စာပေရေးသားဖြင်းဆိုင်ရာ ဆောင်းပါးများ ၆ {အမှတ်တရများနဲ့  ကျွန်တော်}

ဝတ္ထုတစ်ပုဒ် ရေးတယ်ဆိုရင် အနည်းနဲ့ အများဆိုသလို ကိုယ့်အတွေ့ အကြုံ၊ ကိုယ့်အဖြစ်အပျက် တစ်စိတ် တဒေသကိုတော့ ကိုယ့် ၀တ္ထုထဲမှာ ထည့်ရေးတတ်ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ကိုယ့်ဘ၀မှာ အမှတ်တရ ရှိနေခဲ့တာတွေကို ဘယ်အတိုင်းအတာအထိ ထည့်ရေးမလဲ။ ဘယ်သူ့ ခံစားချက်နဲ့  ရေးမလဲ။ ဒီအဖြေကို စာရေးဆရာ “ဆစ်(ဒ်)နီဆာ(လ်)ကင်” က The Writer မှာ ဆောင်းပါး အနေနဲ့  ရေးသားဖော်ပြထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။ သူပြောပြတဲ့ ကိုယ်တွေ့  အတွေ့ အကြုံ ရေးသားနည်း အကြောင်း လေးပါ။

ကျွန်တော် ခပ်ငယ်ငယ်တုန်းက အလုပ်အတူတူ လုပ်ခဲ့ဖူးတဲ့ လူတစ်စုကို ဇာတ်ကောင်များ အဖြစ်ထားပြီး ၀တ္ထုတစ်ပုဒ် ရေးချဖို့  နှစ်ပေါင်း အတော်ကြာကြာ ခေါင်းထဲမှာ ရှိနေခဲ့ပါတယ်။ ငယ်ဘ၀က အတွေ့ အကြုံ ဆိုတော့ ခေါင်းထဲမှာ ပြက်ပြက်ထင်ထင် စွဲစွဲ မြဲမြဲလည်း ရှိနေတဲ့အတွက် စာရွက်ပေါ်မှာသာ ချရေးဖြစ်ရင် ဘာအခက်အခဲမှ ရှိနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော့ကိုယ် ကျွန်တော် သေချာလှပါတယ်။ ကျွန်တော့ မျက်စိ ထဲမှာ အဖြစ်အပျက်ကို တည်နေရာ ထားရမယ့် ဆက်တင်ကလည်း မြင်ထားပြီး သား။ ဘော့စတန်မြို့ ရဲ့ ဒေါ်ချက်(စ်)တာ ရပ်ကွက်က တက္ကစီစတင်း။ အချိန်ကာလက စီးပွားကပ်ဆိုက်နေတဲ့ ကာလကြီးရဲ့ တစ်ခု သော မိုးည တစ်ည။ ဇာတ်ကောင်တွေက အရက် အလွန်အကျွံ မူးနေကြတဲ့ ကားမောင်းသမား တစ်စုနဲ့  စာတို့ ၊ ပစ္စည်းတို့  လိုက်ပို့  ပေးရတဲ့ လူငယ်တစ်ယောက်။ ဒီဇာတ်ကောင်တွေ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲစရာ အဖြစ် အပျက်ကလည်း ကျွန်တော့် မျက်စိ ထဲမှာ မျက်ဝါးထင်ထင် မြင်ပြီးသား။ ဒါတွေ စုပေါင်း ရေးလိုက်ရင် ၀တ္ထုကောင်း တစ်ပုဒ်ဖြစ်ပြီပေါ့။ အဲဒီလို တွေးလိုက်တဲ့ အချက်က လည်း ကျွန်တော့်ကို လမ်းပေါ်မှာ ရောက်စေ ခဲ့တာပါပဲ။

ချရေးလိုက်တဲ့ ပထမ စာမူကြမ်းမှာ ကျွန်တော် ဘာတွေ့ ခဲ့ရသလဲဆိုတော့ ကျွန်တော် ရေးထားတာတွေက ပြည့်စုံလွန်းတယ်။ တိကျလွန်းတယ်။ အသေးစိတ်လွန်းတယ်။ ဇာတ်ကောင်တစ်ကောင်ချင်းရဲ့ အပြုအမူ၊ အပြောအဆို၊ အရောင်အသွေး၊ အလင်းအမှောင်၊ အဖြစ်အပျက် အားလုံးကလည်း အမှန်ချည်းပါပဲ။ ဒါပေမဲ့ ၀တ္ထုကောင်းတစ်ပုဒ် ဖြစ်မလာခဲ့ပါဘူး။ ၀တ္ထုက သက်ဝင် လှုပ်ရှားမှု မရှိဘူး။ ကျွန်တော့အမှားက လွယ်လွယ် လေးပါ။ ချရေးလိုက်တဲ့ ဇာတ်ကောင်တွေက သက်ရှိ ဇာတ်ကောင် တွေ ဖြစ်နေတဲ့အတွက် ၀တ္ထုထဲက ဇာတ်ကောင်တွေ ဖြစ်မလာတာပါ။ စိတ်ကူးယဉ် ၀တ္ထုထဲက ဇာတ်ကောင်တွေ မဟုတ်ပဲ ကျွန်တော့် အမှတ်တရ အဖြစ်အပျက်များထဲက ဇာတ်ကောင်တွေ ဖြစ်နေလို့  ၀တ္ထုက အသက်မ၀င်တာပါ။

ဒီပြသနာရဲ့ အဖြေကတော့ ၀တ္ထုအသစ်တစ်ပုဒ် အဖြစ် ဖန်တီး တင်ပြတဲ့ နေရာမှာ “အကွာအဝေး” ပြသနာ ပါပဲ။ အဖြေတွေ့ လာ တော့လည်း အံ့သြစရာကောင်းလောက်အောင် လွယ်ကူသွားပါတယ်။ ပထမ ကျွန်တော် ရေးထားတာက ပစ္စည်းပို့ တဲ့ ကောင်လေး ရဲ့ အမြင်ကို တတိယလူ (ဘေးလူ) အနေနဲ့  ရေးထားတယ်။ အဲဒီမှာ စာရေးဆရာ (ကျွန်တော်) နဲ့  ၀တ္ထု မခွဲနိုင်ခြင်းက ပြသနာ ဖြစ်နေတယ်။ စာရေးဆရာက ဇာတ်လမ်းထဲမှာ ၀င်ပါသလို ဖြစ်နေတယ်။

အဲဒီအဖြေကို တွေ့ လာတော့ ဒီဇာတ်ကိုပဲ ပထမလူက ပြန်ပြောတဲ့အနေနဲ့  ချရေးလိုက်တဲ့အခါ လေသံရော၊ စိတ်ဝင်စားမှုပါ အံ့သြစရာ ကောင်းလောက်အောင် ပြောင်းသွားပါတော့ တယ်။ ပထမလူ အနေနဲ့  ပြန်ရေး လိုက်တဲ့အခါ ရင်းနှီးကျွမ်းဝင်မှုက ပြောင်းသွားတယ်။ ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ ကျွန်တော် နဲ့  တခြား ဇာတ်ကောင်တွေရဲ့ ဆက်သွယ်မှုကို ပိုမို ထင်ရှားလာ တယ်။ ကျွန်တော်က ဇာတ်ကောင် တစ်ယောက် ဖြစ်လာ တဲ့အတွက် တတိယလူ(ဘေးလူ)ရဲ့ ၀င်ရောက်ဖြည့်စွက်မှုတွေ အလို အလျောက် ပျောက်သွားတယ်။

ကျွန်တော့် အမှတ်တရ အားလုံး ထည့်ရမယ်ဆိုတဲ့ တာဝန်ကြီးကလည်း ပေါ့ပါးသွားပါတယ်။ တတိယလူက သူ မြင်တာတွေကို ပြန်ပြောနေရတာနဲ့  မတူတော့ပဲ ဇာတ်ထဲက ဇာတ်ကောင် တစ်ယောက်ရဲ့ အမြင်မျိုး ဖြစ်သွား တဲ့အတွက် ဇာတ်လမ်းဇာတ်ကွက်ကလည်း ပိုပြီး ပီပြင်သွားတယ်။

ဒီသဘောတရားက တော်တော်လေးတော့ ဆန်းကြယ်သယောင် ပါပဲ။ ဘာကြောင့်လဲဆိုတော့ ပထမလူအနေနဲ့  ဇာတ်ကြောင်း ပြန်ပြောရတဲ့ နေရာမှာ တချို့  ဇာတ်ကွက် အလှည့်အပြောင်းတွေကျတော့ တခြား ဇာတ်ကောင် တွေရဲ့ ခံစားချက် ထည့်ပြောရင် ဒီဇာတ်ကောင် ဘာကြောင့် သူများ ခံစားချက်ကို ဒါလောက် သိရတာလဲ ဆိုတဲ့ မေးခွန်းက ၀င်လာပါတယ်။ ပိုပြီး စိုးတာက ပထမလူက ဇာတ်ကောင်အဖြစ် ပါဝင်သွားတဲ့အတွက် ပြသနာ တစ်ရပ်ကို ဖြေရှင်းရမဲ့အစား သူကပါ ပါဝင် ပတ်သက်သွားတာပဲ။ အဖြေကတော့ ဇာတ်ကြောင်း ပြန်ပြော နေတဲ့ ကျွန်တော့ကို ဘယ်အတိုင်းအတာထိ သုံးမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

ဇာတ်ကြောင်းပြန်တဲ့ ပထမလူကို နောက်တစ်နည်း သုံးနိုင်တာ ရှိပါသေးတယ်။ အဲဒီနည်းကတော့ ဇာတ်ကြောင်းပြန်သူက စာဖတ်သူတွေအပေါ် ညစ်တယ်လို့  ဆိုနိုင်ပါတယ်။ မဟုတ်တဲ့ လမ်းကြောင်းဘက်ကို ဇာတ်ကြောင်းပြန်သူက ဆွဲခေါ်သွားမယ်။ အချိန်တန်တော့မှ စာဖတ်သူက သူ လိုက်ခဲ့တဲ့ လမ်းဟာ လမ်းမှား ဖြစ်နေတယ် ဆိုတာ သိနိုင်တဲ့ နည်းလမ်းပါ။ ပထမလူ အနေနဲ့  ဇာတ်ကြောင်းပြန်တဲ့ နည်းလမ်းဟာ အထိရောက်ဆုံးနဲ့  ရှေးအကျဆုံး နည်းလမ်း ဖြစ်ပါတယ်။

“ကျွန်တော့်”အနေနဲ့  ဇာတ်ကြောင်းပြန်မယ်ဆိုရင် လိုအပ်တဲ့ အဓိက အချက်တစ်ခုကတော့ ဇာတ်ကြောင်း ပြန်မယ့် အဲဒီ “ကျွန်တော်” နဲ့  ကျန်တဲ့ ဇာတ်ကောင်တွေရဲ့ ဆက်နွယ်မှုပါပဲ။ “ကျွန်တော်” က တတ်နိုင်သမျှ အဓိက ဇာတ်ဆောင်ဖြစ်ဖို့  လိုပါ တယ်။ “ကျွန်တော်” နဲ့  ကျန်တဲ့ ဇာတ်ကောင်တွေ တင်းမာမှုတွေ၊ ပဋိပက္ခတွေ ရှိမယ်။ အဲဒီ တင်းမာမှုတွေက “ကျွန်တော့်” ကို လှုပ်ရှားမှုတွေ ပေးပြီး ဇာတ်လမ်း ဇာတ်ကွက်ကို ပေါ်ပေါက် စေရမယ်။

ကားပေါ်မှာ ထိုင်လိုက်လာတဲ့ ကလေးတစ်ယောက်ရဲ့ အမြင်နဲ့  ကားမောင်းနေတဲ့သူရဲ့ အမြင် မတူနိုင်ပါဘူး။ ကလေးက ဇာတ်ကြောင်း ပြန်သူ ဖြစ်မယ်ဆိုရင် ကားမောင်းသူရဲ့ အမြင်က ဆန့် ကျင်ဘက် ဖြစ်ရင် ဖြစ်နေ ပါမယ်။ စာရေးသူတစ်ယာက် အနေနဲ့  ရေးဖန်များလာရင် ၀တ္ထုတစ်ပုဒ်ကို ဘယ်သူ့ အမြင်၊ ဘယ်ရှုထောင့်က ရေးရင် ပိုပြီး ထိရောက်တယ်ဆိုတာ နားလည် သဘောပေါက်လာပါလိမ့်မယ်။ အရေးကြီးတာက ကိုယ် ချရေး တော့မဲ့ ၀တ္ထုရဲ့ ပထမဆုံး ၀ါကျပါပဲ။ ဒီဝါကျကျု ဘယ်သူ့ အခြေအနေ၊ ဘယ်လေသံမျိုးနဲ့ ရေးမှာလဲဆိုတာ သတိထားပါ။ ကျွန်တော်ကတော့ ၀တ္ထုပဲ ရေးရေး၊ ပြဇာတ်ပဲရေးရေး၊ ပထမဆုံး တစ်ပိုဒ်ကို နည်းမျိုးစုံနဲ့  လှည့်ပတ် စမ်းရေးကြည့်ပါတယ်။ အဲဒီလို ရေးကြည့်ရင် ဘယ်နည်းက အထိရောက်ဆုံးလဲဆိုတာ ပေါ်လာပါ လိမ့်မယ်။ ကိုယ်မှတ်မိတာတွေ လျှောက်ရေးနေရင်တော့ ၀တ္ထုနဲ့  မတူပဲ မှတ်တမ်းနဲ့  တူသွားပါလိမ့်မယ်။

စာရေးဆရာရဲ့ အလုပ်က မှတ်မိတာတွေ ချရေးဖို့  မဟုတ်ဘူး။ မှတ်မိတာတွေထဲက အချို့ ကိုသာ အလျဉ်း သင့်သလို ထုတ်နုတ် သုံးစွဲ သွားဖို့ ပါပဲတဲ့။

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: