အတ္တမဲ့ခေါင်းစဉ်အောက်မှ ကြေမွသွားသောနှလုံးသားများ

တို့တစ်ကိုယ်လုံးမှာ အလှဆုံး အရာလို့ လူတိုင်းက တင်စားကြတဲ့ မျက်ဝန်း နက်နက် တောက်တောက်ပပတွေရဲ့ အကြည့်အောက်မှာ မောင့်ရဲ့ရင်ခုန်သံတွေ ဆူညံသွားစေခဲ့တယ်တဲ့လား။ တစ်ခုသော ခရစ္စမတ် မတိုင်ခင် ညတစ်ညမှာ ကာရယ်စင်းဂင်းလိုက်ဆိုတဲ့ တို့ရဲ့အဖွဲ့နဲ့အတူ လိုက်ပါလာခဲ့တဲ့ တစ်ဦး တည်းသော မြန်မာကောင်လေးဟာ မောင်ဖြစ်နေခဲ့တာဟာ တို့နှစ်ယောက် တွေ့ဆုံခြင်းရဲ့ အစနော်။

ကားတစ်စီးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် သီချင်းတွေ သီဆိုကြတဲ့အခါ အိမ်တစ်အိမ်ကို ဆင်းပြီ ဆိုရင် တို့အနားမှာ မောင် ရှိနေတတ်တာ။ ကားပေါ် ပြန်ထိုင်လိုက်တိုင်းမှာလည်း တို့ရဲ့ဘေးမှာ ထိုင်တတ် တာတွေဟာ တိုက်ဆိုင်မှုသာ ဖြစ်တယ်လို့ ယူဆပေမဲ့ ဒါတွေဟာ မောင့်ရဲ့ ရွေးချယ်မှုတွေတဲ့လား။

လမ်းတလျှောက်လုံး အစအနောက်သန်တဲ့ တို့ရဲ့ နောက်ပြောင် ကျီစယ်မှုအောက်မှာ ကားတစ်စီး လုံး ပျင်းရိ ငိုက်မြည်းချိန် မရှိနိုင်လောက်အောင် တ၀ါးဝါး ရယ်နေကြချိန်မှာ သူကတော့ နှုတ်ခမ်းစေ့ ပြုံးရင်း သာ ကြည့်နေတတ်ခဲ့တာကို ညတစ်ဝက်ကျိုးလောက်မှ တို့က စတင် သတိထားခဲ့တာ။ သီချင်းဆိုကြတဲ့ အခါတိုင်းမှာလည်း အသံ ခပ်စူးစူးနဲ့ လက်ထဲက ခြူကို တချွင်ချွင် တီးရင်း ပျော်မြူးစွာ သီဆိုတတ်တဲ့ တို့ရဲ့ နားမှာ အသံတိုးတိုးနဲ့ လိုက်ဆိုတတ်တဲ့ သူ့ပုံစံကို သတိထားမိခဲ့ပြီ။ အဖွဲ့ ခေါင်းဆောင် ကိုခင်ဦးဆီက သီချင်း စာရွက်တောင်းပြီး တို့တတွေနဲ့အတူ သီချင်း လိုက်ဆိုနိုင်အောင် ကြိုးစားနေတဲ့ သူ့ပုံစံကို ဘာကြောင့်မှန်းမသိ ခင်သွားမိတယ်။

ည(၈)နာရီကျော်ထဲက ထွက်လာတဲ့ တို့ရဲ့အဖွဲ့ဟာ မနက်(၅)နာရီမှာ နောက်ဆုံးအနေနဲ့ တို့အိမ်ကိုဝင်ကြတယ်။ အိမ်က ချက်ပေးထားတဲ့ မုန့်ဟင်းခါးပူပူကို ဗိုက်ဆာဆာနဲ့ အားပါးတရ စားကြတယ်လေ။ အဲဒီ အချိန်မှာ ခင်မင်စပြုနေပြီဖြစ်တဲ့ မင်းရဲ့အနားမှာ ၀င်ထိုင်ရင်း စကားတွေ ပြောဖြစ်ခဲ့ကြတယ်လေ။ ဧည့်သည် တစ်ယောက်ဖြစ်တဲ့ မင်းကို တာဝန်ကျေရုံထက် ပိုပြီးများ ဧည့်ခံခဲ့မိသလား။ တို့ မမှတ်မိတော့ဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်မှာ တို့ကိုယ်တိုင်လဲ စိတ်လှုပ်ရှားနေမိတာကိုး။

”သက်မှူး နောက်နေ့တွေ အိမ်လာလည်လို့ ရမလားဟင်”

တိုးတိတ်တဲ့ သူ့ရဲ့ အမေးအဆုံးမှာ တို့ ယောင်ယမ်းပြီး ခေါင်းညိတ်ပြလိုက်မိတယ်။ နောက်တော့မှ သတိရပြီး

“ဘာလုပ်ဖို့လဲ”လို့ မေးတော့

“သက်မှူးကို ခင်လို့၊ သူငယ်ချင်းဖြစ်ချင်လို့”တဲ့။

နောက်ထပ်ဘာစကားမှ မပြောဖြစ်တော့တာ သူတို့ အားလုံး ပြန်တဲ့အထိပါပဲ။ တကယ်ဆိုရင် အဲဒီ နေ့က မမျှော်လင့်တဲ့ ဆုံတွေ့မှုဟာ အဆုံးသတ်သင့်ပြီပေါ့။ တစ်ခါတစ်ရံ စိတ်ထဲမှာ သတိရမိသလို ရှိပေမယ့် ခရစ္စမတ် ပွဲတော်အတွက် ပျော်ရွှင်စွာ အလုပ်ရှုပ်နေတဲ့ အချိန်မို့ သူ့ကို ခဏမေ့ထားမိတယ်။

ခရစ္စမတ်နေ့မှာတော့ ဘုရားကျောင်းက ထွက်လာတယ်ဆိုရင်ပဲ ကိုခင်ဦးက

”နင့်ဆီကို ဧည့်သည် ရောက်နေတယ်”တဲ့။

ဘယ်သူလာတာလဲဆိုပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်မိတော့ ဘုရားကျောင်း အ၀င်ဝနားလေးက အုတ်ခုံမှာ ထိုင်နေတဲ့သူ၊ သူ့ရဲ့ဘေးမှာလဲ လူတစ်ယောက် ထိုင်နေသလောက်နီးပါး ကြီးမားတဲ့ အထုတ်ကြီး တစ်ထုတ်ကိုပါ တွေ့ရတယ်။

ထင်မထားမိတဲ့အချိန်မှာ သူ ရောက်လာတဲ့အတွက် ပျော်သွားမိတာကို ဟန်မဆောင်နိုင်ဘူး။ သူ့ အနားကိုရောက်တော့

“Marry Charismas and Happy New Year သက်မှူး” ဆိုပြီး တို့လက်ထဲကို သူ့ဘေးက အထုပ်ကြီး ထည့်ပေး တယ်။

“Chrismas လက်ဆောင် ပေးတာမို့ မငြင်းနဲ့နော် သက်မှူး၊ ကျွန်တော့်ကို ခင်ရင် လက်ခံပါ”တဲ့

တို့ မယူမချင်း ပြန်မှာ မဟုတ်တဲ့ပုံစံနဲ့ အတင်းပေးနေတာမို့ မယူချင် ယူချင်နဲ့ လှမ်းယူလိုက်ရတယ်။

“ဖြေကြည့်နော်” ဆိုတဲ့ သူ့ရဲ့စကားသံကို လိုက်နာစွာနဲ့ အထုပ်ကို ဖြေကြည့်လိုက်တော့ ဖြူဖွေး ဆွတ်နေသော panda အမွေးပွရုပ်ကြီး။ တို့ အရမ်းကို သဘောကျ သွားမိတယ်။ ကြည့်ပါဦး အရုပ်ကြီးက တပွေ့တပိုက်ကြီး ခန္ဓာကိုယ် သေးကွေးလှတဲ့ တို့ရဲ့ တစ်ဝက်လောက် ရှိတယ်။

”ကျွန်တော် သက်မှူးကို စတွေ့တော့ baby doll လေးကို မြင်ရသလိုပဲ။ အထူးသဖြင့် သက်မှူးရဲ့ မျက်လုံးလေး တွေက baby doll မျက်လုံးလေးတွေ အတိုင်းပဲ။ ကြည့်လိုက်ရင် ကလေးလေးနဲ့ အရမ်း တူတယ်။ ဒါကြောင့် ကလေးလေး အတွက် အရုပ်လက်ဆောင် ၀ယ်လာပေးတာ။ ကြိုက်ရဲ့လားဟင်?”

”ကြိုက်ပါတယ်။ ဒါပေမဲ့ ဈေးကြီးမှာပေါ့ အားနာ . . . . .”

တို့ စကားဆုံးအောင် ပြောခွင့် မပေးခဲ့ဘူး။ အဲဒီနေ့က သူ့အရုပ်ကို ငြင်းမရစွာနဲ့ ယူလိုက်ရသလို သူ့ ကိုလည်း သူငယ်ချင်းအဖြစ်နဲ့ လက်ခံ လိုက်ရတယ်။ ဒီနှစ် ခရစ္စမတ်မှာတော့ မောင်နှတွေ အားလုံးထဲမှာ တို့ ရတဲ့လက်ဆောင်က အကြီးဆုံးပေါ့။

ဒီလိုနဲ့ ခင်မင်မှု နေ့ရက်တွေ တိုးခဲ့ရတယ်။ ရှေ့ဆက်တိုးဖို့ မသင့်မှန်း နှစ်ယောက်စလုံး သိထား ရက်နဲ့ ရှေ့ဆက် တိုးဖို့ ကြိုးစားလာတဲ့ သူ့ကို တို့ မတားနိုင်ခဲ့ဘူး။ သူ့အပေါ် တွယ်တာလာမိတဲ့ တို့ရဲ့ သံယောဇဉ်ကိုလည်း တို့ကိုယ်တိုင် မတားဆီးနိုင်ခဲ့ဘူး။

မီးဆိုတာ မလောင်ခင်က တားရတယ်တဲ့။ တားဖို့တော့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မအောင် မြင်ခဲ့ဘူး။ တို့အိမ်ကို သူ ခဏ ခဏ လာလည်တယ်။ တို့ရဲ့ ကျူရှင်တွေ၊ သင်တန်းတွေ ဆင်းတဲ့ အချိန်ဆိုရင် အမြဲတမ်း ရှိနေတတ်ခဲ့တယ်။ ကြာလာတော့ သူ့အပြုံး၊ သူ့မျက်လုံးက ခံစားချက်တွေကို နားလည် ခံစား တတ်ခဲ့ပြီ။ အဲဒီအချိန်မှာပဲ ဒါဟာ မဖြစ်သင့်ဘူးလို့ ဦးနှောက်က အချက်ပေးတယ်။ အဲဒီအသိကို နှလုံးသားက လက်မခံနိုင်ဘူး။ သူလာချိန်တွေမှာ မတွေ့အောင် ရှောင်ဖို့ တွေ့ရင်တောင် ရင်းရင်းနှီးနှီး မပြောဆိုမိဖို့ စဉ်းစားခဲ့ပေမဲ့ တကယ်တမ်းမှာ မနေနိုင် မလုပ်နိုင်ခဲ့ဘူး။

သူ့ရဲ့ သံယောဇဉ်တွေ ရှေ့မဆက်အောင် သွယ်ဝိုက်ပြီး တားဖို့ကြိုးစားတိုင်း

”ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကို ဘယ်လို နားလည်ထားလဲ။ သက်မှူး” လို့ မေးတတ်ခဲ့တယ်။

ဒီမေးခွန်းကို တို့ မဖြေချင်ပါဘူး။ တို့ကိုယ်တိုင်လဲ ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကို ခွဲခြားစွာ မြင်တတ် တဲ့သူပါ။ အထူးသဖြင့် သူနဲ့တွေ့ပြီး နောက်ပိုင်းမှာပေါ့။ ဖွင့်မပြောခဲ့ပေမဲ့ သူ့ရင်ထဲက အချစ်ကို တို့ မြင်နိုင်ခဲ့ သလို တို့ရဲ့ ခံစားချက်တွေကိုလည်း သူ တွေ့ခဲ့မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေကြမှန်း သိရက်နဲ့ ပြောတဲ့ စကားထဲမှာ အချစ်အကြောင်း မပါအောင်၊ နေထိုင်တဲ့ အပြုအမူထဲမှာ သံယောဇဉ် အရိပ်အငွေ့ မပါ အောင် ထိန်းချုပ်ရတာ ပင်ပန်းလိုက်တာ။

နှစ်ယောက်စလုံးနဲ့ ခင်တဲ့ သူငယ်ချင်းတွေကတော့

”နင်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို ရှေ့ဆက်တိုးမယ်ဆိုရင်လဲ သတ္တိရှိရှိ ရှေ့တိုးလိုက်၊ နောက် ဆုတ်မယ်ဆိုရင်လဲ ပြတ်ပြတ် သားသား၊ အပြီးသာ ကျောခိုင်းလိုက်တော့။ ဟိုလိုလို၊ ဒီလိုလိုနဲ့ စည်းလည် ခေါင်မှာ ဒီအတိုင်းကြီး ရပ်မနေကြနဲ့” တဲ့လေ။

သူတို့ရဲ့စကားဟာ စေတနာပါမှန်း သိပေမယ့် လိုက်နာဖို့ မလွယ်ဘူး။ ကာယကံရှင်တွေအတွက် တော့ တကယ့်ကို မလူးသာ မလွန့်သာပါပဲ။ နောက်ဆုံးမှာတော့ လက်ရှိ အခြေအနေကို သည်းမခံနိုင် တော့စွာနဲ့ အကောင်းဆုံး ဖြစ်မယ် ထင်တဲ့ လမ်းတစ်လမ်းကို တို့ ရွေးလိုက်တော့တယ်။ တို့ရဲ့ဆုံးဖြတ်ချက် သေချာသွားတဲ့နေ့မှာတော့ သူ့ကို အသိပေးဖို့ ရည်ရွယ်ရင်း သူ့ကို အတွေ့မှာ

”နိုင့်ကို ပြောစရာရှိတယ်”ဆိုတဲ့ စကားသံနဲ့ထပ်တူ

“သက်မှူးကို ပြောစရာရှိတယ်”တဲ့လေ။

ဘာကြောင့်များ တို့နှစ်ယောက် အကြံတူနေရတာလဲ။ အပြုံးကိုယ်စီနဲ့ သူ အရင်ပြော၊ ကိုယ် အရင် ပြော ငြင်းကြ ခုန်ရင်းနဲ့ နောက်နေ့မှ အေးအေးဆေးဆေး ပြောဖို့ သဘောတူလိုက်ကြတယ်။ ဒီနေ့ တစ်နေ့ လုံး သူနဲ့အတူ လျှောက်သွားရင်း နောင် ဒီလို အခွင့်အရေးမျိုး မရှိနိုင်တော့ဘူးလို့ တွေးမိရင်း တို့ ရင်နာနေ မိတယ်။ လမ်းတလျှောက်လုံး သူ့မျက်နှာကို ခိုးခိုးကြည့်မိရင်း ၀မ်းနည်းနေပြန်တယ်။ သူကိုယ်တိုင်လည်း သက်ပြင်း တချချနဲ့ အတွေးတွေ များနေပုံပါပဲ။ နှစ်ယောက်စလုံး စကားမပြောဖြစ်ပဲ အချိန်တွေ ကုန်ဆုံးသွား ခဲ့တယ်။

ခင်မင်ရင်းနှီးမှု သက်တမ်း မကြာလှသေးပေမယ့် သူဟာ တို့ရင်ထဲမှာ အနက်ရှိုင်းဆုံး တည်ရှိနေခဲ့ပြီ။ နောက်တစ်နေ့ တို့တွေ့ဆုံကြတော့ ပြောဖြစ်ကြတဲ့ အကြောင်းအရာတွေဟာ ဘာကြောင့် မတူညီခဲ့ပါသလဲ။ တို့စိတ်ကူးနဲ့ သူ့ရဲ့စိတ်ကူးဟာ ဘာကြောင့်များ ဆန့်ကျင်ဘက် ဖြစ်နေရပါသလဲ။ တို့ မစဉ်းစားတတ်သလို အဲဒီအတွက် အဖြေလည်း အဆင့်သင့် မရှိ ခဲ့ဘူး။

”သက်မှူးကို ချစ်တယ်”ဆိုတဲ့ နိဒါန်း မပါတဲ့ သူ့ရဲ့စကားသံဟာ တို့ရဲ့ ရွေးချယ်မှုကို ဆန့်ကျင် တာပါပဲ။

“ဟင့်အင်း၊ မချစ်ရဘူး နိုင်၊ နောက်ပြီး မဖြစ်သင့်ဘူးလေ။ သက်မှူး ဒီနေ့ပြောမယ်ဆိုတာကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ပဲ။ သက်မှူး ပြောချင်တာက ခုထဲက တို့တတွေရဲ့ ခင်မင်မှုကို ရပ်ဖို့ပါ။ နှစ်ယောက်စလုံး ၀မ်းနည်း ကြေကွဲစွာခံစားရမယ့် အလုပ်မျိုးကို အစထဲက မလုပ်ကြရင် အကောင်းဆုံး မဟုတ်လား။ မဖြစ်နိုင်မှန်း သိရက်နဲ့ ရှေ့မဆက်ချင်ပါနဲ့ကွာ”

”သက်မှူးကို လက်ထပ်ခွင့် မရတာနဲ့ တို့ မချစ်ရတော့ဘူးလား။ ချစ်ခွင့် မရှိတော့ဘူးလား။ မဖြစ်နိုင်မှန်း သိပေမယ့် တို့ရင်ထဲက ချစ်ခြင်းကိုတော့ တားလို့ မရခဲ့ဘူး။ တို့ကို မချစ်ပါနဲ့လို့ မတားပါနဲ့ သက်မှူးရယ်။ သက်မှူး ပြန်မချစ်ရင်လည်း နေပါ။ ကိုယ်က ချစ်နေခွင့်လေး ရရင်ပဲ ကျေနပ်ပါတယ်။ ဒါပေမယ့် အရင်က ခင်မင်လက်စလေးကိုတော့ မေ့မပစ်လိုက်ပါနဲ့ သက်မှူးရယ်။ တို့ သက်မှူးကို မခွဲနိုင်ဘူး”

“အဲဒါ ပြောတာပေါ့ နိုင်ရယ် သူငယ်ချင်းအဖြစ်နဲ့တောင် မခွဲနိုင်တာ။ ချစ်သူဖြစ်ရင် ပိုပြီး ဆိုးတော့မှာ ပေါ့။ နောက်ပြီး သက်မှူး ကိုယ်တိုင်ကလည်း ချစ်ပြီးတော့မှ မခွဲချင်ဘူးလေ။”

“သက်မှူးစကားက တို့ကို ချစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။ ကိုယ့်ကိုကိုယ် မညာပါနဲ့ သက်မှူးရယ်၊ မဖြစ်သင့်ဘူး၊ မဖြစ်နိုင်ဘူး ဆိုတဲ့အသိတွေနဲ့  ထိန်းချုပ်နေပေမဲ့ သက်မှူး နှလုံးသားကတော့ ချစ်နေတာပဲ မဟုတ်လား။ သက်မှူး မျက်လုံးလေးတွေထဲက အရိပ်တွေက ရင်ထဲက ခံစားချက် အစစ်အမှန် တွေပဲလေ။ ဒီတစ်ခါတော့ နှလုံးသား ဆန္ဒကို ဦးစားပေးရအောင် သက်မှူးရယ်နော်။ မောင့်ကို ချစ်တယ်လို့ ပြောပါအုံး”

သူ့စကားတွေက မှန်လွန်းနေတာကြောင့် ဘာမှ ပြန်မပြောနိုင်ခဲ့။ တကယ်လည်း သူမ နှလုံးသားက ဟန်ဆောင် တင်းထားမှုတို့က ကြာကြာ မခံခဲ့။ သူ့ရဲ့အပြုံးများ အပြောများကြားတွင် အရည်ပျော်ခဲ့ပြီ။

ချစ်ကြပြီဆိုတော့လည်း အရုးအမူး၊ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက် မခံ နိုင်အောင် တတွဲတွဲ မခွဲမခွာ ရှိခဲ့ကြသည်။ တကယ်တော့ မောင်ဟာ သူမအတွက် ချစ်သူ တစ်ယောက် အဖြစ်သာမက အစ်ကို တစ်ယောက်လိုရော သူငယ်ချင်း တစ်ယောက်လိုပါ အားကိုးစရာ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အစစ အရာရာ အလိုက်သိမှု၊ ဂရုစိုက်မှု၊ လိုအပ်ချက် မှန်သမျှ ဖြည့်ဆည်းပေးမှု၊ အချစ်ကြီးမှုတွေရဲ့ကြားမှာ တို့ နေပျော်ခဲ့ပြီ။ ပတ်ဝန်းကျင်ရဲ့

“နိုင်က သက်မှူးကို သိပ်ချစ်တာ”လို့ ပြောသံများကြားမှာ သူမ ချစ်သူရ ကံကောင်းခြင်းအတွက် ဂုဏ်ယူတတ်ခဲ့ပြီ။

သူငယ်ချင်း တစ်ယောက်က ပြောတယ်။ မိန်းမတစ်ယောက်ရဲ့ဘ၀မှာ ကိုယ့်ကို သိပ်ချစ်တတ်တဲ့ ချစ်သူ တစ်ယောက်ကို တစ်ဘ၀စာမဟုတ်ဘဲ ခဏတာ ပိုင်ဆိုင်ခွင့်ရခဲ့ရင်တောင် အဲဒီမိန်းမရဲ့ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပြီတဲ့။ အခု သက်မှူးကို နိုင် ချစ်သလိုမျိုးပေါ့။ တကယ်လို့ နိုင့်ကို ပိုင်ဆိုင်ခွင့် မရရင်တောင် နိုင့်ရဲ့ ချစ်ခြင်းတွေကို တစ်ဘ၀လုံးစာ ရထားပြီးပြီမို့ မင်း ကျေနပ်သင့်ပါတယ်တဲ့လေ။

သူပြောပြမှပဲ တို့တောင် ဘ၀င်မြင့်ချင်လာပြီနော်။ မောင့်ကို ပြန်ပြောပြတော့

“မောင် ချစ်တာ လူတိုင်း သိတယ်တွေ့လား”တဲ့

အဲဒီလို မောင်က တို့အပေါ် သိပ်ချစ်လေ သိပ်ကောင်းလေ မောင့်ကို တို့ မခွဲနိုင်လေ ပိုဖြစ်လာ ရတယ်။ ဒါပေမယ့် မောင်နဲ့ တို့ရဲ့ဘ၀ဟာ ဆုံဆည်းခွင့် မရှိဘူးလို့ တွေးလိုက်မိတိုင်း ငိုကြွေးတာ မဟုတ်ပဲနဲ့ ကို မျက်ရည်တွေ ကျလာတတ်တယ်။ မောင်နဲ့ ဝေးရမယ်ဆိုတဲ့ အသိဝင်လာချိန်တိုင်း တို့ အမြဲ ငိုကြွေးခဲ့ ရတယ်။

မောင်နဲ့ ပတ်သက်ပြီးတော့မှ တို့ရဲ့စိတ်ဟာ ဘယ်လောက်များ နူးညံ့နေခဲ့လဲဆိုရင် ချစ်သူချင်း မပေါင်းရတဲ့ ရုပ်ရှင်တို့၊ ၀တ္ထုတို့ ကြည့်ရ ဖတ်ရရင်တောင် မျက်ရည်ကျ တတ်ခဲ့တာ။ ချစ်သူနဲ့ ကွေကွင်းရခြင်း ဆိုတာ တော်တော်ကြီးတဲ့ ဒုက္ခပဲလို့ နားလည်တတ်ခဲ့ပြီ။

“မောင့်အိမ်က သက်မှူးနဲ့ မောင့်ကို သဘောမတူတာ တခြား ဘာအကြောင်းကြောင့်မှ မဟုတ်ဘူး။ ဘာသာမတူတာ တစ်ခုကြောင့်သာ တားနေကြတာ။ ဒီလိုပါပဲ သက်မှူးအိမ်ကလည်း မောင်နဲ့ သဘောမတူဘူးလို့ ပြောနေကြမှာပဲ ဟုတ်တယ် မဟုတ်လား။ ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာ မောင်တို့ ကြိုသိ ထားပြီးသားပဲလေ။ အဲဒီအတွက်တော့ ထူးပြီး စိတ်မကောင်းမဖြစ်ပါနဲ့ သက်မှူးရယ်။ ဒါသဘာဝပဲ။ ဘယ်မိဘ မဆို ကိုယ့်သားသမီးကို ကောင်းစေချင်ကြတာပဲလေ”

ဟုတ်တယ်နော်။ တကယ်ဆိုရင် တို့နှစ်ယောက်စလုံးမှာ ပြောစရာ အပြစ်လဲမရှိ၊ လူကြီးတွေ လက်မခံနိုင်စရာ အခြေအနေလဲ မရှိပါပဲနဲ့ ဒီတစ်ချက်ထဲနဲ့ ခက်နေရတာလေ။

အတူနေခွင့်ရတဲ့ ချစ်သူ စုံတွဲတွေကို အားကျမိပါတယ်။ လက်ထပ်ဖို့ ပစ္စည်းကြိုတင် စုဆောင်း နေသူတွေ ရက်ရွေးနေကြတဲ့ ချစ်သူတွေကို တွေ့ရင် သူတို့နေရာမှာ ကိုယ် ရှိနေချင်လိုက်တာ။ သူတို့လိုပဲ ကိုယ့်ချစ်သူ လက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ရင်း ဘ၀ကို ရင်ဆိုင် ရုန်းကန်ချင်လိုက်တာ။ ပျော်ရွှင်မှု၊ ၀မ်း နည်းမှု၊ အောင်မြင်မှု စတာတွေကို အတူမျှဝေ ခံစားခွင့် ရချင်လိုက်တာ။ သူများလို အခွင့်အရေး မရှိတဲ့ ကိုယ့်ဘ၀ကိုယ် အားငယ်မိတာ အမှန်ပါပဲ။ အဲဒီလိုအတွေးမျိုးနဲ့ ၀င်လာတိုင်း မောင့်ရင်ခွင်မှာ တိုးဝင်ငို ကြွေးမိတယ်။ တကယ်တော့ ဒါဟာလဲ တို့တွေ ကိုယ်တိုင် နှလုံးသားဆန္ဒကို ဦးစားပေးပြီး ရွေးချယ်ခဲ့တဲ့ လမ်းပဲလေ။ နာကျင်မယ်မှန်း သိရက်နဲ့ ရွေးခဲ့မိတာကိုး။

နောက်ပြီး တို့မှာ အတ္တ အနည်းငယ်ကလည်း ရှိနေပြန်တယ်။ ကိုယ့်ကို ချစ်သလိုမျိုး တခြား တစ်ယောက်ကို မောင် ထပ်ချစ်တော့မှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ပေမဲ့ တို့ ရရှိနိုင်တော့မှာ မဟုတ်တဲ့ မောင့်ရဲ့ အကြင်နာတွေ ဂရုစိုက်မှုတွေကို မောင့်ဆီကနေ အခြားတစ်ယောက် ရမှာကိုလည်း မလိုလားဘူး။ ရှင်းရှင်းပြောရရင်တော့ မနာလိုဘူးပေါ့။ မောင့်ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ အကြင်နာတွေကို တို့တစ်ယောက် ထဲသာ အပိုင်လိုချင်ခဲ့တာ။ အဲဒီအကြောင်းတွေ မောင့်ကို ပြောပြတော့

“သက်မှူး မဟုတ်ဘဲ တခြား မိန်းကလေး တစ်ယောက်ကို မောင် ထပ်ချစ်နိုင်တော့မှာ မဟုတ်သလို သက်မှူးကို ပေးတဲ့ အကြင်နာမျိုး၊ သံယောဇဉ်မျိုး၊ ဂရုစိုက်မှုမျိုးကိုလည်း မောင် ဘယ်သူ့ ကို ပေးနိုင်မှာ မဟုတ်ဘူး ဘေဘီလေးရဲ့။ ဘာလို့လဲဆိုတော့ သက်မှူးကို ချစ်တဲ့ အချစ်ကြောင့်သာ ဒီအရာတွေ အားလုံး ဟာ ဖန်တီးစရာ မလိုပဲ မောင့်ရင်ထဲက အလိုလို ထွက်လာတာ။ အကြင်နာတို့ မေတ္တာတရားတို့ အချစ်တို့ ဆိုတာ ဖန်တီးလို့ မရပါဘူး ဘေဘီလေးရယ်”တဲ့။

မောင့်ရဲ့ အဖြူရောင် ချစ်ခြင်းတွေကို သိရလေ မောင့်ကို မစွန့်လွှတ်နိုင်လေပါပဲ။ ဒီလိုနဲ့ပဲ မောင်နဲ့ တို့ရဲ့ ချစ်သူသက်တမ်း ကြာရှည်လာခဲ့ပြီ။ အချိန်ကြာလာနဲ့အမျှ မောင်နဲ့ တို့ရဲ့အိမ်ကသာမက ပတ်ဝန်းကျင် ကပါ တွန်းအားပေး လာခဲ့ပြီ။ သူငယ်ချင်း အသိုင်းအ၀ိုင်းကတောင် ပြတ်သားဖို့ လိုပြီလို့ ပြောလာကြပြီ။ မိဘ တွေကလည်း သဘောမတူကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပြီ။ နည်းမျိုးစုံနဲ့ တားဖို့ ကြိုးစားနေကြပြီ။ မောင်နဲ့ တို့ရဲ့ ရင်ထဲက ချစ်ခြင်း ခိုင်မာနေလို့သာ တော်ရုံနဲ့ မဖျက်နိုင်ခဲ့တာ။ နှစ်ဖက်စလုံးက အိမ်ထောင် ပြုပေးဖို့ စီစဉ်နေကြပြီ။

တို့တတွေ ဘာလုပ်ကြမလဲ မောင်။ ကိုယ့်ကို ဒီအရွယ်ထိ ရောက်အောင် ကျွေးမွေး ပြုစု စောင့်ရှောက်လာတဲ့ မိဘ ရင်ခွင်ကို စုံကန်ပြီး ချစ်သူနောက် လိုက်မလား။ ဒါမှမဟုတ် မိဘ သဘောကျ ကိုယ် မချစ်နိုင်တဲ့ လူတစ်ယောက်ကိုပဲ မျက်စိမှိတ် ခေါင်းညိတ် လက်ခံပြီး လက်ထပ်မလား။ တို့ တွေဝေစ ပြုခဲ့ပြီ မောင်။ နောက်ပြီး အချစ်တစ်ခုကို ရှေ့တန်းတင်ပြီး ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ စွန့်ပစ်မှုကိုခံယူပြီး ဘ၀ကို ရပ်တည်ရမှာကိုလည်း အမှန်အတိုင်း ၀န်ခံရရင် တို့ကြောက်မိ တယ် မောင်။

နောက်ပြီး တို့ငယ်ငယ်လေးထဲက ခုချိန်ထိ လိမ္မာခဲ့သူလေ။ မောင်နှမ၀မ်းကွဲတွေ မောင်နှမအရင်း တွေ အမြဲတမ်း အထင်ကြီး လေးစားခြင်းကို ခံရတဲ့သူ။ အငယ်တွေအတွက် ရှေ့ဆောင် လမ်းပြဖြစ်အောင် အမြဲတမ်း ထူးချွန်ထက်မြက်အောင် ကြိုးစားခဲ့တဲ့သူ – အမျိုးတွေကြားထဲမှာ

“သက်မှူးကို အတုယူနော်”

“မမကြီးလို တော်အောင်ကြိုးစား”

“သူ့လို လိမ္မာအောင်နေ”လို့ အမြဲတမ်း စံပြု ချီးမွမ်း ခံခဲ့တဲ့သူ၊ အဲဒီလို အပြောတွေကိုလည်း သာယာ တတ်ခဲ့သူ၊ အဲဒီလိုမျိုး တစ်ချိန်လုံး လိမ္မာခဲ့တဲ့၊ မိဘက ကိုယ့်အတွက် အမြဲ ဂုဏ်ယူခဲ့ရတဲ့ သမီး လိမ္မာ တစ်ယောက်ဘ၀ကနေ မိဘစကားကို နားမထောင်ဘဲ ကိုယ်ဖြစ်ချင်ရာဖြစ် ဇွတ်မိုက်လိုက်ဖို့ ကိုယ့်မှာ သတ္တိ နည်းခဲ့တာလဲ အမှန်ပါပဲ မောင်ရယ်။ ဒါဟာလည်း ကိုယ့်ကိုကိုယ် ချစ်ခြင်း အတ္တ တစ်မျိုးပါပဲလေ။

သတ္တိမရှိသူလို့ မောင် ဝေဖန်မှာလား။ အတ္တကြီးသူလို့ မောင် စွပ်စွဲလိုက်လေမလား။ စွပ်စွဲလိုက်ပါ မောင်။ တို့ အိမ်နဲ့ ဆွေးနွေးပြီးပြီ။ အမေ့ရဲ့ စိတ်ဆင်းရဲတဲ့ မျက်ရည်တွေကို မမြင်ဝံ့ဘူး။ အဖေ့ရဲ့ ကျေနပ်ခြင်း အပြုံး ဂုဏ်ယူပြုံးတို့ကိုသာ မြင်ချင်ခဲ့ပါတယ်။ အဲဒီအတွက် တို့ အရမ်းချစ်တဲ့ မောင့်ကို စွန့်လွှတ်ရတော့မယ်။ မိဘတွေရဲ့ စိတ်ချမ်းသာမှုနဲ့ တို့နှစ်ယောက် နှလုံးသား လဲလှယ်ရတော့မယ်။

မောင်ရေ တို့တတွေ ဆွေးနွေးကြရအောင်။ တိုက်ဆိုင်စွာပဲ မောင့်မှာလည်း တို့ကို ဆွေးနွေးစရာ ရှိနေခဲ့သတဲ့။ ဟိုတစ်ခါကလို တို့နှစ်ယောက်ရဲ့ဆန္ဒဟာ ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ရင် –

တစ်ခါတစ်ရံမှာတော့ လောကကြီးမှာ ဖြစ်တတ်တဲ့ အဖြစ်အပျက် တချို့ဟာ မယုံနိုင်စရာ ကောင်း လောက်အောင် အတွေ့အကောက် တိမ်းဝှက်မှုတွေနဲ့ရယ်လေ။ ကြိုမမြင်နိုင်တာတွေ ဖြစ်ပျက်ခဲ့တယ်နော်။ မောင်လည်း အိမ်နဲ့ ဆွေးနွေးပြီးပြီတဲ့။ မောင့်မှာလည်း ငဲ့ညာစရာတွေနဲ့ပါလား။ မောင့် အိမ်မှာလည်း မောင် ဟာ မရှိမဖြစ် Essentialတဲ့လား။ မောင်ဟာလည်း ”သားလိမ္မာ”ဆိုတဲ့ ခေါင်းစီးအောက်က ရုန်းမထွက် နိုင်ခဲ့ဘူးနော်။

တကယ်တော့ တို့နှစ်ယောက်ဟာ အဖြေသိပြီးသား ပုစ္ဆာတစ်ပုဒ်ကို ပြောင်းလဲပြီး အဖြေထုတ် နိုင်မ လားလို့ ကြိုးစားကြည့်တဲ့ ကလေး နှစ်ယောက်ရဲ့ ရူးသွပ်မှုမျိုးလား။ ဒါမှမဟုတ် ကောင်းကင်ကို မော့ကြည့်ပြီး လမင်းကို လိုချင်လို့ လှေကားထောင် တက်ဖို့ ကြိုးစားမိတဲ့ ကလေးတစ်ယောက်ရဲ့ မိုက်မဲမှုမျိုးလား။ တို့ မတွေးတတ်ခဲ့ဘူး။

နောက်ဆုံးမှာတော့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းတစ်ခုလုံးက အထပ်ထပ် ရစ်ပတ်ထားတဲ့ ၅၂၈ သံယောဇဉ် နှောင်ကြိုးအောက်မှာ တို့နှစ်ယောက်ရဲ့ ၁၅၀၀ အချစ်ကြိုးလေး ပြတ်တောက် သွားခဲ့ပြီ။ မောင် ဟာလည်း အိမ်က ရွေးချယ် ပေးစားတဲ့ မိန်းမတစ်ယောက်ကို မကြာခင်မှာ လက်ထပ်ရတော့မှာဖြစ်သလို တို့ဟာလည်း အလားတူပဲ မောင်မဟုတ်တဲ့ တခြား ယောက်ျားတစ်ယောက်ကို လက်ထပ်ရတော့မယ်။

သင့်တော်လို့ စီစဉ်တာဆိုတဲ့ လူကြီးတွေရဲ့ စီမံမှုအောက်မှာ ”သားလိမ္မာ”၊ ”သမီး လိမ္မာ”ဆိုတဲ့ ခေါင်းစဉ်လှလှလေးတွေ အောက်မှာ အသည်းနှလုံးတွေ ကြေမွ သွားခဲ့ပြီ။ နှလုံးသားက နာကျင်စွာ ငိုကြွေး နေတာကို ဘယ်သူ ကြားနိုင် သိနိုင်မှာတဲ့လဲ။ ချစ်တတ်တဲ့ တို့နှစ်ယောက်ပဲ သိနိုင်လိမ့်မယ်နော်။ ဒါပေမယ့် နှလုံးသွေးတွေ ရင်းပြီး ဆက်လျှောက်ရမယ့်လမ်းမှာတော့ အပြုံးတစ်ခုကို ဟန်ဆောင်ပဲ ဖြစ်ဖြစ် တပ်ဆင် ထားရလိမ့်မယ်။ ဒါဟာလည်း နောင်တစ်ချိန်မှာ ကလေးတွေကို ဥပမာပြု ဆုံးမစရာ မဖြစ်ဘူးလို့ မပြောနိုင် ဘူးလေ။

”သက်မှူးတို့များ လိမ္မာလိုက်တာ၊ ချစ်သူရှိတာတောင် မိဘ သဘောမတူလို့ စွန့်လွှတ်ပြီး အိမ်က သဘောတူသူကို ပဲ ယူရှာတယ်”လို့ ပြောကောင်း ပြောနေကြဦးမှာပါ။

မျက်ရည်တွေ မရှိတော့ဘူး မောင်။ အသံတိတ် ငိုကြွေးရလွန်းလို့ ခမ်းခြောက်ခဲ့ပြီ့။

မောင်နိုင်ထာဝရနဲ့ မသက်မှူးညီညီတို့ နှစ်ယောက်ပေါင်း တွဲရက် ဖိတ်စာကို လူတွေ မြင်ရတော့မှာ မဟုတ်ပေမယ့် သူတို့ တစ်ယောက်စီရဲ့ ဘေးမှာ သူတို့ရဲ့ ချစ်သူမဟုတ်တဲ့သူတွေနဲ့ တွဲလို့ ထိမ်းမြားခြင်း ဖိတ်စာတွေကိုလည်း မြင်ကြရဦးမှာပါ။

အဲဒီအချိန်မှာ လူတွေက ဘာပြောကြမှာလဲ။ သနားကြမှာလား။ ဝေဖန်ကြမှာလား။ အံ့သြကြ မှာလား။ သေချာတာကတော့ တို့နှစ်ယောက်လို့ သူတို့ ခံစားရမှာ မဟုတ်တာပဲ မောင်။ ခံစားဖူးသူမှသာ ကိုယ်ချင်းစာ နားလည်နိုင်မှာပါ။

ဖတ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ပေါ့မောင်။ ခုတော့ တို့နှစ်ယောက်ဘ၀ကို ကိုယ်စားပြုလို့နေလေရဲ့။

တွေ့ခွင့်မကြုံ

ဆုံခွင့်မရ

ဘ၀ချင်းပင်

ဘယ်လို …..

ဝေးစေဦးတော့

သူရှိနေသည်

အသိလေးနဲ့သာ

အစဉ်ကျေနပ်ကာ

အရင်ကလည်း

နေတတ်ခဲ့တာမို့

နောင်လည်း

နေတတ်အုံးမှာပါ။

မောင်ရေ မနေတတ်ရင်လည်း နေတတ်အောင် ကြိုးစားသွားရမှာပေါ့ …..။

မေဇူး

( ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ၊ မြင်ကွင်း မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: