အခါလွန်တဲ့မိုး

မောင်ဟာ နားလည်ရခက်တဲ့ လူတစ်ယောက်ပါ။ မောင့်ရဲ့အကြောင်းကို သိပါလျက်နှင့် မောင့် သံယောဇဉ် ကွန်ရက်ထဲမှာ ရုန်းမထွက်နိုင်အောင် ငြိတွယ်နေမိသူက ကျွန်မပေါ့။ တကယ်တော့ မောင်က မခေါ်ဘဲနှင့် ကျွန်မကိုယ်တိုင် မောင့်ကွန်ရက်ထဲကို မက်မက်မောမော တိုးဝင်ခဲ့တာပါ။

အခုတော့မောင်ရယ် အရာရာဟာ နောက်ကျခဲ့ပါပြီ။ မောင့်ကို ကျွန်မ သိပ်ချစ်ရပါလျက်နှင့် စွန့်လွှတ်ခဲ့ရ ပါပြီ။ အဲဒီအတွက် ကျွန်မနှလုံးသားတွေ ကြေကွဲနေရပါပြီ။ မောင်သိနိုင်မှာ မဟုတ်ဘူးနော်။ တစ်နေ့မှာ ပြော ပြခွင့်ရခဲ့ရင်တော့ မောင့်ကို ကျွန်မ ပြောပြချင်ပါသေးတယ်။

”မောင့်ကို ကျွန်မ သိပ်ချစ်ခဲ့တယ်”လို့ပေါ့။

× × × × × × × × × × × × × × ×

ကျွန်မနှင့်မောင် စတင် ဆုံတွေ့ခဲ့တဲ့ နေ့လေးတစ်နေ့ကို မှတ်မိနေဆဲပါ။ ကျောင်းဖွင့်စ နေ့တစ်နေ့ရဲ့ ပရက် တီကယ်ခန်းထဲမှာလေ။ ဓာတုဗေဒ အခန်းထဲမှာ ပရက်တီကယ် လုပ်ကြတော့ မောင်က ကျွန်မတို့အုပ်စုရဲ့ ခေါင်းဆောင်ပေါ့။ မောင့်ရဲ့စကားသံကိုကြားရတာ သိပ်ကိုသာယာတဲ့ ဆည်းလည်းသံလေးလိုပဲ။ ကျွန်မ သိပ်ကြိုက်သွားမိတယ်။ အမှန်ကို ၀န်ခံရရင် ကျွန်မက မောင့်ကို မြင်မြင်ချင်းပဲ စိတ်ဝင်စားခဲ့သူပါ။

မောင် ပရက်တီကယ် လုပ်တာကို ဘေးကနေ ကြည့်ရင်း မောင့်ကို တိတ်တခိုး ငေးနေမိတယ်။ နက်မှောင် တဲ့ မျက်ခုံးတွေရယ်၊ မျက်ဝန်းတောက်တောက် တစ်စုံရယ်က ကျွန်မကို ဆွဲငင်ထားတယ်။ ကျွန်မ အနှစ် သက်ဆုံးက နီရဲပြီး ထူထဲ သပ်ရပ်တဲ့ မောင့်ရဲ့ နှုတ်ခမ်းတစ်စုံပေါ့။ ကျွန်မက မိန်းကလေးဆိုရင် နှုတ်ခမ်းပါး လေးမှ လှတယ် ထင်သလို ယောက်ျားလေးဆိုရင်လည်း နှုတ်ခမ်းထူထူနဲ့ မှ ချောတယ် ထင်တာ။ နှုတ်ခမ်း ထူထူတစ်စုံက ဖွင့်ဟ ထွက်လာမယ့် စကားတို့ ကို ကျွန်မနာခံ ချင်တယ်။

မောင်က အရပ်မြင့်သလို အသားလည်း ဖြူတယ်။ မောင့်ကို အချိန်အတော်ကြာ ငေးနေမိတာကို သတိ ပြုမိရင်း ကိုယ့်ဘာသာကိုယ် ရှက်သွားမိတယ်။ မောင်ကလည်း ကျွန်မကို အဲဒီနေ့က သတိထားမိမယ်လို့ ထင်တယ်။ မောင်ဟာ တည်ကြည်ပြီး ရိုးသားအေးဆေးတဲ့ ယောက်ျားတစ်ယောက်လို့ ကျွန်မ မြင်မြင်ချင်း မှတ်ချက်ချမိခဲ့တယ်။

နောက်ရက်တွေမှာတော့ အတန်းထဲမှာ မောင့်ကို မသိမသာ ရှာဖွေ ကြည့်မိတယ်။ မြင်ရရင် စိတ်ချမ်း သာရသလို မမြင်ရရင်လည်း မောင် နေမကောင်းလို့များလားလို့ ကျွန်မ စိတ်ပူမိတယ်။ တစ်ခါတလေမှာ မောင် ကျွန်မကို ငေးကြည့် နေတာကို တွေ့ရတတ်တယ်။ ဒါပေမယ့် လျှပ်တပြက်ပါပဲလေ။ မောင် ချက်ချင်း အကြည့်လွှဲသွားတတ်တာမို့ ကျွန်မမှာ တစ်ယောက်တည်း မချင့်မရဲနဲ့  စိတ်တိုရင်း ကျန်ရစ်ရတယ်။

တစ်နေ့မှာ မမျှော်လင့်ဘဲ မောင်နှင့် စတင် ခင်မင်ခွင့်ရခဲ့တယ်။ တခြားမေဂျာက သူငယ်ချင်း တစ်ယောက် နှင့် ကင်တင်းမှာ အအေးသောက်နေတုန်း မောင်ကလည်း ကျွန်မတို့ ထိုင်နေတဲ့ ဆိုင်ထဲကို ၀င်လာခဲ့တယ်။ ကျွန်မနှင့်အတူ ထိုင်နေတဲ့ သူငယ်ချင်းကို မြင်တဲ့အခါ မောင်က ကျွန်မတို့ဝိုင်းကို ကူးလာတယ်။

“ဟိတ် မင်းက စွံသွားတာ ငါတို့ကိုတောင် အသိမပေးဘူး။ မုန့်ကျွေးရမှာစိုးလို့ လျှိုထားတာလား”

မောင် ပြောလိုက်တဲ့ စကားသံကြောင့် ကျွန်မမျက်နှာ နီရဲသွားသလို ကျွန်မ သူငယ်ချင်း ကျော်စွာလည်း အလန့် တကြားနှင့် ထရှင်းရတော့တယ်။

”ဟာ ဖိုးကောင်း၊ မင်းက မသိဘဲနှင့် စွတ်တင်တာပဲ။ ဒါ ငါ ငယ်ငယ်လေးတည်းက ခင်လာတဲ့ သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီးကွ၊ ငါ့ညီမလေး ဆိုလည်းမမှားဘူး”

အဲဒီတော့မှ မောင်က အားနာစွာနှင့် တောင်းပန်သလိုကြည့်ရင်း

“ဆောရီးနော်၊ ကျွန်တော်က ကျော်စွာကို စချင်တာနဲ့ ဟုတ်မဟုတ်မသေချာဘဲ ပြောလိုက်မိတာ စိတ်မဆိုး ပါနှင့်”

“ရပါတယ်၊ နောက်သာ မသေချာရင် ထင်ကြေးနှင့် မပြောနှင့်ပေါ့”

“မင်းတို့နှစ်ယောက်ကို မိတ်ဆက်ပေးရဦးမယ်၊ သူ့နာမည်က ကောင်းမြတ်ငြိမ်းတဲ့၊ သူလည်း နင့်လို ဓာတုမေဂျာ ကပဲ နင်မသိဘူးလား မိနဒီ”

“သိသားပဲ သူက နဒီတို့ ပရက်တီကယ် အုပ်စုခေါင်းဆောင်ပဲ သူသာ နဒီ့ကို မသိချင် မသိမှာ”

“ကျွန်တော် မနဒီစိုးကို သိပါတယ်။ အတန်းထဲမှာ အရမ်းလှတဲ့ နာမည်ကြီး မိန်းကလေးတစ်ယောက်ကို မသိရင် ကျွန်တော် ခေတ်နောက်ကျသွားမှာပေါ့”

သူ့စကားကြောင့် ကျွန်မတို့ပါ လိုက်ပြုံးမိတယ်။ နောက်တော့ ကျော်စွာကပဲထပ်ပြီး သူ့ကို မှာနေတယ်။

“ငါက ဒီတစ်နှစ်ပဲ အာစီတူးထဲမှာ ရှိတော့မှာ၊ နောက်နှစ်ဆို မိန်းထဲရောက်ပြီ၊ နင်တို့က အခုမှ ပထမနှစ် ဆိုတော့ ဆက်တွေ့ကြဦးမှာပါ၊ ငါမရှိရင် ငါ့ကိုယ်စား စောင့်ရှောက်လိုက်ပါ ဖိုးကောင်းရာ၊ သူက နည်းနည်း တော့စွာတယ်”

“ကိုကျော်စွာနော် နဒီကို မတရားမပြောနှင့်”

ကျွန်မစကားကို သူတို့ရယ်ကြတယ်။ အချိန်အနည်းငယ်အတွင်းမှာပဲ ကျွန်မတို့ ရင်းနှီးသွားကြတယ်လေ။ နောက် ပိုင်းမှာတော့ ကျွန်မရယ်၊ ကိုကျော်စွာရယ်၊ “ကောင်း”လို့ ကျွန်မခေါ်တဲ့ မောင်ရယ်ဟာ သိပ်ကို အတွဲ ညီတဲ့ အုပ်စုလေး ဖြစ်သွားတော့တယ်။

အတန်းတက်ကြပြီ ဆိုရင်လည်း မောင်ဟာ ကျွန်မနှင့်အတူ အမြဲရှိခဲ့တာမို့ ကျွန်မ ပျော်ရွှင်ခဲ့ရတယ်။ မောင် မသိ အောင် တိတ်တခိုး ငေးမောနေရတဲ့ ဘ၀ကနေ မောင့်မျက်နှာကို ကြည့်ရင်း စကားအတူ ပြောခွင့်ကို ရခဲ့တယ်။ ကျွန်မနှစ် သက်တဲ့ မောင့်ရဲ့ နှုတ်ခမ်းတစ်စုံက ဖွင့်ဟပြောလာတဲ့ စကားသံတွေကို နေ့တိုင်း ကြားခွင့် ရခဲ့တယ်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ကျွန်မနေတဲ့ “ရတနာဆောင်”ကို မောင် ရောက်လာ တတ်ခဲ့တယ်။

ကျောင်းတွေ ပိတ်ချိန်မှာတော့ ကျွန်မတို့ စိတ်မကောင်းစွာနှင့် ခွဲခဲ့ရတယ်။ မောင့်ရဲ့ လိပ်စာကိုသိချင်ပေ မယ့် မောင်က မပေးခဲ့သလို ကျွန်မကလည်း မတောင်းခဲ့ဘူး။ အလားတူပဲ ကျွန်မရဲ့လိပ်စာကိုလည်း မောင်က မတောင်းခဲ့ပြန် ဘူး။ ကျွန်မတို့နှစ်ယောက် မာနကိုယ်စီနဲ့ ဟန်ဆောင်ကောင်းခဲ့ကြတယ်။ တကယ်ဆို မောင်က ယောက်ျားလေးပဲလေ။ ကျွန်မဘက်ကတော့ ဘယ်လိုလုပ်ပြီး စတောင်းလို့  ကောင်းမှာတဲ့လဲ။ ဒါတွေကို မောင် စဉ်းစားမိခဲ့ပုံ မရဘူး။

ကျောင်းပိတ်ရက်တွေမှာ ကျွန်မ မောင့်ကို သတိရခြင်းများနှင့် ကုန်လွန်ခဲ့တယ်။ ကျောင်းတွေ မြန်မြန် ဖွင့်ပါစေ လို့ ဆုတောင်းရတာလည်း အမောပါပဲ။ မောင်ကရော ဒီအချိန်တွေမှာ ကျွန်မကို သတိရနေခဲ့ သလားလို့ ကျွန်မ သိချင်နေ မိတယ်။

ဒုတိယနှစ် ကျောင်းစဖွင့်တဲ့ရက်ကတော့ ကျွန်မ အပျော်ဆုံး နေ့တစ်နေ့ပေါ့။ မမြင်ရတာ ကြာပြီဖြစ်တဲ့ မောင့်ကို ပြန်မြင်ရတာမို့ ကျွန်မ ကျေနပ်မိတယ်။ မောင်ကလည်း ပျော်နေပုံပါပဲ။ (ကျွန်မ အထင်ပေါ့လေ) ကျွန်မကို မြင်မြင်ချင်း

“နဒီ ပိန်သွားတယ်နော်”တဲ့

“အဲဒါ မောင့်ကို အရမ်းလွမ်းလို့ပေါ့”လို့ ပြန်ပြောချင်စိတ်ကို မျိုသိပ်ရင်း ခေါင်းပဲ ညိတ်ပြမိတယ်။

တစ်ဆက်တည်း မှာပဲ မောင် ကျွန်မကို ဂရုတစိုက်ရှိသားပဲလို့ ကျေနပ် ၀မ်းသာရပြန်တယ်။ ကိုကျော်စွာက ဒီနှစ်မှာ ရန်ကုန် ပင်မ တက္ကသိုလ်(မိန်းထဲကို)ကို ပြောင်းသွားပြီမို့ ကျွန်မတို့နှစ်ယောက်ပဲ ကျန်ရစ်ခဲ့တော့မယ်။ အရင်ကထက်ပိုပြီး ကျွန်မတို့ တွဲဖြစ်ကြတယ်။ ကျွန်မ သွားလေရာ သူပါသလို၊ သူသွားလေရာ နောက်ကို လည်း ကျွန်မ လိုက်ရပြန်တယ်။ ကျွန်မကို လိုက်နေတဲ့ ကောင်လေးအချို့က တောင် သူ့ကို ကျွန်မ ချစ်သူ အဖြစ် သတ်မှတ်ပြီး သိပ်မကြည်ကြဘူး။

ကျွန်မနှင့် သူကတော့ အရင်အတိုင်း မပြောင်းလဲခဲ့ကြဘူး။ သူက ကျွန်မနှင့်အတူ သွားလာပေမယ့် ဘယ် တုန်းကမှ အခွင့်အရေး မယူခဲ့ဘူး။ ကျွန်မကို ညီမလေးအရင်း တစ်ယောက်လို စောင့်ရှောက်ခဲ့တယ်။ ထိန်းသိမ်းတတ်တဲ့ သူ့ ကိုယ်ကျင့်တရားကို သိခဲ့တာမို့ လေးစားခဲ့ရသလို သူ့အပေါ် တိတ်တခိုး တွယ်တာ နေမိတဲ့ ကျွန်မကိုယ်ကျွန်မလည်း ရှက်မိ တယ်။

သူနှင့်ကျွန်မ မသွားဖူးတဲ့လမ်းလည်း မရှိသလောက်ပါပဲ။ တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း ဘုရားအတူ သွား တတ်တယ်။ ကျွန်မ အဓိဌာန် ပုတီးစိပ်နေတဲ့အခါ ကျွန်မနှင့် မလှမ်းမကမ်းမှာ ထိုင်စောင့်နေ ပေးလေ့ ရှိတယ်။ ရုပ်ရှင်ကြည့် ချင်တယ် ဆိုရင်လည်း သူပဲ ကျွန်မကို လိုက်ပို့ပေးရတာပါပဲ။

ခင်မင်မှုတွေ ကြာလာတာနှင့်အမျှ ကျွန်မတို့ရဲ့ သံယောဇဉ်တွေဟာလည်း အရမ်းကို ခိုင်မာခဲ့ပြီ။ သူ ဆုံးမ တာ မှန်သမျှ ကျွန်မ နာခံတတ်သလို ကျွန်မ မကြိုက်တာဆိုလည်း သူက ရှောင်ရှားတတ်တယ်။ ကျွန်မ လိုချင်တယ် ပူဆာလို့ ဘုရားမှာရောင်းတဲ့ ဆည်းလည်းလေးတစ်ခု သူ ၀ယ်ပေးဖူးတယ်။

သူများတွေက ဘုရားပစ္စည်းမို့ မယူကောင်းဘူးလို့ ဆိုပေ မယ့် ကျွန်မကတော့ ဘယ်သူ့စကားမှ နားမ ထောင်ဘဲ ယူထားတယ်။ အိပ်ရာဘေးက ယွန်းဘူးလေးထဲမှာ ထားပြီး ည အိပ်ရာဝင်တိုင်း အဲဒီအသံလေးကို နားထောင် ဆော့ကစားရင်း အိပ်တတ်တယ်။ သူ ၀ယ်ပေးတဲ့ ပစ္စည်းလေးမို့ သူ့ ကိုယ်စား ကျွန်မနှစ်သက် မြတ်နိုးမိတယ်။

သူကတော့ ကျွန်မ ဘာလုပ်လုပ် ခွင့်လွှတ်ပြုံးနှင့် အမြဲ ကြည့်တတ်တယ်။ ကျွန်မ စိတ်ချမ်းသာရင် ကျေနပ် နေမယ့်သူလို့ အမြဲ ပြော်လေ့ရှိတယ်။ သူ ကျွန်မကို ချစ်နေသလားလို့ တစ်ခါတလေ တွေးမိပေမယ့် သူက ခန့်မှန်းရခက် လောက်အောင် တည်ငြိမ်လွန်းတယ်။

ကျွန်မတို့ နှစ်ယောက်ကို ချစ်သူလားလို့ မေးလာကြတော့ ကျွန်မ ဘာဖြေရမှန်းတောင်မသိဘူး။ အရင်းနှီး ဆုံး သူငယ်ချင်းပါလို့ ပြောရုံကလွဲလို့ ကျွန်မ ဘာများ ပြောနိုင်မှာလဲတဲ့။

ကျွန်မလေ သူ ဖွင့်ဟ ပြောလာမယ့် တစ်နေ့ကို မျှော်လင့်ခဲ့တယ်။ ကျွန်မတို့ မိန်းကလေးတွေမှာ ကိုယ်ချစ် တဲ့ ယောက်ျားလေး တစ်ယောက်ကို ကိုယ်က စတင်ပြီး ဖွင့်ပြောခွင့်မှ မရှိခဲ့တာပဲ။

ကိုယ့်ကို ချစ်တယ်လို့ ဖွင့်ပြောလာမှသာ ရွေးချယ်နိုင်ခွင့်ရှိတာ မဟုတ်လား။ ဘယ်လောက်ပဲ ပွင့်လင်း တယ်ပြောပြော ဒီလိုကိစ္စမျိုးမှာ မိန်းကလေးတွေဟာ စောင့်စည်း ထိန်းသိမ်းကြရတာပဲ မဟုတ်လား။

ကျွန်မတို့ ခင်မင်လာခဲ့တာ သုံးနှစ်ကျော်ခဲ့ပြီ။ အများကလည်း ကျွန်မတို့ကို ချစ်သူအဖြစ် သတ်မှတ် ထားခဲ့ကြပြီ။ ဒါပေမယ့် သူနှင့်ကျွန်မကတော့ ခင်မင်တဲ့ သူငယ်ချင်းအဆင့်ထက် မကျော်လွန်ခဲ့ပါဘူး။ ကျွန်မတို့ နှစ်ယောက်အကြောင်း ကို အမှန်အတိုင်းသိကြတဲ့ ကျွန်မရဲ့သူငယ်ချင်း တချို့ကတော့ မောင့်ကို မကြည်ကြဘူး။ ကျွန်မကိုလည်း မောင်နှင့်ကင်း အောင်နေဖို့ ပြောတယ်။ တကယ်တမ်းနစ်နာရင် ကျွန်မပဲ နစ်နာမှာတဲ့လေ။

သူတို့ပြောတာမှန်ပေမယ့် ကျွန်မကိုယ်တိုင်က မောင့်ကိုမှ မခွဲနိုင်တာ။ မောင့်ရဲ့အချစ်ကို နောက်ဆုံး အချိန်အထိ မိုက်မိုက်မဲမဲ မျှော်လင့်ချင်ပါသေးတယ်။ မောင်နှင့်ကျွန်မတို့  အခြေအနေ အကြောင်းကြောင်း ကြောင့် ခွဲခွာချိန် မကျမချင်း ဘာအကြောင်းနှင့်မှ ကျွန်မ မောင့်ကို မခွဲချင်ဘူးလေ။

တတိယနှစ် စာမေးပွဲဖြေပြီး အိမ်အပြန်မှာတော့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခု စတင် ခဲ့တယ်။ ကျွန်မ ကျောင်းပိတ်ရက် အိမ်မှာနေချိန်အတွင်းမှာ ကိုကိုကြီးရဲ့သူငယ်ချင်း ဒေါက်တာ စိုးမိုး အောင် အိမ်ကို ၀င်ထွက်နေပေမယ့် ကျွန်မ အမှတ်တမဲ့ပဲ သဘောထားခဲ့မိတယ်။ ကိုကိုကြီးဆီ လာနေကျလို့ပဲ တွက်ပြီး မလွဲမရှောင်သာ တွေ့မှ စကားပြောဖြစ်ခဲ့တယ်။

ကျောင်းပြန်ဖွင့်ဖို့ တစ်ပတ်အလိုမှာ မေမေ့ဆီက မမျှော်လင့်ဘဲ စကားတစ်ခွန်းကို စတင် ကြားခဲ့ရတယ်။

”သမီး နဒီ၊ သမီးမှာ ချစ်သူရှိနေပြီလား”

ထင်မှတ်ထားတဲ့ မေးခွန်းမဟုတ်လို့ ဘာဖြေရမှန်း မသိခဲ့ဘူး။ နောက်ပြီး ကိုယ့်ဘာသာကိုယ်လည်း ပြန် စဉ်းစားမိ တယ်။ ကျွန်မမှာ ချစ်သူရှိလားလို့ပေါ့။ အဲဒီအချိန်မှာ မောင့်မျက်နှာကို ပြေးမြင်မိပေမယ့် တကယ် တော့ မောင်နှင့် ကျွန်မ ဟာ ချစ်သူမှ မဟုတ်တာဘဲ။ ကျွန်မကသာ မောင့်ကို တိတ်တခိုး တွယ်တာခဲ့တာ မဟုတ်လား။

မေမေ့အမေးကို အားအင်ချည့်နဲ့စွာနှင့် ခေါင်းယမ်းပြမိတော့ မေမေ့မျက်နှာ ၀င်းခနဲ ဖြစ်သွားတာကို သတိထားမိ တယ်။

“မေမေ့သမီး လိမ္မာတယ်ဆိုတာ မေမေယုံပြီးသားပါ။ ဒါကြောင့် မေမေစီစဉ်ထားတာလေး ပြောချင်လို့”

မေမေ့ရဲ့ ထူးဆန်းတဲ့ စကားကြောင့် အံ့သြမိသလို ဘာကို ဆိုလိုချင်မှန်း ရိပ်မိလာသလို ကျွန်မ ရင်ထဲမှာ မီးတောက်နေပြီ မောင်။ ကျွန်မ ဘာလုပ်ရမှာလဲ။ ကျွန်မ ဘာများပြောနိုင်မှာတဲ့လဲ။

“သမီး ကိုကိုကြီးရဲ့ သူငယ်ချင်း ဒေါက်တာ စိုးမိုးအောင်နှင့် သမီးကို နေရာချ ထားပေးချင်တယ်။ သူက လည်း သမီးကို သဘောကျတယ်လေ။ မေမေတို့ လူကြီးချင်း ပြောထားတာ ကြာပြီ။ သမီး ကျောင်းမပြီး သေးလို့ မပြောသေးတာ။ အခုဆိုရင် သမီးလည်းနောက်ဆုံးနှစ်ရောက်ပြီ။ အဲဒါကြောင့် မေမေက ကြိုပြောလိုက်တာ။ သမီးလည်း စဉ်းစားဖို့ အချိန်ရ အောင်လေ။

“ဟုတ်ကဲ့၊ သမီးကို စဉ်းစားခွင့်ပေးပါဦး၊ သမီးကျောင်းပိတ်မှ ဒါတွေကို စဉ်းစားပါရစေ၊ အခုတော့ ခေါင်း အေးအေး ထားပါရစေဦးနော်”

“ရပါတယ် သမီးရဲ့၊ မေမေက သမီးကို စဉ်းစားနိုင်အောင် ကြိုပြောထားတာ၊ သမီးမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်”

မေမေ့စကား အဆုံးမှာတော့ ကျွန်မ မေမေ့အနားက ပြေးထွက်လာမိတယ်။ တစ်ယောက်တည်း ရှိချိန် မှာတော့ တင်းထားသမျှတွေဟာ မျက်ရည်အဖြစ် ပြောင်းလဲခဲ့ရပြီ။ ကျွန်မ အရမ်းကိုကြေကွဲရပြီ မောင်။ မောင်နှင့်ကျွန်မဟာ ချစ်သူ ဖြစ်ခဲ့ရင်တော့ သမီးမှာ ချစ်သူရှိတယ်။ သမီးသူ့ကိုပဲ လက်ထပ်ပါရစေလို့ ပြောမိမှာပါ။

အခုတော့ ကျွန်မ ဘာပြောရမှန်း မသိဘဲ မေမေ့စကားကို နားထောင်ခဲ့ရတယ်။ ကျွန်မ ဘယ်တုန်းကမှ မိဘ စကား မပယ်ရှားခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ခေါင်းညိတ်ရမှာ ၀န်လေးလွန်းလှတယ်။ ရင်ထဲ မှာတော့ ဆုံးဖြတ်ချက် တစ်ခု ချမိတယ်။ မေမေ ပြောတာတွေ မောင့်ကို အကုန်ပြန်ပြောရရင် မောင် ဘယ်လို နေမလဲ။ မောင် ဘာများ ပြောလာ လိမ့်မလဲလို့လေ။ မောင့်ဆီက ဖွင့်ဟထွက်လာမယ့် စကားတစ်ခွန်းကို မ၀ံ့မရဲမျှော်လင့်ရင်းနှင့်ပေါ့။

ကျွန်မ ကျောင်းပြန်တက်ရတဲ့နေ့မှာပဲ မောင့်ကို ဖွင့်ပြောပြခဲ့တယ်။ ကျွန်မ စကားအဆုံးမှာ မောင့်မျက်နှာ ပျက်ယွင်းစွာနှင့် ငြိမ်သက်သွားခဲ့တယ်။ ကျွန်မတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်ခြင်းက ကြီးစိုးနေတယ်။ နောက်ဆုံးမှာ ကျွန်မ မနေနိုင်တော့လို့ မေးမိတယ်။

“ကောင်း နဒီ ဘာလုပ်ရမလဲဟင်”

“နဒီ လုပ်ရမှာကတော့ နဒီမေမေရဲ့ ဆန္ဒအတိုင်း သူ သဘောတူတဲ့သူနှင့် လက်ထပ်ဖို့ ဆုံးဖြတ်ဖို့ပဲလေ”

“ရှင်၊ ကောင်း ….. . . .ကောင်း ဘယ်လို ပြောလိုက်တာလဲဟင်”

“အဖြစ်သင့်ဆုံးကို ကောင်းပြောတာပါ နဒီ”

“ကောင်းရယ်၊ ရက်စက်လိုက်တာ”

……….

ကျွန်မရဲ့ မျှော်လင့်ချက်တွေ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲအောင် ရိုက်ချိုးလိုက်တဲ့ ကောင်းရဲ့စကား။ ကျွန်မ ကို စိတ်ကူးယဉ် အိပ်မက်ထဲက ဆွဲထုတ်လိုက်တဲ့ စကားမျိုးကို မောင် ပြောလိုက်တယ်နော်။ ကျွန်မလေ အသက်ရှုရပ်လု မတတ် ဖြစ်ခဲ့ရတာ မောင် သိခဲ့မှာ မဟုတ်ဘူး။

ကျွန်မ စိတ်အာရုံကို ပြန်လည် ထိန်းချုပ်နိုင်ချိန်မှာတော့ ကျွန်မ မောင့်ကို အေးအေးဆေးဆေး စကား ပြန်ပြောနိုင်ပြီ။

“နဒီလက်ထပ်ရင် ကောင်းစိတ်ချမ်းသာမှာလား”

“ဘာလို့ မဆိုင်တာကို မေးချင်ရတာလဲ နဒီရယ်”

“ဆိုင်ဆိုင်မဆိုင်ဆိုင် နဒီမေးတာသာ ဖြေပါ”

အကြာကြီး ငြိမ်သက်နေပြီးမှ လေးတွဲစွာ ခေါင်းညိတ်ပြတယ်။ ကျွန်မရဲ့ နောက်ဆုံး ကြိုးစားချက်ဟာလည်း ပျောက်ကွယ်သွားပြန်ပြီ။

“ကောင်းပြီလေ နဒီ သူ့ကို လက်ထပ်လိုက်ပါ့မယ်”

အဲဒီနေ့ဟာ ကျွန်မနှင့် မောင်တို့ နှစ်ယောက်အတူတူ တွေ့ဆုံခြင်းရဲ့ နောက်ဆုံးနေ့ပေါ့။ တစ်ခန်းတည်း အတူတူ တက်ကြပေမယ့် ကျွန်မ မောင့်ကို မခေါ်တော့ပါဘူး။ သူကလည်း ကျွန်မကို တတ်နိုင်သလောက် ရှောင်တယ်။ နေ့စဉ် မြင်တွေ့နေရပါလျက်နှင့် မခေါ်မပြောနေခဲ့ရတာကို ကျွန်မ ရင်နာမဆုံးပါဘူး။

ဒါပေမယ့်လေ ဒီလို အဖြစ်မျိုးတွေ ဖြစ်လာအောင်လို့ ကျွန်မ သိပ်မြတ်နိုးခဲ့တဲ့ နှုတ်ခမ်းတစ်စုံကပဲ ပြောခဲ့ တာပဲလေ။ ကျောင်းတွေ မြန်မြန်ပိတ်ပါစေ ဆုတောင်းရင်း နေ့ရက်တွေကို ကျော်ဖြတ်ခဲ့တယ်။ ကျောင်းအား ချိန်တွေမှာ တစ် ယောက်တစ်နေရာစီ ထိုင်ငိုင်နေကြတဲ့ ကျွန်မတို့နှစ်ယောက်ကို သူငယ်ချင်းတွေလည်း စိတ် မကောင်းနိုင်ကြဘူး။

ကျောင်းပိတ်လို့ အိမ်ပြန်ချိန်မှာတော့ မေမေတို့ စီစဉ်တာကို လက်ခံတဲ့အကြောင်း ကျွန်မ ပြောလိုက်တယ်။ မေမေနှင့်အတူ ၀မ်းသာနေတဲ့သူကတော့ ဒေါက်တာ စိုးမိုးအောင်ပေါ့။ ကျွန်မကို အလိုလိုက်ပြီး သည်းခံနီုင် တဲ့သူမို့ ကျွန်မ ကို ကံကောင်းတယ်လို့ ပြောကြတယ်။ တကယ်တော့ ကျွန်မ တိတ်တခိုး ရင်နာနေရတာကို ဘယ်သူမှ မသိပါဘူး။ အခုဆို ကျွန်မနှင့် ကိုစိုးမိုးအောင်တို့ စေ့စပ်ပြီးကြပြီ။ နောက်တစ်လကြာရင် လက်ထပ် ရတော့မယ်။

ကျွန်မ မောင့်ကို သတိရနေဆဲပါ။ ရန်ကုန်ကို ကျောင်းပိတ်လို့ ပြန်လာပြီးတည်းက မရောက်တဲ့ ကျွန်မဟာ မင်္ဂလာဆောင် မတိုင်ခင် ရန်ကုန်ဆင်းဖို့ အကြောင်းပေါ်လာခဲ့တယ်။ ရန်ကုန်မြေကို ပြန်လည် ခြေမချချင် ပေမယ့် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ရမှာမို့ ကျွန်မ မဖြစ်မနေ လိုက်ခဲ့ရပါတယ်။

တစ်ရက်မှာတော့ ကျွန်မတစ်ယောက်တည်း ဈေးဝယ်ထွက်ရင်းနှင့် မမျှော်လင့်ဘဲ ကိုကျော်စွာနှင့် တွေ့ခဲ့တယ်။

“နဒီ လက်ထပ်တော့မယ်ဆို”

“ဟုတ်တယ် ကိုကျော်စွာ၊ အဲဒီကိစ္စအတွက်ပဲ လာတာ”

“ဖိုးကောင်း တစ်ယောက်တောင်ပြီးခဲ့တဲ့ အပတ်ကပဲ နိုင်ငံခြားထွက်သွားပြီ”

“ဘာသွားလုပ်တာလဲဟင်၊ ကိုကျော်စွာ”

“သူ သင်္ဘောလိုက်သွားတာ၊ နင်နှင့်တွေ့တာအတော်ပဲ၊ သူ နင့်ကို စာတစ်စောင် ပေးခိုင်းခဲ့တယ်၊ နင် ငါ့အိမ်ကို လိုက်ယူပါလား”

“ဟုတ်ကဲ့”

ကိုကျော်စွာနောက်ကို လိုက်လာရင်း ကျွန်မစိတ်တွေ လွင့်ပျံနေမိတယ်။ မောင် မြန်မာပြည်မှာ မရှိတော့ ပါလား ဆိုတဲ့ အသိက ကျွန်မကို ချောက်ချားစေခဲ့တယ်။

စာ ယူပြီးတာနဲ့ တစ်ပြိုင်နက် လုပ်စရာရှိတာတွေတောင် ဆက်မလုပ်တော့ဘဲ ကျွန်မ ပြန်ခဲ့တယ်။ ရောက်ရောက် ချင်း မောင့်ရဲ့စာကို ဖတ်လိုက်တဲ့အခါ

ချစ်တဲ့နဒီ

ဒီစာနှင့် ကောင်း နှုတ်ဆက်ခဲ့ပါတယ်။

ကောင်းကို စိတ်နာနေမယ်ဆိုတာ သိပါတယ်။ နဒီ့ရင်ထဲက ခံစားချက်ကိုလည်း ကောင်း နားလည်ခဲ့ပါတယ်။ နဒီ ပြောခဲ့သလို ကောင်း စိတ်ချမ်းသာနေတယ်လို့ နဒီ ထင်နေခဲ့သလား။ ကောင်း ရင်ကွဲနေရပြီဆိုတာ နဒီသိမှာ မဟုတ်ဘူး။ တကယ်တော့ ဒီစကားတွေဟာ ခုချိန်မှာ မပြောသင့်တော့ပါဘူး။ ဒါပေမယ့် ကောင်းကို ပြောခွင့်ပြုပါ။

ကောင်း နဒီ့ကို သိပ်ချစ်တယ်။ မှန်သော သစ္စာစကားပါ။ စတွေ့ကြတဲ့ ပထမနှစ်ကတည်းကပေါ့။ မပြည့်စုံတဲ့ ကိုယ့်ဘ၀ကြောင့် ကိုယ့်ဆန္ဒကို မျိုသိပ်ခဲ့တယ်။ ကောင်းဘ၀ မြင့်မားချိန်မှာ နဒီ အိမ်ထောင်မကျသေးရင် ကောင်းမယ်လို့ စိတ်ကူးယဉ်ခဲ့မိတယ်။ စိတ်ကူးနှင့် လက်တွေ့ဘ၀ဟာ ခြားနားခဲ့ပြီ။ နဒီ ကောင်းစားတာ မြင်ချင်သူပါ။ မချစ်လို့ မဟုတ်ဘဲ သိပ်ချစ်လို့ စွန့်လွှတ်ခဲ့တာလို့ နဒီ နားလည်ပေးပါ။

မရေရာသေးတဲ့ ကောင်းဘ၀ကို နဒီ့ကို မစောင့်ခိုင်းရက်ပါဘူး။ မကြာခင်မှာ လက်ထပ်တော့မယ့် နဒီ့ အိမ်ထောင် ရေး အဆင်ပြေပါစေလို့ ကောင်း ဆုတောင်းနေပါတယ်။ နီးစပ်ခွင့်မရတဲ့ဘ၀မှာ အဝေးကို ရွက်လွှင့် ထွက်သွားခဲ့ပါပြီ။ နဒီ ပျော် နိုင်ပါစေ။

နဒီရဲ့ သူငယ်ချင်း
ကောင်း

မောင့်စာကို ဖတ်ရင်း ကျွန်မငိုမိတယ်။ ကျွန်မ မောင့်ကို စိတ်နာလက်စနှင့် ဒီအတိုင်း မပြောဘဲ ထားခဲ့ရင် တောင် ကျွန်မ စိတ်သက်သာဦးမှာပါ။ အခုတော့ ကောင်းရင်ထဲက ဆန္ဒအမှန်ကို သိခွင့်ရချိန်မှာ အရာရာဟာ နောက်ကျခဲ့ပြီ။ အေးအတူ ပူအမျှ လက်တွဲနိုင်ပါတယ်လို့ ပြောရအောင်လည်း ကောင်းက ရှိမနေခဲ့။

စေ့စပ်ထားပြီး မကြာခင် လက်ထပ်တော့မယ့် ခင်ပွန်းလောင်းတစ်ယောက်အပေါ် သစ္စာဖောက်ခြင်းတော့ မဟုတ်ပါ။

ခုချိန်မှာ ကျွန်မ ကောင်းကိုတွေ့ပြီး စကားတစ်ခွန်း ပြောချင်မိပါတယ်။

“နဒီဆိုတဲ့ ကျွန်မဟာ ကောင်းဆိုတဲ့ မောင့်ကို မြတ်မြတ်နိုးနိုး ချစ်ခဲ့တယ်”ဆိုတာကိုပေါ့။

ထိုအခိုက်မှာ လွင့်ပျံလာတဲ့ သီချင်းက အောင်ရင်ရဲ့ ”အခါလွန်မိုး” သီချင်း။ ကျွန်မ မျက်ဝန်းထဲမှာလည်း အခါလွန်တဲ့ မိုးတွေ ရွာနေပါပြီမောင်…

မေဇူး

(၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ၊ အပျိုစင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: