မျဉ်းပြိုင်နှစ်ကြောင်း၏ ဆုံမှတ်

မောင့်ကို စွန့်ခွာဖို့ ကျွန်မ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ မောင် မပါဝင်ပဲ ခရီး လမ်းတစ်ခုကို မသွားတတ်သလောက် ဖြစ်နေမိတယ်။ ဆုံးဖြတ်ချက် တစ်စုံတစ်ခုချဖို့ ကြိုးစားတိုင်း မောင့်ကို တိုင်ပင်တတ်တာဟာလဲ ကျွန်မရဲ့ အကျင့် ဖြစ်နေခဲ့ပြီ။ မောင် ပြောသမျှ စကားလုံးတိုင်းကို ခေါင်းညိတ် ထောက်ခံဖို့၊ ဆုံးမတာ မှန်သမျှကို လိုက်လံပြုပြင်ဖို့ ကျွန်မ အဆင်သင့် ဖြစ်နေခဲ့မိတယ်။

သိပ်ချစ်တဲ့ ချစ်သူ တစ်ယောက်ကို ကျောခိုင်း သွားဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် မောင့်ကို ကျွန်မ ပိုင်ဆိုင်ဖို့လဲ မျှော်လင့် မထားပြန်ဘူး။ ဒါဆိုရင် ကျွန်မ ဘာကြောင့် မောင့်ကို ချစ်ရသလဲလို့ မေးကြ တယ်။

ကျွန်မ အတွက်တော့ အဖြေက အဆင်သင့်ပါ။ လူတစ်ယောက်ကို လက်ထပ်ခွင့် မရှိတာနဲ့ မချစ်ရ ဘူးတဲ့လား။ လက်လွှတ် ဆုံးရှုံးရမယ် ဆိုတာကို သိပေမယ့် အရှုံးကိုပဲ မက်မောစွာ ကျွန်မ ဖက်တွယ်ခဲ့တယ်။

ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကို သီးခြားစီ ကျွန်မ မြင်တတ်ခဲ့ပါတယ်။ ပုထုဇဉ် လူသား တစ်ယောက်မို့ ကိုယ် ချစ်တဲ့သူကို လက်ထပ်ခွင့်တော့ ရချင်မိတာပေါ့။ ဒါပေမယ့် မသေချာတဲ့ မျှော်လင့်ချက်တစ်ခုကို ကျွန်မ စောင့်ဆိုင်း မနေချင်ဘူး။

မောင့်ကို မချစ်ဖို့ ကျွန်မ ဦးနှောက်က ဆုံးဖြတ်ခဲ့ပေမယ့် ဒီအဆုံးအဖြတ်ကို နှလုံးသားက လက်မခံ ခဲ့ဘူး။ နှလုံးသားနဲ့ ဦးနှောက် လွန်ဆွဲ အားပြိုင်မှုမှာ ကျွန်မ နှလုံးသား အလိုကို ဆင်ခြင်မှု ကင်းမဲ့ စွာနဲ့ မျက်စိ မှိတ်လိုက်နာခဲ့မိတယ်။ မို့မို့လွင်ဆိုတဲ့ မိန်းမ တစ်ယောက်ဟာ မိုးမြင့်ကျော် လို့ခေါ်တဲ့မောင့်ကို ရူးမိုက်စွာနဲ့ ချစ်ခဲ့မိတယ်။

မောင့်ကို အတန်းထဲမှာ တွေ့နေရပေမယ့် အမှတ်ထင်ထင် သတိထားခဲ့မိခြင်း မရှိခဲ့ပါဘူး။ ကျွန်မ ဘ၀ထဲကို မောင် စတင် ၀င်ရောက်လာခြင်းကတော့ ကျွန်မတို့ ရူပဗေဒအသင်းရဲ့ အာစရိယ ပူဇော်ပွဲနေ့ ကပေါ့။

ကျောင်းသူ၊ ကျောင်းသားတွေ စုံချိန်လောက်မှ ကျွန်မ ရောက်တာမို့ နောက်ဖက်မှာပဲ ၀င်ထိုင်မိ တယ်။ ဆရာတွေရဲ့ သြ၀ါဒ စကားတွေကို နားထောင်ပြီး၊ ဆရာ၊ဆရာမတို့ကို ပူဇော် ကန်တော့ခြင်း အစီ အစဉ် အပြီးမှာ ထူးခြားမှု ကို ကျွန်မ သတိထား လိုက်မိတယ်။ ကျွန်မကို အံ့သြသလို စိုက်ကြည့်နေတဲ့ သူ့ကို တွေ့လိုက်ရတာကြောင့်ပဲ။

စင်မြင့်ပေါ်မှ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ စနေပြီ။ အဲဒီအချိန်မှာပဲ ကျွန်မ အနားကို မောင် ရောက်လာခဲ့တယ်။

“သူက ဗုဒ္ဓဘာသာ မဟုတ်ဘူးလား။”

“မဟုတ်ဘူး။ ကျွန်မက ခရစ်ယာန်ပါ။”

“ဒါကြောင့်မို့ စောစောက သူများတွေ ကန်တော့ နေချိန်မှာ သူ ခေါင်းငုံ့ပြီး ထိုင်နေတာကိုး”

“ဟုတ်တယ်၊ သူငယ်ချင်းတွေ အတင်းခေါ်လို့ ကျွန်မ လိုက်လာတာ”

“ကျွန်တော့ နာမည် မိုးမြင့်ကျော်ပါ။ ကျွန်တော်တို့ အတန်းတူတူပဲနော်၊ သူ့နာမည်ရော”

“မို့မို့လွင်ပါ”

ကျွန်မ စကားအဆုံးမှာ ပြောစရာစကား မရှိတော့သလို သူ ငြိမ်သွားတယ်။ နောက်တော့ သူကပဲ စတင် နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။ ကျွန်မတို့ကတော့ သူ ပြန်သွားပြီး အတော်ကြာမှ ပြန်ဖြစ်ခဲ့တယ်။ အဲဒီ အချိန်ထိ သူ့ကို သာမန် သိရုံ ထက် မပိုခဲ့ဘူး။

နောက်နှစ်ရက်အကြာမှာတော့ ကျွန်မ သူငယ်ချင်း ယဉ်ယဉ်ညိုက ကျွန်မကို စာအိတ် တစ်လုံး လာ ပေးတယ်။ ဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မကို အဝေးက ဆွဲရိုက်ထားမှန်း သိသာစေသော ပုံအတော်များများကို တွေ့ရတယ်။ မုန့်စား နေတဲ့ပုံ၊ စကားပြောနေပုံ၊ ရယ်နေပုံ၊ ဆံပင်ရှည်တွေကို သပ်တင်နေပုံ စတဲ့ပုံတွေကို ဆယ်ပုံထက် မနဲ တွေ့ရတယ်။ ဒီပုံ တွေကို ဘယ်သူ ရိုက်ထားပါလိမ့်။ ကျွန်မကို ရိုက်ထားမှန်း တစ်ပုံမှ ကျွန်မ မသိဘူး။ သူငယ်ချင်း ယဉ်ယဉ်ညိုကို မေးကြည့် တဲ့အခါ –

“အဲဒါ မို့မို့အတွက် ကိုမိုးမြင့်ကျော် ပေးလိုက်တာ။ အားလုံး သူ ရိုက်ထားတာပဲ။ မို့မို့ကို သူ စိတ်ဝင်စားနေတာ ကြာပြီ။ သူ့အဖေက ကုမ္ပဏီပိုင်ရှင်။ သူ့အမေက ရွှေဆိုင် ဖွင့်ထားတယ်။ တစ်ဦးတည်း သော သူဌေးသား၊ အရမ်းကို ရိုးအေးတယ်။ ရည်းစား တစ်ယောက်မှ မထားဖူးသေးဘူး။ ကဲ ဘာသိချင်သေး လဲ။”

“ဟာ ညိုကလဲ ဘာတွေ လျှောက်ပြောနေတာလဲ။ ငါကဖြင့် သူ့ကို တစ်ခါပဲ စကားပြော ဖူးသေးတာ”

“ဒါကတော့ ရှင့်ဘက်ကလေ၊ ဟိုဘက်ကတော့ သေချာနေပြီ”

ထိုနေ့က သူနဲ့ ပတ်သက်ပြီး ညိုနဲ့ စကား ငြင်းခုန်ရင်း အချိန်ကုန်ခဲ့တယ်။ သူနဲ့ တွေ့တော့ ဘာမှမဖြစ်သလို သူ့ဟန်ကြောင့် ကျွန်မ အနည်းငယ် စိတ်အေးသွားမိတယ်။ မရိုးသားတဲ့ စကား တစ်ခွန်းမှ မပြော ပေမယ့် သူ့ရဲ့ မျက်ဝန်း အကြည့်တွေကတော့ သူရဲ့ မရိုးသားမှုကို ဖော်ပြနေတယ်။ နောက်ပိုင်းမှာ သူဟာ ကျွန်မတို့ သူငယ်ချင်းတွေ ကြားမှာတင် အချိန်ကုန်ခဲ့တယ်။

ကျွန်မကိုလည်း အရိပ်တကြည့်ကြည့်နဲ့ အားလုံးက သတိထား မိလောက်အောင် ဂရုစိုက်ခဲ့တယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေ အားလုံးကလဲ ကျွန်မတို့ကို အတွဲတစ်တွဲအဖြစ် စနောက်နေကြတယ်။

အဲဒီအချိန်မှာ ကျွန်မရဲ့ သူ့အပေါ် ခင်တွယ်မှုကို ဆင်ခြင်ဖို့ သင့်ပြီလို့ တွေးမိတယ်။ ကျွန်မတို့ အခြေ အနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူငယ်ချင်းဘ၀ ခင်မင်မှုကို ဘယ်သူမှ တားဆီးကြမှာ မဟုတ်ပေမယ့် ရာသက်ပန် ဘ၀ လက်တွဲဖော် အဖြစ် ရည်ရွယ်မယ် ဆိုရင်တော့ မိဘ အသိုင်းအ၀န်းကို ထည့်ပြီး မစဉ်းစား လို့ ဘယ်ဖြစ်မလဲ။

ကျွန်မ သူ့ကို ရှောင်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မ ကျောင်းမတက်ဘဲ နေရင် စိုးရိမ်တကြီး ဖုန်းဆက်ပြီး မေးတတ်တဲ့ သူရဲ့ ကရုဏာ လွမ်းနေတဲ့အသံ၊ ကျောင်းမှာတွေ့ရဲ့နဲ့ မခေါ်ပဲနေရင် နေမကောင်းလို့လား ရယ်လို့ စိုးရိမ်တကြီး မေးတတ်တဲ့ သူရဲ့ စကားသံတွေအောက်မှာ ကျွန်မရဲ့ ကြိုးစားချက်တွေ အရည်ပျော် တော့မယ်။ သူ ဖွင့်ပြောလာမှာကို ကြောက်နေ မိတယ်။

အဆိုးရွားဆုံးကတော့ ကျွန်မ သူ့ကို ရှောင်နေမှန်း ကျွန်မရဲ့ သူငယ်ချင်း ညိုကို အတင်းမေးလို့ ညိုပြောပြလို့ သူ သိသွားခြင်းပဲ။ နောက်နေ့မှာပဲ ကျွန်မနဲ့ နှစ်ယောက်ထဲ တွေ့ခွင့်ရအောင် သူ ကြိုးစား ခဲ့တယ်။ နောက်ပြီး ကျွန်မ အကြောက်ဆုံးသော စကားကို ဖွင့်ပြော လာခဲ့တယ်။ သူ့ကို စိတ်ချမ်းသာ စေချင် ပေမယ့် ပြန်ချစ်ဖို့ မဖြစ်နိုင်တာကို သူ သိအောင် ပြောပြဖို့ ကျွန်မ အားမွေးရတော့မယ်။

“မို့၊ မို့ကို မောင်ချစ်တယ်။ နောက်ပြီး လက်ထပ်ချင်တယ်။”

မောင်လို့ သူ့ကိုယ်သူ ပြောနေသူကိုကြည့်ပြီး ကျွန်မ ဘာပြောရမှန်း မသိဘူး။ ရင်ခုန်သံတို့ကို ဥပေက္ခာပြုရင်း မပြောထွက်တဲ့ စကားတို့ကို တစ်လုံးချင်း ပြောရတော့မယ်။

“မဖြစ်နိုင်ပါဘူး ကိုမိုးမြင့်ကျော်ရယ် မို့တို့ရဲ့ အခြေအနေတွေကို ကိုမိုးမြင့်ကျော်လဲ သိသားပဲ။ ဆက်စပ်လို့ မရနိုင်တဲ့ ဘာသာမတူခြင်းဆိုတဲ့ ခြားနားခြင်းအလွှာ ခြားထားတယ်လေ။ ဒါကို သိရက်နဲ့ ရှေ့ဆက် တိုးရင် နှစ်ယောက်စလုံးပဲ စိတ်ညစ် ရမှာပေါ့။”

“မဟုတ်ပါဘူး မို့။ ဒါတွေဟာ ကိုယ်တို့ အချင်းချင်း နားလည်မှုရှိရင် ညှိယူလို့ရတဲ့ အရာတွေပဲ။”

“ပြုပြင် ညှိနှိုင်း ယူရတယ် ဆိုကတည်းက နဂို အကောင်းအတိုင်း ဘယ်ဖြစ်နိုင်ပါတော့မလဲ။ တစ်နေ့ နေ့မှာ အဲဒီ ညှိနှိုင်းမှုဟာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လေ။ နောက်ပြီး တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို စွန့်ရမယ်။ မို့ကိုယ်တိုင်လဲ မို့ မိဘအသိုင်းအ၀ိုင်းကို မစွန့်ရက်၊ မစွန့်ဝံ့သလို၊ ကိုမိုးမြင့်ကျော်ကိုလဲ စွန့်ပစ်ပါလို့ မတိုက်တွန်းချင်ဘူး။ မို့ အတ္တ မကြီးချင်ပါ ဘူး။ တရား မျှတတာကိုပဲ လိုချင်ပါတယ်။”

“မို့ရယ်”

သူ ဘာမှ ထပ်မပြောတော့ပဲ ကျွန်မ လက်ကို ဆုပ်ကိုင်လာတယ်။ ကျွန်မကို စိုက်ကြည့်နေတဲ့ သူ့ မျက်ဝန်းထဲမှာ မျက်ရည်ကြည် တစ်ချို့ကို တွေ့ရတယ်။ သူ့မျက်ဝန်းအကြည့်နဲ့ အဆုံမှာပဲ ကျွန်မ ရင်ထဲက သံယောဇဉ်စကား တစ်ခွန်း မိုက်မဲစွာပဲ ပွင့်ထွက်သွားခဲ့တယ်။

“အားလုံးထဲမှာ သံယောဇဉ် အရှိဆုံးလို့သာ မှတ်ယူထားလိုက်ပါမောင်”

ကျွန်မ စကားအဆုံးမှာပဲ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုရှိုက်လိုက်တော့တယ်။ ကျွန်မရဲ့ ဆံပင် တွေကို နှစ်သိမ့် သလို သပ်တင်ပေးနေတဲ့ သူ့ရဲ့လက်အစုံ တုန်ယင်နေတာကိုလည်း ကျွန်မ သိနေပြန်တယ်။

တချိန်ထဲမှာပဲ သူ့ကို ဘယ်လောက် ချစ်မိသွားပြီလဲဆိုတာ ကိုယ့်ဘာသာကိုယ် မှန်းလို့ ရလိုက် တယ်။ မရည်ရွယ်ပဲ တစ်ယောက် ရင်ထဲက အချစ်ကို တစ်ယောက် မြင်တွေ့ သွားခဲ့ပြီ။

ကျွန်မ မောင့်ကို တစ်ကြိမ် တစ်ခါမှ မချစ်ဖူးသေးတဲ့ အချစ်နဲ့ မြတ်မြတ်နိုးနိုး ချစ်သွားမိပြီ။ နောက် ပိုင်းမှာ ကျွန်မတို့ဟာ အရင်ကထက်ပိုပြီး တစ်ဦးကို တစ်ဦး နားလည်ခဲ့ကြသလို သံယောဇဉ် ပိုတွယ်လာ မိတယ်။

မောင့်ကို အရင်လို သူငယ်ချင်းတွေအဖြစ် ပြန်နေကြရအောင် ပြောပေမယ့် မနေဖြစ်ခဲ့ပါဘူး။ မနက် ကျောင်းသွား ရင် ကျွန်မကို ၀င်ခေါ်ပြီးမှ သွားတတ်သလို ညနေ ကျောင်းဆင်းရင်လည်း သွားချင်တာ လိုက်ပို့ပြီးမှ အိမ်ပြန်စမြဲပါပဲ။ တနင်္ဂနွေနေ့ ညနေ ကျွန်မ ဘုရားကျောင်း တက်တဲ့အခါ လိုက်ပါရစေလို့ဆိုပြီး မောင် လိုက်လာလေ့ရှိတယ်။

ကျွန်မ အနားမှာထိုင်ပြီး ကျွန်မ ဆုတောင်းသလို လိုက်ဆုတောင်းတတ်တယ်။ သူ့  မွေးနေ့တွေ၊ နေ့ ကြီး ရက်ကြီး တွေဆိုရင် လဲ မောင်က ကျွန်မကိုပါ ဘုရားကို ခေါ်သွားတတ်တယ်။ သူ့  မွေးနေ့ ကြာသပတေး ထောင့်မှ မောင် ဘုရားရှိခိုး တော့ အနားမှာ ထိုင်ပြီး စောင့်ပေးနေမိတယ်။

တစ်ချိန်တည်းမှာပဲ ကျွန်မ စဉ်းစားမိတယ်။ မောင့်အနားမှာ ကျွန်မ မဟုတ်ပဲ မောင်နဲ့အတူ ယှဉ်တွဲ ပြီး ဘုရားရှိခိုး နေတဲ့ မိန်းကလေး တစ်ယောက်ကို မြင်ယောင်ကြည့်တယ်။ ဒါဆိုရင် သိပ်ကို လိုက်ဖက်ညီတဲ့ စုံတွဲ တစ်တွဲ ဖြစ်သွားမှာပါ။ ဘုရားသွား ကျောင်းတက်ဆိုတဲ့ စကား အဓိပ္ပါယ် ပြည့်စုံသွားမှာပေါ့။ မောင်လဲ ကြည်နူး ပီတိ ဖြစ်ရမှာပေါ့။

ကျွန်မနဲ့ဆိုရင် ဒီလို ကြည်နူးစရာ အကြောင်း ဖြစ်လာနိုင်စရာ မရှိဘူး။ မောင်နှမ ၅ယောက်ထဲမှာ အကြီးဆုံး ဖြစ်တဲ့ ကျွန်မဟာ မိသားစုအတွက် စံပြ ဖြစ်ရမယ်လေ။ ဒီစိတ်ဓါတ်ကို ကျွန်မ စွဲမြဲစွာ လက်ခ ထားတယ်။ ကျွန်မရဲ့ မိဘ အသိုင်းအ၀ိုင်းကို စွန့်ပစ်ဖို့ ကျွန်မ သတ္တိမရှိခဲ့ဘူး။

အလားတူပဲ မောင့်ကိုလည်း သားမိုက် မဖြစ်စေချင်ဘူး။ ဘာသာရေး ကိုင်းရှိုင်းတဲ့ မောင့်မိဘတွေ အကြောင်းကို လဲ ကျွန်မ သိခဲ့တယ်။ ဒီတော့ ကျွန်မတို့မှာ ရွေးချယ်စရာ လမ်းတစ်လမ်းပဲ ရှိတယ်။

မောင်နဲ့ ချစ်နေရက်နဲ့ ကျွန်မ မောင့်ကို စွန့်ခွာဖို့ ကြိုးစားခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။ အဲဒီလို တစ်ကြိမ်တစ်ခါ ကြိုးစားလိုက်တိုင်း ကျွန်မ မောင့်အပေါ် ထင်ထားတာထက် ပိုချစ်မှန်း သိလာရတယ်။ ကျွန်မ နာကျင် ထိခိုက် ခံစား ရတယ်။

ကျွန်မတို့ ဘ၀ကို စတင် အလှည့်အပြောင်း ဖြစ်လာစေတာကတော့ မောင့်ကို သူ့အိမ်က လက်ထပ် ဖို့ စီစဉ်ခြင်း ပါပဲ။ မောင် လက်မခံပဲ အကြိမ်ကြိမ် ငြင်းနေတဲ့ကြားထဲက မောင်နဲ့ မချိုချိုဦးဆိုတဲ့ အမျိုးသမီး တို့ရဲ့ စေ့စပ်ကြောင်းလမ်း ပြီးစီးခြင်း သတင်းစာထဲ ပါလာခဲ့တယ်။

သတင်းစာထဲမှာ တွေ့လိုက်ရတဲ့ ခဏမှာ ကျွန်မ မျက်စိတို့ ပြာနှမ်းသွားတယ်။ သွေးပူ နေချိန် မှာတော့ ကျွန်မကို အသိမပေးပဲ မောင် လုပ်ရက်လေခြင်းလို့ နာကျည်းမိပေမယ့် တကယ်တမ်း ခေါင်းအေး အေးနဲ့ ပြန်တွေးကြည့်တဲ့အခါ ဒါဟာ အဖြစ်သင့်ဆုံးလို့ နားလည်လာမိတယ်။

အဲဒီနေ့ရဲ့ ညနေမှာပဲ သတင်းစာကိုင်ရင်း မောင် အပြေးအလွှား ရောက်လာတယ်။ မနက်ထဲက သူငယ်ချင်းတွေနဲ့ ပဲခူး သွားနေတာမို့ အခု ပြန်လာမှ သူများ ပြောပြလို့ သိရတာတဲ့။ ဒီကိစ္စ သူ့ဆန္ဒ မပါဘူး လို့ ရှင်းပြတယ်။ မောင့်မျက်နှာဟာ မကြာခင်မှာ မိုးရွာချတော့မယ့် ကောင်းကင်လို ညိုမှိုင်းနေတယ်။

မောင့်စကားကို ကျွန်မ ယုံကြည် ပါတယ်လေ။ အမြဲတမ်း ယုံကြည်နေကျ၊ မောင် ဆုံးမတာ မှန်သမျှ ကျေနပ်စွာ ခံယူနေကြပဲ မဟုတ်လား။ မောင်က ကျွန်မကို ဘယ်နည်းနဲ့မှ အဆုံးရှုံး မခံနိုင်ဘူး။ သူ့နောက်ကို လိုက်ခဲ့ပါတော့တဲ့။

ကျွန်မ ဘာပြောရမှန်း မသိ တွေဝေ သွားမိတယ်။ ယောင်ယမ်းပြီး မောင့်စကားကို လက်ခံ မိတော့ မလို့ပဲ။ ဒါပေ မယ့် ဒီအချိန်မှာ မောင် သိပ်သွေးပူနေတယ်။ ဘာပြောပြော အလွယ်တကူ လက်ခံမဲ့ပုံစံမရှိဘူး။

မနက်ဖြန် ညနေ ဆုံနေကျ အင်းလျား ကန်စောင်းက တံတားဖြူ မှတ်တိုင်မှာ စောင့်နေပါလို့ မှာလိုက်တယ်။

“မောင့်နောက်ကို တစ်ခါထဲ လိုက်ဖို့ ပြင်ဆင်လာနော်။ ပြင်ဆင် လာဆိုတာ ရွှေ၊ ငွေ ပစ္စည်းယူလာဖို့ ပြောတာ မဟုတ်ဘူး။ စိတ်ဓါတ်ကို မောင့်နောက် လိုက်ဖို့ ပြင်ဆင်လာလို့ ပြောတာ။ မနက်ဖြန် ညနေ လေးနာရီတိတိ မောင် စောင့်နေမယ်။”

စကားဆုံးတာနဲ့ လှည့်ထွက်သွားတော့တယ်။ မောင့်ရဲ့ စကားသံဟာ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေကို ရိုက်ချိုးနေသလိုပဲ။ ဆုံးဖြတ်ချက် တစ်ခုခုကို ကျွန်မ ချရတော့မယ်။

ညနေခင်း ဆည်းဆာ အလှဟာ အင်းလျား ကန်စောင်းမှာ ထုံးစံအတိုင်း လှပမြဲ လှပနေတယ်။ ညနေ သုံးနာရီခွဲ မှာ တံတားဖြူ မှတ်တိုင်မှာ ကားအပြာလေး တစ်စီး ဆိုက်လာပြီး လူငယ်တစ်ယောက် ဆင်းလာတာကို တွေ့ရတယ်။ သူ့ပုံစံက ဟိုကြည့်၊ ဒီကြည့်နဲ့ ဂနာမငြိမ်စွာ –

သူ့ကို ဟိုအဝေးတစ်နေရာက လူတစ်ဦး စောင့်ကြည့်နေတာကို သူ မသိပေ။ လေးနာရီတိတိမှာ သူ့ကို စောင့် ကြည့်နေသောသူက တစ်ဖက်လမ်းရှိ ကားဆီ ကူးလာပြီး သူ့ဆီ မောင်းထွက် လာခဲ့တယ်။ သူ့ ရှေ့အရောက်မှာတော့ သူဟာ ဒီကား နံပါတ်ကို မှတ်မိသလို မျက်လုံးများ အရောင် ပြောင်းသွားတာကို တွေ့လိုက်ရတယ်။

ကားပေါ်က လူတစ်ဦး ဆင်းလာပြီး သူ့ကို စာတစ်စောင် ကမ်းပေးတယ်။ သူ တုန်ယင်စွာနဲ့ စာကို ဖွင့်ဖတ်လိုက် တဲ့အခါ မို့မို့လွင် ရဲ့ လှပတဲ့ လက်ရေးလေးတွေကို တွေ့လိုက်ရတယ်။

မောင်

အခု စာလာပေးသူဟာ မို့နဲ့ အိမ်က လက်ထပ်ပေးမဲ့ ကိုရစ်ချတ်ပါ။ သူနဲ့ မို့ မကြာခင် လက်ထပ် ကြတော့မယ်။ မောင်လဲ မချိုချိုဦးကို လက်ထပ်လိုက်ပါ။ မို့နဲ့  မောင်ဟာ တကယ်တော့ မဖြစ်နိုင်မှန်း သိတဲ့ အလုပ်တစ်ခုကို ပြိုင်တူ လုပ်ခဲ့ကြတယ်လေ။ ဒီတော့ ရလာတဲ့ အကျိုးဆက်ကိုလည်း ရင်ဆိုင်နိုင်ဖို့ အင်အား မွေးရမှာပေါ့။

တကယ်တော့ မို့နဲ့ မောင်ဟာ မျဉ်းပြိုင် နှစ်ကြောင်းပါ။ ဘယ်လောက်ပဲ နီးကပ်စွာ တည်ရှိ နေပါစေ။ သူတို့ နှစ်ခုဟာ အမြဲ ပြိုင်လျှက်သာ ရှိပါတယ်။ မျဉ်းပြိုင် နှစ်ကြောင်းမှာ ဆုံဆည်းမှတ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ။ ဒီလိုပဲ မို့နဲ့မောင်ရဲ့ဘ၀မှာလည်း အတူတကွ ပေါင်းဖက် ဆုံဆည်းဖို့ ကံမပါလာခဲ့ဘူးလို့ပဲ ယူဆ လိုက်ပါတော့။ မို့ ဆုတောင်းခဲ့ ပါတယ်။ ဖြစ်လေရာ ဘ၀တိုင်းမှာ မောင်နဲ့ ပေါင်းရပါစေလို့

မောင့်ကို သိပ်ချစ်တယ်။

မို့

စာအဆုံးမှာ သူ မျက်ရည် ၀ိုင်းလာမိတယ်။ စာလာပေးတဲ့သူက မို့ ခရီးထွက်သွားပြီ။ လိုက်မရှာ ပါနဲ့လို့ မှာခဲ့တယ်တဲ့။

စာနဲ့ နောက်ဆုံး စာကြောင်းမှာ မောင့်ကို သိပ်ချစ်တယ် ဆိုတဲ့ စာကြောင်းကို နီရဲတဲ့ သွေးနဲ့ ရေး ထားတာကို တွေ့ရ တယ်။ မို့ရဲ့ အချစ်ကို သူ နားလည်ပြီးသားပါ။

“မို့ကို ဒီစာအုပ်လေး ပေးပေးပါ ကိုရစ်ချက်။ နောက်ပြီး မို့ကိုလဲ စာနာ နားလည်စွာနဲ့ တစ်သက်လုံး စောင့်ရှောက် သွားပါနော်။ ကျွန်တော် သွားတော့မယ်။”

နားမလည်သလို ကြည့်နေတဲ့ ကိုရစ်ချက်ကို ကျောခိုင်းပြီး သူ ထွက်ခဲ့တယ်။ စာအုပ်ကလေးနှင့် အတူ သူ့ရဲ့ နှလုံးသားကိုပါ မို့ လက်ထဲ အပ်ခဲ့ပါပြီ။ ကြိုက်သလို စီရင်နိုင်ပါတယ်။ သူ ကြေကွဲစွာပဲ ရေရွတ် လိုက်တယ်။

“မို့မို့ နင် ဘာတွေ လျှောက်လုပ်နေတာလဲ။ ငါ ဘာတစ်ခုမှ နားမလည်နိုင်တော့ဘူး။ နင့်အတွက် ဒီစာအုပ်လေး သူ ပေးခဲ့တယ်။”

ကိုရစ်ချက် လက်ထဲမှ သော့ခတ်၍ ရသော ဒိုင်ယာရီ စာအုပ်ကလေးကို လှမ်းယူ လိုက်မိတယ်။ ဒီစာအုပ်လေး က မောင့် မွေးနေ့လက်ဆောင် အဖြစ် ကျွန်မ ၀ယ်ပေးခဲ့တာပါ။

ဒီစာအုပ်ကလေးမှာ သော့ နှစ်ချောင်းရှိတယ်။ မောင်နဲ့ ကျွန်မ တစ်ယောက် တစ်ချောင်းစီ ခွဲယူထား ခဲ့ကြတယ်။ အဲဒီအထဲမှာ ကျွန်မတို့ နှစ်ဦးရဲ့ သီးသန့် ခံစားချက်လေးတွေပဲ ရေးထားတာလေ။ ရေးချင်ရင် ယူရေးပြီး ရေးစရာ မရှိရင် မောင့်ကို ကျွန်မက ပြန်ပေး ထားတတ်တယ်။ အခု ဒီစာအုပ်က သော့တစ်ချောင်းနဲ့ အတူ ကျွန်မရဲ့လက်ထဲ ရောက်နေပြီ။

သော့နှစ်ချောင်းကို ပေါင်းရင်း စာအုပ်ကလေးကို နောက်ဆုံးအနေနဲ့ စူးနစ်စွာ အကြာကြီး စိုက် ကြည့်နေမိတယ်။ ကျွန်မရဲ့ လက်အမြှောက်မှာပဲ ဒိုင်ယာရီ စာအုပ်ကလေးဟာ အင်းလျားရေပြင်မှာ တစ်ဆင့် ရေထဲ ရောက်သွားပြီး မကြာခင်မှာပဲ နစ်မြုပ် သွားတော့တယ်။

ကျွန်မ စိတ်တို့ကို တင်းမထားနိုင်တော့ပဲ ငိုကြွေးလိုက်မိပါတယ်။ ကျွန်မ မောင့်ကို မတွေ့ရဲလို့ မောင့်ကို တွေ့ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေ ယိုင်လဲသွားမှာစိုးလို့၊ မောင့်ကို နောက်ဆုံးအနေနဲ့ နှုတ်မဆက် ချင်လို့၊ မတွေ့ခဲ့တာကို မောင် နားလည် ပေးလိုက်ပါတော့။

သော့ခတ်ထားတဲ့ ဒိုင်ယာရီ စာအုပ်ကလေးလိုပဲ ကျွန်မရဲ့ နှလုံးသားကို သော့ခတ် သိမ်းဆည်းပြီး ဖွင့်လို့ ရတဲ့ သော့ကို ဖျက်ဆီး လိုက်ပါပြီ။ ဘယ်သော့နဲ့မှ ဖွင့်လို့ ပွင့်နိုင်မှာ မဟုတ်တော့ပါဘူး။

နားမလည်သလို ငေးကြည့်နေတဲ့ သူငယ်ချင်း ရစ်ချက်ကိုလည်း ရှင်းပြနိုင် စွမ်းအား ကျွန်မမှာ မရှိ သေးပါ။ တစ်နေ့နေ့မှာတော့ သူ ကျွန်မကို နားလည်လာပါလိမ့်မယ်။

မျက်စိအကြည့်က လက်ကောက်ဝတ်မှ ပလာစတာဆီ ရောက်သွားမိတယ်။ မနေ့က တစ်နေ့လုံး ကျွန်မ ဆောက်တည်ရာမရ ကြေကွဲနေမိတယ်။ မောင့်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက် ချပြီးချိန်မှာ ကျွန်မရဲ့ အသည်းနှလုံးဟာလဲ စာကြည့်စားပွဲ အောက်မှာ ထွန်းထားတဲ့ ခြင်ဆေးခွေလိုပဲ တမြေ့မြေ့ လောင်ကျွမ်း သွားခဲ့ပြီ။

မောင့်ဆီကို စာရေးအပြီး ကတ်ကြေး ချွန်ချွန်နဲ့ ကျွန်မရဲ့ လက်ကို စိတ်လိုက်မာန်ပါ ထိုးလိုက်ရင်း ကျလာတဲ့ သွေးစက်နဲ့ ‘မောင့်ကိုချစ်တယ်’လို့ ရူးမိုက်စွာနဲ့ စာအဆုံးမှာ ရေးလိုက်မိတယ်။

အခုတော့ အရာ အားလုံးဟာ ပြီးဆုံးသွားခဲ့ပြီ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ကျွန်မ ဦးစားပေး ရွေးချယ်ခဲ့ပြီ။ ရှေ့ဆက် လျှောက်ရမယ့်လမ်းမှာ နာကျင် အက်ကွဲနေတဲ့ ကျွန်မတို့ရဲ့ နှလုံးသားတွေကို လမ်းခင်းရင်း၊ မပျက်ပြယ်နိုင်တဲ့ ချစ်ခြင်း မေတ္တာတွေကို ရင်မှာ သိုဝှက် သိမ်းဆည်းထားရင်း၊ မိဘ အသိုင်းအ၀ိုင်းတွေရဲ့ ပျော်ရွှင်မှု အတွက် ကိုယ့်ရဲ့ မျက်ရည်တွေကို ပေးဆပ်ရင်း မောင့်နှင့် ကျွန်မတို့ နှစ်ယောက်ဟာ ဆုံမှတ် မရှိသော မျဉ်းပြိုင် နှစ်ကြောင်း အဖြစ်နဲ့သာ . . . . . . ။

မေဇူး

( ၁၉၉၉ခုနှစ်၊ မေလ၊ အပျိုစင်မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: