ကျွန်မနဲ့  စာရေးဆရာဘ၀ (စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၁)

ကျွန်မ စာစရေးတော့ ပထမနှစ် တက္ကသိုလ် ကျောင်းသူ ဘ၀။ ကျွန်မ ငယ်ငယ်လေးထဲက အကြောင်းအရာ၊ ခေါင်းစဉ်တတ် မရတဲ့ စာတွေ အများကြီး ရေးခဲ့တယ်။ အဖေ ဆူတဲ့အခါ၊ အမေ ရိုက်တဲ့အခါ၊ အဘွား အော်တဲ့ အခါ ညီမလေးနဲ့  ရန်ဖြစ်တဲ့ အခါ စာတွေ ရေးခဲ့တယ်။ စိတ်ထဲမှာ မကျေနပ်စရာတွေပဲ တွေ့ တွေ့ ၊ ပျော်စရာ တွေပဲ တွေ့ တွေ့ ၊ ဒေါသဖြစ်စရာပဲ တွေ့ တွေ့  ဘယ်သူမှ မသိပေမဲ့ ကျွန်မရဲ့ စာရွက်ကလေးတွေ သိတယ်။ ရေးတဲ့အခါမှာလည်း ဒေါသ ဖြစ်စရာ ကိစ္စတွေဆိုရင် စာရွက်ပေါ် မကျေနပ်တာတွေ ရေးချပြီး စာရွက်ကလေး ကို ကျွန်မနဲ့  မတည့်တဲ့သူ အမှတ်နဲ့  လုံးချေ ပစ်လိုက်တယ်။ ပြီးရင် ကျွန်မစိတ်ထဲ ဘာမှ မရှိတော့ဘူး။ ရှင်း သွားရော။ ဘယ်သူ့ ကိုမှလည်း မထိခိုက်ဘူးလေနော်။

ပျော်စရာကောင်းတဲ့ ကိစ္စလေးတွေ ဆိုရင်လည်း ၀မ်းသာ အားရ ရေးပြီး တရိုတသေ သိမ်းထားရော။ သတိရ တိုင်း ပြန်ထုတ် ကြည့်ပြီး ကျေနပ်နေရော။ ၀မ်းနည်းစရာ ကိစ္စဆိုလည်း ချရေးနေရင်း ငိုလိုက်ရော။ စာလည်း ရေးပြီးရော ရင်ထဲမှာလည်း ပေါ့ သွားရော။ ဒီလိုနဲ့  ကိုယ့်ရဲ့ ခံစားချက်တွေကို ပတ်ဝန်းကျင်ကို မထိခိုက်ပဲ ဖြတ်ကျော်စေခဲ့တယ်။

အဲဒီအကျင့်က ကျွန်မကိုယ်ကျွန်မ သူငယ်ချင်းတွေ မရှိပဲနဲ့ လည်း ပျော်ရွှင်တတ်စေတယ်။ ပူဆွေး အားငယ်မှု တွေကို ဖြေသိမ့် နိုင်ခဲ့တယ်။ ကျွန်မ ဘ၀ ကျွန်မကမ္ဘာမှာ ရေးစရာ စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်း ရှိရင် ပြည့်စုံနေခဲ့ပြီ။ ဖတ်စရာ စာအုပ် တစ်အုပ်ပါ ရမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့နော်။

ဒီအကျင့်တွေကပဲ ကျွန်မကို စာရေးသူ တစ်ယောက် အလွယ်တကူ ဖြစ်စေခဲ့တယ် ထင်ပါတယ်။ စာစရေးချိန် ကနေ ခုချိန်ထိ ကျွန်မ အမြဲတမ်း စိတ်ကိုလွှတ်ပြီး ရေးလေ့ရှိတယ်။ ကျွန်မတို့  စာစရေးတဲ့ခေတ်မှာ ကွန်ပျူတာ တွေ ခေတ်မစားသေးပါဘူး။ ကိုယ်ရေးချင်တာကို ဗလာစာအုပ်လေးနဲ့  ချရေးရတာပါ။ စာရေးချင်တဲ့စိတ်ရှိလို့  စရေးပြီဆိုရင် ဘာမှ တွေးမနေဘူး။လက်ရေး လှသည် ဖြစ်စေ၊ မလှသည် ဖြစ်စေ၊ ၀တ္ထုတိုသည် ဖြစ်စေ၊ ရှည်သည်ဖြစ်စေ ဂရုမစိုက်တော့ပါဘူး။ ဇာတ်သိမ်းက ပေါင်းတာပဲ ဖြစ်ဖြစ်၊ ကွဲတာပဲ ဖြစ်ဖြစ် မစဉ်းစားဘူး။ စိတ်က တွေးလို့ ရသရွေ့  လိုက်ရေးလိုက်တာပါပဲ။ ပြီးမှ ပြန်ဖတ်တာ၊ ပြန်ပြင်တာ၊ အတို အရှည် ပြန်ညှိတာတွေ လုပ်ပါတယ်။

ပြောချင်တာကတော့ စာရေးချင်တဲ့အချိန်မှာ ဒါတွေကို စဉ်းစားလိုက်ရင် စိတ်ကို ဘောင်ခတ်သလို ဖြစ်ပြီး စာရေးတာကို အနှောင့်အယှက်ဖြစ်သွားစေလို့ ပါပဲ။ စာစရေးတဲ့သူ အတော်များများ မေးတတ်တဲ့  မေးခွန်းက ဘယ် နှစ်မျက်နှာရေးရမလဲ ဆိုတာပဲ။ ကျွန်မတို့  စာ စရေးချိန်မှာ လမ်းညွှန်တွေ၊ ဘာတွေ မရှိခဲ့ပါဘူး။ ကိုယ်ဘာသာကိုယ် ရေးချင်တဲ့ ကိုယ်အားသန်တဲ့ ပုံစံရေးပြီးမှ ကိုယ့်ပုံစံနဲ့  ကိုက်တဲ့ မဂ္ဂဇင်းကို ပြန်ရှာဖွေ ရွေးချယ်ပြီး စာမူလေးတွေ လိုက်ပို့ ရတာပါ။ ခုခေတ်မှာ စာရေးရတာ အရမ်းလွယ်သလို၊ ရေးနိုင်တဲ့ နေရာတွေ၊ အခွင့်အလမ်းတွေ အများကြီးပါ။

ကျွန်မတို့ တုံးက စာမူတစ်ပုဒ် ပါခွင့်ရဖို့  သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်မ ကံကောင်းတယ် ပြောရမှာပါ။ ကျွန်မရဲ့ ပထမဆုံး စာမူလေးကို ကိုင်ပြီး မဂ္ဂဇင်းတိုက်ကို မရွံ့ မရဲ ရောက်သွားချိန်မှာ အယ်ဒီတာက သဘော ကောင်းစွာနဲ့  ကျွန်မရဲ့ စာမူကို ဖတ်ကြည့်ပေးမယ်။ ထားခဲ့ဆိုပြီး အသာတကြည် ယူထားတဲ့အပြင် သူတို့ ရဲ့ ဒီလ ထွက် မဂ္ဂဇင်းအသစ်လေးပေါ်မှာ “စာရေး ဆရာမ မေဇူးသို့  အမှတ်တရ” ဆိုပြီး ကျွန်မရဲ့ ကလောင်အမည် လေးကို လာပေးတဲ့ စာမူလေးက လှန်ကြည့်ပြီး အမှတ်တရ လက်မှတ်ထိုးပေးခဲ့တာ တသက်စာအတွက် အမှတ်တရ ဖြစ်ခဲ့ပါတယ်။ ခုမှ စာစရေးရုံရှိသေးတဲ့ ကလေးမလေး တစ်ယောက် ကို အားသစ် လောင်းပေး လိုက်တဲ့ စာကြောင်းလေး တစ်ခုပါ။ ကျွန်မလည်း သူပြောသလို ဖြစ်အောင် ကြိုးစားမယ်လို့  စိတ်ပိုင်း ဖြတ်လိုက် မိပါတယ်။

မှတ်မှတ်ရရ နောက်နှစ်ပတ်အကြာမှာ သွားပြန်မေးတော့ ကျွန်မ စာမူလေးကို ရွေးလိုက်ပြီ။ နောက် ၁လ ၂လ နေရင် ပါမယ် တဲ့။ ကျွန်မရဲ့ ပျော်ရွှင်မှု ကို မြင်ယောင်မှာပါနော်။ အဲဒီအချိန်က စပြီး ကျွန်မမှာ အလုပ်တစ်ခုတိုး လာပါတယ်။ အဲဒါကတော့ လကုန်ရက်ရောက်လို့  မဂ္ဂဇင်း ထွက်ချိန်ရောက်တိုင်း ပန်းဆိုးတန်းက စာအုပ်ဆိုင် လေးတွေမှာ ကိုယ့်ဝတ္ထုလေးတွေ ပါပြီလားလို့  ရင်တခုန်ခုန်နဲ့  သွားသွား ကြည့်ခဲ့ရတာကလည်း ဘ၀မှာ မှတ်မှတ်ရရပါ။

ဒီလိုနဲ့  ကျွန်မကို ခွန်အားသစ်တွေ ပေးခဲ့တဲ့ အဲဒီအချိန်က လူကြိုက်များခဲ့တဲ့ အလှသစ်ဆိုတဲ့  မဂ္ဂဇင်းမှာ ကျွန်မရဲ့ ပထမဆုံး ၀တ္ထု “ဆုံဆည်းခွင့်” ဆိုတဲ့ ၀တ္ထုလေး ၁၉၉၄ ခုနှစ် စက်တင်ဘာလထုတ်မှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ကျွန်မ ရေးသမျှ တစ်ပုဒ်မှ အပယ်မခံရပဲ ပေးတိုင်းပါခဲ့တာ ခုချိန်အထိပါ။

ခုနောက်ပိုင်းမှာ မအားလပ်မှုတွေနဲ့  မဂ္ဂဇင်း ၀တ္ထုတွေ သိပ်မရေးဖြစ်ပေမဲ့ ကျွန်မရဲ့ စာရေးသူဘ၀ကို ကျွန်မ မြတ်နိုး တွယ်တာ တန်ဖိုးထားဆဲပါပဲ။ တချိန်ချိန်မှာ ဒီအလုပ်ကို ပြန်စောက်ချ လုပ်မယ်လို့ လည်း စိတ်ကူး ထားဆဲပါပဲ။ ထို့ အတူပဲ စာရေးကောင်းတဲ့သူတွေ၊  အတွေးကောင်းတဲ့သူတွေ တွေ့ ရင်လည်း စာရေးဖို့  တိုက်တွန်းမြဲပါပဲ။ အဲဒီ မှာ တချို့ က ကျွန်မကို အထင်ကြီးပြီး စာ ဘယ်လို ရေးရမလဲလို့  မေးတဲ့သူတွေ ရှိပါ တယ်။ ကျွန်မကလည်း ကျွန်မသိတဲ့ အတိုင်းအတာ ပမာဏလောက်လေးနဲ့  သိသလောက် ပြန်ပြောပြဖြစ် ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ၀ါသနာအရ ရေးနေတာ နောက်ပြီး မဂ္ဂဇင်း ၀တ္ထုလေးတွေ အပုဒ် ၄၀လောက် ရေးဖူးရုံသာ အတွေ့ အကြုံ ရှိတာပါ။ ဒါကြောင့် ကျွန်မ ပြောတာတွေ ကလည်း မှားချင် မှားယွင်းနိုင်ပါတယ်။

တစ်ရက် မာတီအတွက် စာတင်မလို့  ကွန်ပျူတာရိုက်နေရင်းနဲ့  စာအုပ်လေး တစ်အုပ်အကြောင်း ကျွန်မ သတိရသွားပါတယ်။ ဒါကြောင့် ကျွန်မ စာအုပ်ဗီဒိုကို မွှေနှောက်လိုက်ချိန်မှာ စာအုပ်လေးတစ်အုပ် ထွက်လာ ပါတယ်။ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ဝေတဲ့ ဆရာဦးဝင်းငြိမ်း(ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာ) ရေးသားတဲ့ “နှစ်ကြောင်းရေး တစ်ကြောင်းခြစ်” ဆိုတဲ့ စာပေ ရေးသားခြင်းဆိုင်ရာ ဘာသာပြန် ဆောင်းပါးများ ဆိုတဲ့ စာအုပ်လေးပါပဲ။

စာစရေးမယ်ဆိုရင် စာကြမ်းကို စရေးရမယ်။ ပြန်ဖတ်ကြည့်ပြီး မလိုအပ်ပဲ ဖောင်းပွနေတာကို ခြစ် ထုတ်ရပါ မယ် ။ ပြီးတော့ တစ်ကြိမ် ပြန်ကူး။ ကူးပြီးသားကို ပြန်ဖတ်ကြည့်၊ နောက်ထပ် မလိုတာ တွေ တွေ့ လာရင် ဒုတိယအကြိမ် စိစစ်ရပြန်ပါတယ်။ ဒါကြောင့် စာပေဆောင်းပါးများရဲ့ စုစည်းမှုကို “နှစ်ကြောင်းရေး တစ်ကြောင်းခြစ်” လို့  ခေါင်းစဉ် တပ်လိုက်ခြင်းပါ။ ကိုယ်နဲ့  အသုံး တည့်အောင် လိုအပ်တဲ့ နေရာမှာ လိုအပ်သလို ရှာဖွေတတ်ကြမယ်ဆိုရင် ဒီဆောင်းပါး ရေးရကျိုးနပ်ပါပြီးလို့  စာရေးသူက ပြော ထားပါတယ်။

ဒီစာအုပ်လေးမှာ စာစရေးသူတွေအတွက် အကျိုးရှိ စေတဲ့ အကြောင်းအရာလေးတွေ အများကြီးပါတာမို့  ကျွန်မ ကောင်းတာ လေးတွေ စုပြီး ဖတ်ဖူးသူရော မဖတ်ရသေးသူပါ ဗဟုသုတ ရအောင် ကြိုးစားပြီး ရေးသွား ပေးပါ့မယ်လို့  ကြိုတင် နိဒါန်းပျိုး လိုက်ပါတယ်နော်။

ကျွန်မကို အရင်ကရော ခု မာတီမှာပါ အားပေးတဲ့ စာဖတ် ပရိသတ်အားလုံးကို လေးစားလျှက်
မေဇူး

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: