သံသယ ကြိုးမျှင်

သိပ်ချစ်ကြသော သူမတို့ ချစ်သူနှစ်ဦး အကြား စကားလုံး အသုံးအနှုန်း တစ်ခု မမျှော်လင့်ဘဲ ၀င်ရောက် လာ ချိန်မှစ၍ ပြဿနာတစ်ခု အစပျိုးခဲ့တာ ဖြစ်သည်။ ရည်ရွယ်ချက်မရှိဘဲ စတင် ပြောဆိုခဲ့မိသော စကား တစ်ခွန်းသည် တစ်ခြား သူများအတွက် ဘာမှမဖြစ်လောက်ပေမယ့် သူမတို့ နှစ်ယောက်အတွက်တော့ ပြင်မ ရသော အငြင်းပွားမှု တစ်ခုကို ဖြစ်ပေါ် စေခဲ့သည်။

ကြည်နူးစရာ နှစ်ယောက် အတူရှိချိန်မှာ ဆိုမိသော ထိုစကားကြောင့် ကာလ အတော်ကြာ မေ့ပျောက် ထား သော အတိတ်၏ အရိပ်များ ပြန်လည် ရှင်သန် အသက်ဝင် လာရတော့သည်။ ထိုစကားကြောင့် ရင်ထဲက အချစ်တွေကို ပြောင်း လဲနိုင်စွမ်း ရှိမရှိ မသေချာပေမဲ့ သူမတို့ကြားမှာ အရင် အခြေအနေမျိုး ပြန်မရနိုင် တော့တာကတော့ သေချာသည်။

အရာဝတ္ထုတစ်ခုအပေါ် ကြည့်ရှု့သည့် အနေအထားအရ အမြင်ချင်း မတူတာမျိုး ရှိနိုင်ပေမဲ့ အချစ် တစ်ခု မှာတော့ နှစ်ယောက်လုံး၏ အမြင်ချင်း၊ ခံစားချက်ချင်း၊ တူညီချင်ခြင်းသည် သူမတို့နှစ်ဦး၏ ဆန္ဒ အတ္တ အပိုင်းအစပင် ဖြစ်မည် ထင်သည်။

အလျော့ပေးဖို့ မစဉ်းစားဘဲ ကိုယ် ထင်မြင်ရာကို တယူသန်စွာ ယုံကြည်လွန်းခြင်းမှာလည်း နှစ်ယောက် စလုံး တူညီ နေပြန်သည်။ သူတစ်ပါးအတွက် ဘာမှမဟုတ်သော၊ ဘာမှမဖြစ်လောက်သော စကားတစ်ခွန်း သည် ပြဿနာ တစ်ခု အနေနှင့် သူမတို့ကြားမှ အချစ်ကို သံသယဖြင့် ရစ်ပတ် ပိုင်းခြားဖို့ ကြိုးတစ်ချောင်း ဖြစ်လာခဲ့တော့သည်။

× × × × × × × × × ×

အချစ်ဆိုတာကို အမျိုးအမည် ပိုင်းခြား ဝေဖန်နိုင်စွမ်း မရှိသေးခင်မှာဘဲ ချစ်သူ တစ်ယောက်ကို သူမ ရရှိခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် အချစ်တစ်ခုကို ၀င်ပြီး ခလုတ်တိုက်မိခြင်းပင် ဖြစ်သည်။

သူမ ဆယ်တန်းအောင်ပြီး အလုပ်မရှိ အားလပ်နေသော အချိန်တွင် အိမ်ကို ၀င်ထွက် သွားလာနေသော ဥာဏ်ထူးတင့်နဲ့ ဆုံဆည်းခဲ့ရတာ ဖြစ်သည်။ အစ်ကိုလေး၏ သူငယ်ချင်းဖြစ်သူ ဉာဏ်ထူးတင့်က သူမကို စိတ်ဝင်စားပါ သည်ဟု ဆိုလာသောကြောင့် ကိုယ့်ဘာသာကိုယ်တော့အ နည်းငယ် ကျေနပ်သွားမိသည်။

ဆရာဝန်ဖြစ်ခါစ ဉာဏ်ထူးတင့်မှာ မိန်းမလေး အများစု စိတ်ဝင်စားစရာ ကောင်းသော ချောမောသည့် ရုပ်ရည် ပိုင်ဆိုင် ထားသည့်အပြင် ချမ်းသာသော၊ တစ်ဦးတည်းသောသား ဆိုသည့် ဂုဏ်ဒြပ်များ ထပ်မံ ပေါင်း စပ်လိုက်သည့်အခါ သူ့ကို လိုချင်သူများ များပြားနေခဲ့သည်။

မဆွတ်ခင်က ညွတ်ချင်နေသောသူများကို ဥပက္ခာပြု၍ ကလေးသာသာ အပြုအမူများနှင့် အစ်ကိုများကို ဆိုးနွဲ့ အနိုင်ယူနေသော သူမကိုသာ ချစ်ခင်ရပါသည်တဲ့။ သူမကိုမှ စွဲလမ်းရပါသည်ဟု ဖွင့်ပြောချက်ကို ယုံချင်သလို၊ မယုံချင် သလိုနဲ့ ရင်ခုန်ချင်ပြန်သည်။ သူမကို ကျောင်းလာကြိုလေတိုင်း ဉာဏ်ထူးတင့်ကို စိတ်ဝင်တစား လိုက်ကြည့်တတ်သူများ က သူမကိုပါ သူနဲ့ ပါတ်သက်ပြီး စူးစမ်းသလို ကြည့်ကြသော အကြည့်များကို ကျေနပ်သလို ရှိလာခဲ့သည်။

သူနဲ့ ပတ်သက်ပြီး သူမပါ နာမည်ကြီးစ ပြုလာသည်ကို သာယာလာတတ်ပြီ။ နောက်ဆုံးမှုာတော့ သူများ အား ကျငေးမောတာကို နှစ်သက် သဘောကျတတ်သော သူမနှင့် သူမကို သိပ်ချစ်သော ဉာဏ်ထူးတင့်တို့ ချစ်သူများ ဖြစ်လာ ကြတော့သည်။ တကယ်တမ်းမှာတော့ ဉာဏ်ထူးတင့်ကို ကိုယ့် အစ်ကိုလိုထက် ပိုပြီးမချစ်ခဲ့မိပါ။

သူ၏ အရိပ်တကြည့်ကြည့်နှင့် အလိုလိုက်မှု၊ ကြင်နာ ယုယမှုများကိုတော့ ကျေနပ် နှစ်သက်ခဲ့ပါသည်။ ဉာဏ်ထူးတင့်၏ အသိပေးမှုကြောင့်ပင် မိဘချင်း သဘောတူ နားပေါက်ထားသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ သူမ အသက်(၂၀)ကျော်လောက်မှ လက်ထပ်ကြရန်ကိုသာ သူမ မိဘများက တောင်းဆိုခဲ့သည်။ ဉာဏ်ထူး တင့်ကတော့ နောက်ထပ် သုံးနှစ်ခန့် စောင့်ရအုံးမည်ဆိုသည့် အတွက်ကြောင့် အနည်းငယ်တော့ ဂျီကျ ချင်သည်။ သို့သော် သူမ ကိုယ်တိုင်ရဲ့ ဆန္ဒကလည်း မိဘတွေနဲ့ တစ်သဘောတည်း ရှိတာမို့ သူ ဘာမှမပြောနိုင်ခဲ့။

ဉာဏ်ထူးတင့် နယ်တွင် တာဝန်ကျနေချိန်များတွင်လည်း အနည်းငယ် သတိရမိသည်မှ လွဲ၍ မလွမ်းဆွတ် တတ် ခဲ့ပါ။ စာရေး ပျင်းသည်ဟု အကြောင်းပြပြီး တစ်လမှ တစ်ခါလောက်သာ စာရေး ဖြစ်ခဲ့သည်။ ချစ်သူ ဖြစ်ခဲ့ကြသော သက်တမ်း တစ်နှစ်အတွင်း ရန်ကုန်သို့  သူ ပြန်လာသည့် တစ်ကြိမ်သာ ၄-၅ ရက်ခန့် အတူ လျှောက်လည်ဖြစ်ခဲ့သည်။ ကျန်အချိန်များမှာတော့ သူမသည်လည်း တက္ကသိုလ် တက်ရင်း၊ သူသည်လည်း နယ်တွင် တာဝန်များ ထမ်းဆောင်ခြင်း ဖြင့်သာ နေ့ ရက်တို့  ကုန်လွန်ခဲ့သည်။

ထင်မှတ် မထားခဲ့သည့် တစ်နေ့မှာတော့ သူ တာဝန်ကျရာ ဒေသမှာပဲ ဉာဏ်ထူးတင့် လက်ထပ်သွားသည့် သတင်းကို သူမ ရရှိခဲ့လေသည်။ ပတ်ဝန်းကျင်ကို ရှက်ရွံ့မှု၊ သူမကို ထားခဲ့၍ လက်ထပ်သွားခြင်းအတွက် နာကြည်း ခံပြင်း မှုတို့က လွဲ၍ တခြား ဘာမှ ထိထိခိုက်ခိုက် မခံစားခဲ့ရပါ။ သူ လက်ထပ်လိုက်သော အမျိုး သမီးမှာ သူမထက် ဘာများ ထူးခြား သာလွန်နေသလဲ ဆိုတာကိုသာ ကလေး အတွေးဖြင့် သိချင်နေခဲ့သည်။ အချစ်အကြောင်းကို ဘာမှ သေချာ နားမလည်ခင်မှာပင် သူမ ဘ၀ထဲမှ အချစ်တစ်ခု လွယ်ကူစွာပင် ကွယ် ပျောက် သွားခဲ့ပြီ ဖြစ်သည်။

× × × × × × × × × ×

အချစ်ကို မရှာဖွေဘဲ သူမ ဘာသာ အေးအေးဆေးဆေး နေချိန်ကြမှ အချစ်သည် သူမကို ရိုက်ပုတ်ကာ ရင်ခုန်သံတို့ ကို နိုးကြားစေခဲ့တာ ဖြစ်သည်။

အသန့်အပြန့် ကြိုက်သော၊ သေသပ်မှုကို ကြိုက်သော၊ စေ့စပ် သေချာသော သူမ ဘ၀ထဲသို့ သေသပ်မှု မရှိ သော ကိုယ် လုပ်ချင်တာကို တဇွတ်ထိုး မဖြစ်ဖြစ်အောင် လုပ်တတ်သော မိုက်ကန်းကန်း ကောင်လေး တစ်ယောက် ၀င်ရောက် လာခဲ့သည်။ သူမနဲ့အတူ သင်္ချာ ဂုဏ်ထူးတန်း အတူတက်နေသော၊ ဘယ်သူ့မှ ဂရုမစိုက်တတ်သော ကောင်လေးတစ်ယောက်သည် သူမ ဘ၀ထဲသို့ စတင် တိုးဝင်စ ပြုလာခဲ့သည်။ အတန်း အားချိန်များတွင် စက္ကူမြှား များထိုင်လုပ်ကာ သူမ ဆံပင်ရှည်များကြားတွင် လာစိုက်အောင် အနောက်မှ ထိုင်ပစ်နေတတ်သလို၊ တစ်ခါတလေ စာသင် နေချိန်မှာ အတန်းထဲ မ၀င်ဘဲ အပြင် ကော်ရစ်ဒါမှ နေ၍ သူမကို ငေးစိုက် ကြည့်နေတတ်ပြန်သည်။ မျက်ဝန်းချင်း ဆုံတိုင်း မှာလည်း သူ့ရဲ့ ပါးချိုင့်လေး ပေါ်အောင် ရယ်ပြ သွားတတ်သလို၊ မသိချင် ဟန်ဆောင်သွားတာမျိုးလည်း ရှိတတ်ပြန် သည်။

သူမ ထိုင်နေကျ နေရာမှာ နေ့တိုင်း ပီကေ တစ်တောင့် လာတင်ထားတတ်သူမှာလည်း တခြားသူ မဟုတ်၊ ဖြိုးထက်စံ ဆိုသော ထိုကောင်လေးသာ ဖြစ်သည်။ အမြဲမပြတ် ပီကေ ၀ါးနေတတ်သော သူမ အကျင့်ကိုလည်း သိနေပြန် သည်။ ကဗျာတိုလေးများ ရေးစပ်ထားသော သူ့စာများ၊ မမြင်နိုင်သော ဆွဲငင်အားများဖြင့် သူ့အပေါ်တွင် သူမ ကျဆုံးမှန်း မသိ ကျဆုံးခဲ့ရသည်။

သူမ မျှော်လင့်ထားသော စံပြ သတ်မှတ်ချက်များ တစ်ခုမှ သူ့မှာ မရှိပေမဲ့ အံ့သြဖို့ ကောင်းစွာပင် သူ့ကို ပြန်ချစ်မိ သွားတော့သည်။ အချစ်စစ်ကို နားလည် လက်ခံလာနိုင်ချိန်တွင် မည်သူ့ကိုမှ မချစ်ခဲ့ဖူးသော အချစ် ဖူးတို့ ဝေဆာလန်းဆန်း ပွင့်ဖူး လာခဲ့ပြီ။ သူသည် သူမ ဘ၀အတွက် အမြတ်နိုးဆုံးနဲ့ အချစ်ရဆုံးသူ ဖြစ်လာခဲ့ပြီ။

သူ့အပေါ် ချစ်သော ချစ်ခြင်းသည် သန့်ရှင်းသော၊ အဖြူရောင်သာ ဖြစ်သည်။ မျှော်လင့်ခြင်းများ မပါ။ ရယူလိုခြင်း ကင်းစွာဖြင့် ကိုယ်က ပေးဆပ်နေရတာကိုပဲ ကျေနပ် ပျော်ရွှင်နေမိသည်။ ဒါကို အကင်းပါးသော ဖြိုးထက်စံ မသိဘဲ နေမှာ မဟုတ်။

မိဘနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာသော ကောင်လေးကို လိမ္မာယဉ်ကျေးသော၊ မိဘ ကျေးဇူးသိတတ် သော သားတစ်ယောက် ဖြစ်လာအောင် သူမ ကြိုးစားခဲ့သည်။ အခုချိန်တွင် သူသည် သားလိမ္မာတစ်ယောက် မဟုတ်သေးသော် လည်း သားမိုက် တစ်ယောက်တော့ဖြင့် မဟုတ်တော့ပါ။ တဇွတ်ထိုး လုပ်တတ်သော ဉာဏ်ကလေးကတော့ မပျောက် မပျက် ရှိနေဆဲ။

သူမတို့ နှစ်ယောက် သိပ်ချစ်ခဲ့ကြပါသည်။ လိမ်ညာ၊ လှည့်ဖျားလိုသော ဆန္ဒ မရှိတာကြောင့် သူမမှာ တစ်ချိန်က ဉာဏ်ထူးတင့်နဲ့ ပတ်သက်ဖူးသော အကြောင်းများ ရှိခဲ့ဖူးကြောင်း ပြောပြခဲ့သည်။ သူမစကားကို နားထောင်ရင်း ပြောင်းလဲ ပျက်ယွင်းသွားသော သူ့ရဲ့အမူအရာများ၊ မှေးမှိန်သွားသော မျက်ဝန်း အကြည့်များ ကို မြင်ရချိန်တွင် သူမ စိတ်မကောင်း ဖြစ်မိသည်။

သို့သော် အတိတ်ဆိုတာ ပြန်သွားလို့ မရသလို၊ ချန်ထားလို့လဲ မရသော အရာရယ်သာလေ။ ပြန်ပြောင်း လဲလို့ မရနိုင်သော ကိစ္စဖြစ်တာမို့ သူမ ဘာများ တတ်နိုင်မှာတဲ့လဲ။

သူမ စကားအဆုံးမှာ သူက မှတ်ချက်တစ်ခု ၀င်ပေးသည်။

”မိုးအိတို့ သိပ်ချစ်ခဲ့ကြမှာပေါ့နော်”တဲ့။

”ဟင့်အင်း၊ ဘာလို့ အဲလို ထင်ရတာလဲ။ သူ့ကို ကိုယ် မချစ်ခဲ့ဘူး။ အစ်ကို တစ်ယောက်လို ခင်တွယ်ခဲ့တာပဲ ရှိတယ်။ ကိုယ်ချစ်တာက ဖြိုးတစ်ယောက်ထဲကိုပဲဆိုတာ ယုံထားလိုက်”

”အဲဒီအတွက် ကျေးဇူး”တဲ့

အပြုံးသဲ့သဲ့နဲ့ တုန့်ပြန်သော သူ့အသံကို သူမ မကြိုက်။ မယုံသလိုလို၊ ရိသဲ့သဲ့လိုလို၊ စကားစ ဖြတ်ချင်တာ ကြောင့် ထပ်မံ မရှင်းပြဖြစ်တော့။ တစ်နေနေ့မှာတော့ သူ နားလည်အောင် အချိန်ယူပြီး ရှင်းပြရအုံးမည်ဟု စိတ်ကူးထား ခဲ့လေ သည်။

သူချစ်တာကို သူမ အကြွင်းမဲ့ ယုံကြည်ပေမယ့် သူမ အချစ်ကိုတော့ သူ နားမလည်တတ်ခဲ့ပေ။ အခြေအနေ အရ သူမဟာ သူ့ရဲ့ဘ၀ထဲကို ဒုတိယလူအနေနှင့် ၀င်ရောက်ခဲ့ရပေမယ့် သူမ ချစ်ခဲ့တာကတော့ သူ တစ်ယောက်ထဲသာလျှင် ဖြစ်သည်။

သူမတို့ ၂ယောက် တွေ့တိုင်း မကြာခဏ ဆွေးနွေးဖြစ်သော အကြောင်းအရာမှာ အချစ်အကြောင်းပင် ဖြစ်သည်။ ဒီနေ့လည်း သူ လာခေါ်တော့ ရာသီဥတုကလည်း သာယာနေသဖြင့် အင်းလျားကန်တစ်ပတ် လမ်းလျှောက်ပြီးမှ ထိုင်ခုံ တန်းလျားလေး တစ်ခုမှာ ၀င်ထိုင် ဖြစ်သည်။

ချစ်သူနှစ်ဦး ကြည်ကြည်နူးနူး စကားပြောနေရာမှ ပြောဖြစ်လိုက်သော စကားတစ်ခွန်းသည် သူမတို့ နှစ် ယောက် အကြားတွင် အဆင်မပြေမှုများကို ဖန်တီးပေးတော့လေသည်။

ထိုစကားကို စတင်ပြောခဲ့သူမှာ သူမ ကိုယ်တိုင်သာ ဖြစ်လေသည်။

”ဒီလောကကြီးမှာ မိုးအိ အချစ်ရဆုံးက ဖြိုးပါပဲ။ ဖြိုးကို ချစ်သလိုမျိုး တစ်ခြား ဘယ်သူ့ကိုမှ ချစ်နိုင်တော့မှာ မဟုတ်ဘူး။ မိုးအိ ဘ၀မှာ ဖြိုးဟာ အချစ်ဦးပါပဲ”

သူမရဲ့ စကားအဆုံး အလောတကြီး ၀င်ပြောလိုက်သော သူ့ရဲ့အသံက အိမ်မက်က နိုးထလာသူ တစ်ယောက် လို ကယောင်ကတန်း နိုင်လှသည်။

”ဘာပြောတယ် မိုးအိ၊ သေချာ ပြန်ပြောစမ်းပါ။ တို့ဟာ မင်းရဲ့အချစ်ဦး … ဟုတ်လား? မဖြစ်နိုင်တာဘဲ မိုးအိ၊ ဘယ်နည်းနဲ့မှ တို့ဟာ မိုးအိရဲ့ အချစ်ဦး မဖြစ်နိုင်ဘူး။ ဖြစ်ချင်းဖြစ် အချစ်ဆုံးပဲ ဖြစ်လိမ့်မယ်။ တို့ဟာ မိုးအိရဲ့ အချစ်ဆုံးဆို တာကိုတော့ လက်ခံပါတယ်”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ မိုးအိက ဖြိုးကို ပထမဦးဆုံး စချစ်ခဲ့တာ”

”မဟုတ်ဘူး မိုးအိ၊ မိုးအိမှာ ချစ်သူလို့ သတ်မှတ်နိုင်တဲ့ လက်ထပ်မယ့် လူတစ်ယောက် ရှိခဲ့ဖူးတယ်။ အကြောင်း ကြောင်းကြောင့် သူနဲ့ လက်မထပ်ဖြစ်ခဲ့ပေမယ့် မိုးအိတို့ နှစ်ယောက် ချစ်သူတော့ ဖြစ်ခဲ့ဘူးတယ် လေ။ အဲဒီတော့ သူဟာ မိုးအိရဲ့ အချစ်ဦးပဲပေါ့။ ဒီအတွက် တို့ဟာ ဘယ်လိုနည်းနဲ့မှ မိုးအိရဲ့ အချစ်ဦး မဖြစ် နိုင်တော့ဘူး။ စကားကို ပြန်ပြင်ပြော”

စကားဝိုင်းသည် တစ်ဖက်နဲ့ တစ်ဖက် အယူအဆ မတူညီမှုဖြင့် တဖြည်းဖြည်း ပြင်းထန် လာခဲ့သည်။ ဘယ် သူကမှ အလျှော့ပေးဖို့ မစဉ်းစားမိပေ။ ကြည့်ပါအုံး။ ဘာမှ မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ အရမ်းကို ကြီး ကျယ်ခမ်းနား သွားခဲ့ပြီ။ သူမအပေါ် သူ နားလည်မှု လွဲမှားစွာနဲ့ သတ်မှတ်ထားတာကို မမျှော် လင့်ဘဲ သိခွင့်ရလိုက်သည်။

”နေပါအုံး ဖြိုးရဲ့။ မင်း နားလည် လက်ခံထားတဲ့ အချစ်ဦးဆိုတာ ဘယ်လိုမျိုးလည်း ကိုယ့်ကို ပြောပါဦး”

”မိုးအိ အချစ်ကို မယုံတာမဟုတ်ပါဘူး။ ခုချိန်မှာ ဖြိုးတစ်ယောက်ထဲကို ချစ်နေမှန်းလည်း သိပါတယ်။ ဖြိုးကို အချစ်ဆုံး ဆိုတာလည်း ဟုတ်တာပဲ”

”ဒါဖြင့်ရင် …..”

“နေအုံး မိုးအိ။ ဖြိုးရဲ့ စကား မဆုံးသေးဘူး။ မိုးအိမှာ ဖြိုး အရင် ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ မိုးအိ ရဲ့ ပထမဆုံး အချစ်ဦးပဲ။ သူ့အပေါ်မှာ မိုးအိ ချစ်တဲ့ အချစ်နဲ့ ဖြိုး အပေါ်မှာ မိုးအိ ချစ်တဲ့ အချစ်ဟာ ကွဲပြားလိမ့်မယ်။ ဒါပေ မယ့် ပမာဏ အနှိုင်းအဆ မတူညီတဲ့ အချစ်တစ်ခုနဲ့တော့ ဉာဏ်ထူးတင့် အပေါ် မိုးအိ ချစ်ခဲ့ပြီးပြီ။ ဒါကြောင့် ဖြိုးဟာ မိုးအိ ရဲ့ အချစ်ဦး ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး”

သူမ အတွေးများနှင့် သူ ပြောနေသည်များကတော့ တခြားစီ ဖြစ်၍ နေလေပြီ။ ဖြိုးထက်စံကို နားလည် အောင် ရှင်းပြရမည်။

”အဲဒါကတော့ ဖြိုးရဲ့ ခံယူချက်လေ။ မိုးအိရဲ့ ခံယူချက်ကိုလည်း ဖြိုး နားထောင်သင့်တယ်။”

“ပြောလေ”

အဲဒီမှာပဲ သူမတို့နှစ်ဦး အကြားမှ ကွဲလွဲချက်များကို စတင် တွေ့ကြရတာ ဖြစ်သည်။

”လူတစ်ယောက်နဲ့ တစ်ယောက် ပတ်သက်မိတာနဲ့ ရင်ထဲက အချစ်ဟာ ပေါ်လာရောတဲ့လား။ တစ်ခါထဲ ချစ်သွား ရောတဲ့လား။ ကိုဉာဏ်နဲ့ တို့ ချစ်သူဖြစ်ခဲ့ဘူးတာ မှန်တယ်။ ဒါပေမယ့် သူ့ကို ချစ်လို့ မရခဲ့ဘူး။ ချစ်ကြည့်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီအချိန်မှာ အချစ်အကြောင်းကို ကောင်း ကောင်း နားမလည်ခဲ့ဘူး။ ဖြိုးနဲ့ စတွေ့ တဲ့အချိန်မှာမှ တို့ဟာ အချစ်ကို နားလည်ခဲ့တာ။ အချစ်အတွက် စိတ် လှုပ်ရှားလာတယ်။ မင်းကို မြင်ရရင် ပျော်တယ်။ မင်း စိတ်ဆင်းရဲတာကို မမြင်ရက်ဘူး။ မင်း စိတ်ချမ်းသာရင် တို့လည်း ပျော်တာပါပဲ။ မင်းနဲ့ ပတ်သက်လာရင် အသေးစိတ်လေး ကစပြီး ခံစားရတယ်။ ကိုဉာဏ်နဲ့တုန်းက ဒီလိုမျိုး မဖြစ်ခဲ့ဘူး။ ဒီအဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ မင်းကို သိပ်ချစ်သွား ခဲ့ပြီဆိုတာ သေချာ သွား ခဲ့တယ်။”

မောသွားသလို ခဏနားရင်း သူမ စကားပြန်ဆက်သည်။ ဖြိုးထက်စံကတော့ ငြိမ်သက်စွာပင် သူမ စကားကို စောင့်ဆိုင်းနေခဲ့သည်။

”ရင်ထဲက အချစ်တွေ ပထမဦးဆုံး ပေါ်ပေါက်လာပြီး စတင် ချစ်မိသူကို အချစ်ဦး ဖြစ်တယ်လို့ ပြောတာ တို့ မှား လား။ တို့ရဲ့ ပထမဦးဆုံး အချစ်ကို ရရှိတဲ့အတွက် ဖြိုးဟာ တို့ရဲ့အချစ်ဦးပဲ။ ကိုဉာဏ်ကတော့ ရည်းစားဦးသာလျှင် ဖြစ်တယ်။ အချစ်ဦးမဟုတ်ဘူး”

ပြောချင်တာ အကုန်ပြောလိုက်ရတာမို့ သူမ ကျေနပ်သွားမိသည်။

”မဟုတ်သေးဘူး မိုးအိ ချစ်သူ ဖြစ်ခဲ့ကြတဲ့ (၁)နှစ်ကျော် သက်တမ်း တစ်လျှောက်မှာ ဉာဏ်ထူးတင့်ကို မိုးအိ လုံးဝ မချစ်ခဲ့ပါဘူး ဆိုတာမျိုးကတော့ ဖြစ်ကို မဖြစ်နိုင်ဘူး။ ပမာဏ အနည်းအများသာ ကွာလိမ့်မယ်။ ဘယ်နည်းနဲ့မဆို သူ့ကို ချစ်ခဲ့လိမ့်မယ်။”

”ကာယကံရှင် ကိုယ်တိုင်ထက်များ ပိုသိအုံးမှာလား ဖြိုးရယ်။ မင်းသာ တို့ရဲ့ အချစ်ဦးနဲ့ အချစ်ဆုံး။ ဒါပဲ ပြောရ တာ မောတယ်။ တော်ပြီ။”

သူမ အနိုင်ပိုင်းပြီး စကားဖြတ်ပေမယ့် သူက လက်မခံပေ။

”ဖြိုးကို မိုးအိက ပိုချစ်တယ် ဆိုတာကိုတော့ ယုံပါတယ်။ ဒါပေမယ့် ဉာဏ်ထူးတင့်ကိုလည်း တစ်စုံတစ်ခု သော အတိုင်းအတာ အထိ ချစ်ခဲ့မှာလည်း အသေအချာပဲ။ နည်းတာများတာပဲ ကွာလိမ့်မယ်။ ချစ်တာကတော့ ချစ်ခဲ့မှာပဲ”

တဖြည်းဖြည်းနဲ့ သူ့စကားများသည် ဇွတ်တရွတ် နိုင်လာသည်။ သူမကလည်း ဖြိုးထက်စံ၏ အယူအဆကို လုံးဝ လက်မခံနိုင်ပြန်။

”တို့အချစ်ကို မင်း မစော်ကားနဲ့ ဖြိုးထက်စံ။ တို့ အယူအဆကို လက်မခံတာဟာ တို့အချစ်ကို မယုံကြည် လို့ပဲ။ ပြီးခဲ့တဲ့ အတိတ်က အကြောင်းအရာတွေကို ဘယ်လိုလုပ်ပြီး ပြုပြင် ပြောင်းလဲပေးလို့ ရမှာလဲ။ တို့အချစ် ကို မင်းမယုံဘူး ဆိုရင် လမ်းခွဲလိုက်တော့ ဖြိုး”

”အော်……… လမ်းခွဲဖို့ စကားကိုတောင် မိုးအိက အလွယ်တကူ ပြောနိုင်ပြီကိုး။ မိုးအိ ပြောတော့ အချစ်ဦး နဲ့ အချစ်ဆုံးဆို။ ဘယ်လိုနည်းမျိုးနဲ့ ယုံကြည်ရမှာလဲ။ ပြောပါအုံး”

“ယုံတာ မယုံတာက မင်းကဏ္ဍပဲ ဖြိုး။ ကောင်းပြီ။ တို့ရဲ့ အယူအဆကို လက်မခံနိုင်သရွေ့၊ ပြီးတော့ မင်းရဲ့ အယူ အဆနဲ့ မင်းရဲ့ တဇွတ်ထိုးစကားကို မပြင်နိုင်သရွေ့ တို့နှစ်ယောက် မတွေ့ကြစို့လား။ မင်း အယူအဆ ကို ပြင်ဖို့ မင်း စိတ်ကူး မရှိသလို၊ တို့ဖက်ကလည်း မပြင်နိုင်ပါဘူး။ ဒီတော့ တို့နှစ်ယောက်ထဲက တစ်ယောက် ယောက်ဟာ ဒီအချက် နှစ်ချက်ထဲက တစ်ချက်ချက်ကို သေချာပေါက် ရွေးနိုင်တဲ့နေ့မှာ တို့တွေ ပြန်ဆုံကြ တာပေါ့။ ဘယ်တော့မှ မတူညီနိုင်ရင် လည်း တစ်သက်တာအတွက် နှုတ်ဆက်ခြင်းလို့ပဲ မှတ်လိုက်ပါ။ တို့အချစ်ကို မယုံတဲ့ မင်းရဲ့ အနားမှာ မနေချင်တော့ဘူး။ ဖြိုးထက်စံ။ နင့်ကို ငါမတွေ့ချင်တော့ဘူး”

ငိုကြွေးရင်း ပြေးထွက်သွားတဲ့ မိုးမြတ်အိရဲ့ ကျောပြင်ကို သူ အငေးသား ကြည့်နေပေမယ့် တားဖို့ စိတ်ကူး မရှိခဲ့ ပါ။ သူ့ရင်ထဲမှာ တနုံ့နုံ့ ခံစားနေရသော သံသယတစ်ခု (သံသယဆိုတာထက် ၀န်တိုခြင်းတစ်ခု)ကို သိချင်ပေမယ့် မေးဖို့ နှုတ်ဆွံ့အ နေမိတာ ကြာပြီ။ ဒီနေ့မှသာ တိုက်တိုက်ဆိုင်ဆိုင် ဆွေးနွေးဖြစ်ခဲ့သည်။ ဒီအတွက် အဖြေကိုတော့ ရေရေရာရာ သူ မထုတ်နိုင်ခဲ့။

× × × × × × × × × ×

သူမ သူငယ်ချင်းများကရော၊ သူ့ သူငယ်ချင်းများကပါ သူတို့နှစ်ယောက်ရဲ့ အပြုအမူကို နားမလည်နိုင်ခဲ့။ အရာရာ အဆင်ပြေပါလျှက် တစ်ယောက်နှင့် တစ်ယောက် သိပ်ချစ်ကြပါလျှက် ဘာမဟုတ်သော စကားလေး တစ်ခွန်း ကြောင့် အပြီးတိုင် လမ်းခွဲကြမှာ၊ ဒီလိုနဲ့ တစ်ဖြည်းဖြည်း ဝေးကွာသွားမှာကို မလိုလားကြပေ။ တစ်ယောက်ယောက်က အလျော့ပေး လိုက်ဖို့ တိုက်တွန်းကြသည်။

သို့သော် သူမတို့ နှစ်ယောက်လုံးက ကိုယ်ယုံကြည်ရာကို စွန့်ပစ်ဖို့ ခေါင်းမာစွာဖြင့် စိတ်မကူးကြပါ။ လက်ရှိ အခြေ အနေကို ပြောင်းလဲပစ်ဖို့ စိတ်မကူးဘဲ တစ်ယောက်ယောက်က ကိုယ့်ယုံကြည်ချက်ကို စွန့်ပစ်မယ့်နေ့ကို ဇွဲကောင်း စွာဖြင့် စောင့်မျှော်နေဆဲ။

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မထားရှိအပ်သော မာနတရားနှင့် သံသယတို့ ရှိနေဆဲ။ တစ်နည်း အားဖြင့် တစ်ယောက်ကို တစ်ယောက် သံသယကြိုးမျှင်ဖြင့် ရစ်ပတ် ချည်နှောင်ရန် ကြိုးစားဆဲ . . . . .

မေဇူး

(၂၀၀၃ ခုနှစ်၊ ဇန်န၀ါရီလ၊ မြင်ကွင်း မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: