မတူညီသော ရင်ပူခြင်း

အို နေတောင် အတော် စောင်းသွားပါပေါ့လား။ လိမ္မော်ရောင်ဖန့် ဖန့်  နေလုံးကြီးဟာ တလက်လက်ထနေတဲ့ ပင်လယ်ရေ မျက်နှာပြင် ပြာလဲ့လဲ့နဲ့  ထိစပ်နေရာကနေ တဖြည်းဖြည်းနဲ့  ရေထဲကို ငုပ်လျှိုးသွားခဲ့ပြီ။ ဒီ မြင်ကွင်းတွေဟာ နေ့ စဉ် မြင်တွေ့  နေကျ ကျုပ်တို့ လို ပင်လယ်သားတွေ အတွက် မထူးဆန်းလှပေမဲ့ ဒီ ကမ်းခြေကို လာရောက် လည်ပတ်ကြသူတွေကတော့ ဒီရှုခင်းကို နှစ်သက် ငေးမော ကျလေရဲ့။ မနက် နေ ထွက်တာ၊ ညနေ နေ၀င်တာ။ ပင်လယ်ရေကို ချိုးတာ၊ ပင်လယ်လေကို အားပါးတရ ရှုရှိုက်ရတာ ကျုပ်တို့ အတွက် မထူးဆန်းပေမဲ့ မွန်းကျပ်တဲ့ မြို့ ပြမှာ နေထိုင် လုပ်ကိုင်နေရတဲ့ လူတွေအတွက် ကတော့ ဒါဟာ အပန်းဖြေခြင်းဆိုတဲ့ အရသာ တစ်ပါးပဲရယ်လို့  မြို့ က ပြန်လာတဲ့ ကျောင်းဆရာလေးက ကျုပ်တို့ ကို ပြောပြ တယ်။

ဒုက္ခပါပဲနော်။ ဒီလိုနဲ့  တဖြည်းဖြည်း မိုးချုပ်လာတယ်။ ကျုပ်ကို ကဏန်းဟင်း ချက်ပေးပါလို့  ပြောတဲ့ စုံတွဲလေး ၂ယောက် ရဲ့ အရိပ်အယောင်တောင် မမြင်ရပါလား။ သူတို့ လာနိုးနဲ့  လှည့်လှည့် ကြည့်ရလွန်းလို့  ကျုပ် ခေါင်းတောင် ညောင်းလှပြီ။ ဟိုး အတွင်းဘက် အခန်းတွေဆီက ထွက်လာတဲ့သူတွေကို တွေ့ တိုင်း သူတို့ ၂ယောက် များလားရယ်လို့  မျှော်ကြည့်ရတာ ကျုပ် လည်ပင်းတောင် ညောင်ရေအိုး ဖြစ်လောက်ပြီ။

ခါတိုင်း ဒီအချိန်ဆို သူတို့  လင်မယား ၂ယောက် ရေမိုးချိုး ဖြီးလိမ်း ပြင်ဆင်ပြီးလို့  လမ်းလျှောက် ထွက်တတ်ပြီ။ ပြန်သွား တာတော့ မဖြစ်နိုင်သေးပါဘူး။ နေ့ လယ် ၂နာရီကမှ ဘေးအိမ်က ကဏန်းတွေ ရလာလို့  လာပြတာ။ အကောင်ကြီးတွေ ကောင်းလွန်းလို့  သူတို့ ကို စားမလား လာမေးတော့

“ယူမယ်။ ချဉ်စပ် ချက်ပေးပါ”

ဆိုတာနဲ့  ခုညနေစာ ချက်ပြီး လာပို့ ပေးရတာ။ ဈေးမဆစ်ပဲနဲ့  ငါးထောင်ဖိုး ချက်ခိုင်းတာမို့  ကဏန်းဖိုး သုံးထောင့်ငါးရာ ပေးပြီးရင် ကျုပ်အတွက် တစ်ထောင့်ငါးရာတောင် ကျန်မှာလေ။ ဒါကြောင့် ကျုပ်လည်း စေတနာ ပိုပိုနဲ့  ဆီမျာများနဲ့ ချဉ်စပ် လေး စပါယ်ရျယ် ချက်ပေးထားတာ အနံ့ လေးကို မွှေးလို့ ။

ဘာလို့ များ နောက်ကျနေရတာပါလိမ့် နော်။ ခါတိုင်းလည်း သူတို့ အတွက် ညနေစာကို ကျုပ်ချက်ပြီး ပို့ ပေးနေတာ ဒီနေ့  နဲ့  ဆိုရင် ၃ ရက် ရှိပြီ။ တစ်ခါမှ အမှားအယွင်း မရှိခဲ့ဘူး။ ခက်တာက ကျုပ်တို့ လို ကမ်းခြေက ဈေးသည်တွေက ဟိုတယ်ဝင်း ထဲပြီး ဈေးရောင်းခွင့် မရှိဘူးလေ။ ဒါကြောင့် ရေကူးဖို့ ၊ လမ်းလျှောက်ဖို့  ထွက်လာတဲ့သူတွေကိုပဲ စောင့်ပြီး ဈေးရောင်းရ၊ ထမင်းချက်ပေးမယ် လိုက်ပြောရတာ။

တကယ်လို့  ကိုယ့်ဆီက စားမယ်ဆိုရင် အခန်းနံပါတ် မေးထား၊ သူတို့ ရဲ့ မျက်နှာလေးတွေကို အလွတ် ရအောင် ကြည့်ထား၊ ပြီးရင် ကမန်းကတန်း အိမ်ပြန် ချက်ပြုတ်၊ ကျက်ပြီဆိုရင် ဆွဲခြင်းထဲမှာ ထမင်း ပန်းကန် ပြား၊ ဇွန်း၊ ခက်ရင်း၊ လက်သုတ်ပုဝါ၊ ဟင်းခွက်တွေ ထည့်ပြီး သယ်လာ၊ ပြီးတော့ သူတို့ ရဲ့ အရိပ်အယောင်လေး တွေ မြင်ရင် ကမန်းကတန်း လိုက်ပေး၊ သူတို့  စားသောက်နေတုံး သောင်ပြင်မှာ ထိုင်စောင့်၊ ပြီးချိန်လောက်မှ သွားပြန်သိမ်းရင်း ပိုက်ဆံ ယူရတာလေ။

တချို့ ကျတော့လည်း ဟင်းပဲ ချက်ခိုင်းတတ်တာ။ ဒါဆိုရင် ဖော့ဘူးလေးထဲ ဟင်းထည့် ယူသွားပြီး ဟင်းဘူး ပေးရုံပဲ။ တချို့  ကျတော့လည်း စားမကောင်းဘူးဆိုပြီး ဈေးလျှော့ပေးတာတို့ ၊ မယူတော့ဘူးတို့ လုပ်ရင် ကျုပ်တို့ မှာ စိတ်မောရတယ်။ ဒီ လင်မယားလေး ကျတော့ ချေးမများဘူး။ ကျုပ်ချက်လာတဲ့ ဟင်းကို ကောင်း လိုက်တာ ဆိုပြီး စားတာပဲ။ ဒါကြောင့်မို့ ကျုပ်မှာ သူတို့ အတွက် စေတနာ ပိုပြီး ကောင်းအောင် ချက်ပေး ဖြစ်တယ်။

အင်း .. ဟင်းတွေ အေးကုန်တော့မှာပဲ။ ဘာလို့ များ မလာကြသေးပါလိမ့်။ နေလုံးကွယ်လို့  အမှောင်တောင် ပျိုးလာပြီ။ ကျုပ်ရင်ထဲမှာတော့ ပူလောင်စပြုလာပြီ။ ဘေးအိမ်ကို ပြန်ပေးရမဲ့ ကဏန်းဖိုး သုံးထောင့် ငါးရာရယ်၊ ကျုပ် ပြန်လာမှ ဆန် ၀င်ဝယ်ရမှာမို့ ထမင်းချက်ဖို့  စောင့်နေမယ်ဆိုတဲ့  သမီးရဲ့ မှာသံ၊ ပန်းနာ ရင်ကျပ်ရောဂါ ပြန်ထလာလို့  ပင်လယ်ထဲ မဆင်းနိုင် တာ တစ်ပါတ်ရှိပြီ ဖြစ်တဲ့ ကျုပ်ယောကျာ်းရဲ့ မျက်နှာ၊ ကျုပ် အတွေး တွေက ယောက်ယတ်ခတ်လို့  နေလေရဲ့။ ဒီအချိန်ကျမှ ကျုပ် ဟင်းကို လိုက်ရောင်းတော့ရော ဘယ်သူက ၀ယ်တော့မှာလဲ။

အို ဘာပဲ ဖြစ်ဖြစ်လေ။ မောင်းထုတ်ခံရခါမှ နေရော၊ ကျုပ် ဟိုတယ်ဝင်းထဲ ခိုးဝင်တော့မယ်။ ပတ်ဝန်း ကျင်ကို အကဲခတ် ကြည့်လိုက်တော့ ကျုပ် ရပ်နေတဲ့နားမှာ ဘယ်သူမှ ရှိမနေဘူး။ ဒါနဲ့ ကျုပ်လည်း အရဲစွန့် ပြီး သူတို့ အခန်းလို့  သိထားတဲ့ နေရာဘက်ကို လျှောက်ခဲ့တယ်။ လှမ်းလို့  ၁၀လှမ်းတောင် မပြည့်သေးဘူး။

“အမေကြီး ဒါ ဘယ်သွားမလို့ လဲ။”

ကျုပ်ရဲ့ နောက်ကျောဆီက ပေါ်လာတဲ့ အသံကြောင့် လန့် ပြီး ခြင်းတောင်းတောင် လွတ်ကျတော့မလို့ ။ လှည့်ကြည့်လိုက် တော့ ဟတိုတယ် ၀န်ထမ်းတစ်ယောက်။ ကြောက်ရွံ မိပေမဲ့ မထူးတော့တာမို့

“အမေကြီးကို ဟင်းမှာထားတဲ့ လင်မယားနှစ်ယောက်ကို လာရှာတာပါကွယ်။ ဒီဝင်းထဲကို ဈေးသည် မ၀င် ရဘူးလေ။ မန်နေဂျာ သိရင် အဖမ်းခံရလိမ့်မယ်။”

“မလုပ်ပါနဲ့  သားရယ်။ အမေ့မှာ ကဏန်းဖိုး သုံးထောင့် ငါးရာ ဆုံးမှာ စိုးလို့ သာ အရဲစွန့်  ၀င်လာတာပါ။ အခန်းနံပါတ် ၁၅ က လင်မယား ၂ယောက်ကို သိလားဟင်”

“ကောင်မလေးက ဆံပင် အရှည်ကြီးနဲ့  ခပ်ငယ်ငယ် ၂ယောက် မဟုတ်လား။ သူတို့  ညနေကပဲ ပြန်သွား ကြပြီ။”

“အို .. ဘယ်လို ဖြစ်တာလဲကွယ်။ သူတို့ က ဒီမှာ တစ်ပတ်လောက် နေမယ် ဆိုတော့ အမေလည်း စိတ်ချပြီး ……..”

ကျုပ် စကား မဆက်နိုင်တော့ပါဘူး။ ရင်ထဲမှာလည်း ပူလောင်လာပါတယ်။

“ဟုတ်တယ်။ သူတို့ က တစ်ပတ်လောက် အေးအေးဆေးဆေး နေမယ် ပြောထားတာ။ ဟန်းနီးမွန်း ထွက်လာကြတာတဲ့။ ဒါပေမဲ့  မမျှော်လင့်ပဲ ပြသနာ ပေါ်လာတော့ ………….”

“ဘာ ပြသနာများ ဖြစ်လို့ လည်း သားရယ်”

“ဟို .. ဒါက သူများ ကိုယ်ရေးကိုယ်တာ ဆိုတော့ … အင်းလေ. အမေ့ကိုတော့ ပြောပြပါ့မယ်။ သူတို့ ၂ယောက်က အသက်လည်း ငယ်၊ ချောလည်း ချော၊ တစ်ယောက်နဲ့  တစ်ယောက်လည်း သိပ်ချစ်ကြတဲ့ ပုံစံ ရှိုတော့ အားလုံးက အားကျ ငေးမော နေကြတာလေ။ ဒီနေ့  ညနေ ၃နာရီလောက်မှာ သူတို့ နောက်ကို မိန်းမကြီး တစ်ယောက် လိုက်လာတယ်။ ဧည့်ကြို ကောင်တာမှာ သူတို့ နှစ်ယောက် နာမည်နဲ့  အခန်းစုံစမ်းပြီး လိုက်လာတာ ဆိုတော့ ကျွန်တော်တို့ လည်း ပထမတော့ သူတို့  အိမ် တစ်အိမ်က လူကြီး လိုက်လာတယ် ထင်တာပေါ့။ တကယ်တမ်းမှာတော့ …………………. ”

“တကယ်တမ်းမှာတော့ ဘာဖြစ်လဲ ပြောပါအုံး”

ကျုပ်ရဲ့ သောကကိုတောင် မေ့ပြီး သူတို့ အတွက် စိတ်ပူ သွားမိတယ်။

“တကယ်တမ်းကျတော့ အဲဒီ မိန်းမကြီးဟာ ကောင်လေးရဲ့ မယားကြီးတဲ့ အမေရဲ့။ ပိုက်ဆံကတော့ တော် တော် ချမ်းသာပုံ ရတယ်။ ဒါပေမဲ့  အသက်ကြီးကြီး ရုပ်ဆိုးဆိုးပါ အမေရာ။ ကောင်မလေးကိုလည်း ဆဲရေး တိုင်းထွာလိုက်တာ မိုးမွှန်နေတာ ပဲ ။ ကောင်မလေးမှာ ပါးရိုက်လည်း ခံရ၊ လူကြားထဲမှာ အရှက်ခွဲလည်း ခံရဆိုတော့ ဘာလုပ်ရမှန်းမသိပဲ ငိုလိုက်တာ အရမ်းပဲ။ သနားဖို့ တောင် ကောင်းတယ်။ ကောင်လေးကို ပြန်လိုက်ဖို့  အတင်းခေါ်တော့ ရန်ကုန် ရောက်မှ စာရင်းရှင်းမယ်ဆိုပြီး ကောင်လေးနဲ့ ကောင်မလေးက ကားတစ်စီး၊ မိန်းမကြီးက ကားတစ်စီး ပြန်သွားကြတာပဲ။ သူတို့ ပြောတဲ့ စကားအရ ဆိုရင် ကောင်မလေးက ဘာမှ မသိရှာဘူး။ ကောင်လေးကို လူပျို ထင်ပြီး လက်ထပ်ခဲ့တာဆိုပဲ။ ကောင်မလေး သနားပါတယ် အမေ ရယ်။ သူ့ မှာ အသက်လေး ငယ်ငယ်၊ ရုပ်ကလေး သနားကမားနဲ့  အငယ်အနှောင်း ဖြစ်ရရှာတယ်။ ကဲ . . ကဲ အမေလည်း ပြန်တော့။ အမေ့ဟင်းကို သူတို့ လည်း မစားနိုင်တော့ဘူး။ ကျွန်တော်လည်း သွားတော့မယ်။ မန်နေဂျာ တွေ့ ရင် အဆူခံရ လိမ့်မယ် ပြန်ထွက်တော့နော်”

ကျုပ်ရှေ့ က ကောင်လေး ထွက်သွားချိန်မှာ ကျုပ် ရင်ထဲမှာ ပူလောင်ပြီး ကျန်ရစ်ခဲ့ပါတာပါပဲ။ အဲဒါဟာ ကဏန်းဖိုး သုံးထောင့်ငါးရာ ဆုံးလို့  ရင်ပူခြင်လား။ ကောင်မလေးရဲ့ အကြောင်းကို ကြားလိုက်ရလို့  ရင်ပူခြင်းလား။ ကျုပ်ကိုယ်တိုင် တောင် မခွဲခြားတတ်တော့ပါဘူး။

မေဇူး

တစ်မျက်နှာ ၀တ္ထုတို
2003 ခုနှစ်၊ စက်တင်ဘာလ၊ မဟေသီ မဂ္ဂဇင်း

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: