မျှော်လင့်ခြင်းည

ကောင်းကင်မှာ ကြယ်တွေ ထွန်းလင်း တောက်ပနေတယ်။ ကြယ်တွေရဲ့ ကြားမှာမှ ၀င်းပတဲ့ လမင်း သာနေ တယ်လေ။ ဒီနေ့ လပြည့်ညပေါ့။ ကောင်းကင်ပေါ်က ငွေလမင်းကိုကြည့်ရင်း “၀င့်” တွေးနေမိတယ်။ “၀င့်”ရင်ထဲက ငွေလမင်း ဘယ်ဆီမှာလဲလို့ပေါ့။

တစ်ချိန်က “၀င့်”ရဲ့အနားမှာ ၀င့်ကို အချစ်ဆုံး “ကို” ရှိနေခဲ့တယ်နော်။ သိပ်ကို ပျော်စရာကောင်းတဲ့ နေ့လေးတွေ ပါပဲ။ အခုလို၊ ကြယ်တွေစုံပြီး လသာတဲ့ညမျိုးမှာ ကိုက ဂစ်တာကို ကျွမ်းကျင်စွာ တီးရင်း ၀င့်က သီချင်းလေးတွေ ဆိုရင်း အချိန်တွေ ကုန်ဆုံး စေခဲ့တယ်။

လွမ်းဆွတ်စွာနဲ့ တမ်းတမိတာလဲ အကြိမ်ကြိမ်ပါပဲ။ ၀င့်ရဲ့ အနားမှာ ၀င့်ကို သိပ်ချစ်တဲ့ ချစ်သူ ကို ရှိနေခဲ့တာကို ငွေလမင်းနဲ့  ကြယ်လေးတွေပဲ အသိပါပဲ။ အိမ်မက် မဟုတ်ခဲ့ပါဘူး။ ခုတော့ ၀င့်တစ်ယောက်ထဲ အထီးကျန်ဆန်စွာနဲ့ ညတွေကို ကျော်ဖြတ် နေရတယ်။

ဒါတွေကို ကို သိနိုင်ပါ့မလား။ ညရောက်မှာကို ကြောက်နေမိတယ်။ တစ်ယောက်ထဲ နေရတဲ့ညတွေ ဘယ်တော့ များမှ ကုန်ဆုံးနိုင်မလဲ မသိဘူးနော်။

ညဘက်တွေမှာ ၀င့် အိပ်မပျော်ဘူး ကို။ ကို ပြန်လာရင် ၀င့် မသိမှာစိုးလို့ ၀င့် ကိုယ်တိုင် ကို ပြန်လာတာကို မကြို နိုင်မှာစိုးလို့ပေါ့။ တခါတရံမှာ ခြံထဲမှာ လမ်းဆင်းလျှောက်ရင်း၊ အိမ်ထဲမှာ ပုတီးစိပ်ရင်း၊ ဒါမှမဟုတ် ကို သိပ်မြတ်နိုးတဲ့ ကို့ရဲ့ ဂစ်တာလေးကို တီးခတ်ရင်းနဲ့ ကို့ကို စောင့်နေမိတယ်။

အိပ်စက်ခြင်းတွေဟာ ညဘက်မှာ ၀င့်နဲ့ ကင်းဝေး နေတာ ကြာလှပါပြီ။ အိပ်မပျော်တဲ့ လူတစ်ယောက် အတွက် ညတာဟာ ရှည်လျားလွန်းလှပါတယ်။ ငရဲခန်း တစ်ခုကို ဖြတ်ကျော် နေရသလား ထင်မှတ် ရလောက်အောင် ညတွေကို ၀င့် ကြောက်တယ်။

တဖြည်းဖြည်းနဲ့ အာရုဏ်ဦး ရောင်နီ ပျိုးလာပြီ။ ညတစ်ညဟာ ကုန်ဆုံး လွတ်မြောက် သွားတော့မယ်။ အဲဒီ အတွက် ပျော်ရမှာလား၊ ၀မ်းနည်းရမှာလား ၀င့် မသိဘူး။ ၀င့် သိတာ တစ်ခုပဲ ရှိတယ်၊ အဲဒါက ၀င့်အနားမှာ ကို ရှိနေဖို့ပဲ။ ဒါပေမယ့်လည်း ၀င့်အနားမှာ ကို မရှိခဲ့ပါဘူး။

နံနက် မိုးလင်းချိန်မှာ ရောက်လာမလား၊ မျှော်နေမိပေမဲ့ ကို ရောက်မလာခဲ့ပြန်ဘူး။ လူသားတွေ နိုးထပြီး လောကကြီး အသက်ဝင် လှုပ်ရှားလာတာနဲ့ လူတွေရဲ့နားမှာ ၀င့် မနေချင်တော့ဘူး။

ဝင့်ကို သနားသလို မျက်လုံးတွေနဲ့ ကြည့်တာကိုလဲ မခံချင်ဘူး။ နောက်ကွယ်မှာ ၀င့်အကြောင်း ပြောရင်း ရယ်မော ဟားတိုက်နေမှာကိုလဲ မလိုလားဘူး။ ဒါကြောင့် သူတို့တွေ နိုးထချိန်ဟာ ၀င့် အိပ်စက်ချိန်ပါပဲ။

အသိတွေက နေ့နဲ့ည မှားနေတယ်လို့ ၀ိုင်းပြောကြတယ်။ ညဘက်မအိပ်ဘဲ နေ့လယ်ဘက် အိပ်ရင် မကြိုက်ချင် ကြဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲလေ။ ၀င့်ကို်ယ်တိုင်လဲ ညစဉ် ပုံမှန် အိပ်ပျော်ခွင့်ကို ရချင်တာပဲပေါ့။ ၀င့်ရဲ့ အိပ်စက် ခြင်းတွေကို ကို ခိုးယူသွားတာကို သူတို့ သိဟန်မတူဘူး။

တချိန်က ကို့ရဲ့ ပခုံးစွန်းမှာ မေးတင်ပြီး ညရဲ့ လောက အလှကို ခံစားခဲ့တာကို မမေ့နိုင်တော့ ခက်တယ်။ ည ဘက်တွေမှာ ကို ပြန်လာမလားရယ်လို့ မျှော်လင့်ရင်းနဲ့ အချိန်တွေ ကုန်ဆုံးခဲ့တယ်။

ဝင့်ရဲ့ အချစ်ကို ကို အပါအ၀င် လူတွေ အားလုံး တနေ့တော့ နားလည် လာပါလိမ့်မယ်လေ။

x x x x x x x x x

အိပ်မပျော်၍ ခြံထဲ ဆင်းလာသော သီဟရှိန် ခြေလှမ်းတွေ တစ်နေရာ အရောက်မှာ တုံ့ကနဲ ရပ်သွားမိသည်။ တစ်ဘက်ခြံဝင်းထဲရှိ ဒန်းပေါ်တွင် ဂစ်တာကိုင်ရင်း သီချင်းတစ်ပုဒ်ကို တိုးတိုးဖွဖွ သီဆိုနေသော မိန်းကလေး တစ်ဦးကို တွေ့လိုက် ရသောကြောင့်ဖြစ်သည်။

လရောင် သူမ မျက်နှာပေါ်ကို တစ်ဝက်တစ်ပျက် ကျနေပုံက ကဗျာဆန်ဆန် လှပနေသည်။ လက်ထဲမှ နာရီကို ငုံ့ကြည့်မိတော့ သန်းခေါင် ကျော်လို့ မနက် တစ်နာရီတောင်ခွဲ နေပြီ။ သူ ကိုယ်တိုင်တောင် စာရေးအပြီး အိပ်ချင်စိတ် မရှိ သေးတာကြောင့် ခြံထဲ ဆင်းလာမိခြင်း ဖြစ်သည်။

သူမ ဘယ်အချိန်ထဲက ထိုင်နေတာပါလိမ့်။ အခုလို ဆောင်းဝင်စ ကာလမှာ အအေးဓါတ်က လွန်ကဲခြင်း မရှိဘူး ဆိုရင်တောင် အတန်အသင့်တော့ အေးနေသည်။ သူမ ကိုယ်ပေါ်တွင် အင်္ကျီအပါး လက်ပြတ်ကလေးသာ ၀တ်ထားတာ တွေ့ရသည်။

ဒီကောင်မလေးတော့ နေမကောင်း ဖြစ်တော့မှာပဲလို့ သူ ပူပင် သွားမိသည်။ အတွေး မဆုံးခင်မှာပင် ကိုယ်နှင့် မဆိုင်သော ကိစ္စတစ်ခုဟု သတ်မှတ်ပြီး ကျောခိုင်းလိုက်စဉ်မှာပင် ဆွေးမြေ့သော သံစဉ်အချို့က သူ့နားထဲသို့ တိုးဝင် လာခဲ့သည်။

သူမ ဆိုနေတဲ့ သီချင်းက အေးချမ်းမေရဲ့ တစ်ကိုယ်ရေညများ သီချင်း ဖြစ်သည်။ သူမတွင် ဘာဆွေးစရာများ ရှိနေလို့ပါလိမ့်။ သူ နားထောင်နေဆဲမှာပဲ သီချင်း ဆုံးသွားသည်။ ခဏနားပြီး ပြန်ဆိုတော့လည်း ဒီသီချင်း တစ်ပုဒ်ထဲသာ။

သူ အိပ်ရာဝင်ချိန်အထိ သူမ သီချင်းဆိုနေဆဲ။ သူ့ရဲ့ အတွေးထဲကို စိုးမိုးသွားတာကတော့ သူမရဲ့ အဆွေးရိပ် သန်းနေသော မျက်ဝန်းများပင် ဖြစ်သည်။ သူကိုယ်တိုင် ဒီနေ့မှ ဒီခြံကို ရောက်လာတာဆိုတော့ ဒီပတ်ဝန်းကျင်နှင့် မရင်းနှီး သေးပါ။

နေ့လည်ခင်းဘက်မှာ သူမတို့ ခြံဘက် သတိထား ကြည့်မိသော်လည်း ထူးခြားသော လှုပ်ရှားမှု မတွေ့ရပေ။ လူသူ အရိပ်အယောင်ပင် မမြင်ရ။ သူငယ်ချင်း ကိုဖြိုးကို မေးကြည့်မည် စိတ်ကူးပြီးမှ မမေးဖြစ်တော့ပါ။ မိန်းကလေးများနဲ့ ပတ်သက်ပြီး သူ ကင်းရှင်းစွာ နေတတ်တာကို သူငယ်ချင်းတွေ အသိပင် ဖြစ်သည်။ အခု သူ မေးမည့် မေးခွန်းကြောင့် သူ့ အပေါ် တစ်မျိုးမြင်မှာကိုလည်း သူ မလိုလားပေ။

ညနေရောက်တော့ ဘာရယ်မသိ သူ စိတ်လှုပ်ရှား နေမိသည်။ ညဘက် စာကြည့်စားပွဲမှာ ထိုင်နေမိတော့လဲ သူ့ စိတ်က တဘက်ခြံကိုသာ ရောက်နေမိသည်။ ပြတင်းပေါက် တံခါးမှ လှမ်းမျှော်ကြည့်လိုက်ရာ လသာဆောင် ၀ရန်တာတွင် ရပ်နေသော သူမရဲ့အရိပ်ကို လှမ်းမြင်လိုက်ရသည်။

သူမ၏ ရှည်လျားလှသော ဆံပင်ရှည်များက ဒူးဆစ်အောက်ပင် ကျော်မည် ထင်ရသည်။ အဖြူရောင်ဝတ်စုံ ၀တ် ထားသော သူမ ပုံစံသည် ၀ိညာဉ်တစ်ခု လွင့်မျော နေသလို။ သူမကတော့ ပတ်ဝန်းကျင်တွင် သူမ တစ်ယောက်ထဲ ရှိနေ သလို ဘာကိုမှ ဂရုထားမိဟန် မတူပေ။ သူ ရပ်ကြည့် နေတာကိုလည်း သိပုံ မရပါ။

သူမ ပုံစံသည် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေမှန်း သိသာသည်။ လမ်းမကို ငေးကြည့်လိုက်၊ လက်မှနာရီကို ငုံ့ကြည့်လိုက်၊ ပါးစပ်မှ တစ်စုံတစ်ရာကို ရေရွတ်လိုက်နှင့် မတည်မငြိမ် ဖြစ်နေသည်။ သူလဲ သူမ လုပ်သမျှကို မည်မျှကြာ အောင် ရပ်ကြည့်နေမိသည် မသိ။ ခြေထောက်တွေ ညောင်းတောင့်လာတော့မှ သူ့ကိုယ်သူ ပြန်သတိထားမိသည်။

သူသည် တဖြည်းဖြည်းနှင့် သူမအပေါ် စိတ်ဝင်စား လာမိသည်။ ည ရောက်မှာကို ကြိုတင် ရင်ခုန် ပျော်ရွှင်နေမိ သည်။ တဖြည်းဖြည်းနှင့် သူမအပေါ် ငြိတွယ်မှန်းမသိ ငြိတွယ် လာမိသည်။ ရုန်းထွက်ရန်လည်း သူ မကြိုးစားမိ။

သူမ ဘယ်အချိန် အိပ်ရာဝင်လဲ သိလိုစိတ်ဖြင့် စောင့်ကြည့်သော်လည်း သူပဲ အရှုံးပေးလိုက်ရသည်။ သူမသည် အာရုဏ် တက်ချိန်အထိ မအိပ်ပဲ ရှိနေတတ်သည်။ ဒီလိုနှင့်ပဲ နေ့လည်ခင်းတွေမှာ သူမကို မတွေ့ရခြင်းသည် ဘာကြောင့် ဖြစ်နိုင်သလဲဆိုတာ သိလာရသည်။

သူမနှင့် ခင်မင်ရင်းနှီးပြီး သူမရဲ့ အကြောင်းတွေကို နားလည် ခံစားပေးချင်ပေမဲ့ ထိုအခြေအနေရဖို့ မလွယ်ကူပေ။ သူကိုယ်တိုင်ကလဲ သူမကို အနှောက်အယှက်ဖြစ်မှာကို မလိုလားသူမို့ ရင်းနှီးခွင့်ရအောင် ဇွတ်အတင်း မဖန်တီးခဲ့ပေ။

သူမကို နားလည်ရခက်သော မိန်းကလေး တစ်ယောက်အဖြစ် သတ်မှတ်မိသည်။ တစ်ခါတရံ အသံတိတ် ငိုကြွေး နေတတ်သော၊ ပုတီးစိပ်လေး ကိုင်ပြီး လမ်းလျှောက် နေတတ်သော၊ အေးချမ်းမေရဲ့ တကိုယ်ရေညများ သီချင်းကို အမြဲ တမ်း တီးခတ် သီဆို နေတတ်သော၊ စုံတွဲသီချင်းများကို တစ်ယောက်ထဲ သီဆိုရင်း တစ်ပိုင်းတစ်စ ရပ်ပစ်တတ်သော သူမ ရဲ့ ပုံစံများကတော့ သူ့အတွေးတွင် အချိန်ပြည့် နေရာယူ နေမိပြီ ဖြစ်သည်။

တစ်ညမှာတော့ သူမရဲ့ အရိပ်အယောင်ကို လုံးဝ မမြင်ရတာကြောင့် သူ့ရင်ထဲ ဟာနေမိသည်။ ထိုနေ့မှာပဲ သူမ အပေါ်တွင် ရစ်ပတ်နေမိသော သူ့သံယောဇဉ်ကို သူ သိခဲ့ရသည်။ တစ်ပါတ်လောက် သူမကို မမြင်ရတော့ သူမအတွက် စိတ်ပူပင် နေမိသည်။

ကိုးရက်မြောက် ညဘက်မှာတော့ သူမကို ပြန်လည် မြင်တွေ့ခွင့် ရခဲ့သည်။ သူ့ရင်မှာ ပျော်ရွှင်မှုတို့က အတိုင်း အဆမဲ့။ သူမကို သိစေ ချင်ပှါသည်။ သူမကို မမြင်ရတဲ့ရက်တွေမှာ သူ ဘယ်လောက် လွမ်းဆွတ် နေရကြောင်း ပြောပြ ချင်မိသည်။ တနေ့ နေ့မှာတော့ သူ့ရင်ထဲက ခံစားချက်တွေကို သူမ သိတန်ကောင်းပါရဲ့နော်။

သူ့ရဲ့ ညတာတို့သည် ကြည်နူး ပျော်ရွှင်ခြင်းတို့ဖြင့် ပြန်လည် အသက်ဝင် လာခဲ့သည်။ အချိန် ရွေ့လျားမှုတို့က သူမနဲ့ တွေ့ဆုံခြင်းကို ရာသီစက်ဝန်း တစ်ဝက် ကျိုးစေခဲ့ပြီ။

စာအုပ်ထုတ်ဝေရေး ကိစ္စဖြင့် ရန်ကုန်သို့ သူ လာခဲ့ရသည်။ ခရီးထွက်ခဲ့ရပေမဲ့ ညဘက်တွေ ရောက်တိုင်း သူမကို သတိရ လွမ်းဆွတ် နေမိသည်။ ပြန်ရတော့မည်ဆိုတော့ သူ့စိတ်တို့က အမြန်ဆုံး ရန်ကုန်ကိုသာ ရောက်ချင်နေမိသည်။

သူ ပြန်ရောက်ချိန်က နေ့လယ်ခင်းမို့ သူမကို ချက်ချင်း မတွေ့နိုင်ပေ။ ဒီနေ့မှ ထူးထူးခြားခြား သူမတို့ အိမ်တွင် လူ အ၀င်အထွက်တွေ ရှိနေတာကို သတိထားမိသည်။

ညနေခင်းမှာ သူနှင့် အတူနေ သူငယ်ချင်း ကိုဖြိုးက ဟိုဘက်ခြံကို သွားမလို့ ခဏ လိုက်ခဲ့ပါလားဟု ခေါ်တော့ အတိုင်းအဆမရှိ သူ ပျော်ရွှင်သွားမိသည်။ သူမနဲ့ အနီးကပ် တွေ့ရတော့မယ်။ သူမနဲ့ ခင်မင်ခွင့် ရတော့မယ်ဆိုသော အတွေးက သူ့ရင်ကို များစွာလှုပ်ရှားစေသည်။

အ၀တ်အစား ၀တ်ပြီးမှ စိတ်တိုင်းမကျ၍ ပြန်လဲရတာလည်း မကြာခဏ။ ဒီနေ့မှ ပြင်ဆင်ရတာကို အားမရ ဖြစ်နေ မိသည်။ နောက်ဆုံးမှာ ရှပ်အကျီအဖြူကို ရခိုင်ပုဆိုးအပြာနှင့် တွဲဝတ်လိုက်တော့သည်။ သူမ သဘောကျတန်ကောင်းပါရဲ့။

သူမအိမ်မှာ အလှူအတန်း လုပ်နေတာလား၊ တစ်ခုခုတော့ တစ်ခုခုပဲ။ ကိုဖြိုးကို မေးမည်ကြံပြီးမှ မမေးတော့။ ဟိုရောက်ရင် သိရမှာလေ။ သူ စိတ်လှုပ်ရှားနေတာကို ကိုဖြိုးမသိစေချင်။

သူမရဲ့ အိမ်အ၀င်မှာ မသာမယာတဲ့ မျက်နှာတစ်ချို့ကို တွေ့တာကြောင့် သူ့စိတ်ထဲ ထင့်သွားမိသည်။ သူမ အိမ်က တစ်ယောက်ယောက်များ တစ်ခုခုဖြစ်သလား။ သူ့အတွေးကို ဆက်မတွေးရဲ။ ဒါဆိုရင်တော့ သူမ စိတ်အားငယ် နေတော့မှာပဲ။ သူမဟာ စိတ်ထား နူးညံ့ ပျော့ပျောင်းသူ၊ ခံစားလွယ်သူလို့ သူ နားလည် ထားတာပဲလေ။

သူတို့ကို ကြိုဆိုသော အန်တီကြီးက အငိုမျက်နှာနှင့် ကိုဖြိုး လက်ကို ဆွဲခေါ်သွားသည်။ သူ ထင်တဲ့ အတိုင်းပါပဲ။ သူမတို့ အိမ်မှာ တစ်စုံတစ်ယောက်တော့ သေဆုံးသွားခဲ့ပြီ။ သူ့မျက်ဝန်းတို့က သူမကို လိုက်လံရှာဖွေနေမိသည်။ သူမ ဘယ်ရောက်နေပါလိမ့်။

အခန်းထောင့် တစ်နေရာတွင် လှပ သေသပ်စွာ ပြင်ဆင်ထားသော အလောင်းစင် တစ်ခုကို တွေ့ရသည်။ ကိုဖြိုးကို ခေါ်လာသော အဒေါ်ကြီးက –

“ဒီမှာ မင်းသူငယ်ချင်းကို ကြည့်ပါဦး”

ဟုဆို၍ မျက်နှာပေါ်တွင် အုပ်ထားသော ပန်းရောင်ပုဝါစလေးကို လှပ်ပြသည်။ ကိုဖြိုးနှင့်အတူ ငုံ့ကြည့်မိလိုက် သော မျက်ဝန်းတို့ ပြာဝေကာ မူးမိုက် လဲကျမတတ် ခံစားသွားရသည်။

နှင်းဆီပန်းတွေကြားမှာ အိပ်ပျော်နေသလို အေးချမ်း ငြိမ်သက်နေတဲ့ သူမရဲ့ မျက်နှာ၊ သူ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ တသက်လုံး စွဲထင်နေမဲ့ မျက်နှာလေး။

အို ဘာတွေ ဖြစ်ပျက်ခဲ့ပြီလဲ?

သူ ခရီးသွားနေတဲ့ သုံးလေးရက်အတွင်းမှာ သူမ ဘယ်လိုဖြစ်သွားခဲ့တာလဲ။ သူ့မျက်စိနဲ့ မြင်ရတာတောင် ဘယ်လိုမှ လက်မခံ၊ မယုံကြည်နိုင်ပေ။ အန်တီကြီးနဲ့ ကိုဖြိုး ပြောနေသောစကားတို့က သူ့နားတွင် မကြားတစ်ချက်၊ ကြားတစ်ချက်၊ ဘာမှမသဲကွဲ။ လူတွေရှေ့မှ အမြန်ဆုံးသာ ပြေးထွက် သွားချင်နေမိသည်။

အပြန်လမ်းမှာလည်း သူ ဘာတစ်ခွန်းမှ မပြောနိုင်ပါ။ သူ့အခန်းထဲ ရောက်မှ တင်းထားသော စိတ်တို့ အရည် ပျော်ကာ မျက်ရည်ပူတို့ ကျဆင်း လာမိသည်။ ညဘက် ရောက်မှာ သူ ကြောက်နေမိသည်။

ထမင်း စားပြီးချိန်မှာ သူ့အခန်းထဲသို့ ကိုဖြိုး ၀င်လာသည်။

“မင်းကို ညနေက ကောင်မလေး အကြောင်း ပြောပြမလို့လေ။ မင်း စိတ်ဝင်စားမယ် ထင်လို့ပါ။ မင်းက စာရေး ဆရာ ဆိုတော့ မင်းအတွက် စာရေးဖို့  ကုန်ကြမ်းပေါ့။”

ကိုဖြိုးစကားကိုနားထောင်ရင်း ညနေက သူမဘေးတွင် မြင်တွေ့ခဲ့ရသော

ဝင့်

အသက် (၂၁)နှစ်

ဆိုသော စာတမ်းလေးကို မြင်ယောင်မိသည်။ ကိုယ်ချစ်သော မိန်းကလေးရဲ့ နာမည်ကို သိခွင့်ရချိန်မှာ ထို မိန်းကလေးသည် လူ့ဘ၀ကို စွန့်ခွာသွားခဲ့ပြီ။ သူမကို တိတ်တခိုး စောင့်ကြည့် စွဲလမ်းခဲ့သော သူတစ်ယောက် ရှိခဲ့တာကို သူမ သိမည် မဟုတ်ပေ။

ကိုဖြိုးထံမှ ရင်နာ ကြေကွဲဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို သိရှိခဲ့ရသည်။

ဝင့်နဲ့ ငါတို့က အိမ်ချင်းနီးတော့ ငယ်ငယ်လေးထဲက သိခဲ့ကြတယ်။ ၀င့်ဟာ အစွဲအလမ်းကြီးတယ်။ စိတ်ထား နူးညံ့တယ်။ သဘောလဲကောင်းတယ်။ တစ်ဦးတည်းသောသမီးဆိုတော့ မိဘတွေကလည်း အလိုလိုက်ထားတယ်။ သူ့ အိမ်မှာ သူလိုချင်တာအကုန် ဖြစ်စေ ရစေခဲ့တယ်။ ၀င့်(၁၈)နှစ်ကျော်လောက်မှာ မမျှော်လင့်ပဲ သူ့မိဘတွေ ရှေ့ဆင့်နောက် ဆင့် ဆုံးပါး သွားခဲ့ကြတယ်။ အဲဒီအချိန်မှာ စီးပွားရေးကိစ္စတွေကို သူ့အဖေရဲ့ လူယုံတော် ဦးတင်ဖေက ဆက်ပြီး စီမံပေးခဲ့ တယ်။ သူ့ကျန်းမာရေး မကောင်းတော့တဲ့အချိန်မှာ သူ့သား ရဲထွဋ်ကို ကဆက်ပြီး လုပ်ကိုင် ပေးခဲ့တယ်။ ရဲထွဋ်ကိုက ၀င့်ထက် သုံးနှစ်လောက်ကြီးတယ်လေ။

နောက်ဆုံးတော့ သူတို့နှစ်ယောက် ချစ်သွားကြတယ်။ ၀င့်မှာကလဲ အားကိုးစရာ ဆွေမျိုး မိဘမရှိတော့ ရဲထွဋ်ကို ကပဲ အရာရာကို ဦးဆောင် ပေးခဲ့ရတယ်။ ၀င့်နဲ့ အတူနေတဲ့ အန်တီကြီးကတော့ ငယ်ငယ်ထဲက ၀င့်ကို ထိန်းကျောင်း လာတဲ့သူပဲ။ ဒါပေမယ့် ၀င့်ကို သူက ဘာမှ မလွန်ဆန်နိုင်ဘူး။ ၀င့်ဆိုးရင် ၀င့်ကို ထိန်းနိုင်တာက ရဲထွဋ်ကို တစ်ယောက်ပဲ ရှိတယ်။

သူတို့နှစ်ယောက်ဟာ သိပ်ကို ချစ်ကြတယ်။ ညအိပ်ချိန်ကလွဲရင် ၀င့်အနားမှာ ရဲထွဋ်ကို ရှိနေခဲ့တယ်။ ဒါပေမယ့် သူတို့ဟာ သန့်ရှင်းစွာ ချစ်တယ်ဆိုတာ အားလုံး သိတယ်။ ၀င့်နဲ့ အသင့်တော်ဆုံး သူဟာ ရဲထွဋ်ကိုပဲ ဖြစ်တာကြောင့် သူတို့ လက်ထပ်ဖို့ စီစဉ်ခဲ့ကြတယ်။

ဖြောင့်ဖြူးနေတဲ့ သူတို့ရဲ့ ချစ်ခရီးကို အားလုံးက အားကျခဲ့ကြတယ်လေ။ အင်းလျားလိပ်မှာ ဒိတ်ယူပြီး ဖိတ်စာ တောင် ရိုက်ပြီးနေပြီ။ မင်္ဂလာ ခမ်းဝင်ပစ္စည်းတွေလည်း ၀ယ်ပြီးနေပြီ။ ဒါပေမဲ့ ကံကြမ္မာဟာ မမျှော်လင့်တဲ့ နေရာက ၀င်ပြီး တိုက်ခတ် သွားတယ်။ ဘာမှ ပြင်ဆင်ထားချိန် မရခင်မှာပဲ ၀င့်ကို ကံကြမ္မာက ရက်စက်စွာ အနိုင်ယူ သွားခဲ့တယ်။

တနင်္ဂနွေနေ့ (နောက်နေ့) မင်္ဂလာဆောင်အတွက် လိုအပ်တာတွေ စီစဉ်ပြီး ညဘက် ပြန်လာတော့ ကားကို ၀င့်  က မောင်းခဲ့တယ်။ လမ်းကွေ့ တစ်နေရာမှာ လမ်းကြောမှားပြီး ဖြတ်ဝင်လိုက်တဲ့ ကုန်တင်ကားကြီးဟာ ရဲထွဋ်ကို ထိုင်နေ တဲ့ဘက်ကို တည့်တည့် ၀င်တိုက်တော့တာပဲ။

ဝင့်ဟာ သူ သတိမလစ်ခင်မှာ ရဲထွဋ်ကို သွေးသံရဲရဲနဲ့ သေဆုံး သွားတာကို မြင်လိုက်ရတယ်။ အတင်း ဆုတ်ကိုင် ထားတဲ့ သူတို့နှစ်ယောက်ရဲ့လက်ကို မနည်း ဖြုတ်ယူခဲ့ရတယ်။ ၀င့်ဟာ သတိ ပြန်ရလာချိန်မှာတော့ သူ့ စိတ်ဟာ ပုံမှန် မဟုတ်တော့ဘူး။ မမျှော်လင့်တဲ့ အဖြစ်အပျက်ကို ရုတ်တရက် ရင်ဆိုင် လိုက်ရတာရယ်၊ အဲဒီ အဖြစ်အပျက်ကို ဘယ်လိုမှ လက်မခံနိုင်တာရယ်၊ နဂိုထဲက အစွဲအလမ်း ကြီးတာရယ်ပေါင်းပြီး သူ့စိတ်တွေ မတည်ငြိမ်တော့ဘူး။ သွက်သွက်ခါ မဟုတ် ပေမဲ့ ယဉ်ယဉ်လေး ရူးသွားရှာတယ်။

သူ့စိတ်ထဲမှာ ရဲထွဋ်ကို မရှိတော့ဘူး ဆိုတာကို သူ လုံးဝ လက်မခံနိုင်ဘူး။ သူ့ဆီကို တနေ့နေ့မှာ ပြန်လာမယ်လို့ သူ ယုံကြည်ထားခဲ့တယ်။ သူ မျှော်နေခဲ့တယ်။ တစ်ခါတလေမှာတော့ သူ့ဘ၀မှာ ဘယ်သူမှ မရှိတော့ဘူးလို့ သတိရသလို ပြောပြီး ငိုရှာတယ်။

ည ညဆိုရင် ရဲထွဋ်ကို ပြန်လာမယ်ဆိုပြီး တစ်ညလုံး မအိပ်ပဲ စောင့်နေတတ်တယ်။ နေ့ခင်းတွေဆိုရင် သူ အိပ်တယ်။ အစားလည်း မှန်မှန်မစားဘူး။ ရှိတဲ့ အန်တီကြီးကိုလဲ သူက မကြောက်တော့ သူ လုပ်ချင်တာတွေ လုပ်လို့ ရနေတယ်။

အခုလည်း နဂိုက ကျန်းမာရေး မကောင်းတာတွေရယ် အစားမမှန်၊ အအိပ်မမှန်တာတွေရယ်၊ တညလုံး ခြံထဲမှာ ဆင်းထိုင် တတ်တာတွေရယ် ပေါင်းပြီး နမိုးနီးယားအပြင် ကျန်တဲ့ ရောဂါတွေပါ ၀င်တော့တာပဲ။ ဆေးလဲ မှန်မှန် မသောက် တော့ မခံနိုင်ရှာဘူးလေ။ ဒီနေ့ နေ့လည်ကပဲ ဆုံးသွားရှာတယ်။ သူ့ဘ၀လေး ၀ဋ်ကျွတ်သွားတယ်လို့ပဲ ပြောရမလားတောင် မသိတော့ပါဘူးကွာ။ သနားပါတယ်။

ကိုဖြိုးက စကားရှည်ကြီး ပြောပြီး မောသွားဟန်နဲ့ အခန်းထဲက ပြန်ထွက်သွားသည်။ သူ့ရင်မှ ခံစားမှုတို့သည် နင့်နင့် သီးသီး၊ တဘက်ခြံသို့ လှမ်းကြည့်ရင်း တချိန်က သူမ အရိပ်တွေကို ပြန်မြင်ယောင်လာသည်။

အရင်တုန်းက သူမ ဆိုနေကျ သီချင်းက၊ ခုတော့ သူ့ အတွက် ဖြစ်လာပြီလား မသိ။ သူကတော့ ဒီအိမ်လေးမှာ နေနေသေးသရွေ့၊ ညဘက် စာတွေ ရေးနေသေးသရွေ့ သူမရဲ့ အရိပ်၊ သူမရဲ့ သီချင်းသံတို့ ကို ကြားယောင်ကာ သူမကို သတိရစွာဖြင့် တကိုယ်ရေ ညများစွာကို ဖြတ်ကျော်နေရဦးမှာ သေချာသည်။

မေဇူး

(၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ၊ အလှသစ် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: