စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၄ {အလုပ်လုပ်သော စကားပြော}

ဝတ္ထုတွေရဲ့ အင်္ဂါရပ်တွေထဲမှာ “စကားပြော” ဟာ အကြီးလေးဆုံး တာဝန်ကို ထမ်းဆောင် ထားရပါတယ်။ သူက ဇာတ်ကောင် စရိုက်ကို ဆက်တိုက် အဆက်မပြတ် ဖော်ပြသွားရင်း ဇာတ်အိမ်ကိုလည်း တစ်ကွက်ပြီး တစ်ကွက် ရွေ့ လျား သွားစေရပါတယ်။ ဒီတာဝန် ၂ရပ်ကို ထမ်းဆောင်နိုင်မှသာ ၀တ္ထုရေးဆရာ တစ်ယောက် ခံယူထားအပ်တဲ့ “ပြ၊ မပြောနဲ့ ” ဆုတဲ့အချက်ကို ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။ စကားပြောက ဇာတ်အိမ် ရဲ့ တင်းမာမှု အခြေအနေ ဇာတ်လမ်းကို ဖော်ပြမယ်။ ဇာတ်ကောင်တွေ အချင်း ချင်း ဆက်ဆံရေး အခြေအနေ၊ ဆက်သွယ်မှု၊ လှုပ်ရှားမှု၊ လေယူလေသိမ်းနဲ့  ဇာတ်အိမ်တည်နေရာတို့ကိုဖော်ပြပေးပါတယ်။ ဒါကြောင့်မို့  “စကားပြောက ၀တ္ထု တစ်ပုဒ်မှာ ပါဝင်ဖွဲ့ စည်းရမယ့် အင်္ဂါရပ်တွေထက် ပိုပြီး အနုပညာမြောက်ဖို့  လိုပါတယ်။” လို့  ဆိုခဲ့တာပါ။

ဒီနေရာမှာ ‘အနုပညာ’ ဆိုတဲ့ စကားလုံးဟာ သော့ချက်ပါပဲ။ ကျွန်မတို့  စာရေးသူ အားလုံးအနေနဲ့  ‘စကားပြော’ ရဲ့ တာဝန်တစ်ရပ် ဖြစ်တဲ့ ဇာတ်ကောင်စရိုက်ကို ဖော်ပြနိုင်အောင် ရေးနိုင်စွမ်း ရှိရပါမယ်။ ကျွန်မတို့  ၀တ္ထုတွေထဲမှာ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ ရဲ့ အဆင့်အတန်း၊ အသက်အရွယ်၊ လိင်အမျိုး အစား၊ ပညာအရည်အချင်း၊ အသိဥာဏ် အခြေအနေ၊ စိတ်ဓာတ် အခြေအနေတွေ ကို ဖော်ပြနိုင်ရပါမယ်။

ဝတ္ထုတစ်ပုဒ်မှာ စာဖတ်သူဟာ ဇာတ်လမ်းဇာတ်ကွက်ထဲမှာ ပါနေတဲ့သူ မဟုတ်ဘူး။ သူက ဘေးက ကြည့်တဲ့ ပွဲကြည့် ပရိသတ် သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တို့ အနေနဲ့  ‘စကားပြော’ နဲ့  ပတသက်ပြီး ပထမဆုံး ထုတ်လို့ ရတဲ့ ဥပဒေသကတော့ “ဇာတ်ကောင်တွေရဲ့ ပြောစကားဟာ တစ်ယောက်နဲ့  တစ်ယောက် ပြောတာပဲ ဖြစ်ပါစေ” ဆိုတဲ့ အချက်ပါပဲ။ (စာဖတ်သူကို လှမ်းပြောတာ မဖြစ်ပါစေနဲ့ )

စာရေးဆရာ ဒေးဗစ်ဟာဒဲလ်ရဲ့ The Undesirable ၀တ္ထုမှာ အဖေနဲ့  သား စကားပြောကြတာကို ဒီလို ရေးထားပါတယ်။

“အဖေ”

အဖေက လည်ချောင်းသံ ပေးတယ်။

“အဖေ ကျွန်တော် ပြောတာ နားထောင်နေလား”

အဖေ့ကို ကျွန်တော် မေးလိုက်တယ်။

“ဘာလဲကွာ”

အဖေ့အသံက အလုပ်ရှုပ်နေလို့  စိတ်တိုသံပါနေတယ်။

“ကျွန်တော် ပြောတာ နားမထောင်ချင်ရင် ဘာဖြစ်လို့  မေးသလဲ အဖေရ”

ကျွန်တော်က အဖေ့ကို အော်လိုက်တယ်။ အပေါ်ထပ် ကျွန်တော့်အခန်း ရှိရာကို ခြေဆောင့်တက်လာခဲ့ပြီး တံခါးကို ခပ်ပြင်းပြင်း ပိတ်ပစ်လိုက်တယ်။

ဒီစာပိုဒ်ကို ကြည့်ရင် သားအဖ နှစ်ယောက် မပြေလည်မှုကို သိသာပေမဲ့ စာဖတ်သူကို လှမ်းကြည့်ပြီး ပြောတဲ့ စကားမျိုး မပါဘူး။ စာဖတ်သူက သားအဖ နှစ်ယောက် ရှေ့ ဆက် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရုံပဲ ရှိတယ်။ စာရေးဆရာရဲ့ အလုပ်က စာဖတ်သူကို စကားလှမ်း မပြောပဲနဲ့  ဇာတ်ကွက်ကို နားလည်သွားအောင် ဖန်တီး ပေးကြဖို့ ပါပဲ။ ဒီတော့ စာရေးဆရာက စကားပြောကို ရေးတဲ့ နေရာမှာ အပြင်မှာ ဖြစ်တတ်တဲ့ သဘာဝ အတိုင်း ယုံကြည်ချင်စရာ ကောင်းလောက်အောင် ရေးရင်း ဇာတ်လမ်းကို ဆွဲဆောင်သွား ဖို့ ပါပဲ။

“ဇာတ်ကောင် တစ်ယောက်နဲ့  တစ်ယောက် အချိတ်အဆက် မိနေအောင် ဖန်တီးကြပြီးရင် စာရေးဆရာ အတွက် လိုအပ်ချက်က ထိရောက်တဲ့ စကားပြောတွေ ဖန်တီးပေးဖို့ ပဲ လိုပါတော့ တယ်။” ဒါက စကားပြောနဲ့  ပတ်သက်တဲ့ ဒုတိယမြောက် ဥပဒေသ ဖြစ်ပါတယ်။

“ဇာတ်ကောင်တို့ သည် စာဖတ်သူ ထင်တာထက် ပို၍ စကားနည်း ကြသည်” တဲ့။ ကျွန်မ ပြောခဲ့သလို စကားပြောက ၀တ္ထုတွေမှာ အင်မတန် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရတာ ဆိုတော့ ၀တ္ထုမှာ စကား တိုတို တုတ်တုတ်ပဲပြော ဒါပေမဲ့ ဒီစကားက အဓိပ္ပာယ် အများကြီး ရှိရမယ်။ စကားပြောထဲမှာ ထည့်တတ်ကြတဲ့ အား၊အင်း၊ ဟင်း ဟင်း စတာတွေ ဖြုတ်နိုင်သလောက် ဖြုတ် ပစ်ပါ။

စကားပြောနဲ့  ပတ်သက်တဲ့ တတိယမြောက် ဥပဒေသကတော့ “ရင်တွင်း ခံစားမှု ပြင်းထန်လာလေ၊ ခံစားရတဲ့သူမှာ စကားနည်း သွားလေပါပဲ”တဲ့။

ဇာတ်ကောင် တစ်ယောက် ဘယ်လောက် စိတ်လှုပ်ရှားနေတယ်ဆိုတာ ပြချင်ရင် စကားပြောရင်း တ၀က်တပျက်နဲ့  ရပ်ပစ်နိုင်ပါ တယ်။ စကားတစ်လုံးတည်း ပြောခိုင်းနိုင်ပါတယ်။ ဒီလို ပြလိုက်ခြင်းအားဖြင့် ဇာတ်ရှိန် မြင့်လာစေသလို စာဖတ်သူကိုလည်း ဇာတ်ထဲ စီးမျောလာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ စကား တစ်ဝက်တစ်ပျက်ကို စာဖတ်သူက ဆက်ဖြည့်ရတော့မှာကိုး။

မကောင်းတဲ့ ခံစားချက်တွေ ဖြစ်တဲ့ ကြောက်ရွံ့ ခြင်း၊ မနာလို ၀န်တိုခြင်း၊ မုန်းတီးခြင်းတို့ ဟာလည်း ဇာတ်ကောင်တွေကြားမှာ စကား နည်းစေပါတယ်။ စကား တစ်ဝက်တစ်ပျက် ပြောတာတွေ၊ အဆက်အစပ်မရှိ ကောက်ခါ ငင်ခါ ပြောလိုက်တာတွေ၊ ပြောချင် တဲ့ အဓိပ္ပာယ်နဲ့  ဆန့် ကျင်ဘက် (ရွဲ့ ပြီး) ပြောလိုက်တာတွေ၊ ဘာမှ မပြောပဲ တိတ်တိတ်ကလေး နေလိုက်တာတွေဟာ ဇာတ်ကို တင်းမာစေပါတယ်။ ဒါက စကားပြောနဲ့  ပတ်သက်ပြီး ထုတ်ယူနိုင်တဲ့ စတုတ္ထမြောက် ဥပဒေသကတော့ “လှုပ်ရှားမှုက စကား ပြောသည်” ဆိုတာပဲ ဖြစ်ပါတယ်။

လက်တွေ့ ဘ၀မှာ စကားပြောနဲ့  တွဲလာတဲ့ လှုပ်ရှားမှုတွေ ရှိတယ်။ အသံနေ အသံထား၊ မျက်နှာ အမူအရာ၊ လေယူလေသိမ်း၊ ကိုယ်ဟန် အမူအရာတွေက စကားပြောနေတဲ့သူ ဘာအဓိပ္ပာယ်နဲ့  ပြောနေလဲဆိုတာ ပိုမို ပေါ်လွင်လာအောင် အထောက်အကူ ပြုပါတယ်။ ဒါကြောင့် ကျွန်မတို့  ၀တ္ထုတွေထဲမှာ ဇာတ်ကောင်တွေ ပြောနေတဲ့စကား ပိုပြီး ထိရောက်အောင်၊ အဓိပ္ပာယ် ပေါ်လွင် အောင် အမူအရာလေးတွေ ထည့်ပေးဖို့  လိုပါတယ်။ ဒီအမူအရာတွေ ထည့်သွင်းပေးခြင်းအားဖြင့် ဇာတ်ကောင်ရဲ့ ရင်ထဲက ခံစားမှု ကိုပါ စာဖတ်သူက ပိုပြီး နားလည်မှု ရသွားစေပါတယ်။

ဇာတ်ကောင် တစ်ယောက်နဲ့  တစ်ယောက် မျက်လုံးချင်း မဆိုင်ဝံ့တာ၊ လက်ချင်း ပွတ်နေတာ၊ နဖူးကို လက်နဲ့  ပွတ်တာ၊ နှုတ်ခမ်း ကို လျှာကို လျက်လိုက်တာ၊ ခြေဖျားနဲ့  စည်းချက်လိုက်နေတာ၊ နားထဲ လက်ထိုးသွင်းပြီး လှုပ်ခါနေတာ၊ ခေါင်းကို ဟိုဘက် ဒီဘက် ချိုးလိုက်တာ၊ မဆုံးနိုင်လောက်တဲ့ အမူအရာတွေ အားလုံးဟာ အတွင်းစိတ်ကို ဖော်ပြနေတာပါပဲ။ ဒီအမူအရာလေးတွေ ထည့်ရေး ပေးတာက စာဖတ်သူအတွက် ပိုပြီး ထိရောက်ပါတယ်။ စကားပြောကော၊ အမူအရာပါ ပြလိုက်ရင် စာဖတ်ရင်းနဲ့ ပဲ ဇာတ်ကောင်ရဲ့ အသံကို ကြားယောင်ရင်း အမူအရာကိုပါ မြင်လာစေပါတယ်။ ရင်ထဲမှာ ခံစားရတဲ့ ဇာတ်ရှိန်ကို မြင့်တက်လာ စေပါတယ်။ တစ်ခါ တစ်ရံမှာ ဇာတ်ကောင်တွေကို စကားမပြောပဲ ငြိမ်ငြိမ်နေစေခြင်းက ဇာတ်ရှိန်ကို မြင့်တက်လာစေတာမျိုးလည်း ရှိပါတယ်။ တင်းမာ နေတဲ့ အခြေအနေမျိုးမှာ စကားပြောတာထက် မပြောတာက ပိုပြီး ထိရောက်ပါတယ်။

နောက်ဆုံး ပြောချင်တာကတော့ ဇာတ်ကောင်တွေဟာ တစ်ယောက်နဲ့  တစ်ယောက် အပြန်အလှန် တုံ့ ပြန်မှု ရှိရပါမယ်။ စကား ပြောဆိုတာ ဇာတ်ကောင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြုလုပ်နေခြင်း ဖြစ်တယ်ဆိုတာ စာရေးသူက သတိထား ရပါမယ်။ ဒါကြောင့် ဇာတ်လမ်းထဲမှာ အပြန်အလှန် စကားပြော ပြီးကြတဲ့အချိန်မှာ ဇာတ်ကွက်က အစကနဲ့  မတူတော့ပဲ ခြားနား သွားရပါမယ်။ တစ်စုံတစ်ခု ထူးခြားလာ ရပါမယ်။ ပြောင်းလဲမှု ရှိတယ်ဆိုတာ ပေါ်လွင်ရမယ်။ “ထိရောက်တဲ့ စကားပြော” တွေသာ ဖန်တီးနိုင်မယ် ဆိုရင် ဇာတ်က ရှေ့ ကို ရွေ့ လျားလာပြီး အရှိန်ရလာမှာပါပဲ။

စကားပြောရဲ့ အနုပညာက ကိုယ့်ဇာတ်ကောင်တွေကို ထိုးထွင်းမြင်နိုင်ခြင်းပါပဲ။ ပထမ ဇာတ်ကောင်တွေကို ရှာဖွေ တွေ့ ရှိမယ်။ ဒုတိယအဆင့်က သူတို့ ကို ဖော်ပြပေးမယ်။ နောက်ဆုံးအဆင့်က သူတို့ ရဲ့ ရင်ထဲ အနက်ရှိုင်းမှာ ရှိတဲ့ ခံစားချက်တွေကို စာရေးသူ က “စကားပြော”က တဆင့် စာဖတ်သူ သိလာအောင် ဖော်ထုတ်ပေးခြင်းပါပဲ။ ကိုယ်တွေ့ တာ မြင်တာကို အနုပညာ မြောက်အောင် ဖော်ထုတ်ပေးနိုင်ရင် စာဖတ်သူ ရင်ထဲမှာ စာရေးသူ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေဟာ တကယ့် သက်ရှိ တစ်ယောက်လို မြင်လာမှာ မလွဲပါဘူးလို့  စာရေးဆရာမ အဲ(န်)ဟာလီမဲ(န်) က ပြောပြထားပါတယ်။

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: