနှစ် ဘယ်နေရာ သွားမှာလဲ? ဘယ်သူနဲ့  သွားမှာလဲ။? ဘယ်အချိန်သွားမှာလဲ? ဥပမာ ဆောင်းတွင်းဘက် ဒီဇင်ဘာမှာ  သွားမလား? နွေရာသီ သင်္ကြန် ပိတ်ရက်တွေမှာ သွားမလား ဆိုပြီး တော့ပေါ့။

ရင်ခုန်သံက တစ်နှစ်နဲ့  တစ်နှစ် မတူညီပါဘူး။ အညာကို သွားမယ်ဆိုရင် လူက အညာဒေသ မြင်ကွင်းလေး တွေကို ကြိုတင် မြင်ယောင်ရင်း၊ ဖုန်နံ့ လေးတွေ ကြိုရရင်း၊ ရှမ်းပြည် သွားမယ်ဆိုရင်လည်း ရှမ်းအိုးစည်သံနဲ့  ပဲပုတ်နံ့ လေး ကြိုရလာသလိုပဲ ကျွန်မက ကြိုတင် ရင်ခုန်တတ်သူလေ။

ကားပေါ်မှာ ဖွင့်မဲ့ သီချင်းကအစ ရွေးချယ်ထားတာလေ။ ရှမ်းပြည် သွားရင် စိုင်းထီးဆိုင်တို့ ၊ စိုင်းဆိုင်မော်တို့ ၊ အညာသွားရင် စိုးစန္ဒာထွန်းတို့  ပိုးအိစံတို့ အစ အဲဒီလို အသေးစိတ် စီစဉ်ထားတတ်တာ။ အဲဒီလောက်အထိ ခရီးသွားမှုမှာ ရစ်မူးတတ်တဲ့ မိန်းမ တစ်ယောက်ပေါ့။

၂၀၁၀ ခုနှစ်မှာ ကျွန်မ ခရီး ၂ကြိမ် သွားခဲ့ပါတယ်။ နောက်ထပ် ရေးသားပါအုံးမယ်နော်။ ၂၀၁၀ ခရီးစဉ် အသေးစိတ်ကိုပေါ့။ ကျွန်မနဲ့  အတူ လိုက်ပါ ခရီးသွားပေးကြပါအုံးနော်။

Advertisements

About mayzuu
hi

One Response to ကျွန်မနဲ့  ခရီးသွားခြင်း {အတွေး၊အရေး – ၁၇}

  1. htwe says:

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ တနိုင်းမြို့သို့သွားလိုလျှင် မည်သို့မည်ပုံသွားရမည်ကိုသိလိုပါသည်ရှင်။ အချိန်မည်မျှကြာမည်ကိုလည်း သိလိုပါသည်။ တနိုင်းမြို့ အနီးရှိ မိုင်းခွန်းထိသွားလိုပါသည်ရှင်။ ကျေးဇူးပြု၍ ကူညီပါရှင်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: