အဆုံးမဲ့ နိဂုံး

အစဆိုတာ ရှိရင် အဆုံး ဆိုတာလဲ ရှိရမယ်တဲ့။ ဒါဟာ လောကရဲ့ နိယာမ တစ်ခုပါ။ ဒါပေမဲ့ ကိုကြီး လေးနဲ့ ညီမဆိုးလေးတို့ရဲ့ ကြားမှာတော့ အစဆိုတာ ရှိခဲ့ပေမဲ့ အဆုံး ဆိုတာ ခုချိန်ထိ မရှိခဲ့သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုကြီးလေး ကိုယ်တိုင်က သူစခဲ့တဲ့ဇာတ်ကို အဆုံး မသတ်ခဲ့လို့ပေါ့။ အဆုံးသတ် ဆိုတာ မရှိပဲနဲ့ ကိုကြီးလေးနဲ့ ညီမဆိုး လေးတို့ရဲ့ ဘ၀ ဇာတ်ကြောင်းက ရှေ့ဆက်ရန် မရှိ နိဂုံး ချုပ်ခဲ့ပြီးလား။

မြန်မာပြည်ကို ခွင့်နဲ့(၁၀)ရက် ပြန်ပါရစေတဲ့လား။ ပြန်လာရင် ညီမဆိုးလေးနဲ့ လက်ထပ်နိုင်အောင် ကိုကြီးလေး စီစဉ် ကြိုးပမ်းခဲ့ပါမယ်တဲ့လား။ ကိုကြီးလေး ပြန်လာချိန်ကို အလွမ်းတွေ တပွေ့တပိုက်နဲ့ စောင့် နေပါတဲ့လား။ ကိုကြီးလေး ပြောခဲ့တဲ့ စကားတွေ၊ မှာခဲ့တဲ့ အကြောင်းအရာတွေကို ညီမဆိုးလေး အတိအကျ လိုက်နာခဲ့ပေမဲ့ ကိုကြီးလေးကတော့ ကိုယ်ပြောခဲ့တဲ့ အကြောင်းအရာတွေကို ဘာကြောင့်များ မေ့လျော့ ပျက် ကွက်ခဲ့ပါသလဲ။

အဖြေ မထွက်နိုင်တဲ့ ပုစ္ဆာ တစ်ပုဒ်ကို (၃)နှစ်ကျော်ကြာ တွက်ချက်ရင်း ကိုကြီးလေးကို စောင့်နေ ခဲ့ပါတယ်။ တစ်ချိန်က ပြောခဲ့ဖူးတဲ့ စကားတွေ၊ ပေးခဲ့ဖူးတဲ့ ကတိတွေ၊ ထားခဲ့မိတဲ့ မျှော်လင့်ခြင်း အိပ်မက် တွေထဲမှာ အဖြစ်မှန်ကို လက်မခံနိုင်စွာနဲ့ အိပ်မက်က မနိုးထခဲ့သူပါ။ (၁၀)ရက်ဆိုတဲ့ အတိုင်းအတာကို (၃) နှစ်ဆိုတဲ့ အချိန် တစ်ခုနဲ့ လဲလှယ်ပြီး စောင့်ခဲ့မိပါတယ်။ ကိုယ့်ရင်ကို အေးမြစေခဲ့သော စင်္ကာပူမှာ သာသည့် လမင်းတစ်စင်း အပြီးတိုင် ကွယ်ပျောက်ခဲ့ပြီလား။ ချိုမြိန်စွာ မက်ခဲ့ဖူး သော ပျားရည် အိပ်မက်မြစ်တို့ ခါး သည်း ခမ်းခြောက် ခဲ့ပြီလေ။

× × × × × ×

မြန်မာနိုင်ငံကို ပိုက်ဆံပို့ချင်လို့ စင်္ကာပူရောက် မြန်မာ သူငယ်ချင်း တစ်ယောက်နဲ့ ကော်ဖီဆိုင် တစ်ခုမှာ ဆုံကြပြီး စကား ပြောဖြစ်ကြတဲ့နေ့မှာပဲ တစ်သက်နဲ့ တစ်ကိုယ် ဘယ်တုံးကမှ မခံစား မသိ ရှိဖူးသေးသော အချစ်ဆိုသည့် ရသာစုံ သစ်သီးတစ်လုံးကို သူမ စတင် မြည်းစမ်းခွင့် ရခဲ့တာဖြစ်သည်။ ဆိုင် ထဲ ကို ၀င်တယ်ဆိုရင်ပဲ သူငယ်ချင်း ကိုမျိုးနှင့်အတူ တွဲကာ ထိုင်နေသော မြန်မာ ကောင်လေးတစ်ယောက် ကို အမြင်မှာပဲ သူမ ခြေလှမ်းတို့ မှားယွင်းခဲ့ရသည်။

အမြဲတမ်း မာထန်နေသော မျက်နှာထားနှင့် အပြိုင် တင်းမာ အေးစက်နေသော နှလုံးသားသည် သူ့ အကြည့် တစ်ချက် အောက်မှာပင် နွေးထွေး နူးညံ့လာသလို ခံစားရသည်။ ခုချိန်ထိ ရင်မခုန်ခဲ့ဖူးသေးသော သူမသည် ကိုယ့်ရင်ခုန် သံကိုပင် ထိုကောင်လေး ကြားသွားမှာ စိုးရိမ်နေမိသည်။

စင်္ကာပူကို သူမ ရောက်နေတာ (၂)နှစ်ကျော် ကြာပြီ ဖြစ်ပေမဲ့ ထိုကောင်လေးကို တစ်ခါမှ မဆုံ ဖူးခဲ့ပေ။ သူငယ်ချင်း၏ မိတ်ဆက်ပေးမှု အောက်တွင် သူ့နာမည်ကို မမှတ်မိခဲ့။ စိတ်များ လှုပ်ရှားနေမှုကြောင့် သူနာမည်တွင် “ပန်”ဆိုသော ထူးဆန်းသည့် နာမည် တစ်လုံးကိုသာ မှတ်မိတော့သည်။ ထိုနေ့ တစ်နေ့လုံး စားသော အစားအစာများ၊ ပြောဖြစ်သော စကားလုံးများသည် ချိုမြိန်မှု တို့ကိုသာ ဖြစ်စေသည်။

မျက်ဝန်းတစ်စုံမှ နူးညံ့ခြင်းများကို သူမ ခံစားတတ်ခဲ့ပြီ။ အရင်ကဆို ဒီလို မျက်ဝန်းများကို ပျော့ညံ့ သည့် သူများ သာ ပိုင်ဆိုင်သည်ဟု ကောက်ချက် ဆွဲမိမှာဖြစ်ပေမဲ့ ခုတော့ ထိုအဆိုကို ကိုယ့်ဘာသာပင် ပယ် ဖျက်မိသည်။ ထိုနေ့က စခဲ့သော ဆုံတွေ့မှုသည် နောက်ရက်များတွင် ခင်မင်မှုများအဖြစ် ပြောင်းလဲခဲ့ပြီ။

သူသည် မန္တလေးတွင်နေသော၊ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် အင်ဂျင်နီယာအဖြစ် အလုပ် ၀င်နေသော ဒီကို ရောက်တာ (၆)လခန့်သာရှိသေးသော၊ သူမထက် တစ်နှစ်ခန့်ငယ်သော၊ အိမ်ထောင် မရှိ သေးသောသူ တစ်ယောက် ဖြစ်ကြောင်းတို့ကို သူမ သိခွင့်ရခဲ့သည်။

သူမ အတွက်တော့ ပြောစရာ ထွေထွေထူးထူး မရှိခဲ့။ သူငယ်ချင်း တစ်ယောက်နှင့် အတူနေသော ရန်ကုန်သူ မိဘမဲ့ တစ်ကောင်ကြွက် တစ်ယောက်သာဖြစ်သည်။ ထိုသူငယ်ချင်း အစ်ကို၏ အဆက်အသွယ်ဖြင့် စင်္ကာပူရောက်ခဲ့ပြီး စက်ရုံ တစ်ခုမှာ အလုပ် ၀င်လုပ်နေခဲ့တာ (၂)နှစ် ရှိခဲ့ပြီ။ အတူနေ သူငယ် ချင်းကတော့ မနှစ်ကပင် ပြန်သွားပြီး မြန်မာနိုင်ငံ မှာ လက်ထပ် သွားခဲ့ပြီ။ သူမမှာ ထူးခြားတာဆိုလို့ မိန်း ကလေး ဖြစ်ပါလျက်နဲ့ ဒေါသ ရှေ့ထားတတ်တာ၊ ထစ်ကနဲရှိ ရန်ဖြစ်ဖို့ ၀န်မလေးတတ်တာ ရန်ဖြစ်တိုင်း မှာလည်း စိတ်မြန်လက်မြန်ဖြင့် လက်သီးနဲ့ ဆွဲထိုးဖို့ အားသန်တတ်တာ စတဲ့ အကျင့်ဆိုး များရှိသော ခပ်ဆိုး ဆိုး မိန်းကလေး တစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်သည်။

နေရာတကာမှာ ခပ်ဆိုးဆိုး ရှိတတ်သော သူမကို သူက သူ့ထက် အသက်ကြီးပေမဲ့ ညီမလေး (အထူးသဖြင့် ညီမဆိုးလေး)ဟု ခေါ်တွင်ခဲ့သလို၊ သူမထက် အသက်ငယ်ပေမဲ့ အရာရာကို တွေးတွေး ဆဆ လုပ်ကိုင်တတ်သော၊ သူမ ကို အစဉ်သဖြင့် ဆုံးမတတ်သော သူ့ ကို ကိုကြီး (သို့သော် သူမထက် အသက် ငယ်သဖြင့် ကိုကြီးလေး) ဟု ခေါ်တွင်ခဲ့ သည်။ သူမတို့ နှစ်ယောက်ထက် ကိုကြီးလေးနှင့် ညီမဆိုးလေးတို့၏ ခင်မင်မှုက ပိုမို မြန်ဆန်ခဲ့လေသည်။

ခင်မင်မှုတို့ ပိုမို ကျယ်ပြန့်လာစေတာကတော့ သူမရဲ့  ဟန်းဖုန်း ပျက်သွားရာက စခဲ့သည်။ အစစ အရာရာ ကိုယ့်ဘာသာကိုယ် လုပ်ကိုင်တတ်သော သူမသည် ခုတော့ အကျင့်ပျက်စွာဖြင့် သူတစ်ပါးကို အားကိုးချင်မိပြီ။ ဒါကြောင့်ပဲ အလွတ်ရနေသော သူ့ဟန်းဖုန်းကို လမ်းဘေး အကြွေစေ့ ဖုန်းလေးမှ တဆင့် လှမ်းဆက်ဖြစ်ခဲ့သည်။ သူ့အကူအညီဖြင့် ဖုန်းပြင်ရန် ကြံစည်မိသည်။

ဖုန်းဝယ်ယူစဉ်က ပါလာခဲ့သော အာမခံကဒ်ပြားဖြင့် ၀ယ်ယူသော နေရာမှာ ဖုန်းသွားပြင်ဖို့ သူ လိုက် ပို့ပေးခဲ့သည်။ ဖုန်းပြင်တာ တစ်ပါတ်ခန့် ကြာမည် ဆိုတော့ ဒီကြားထဲ သူမ ဖုန်းမကိုင်ပဲ နေရုံသာ။ သို့သော် အလိုက်သိတတ်သော ကိုကြီးလေးက သူရဲ့ ဟန်းဖုန်း နှစ်လုံးအနက်မှ တစ်လုံးကို ငှားရမ်း သုံးစွဲ စေခဲ့သည်။ ဒီလိုနဲ့ပဲ တစ်နေ့ကို နှစ်ကြိမ်လောက် သူမတို့  ဖုန်းပြော ဖြစ်ခဲ့ကြသည်။

ဟန်းဖုန်း ပြင်ထားတာ ရသောနေ့မှာတော့ မြို့ထဲမှာ အတူ ချိန်းပြီး သွားရွေး ခဲ့ကြသည်။ အဲဒီနေ့ မှာပဲ ဘယ်တုန်း ကမှ မိန်းမ မဆန်ဖူးသော သူမက

“ကိုကြီးလေး ဖုန်းကို မိန်းကလေးတွေ ခဏခဏ ဖုန်းဆက်ကြတယ်နော်။ သူတို့က ဘာလို့ တစ်ချိန် လုံး ဆက်နေ ရတာလဲ” ဟု မိန်းမဆန်စွာပင် အူတိုမိသည်။ သူကတော့ ခေါင်းမော့၍ အားပါးတရ ရယ်ရင်း

“သူတို့က ကိုယ့်ကို ဒိတ် လုပ်ချင်လို့ နေမှာပေါ့”တဲ့။

“ဟင် ကိုကြီးလေးက သူတို့နဲ့ ဒိတ် လုပ်နေကြလား”သူမ အသံ အနည်းငယ် တုန်ရင်သွားမိတာ သတိပြုမိသည်။

“အလကားပါ ညီမဆိုးလေးရာ၊ အဲဒါ ကိုကြီးလေး သူငယ်ချင်းတွေပါ၊၊ အရင်ကဆို ပျင်းရင် သူတို့ အိမ်တွေ သွားလည်နေကျ၊ ခုတော့ ညီမဆိုးလေး ရပြီးထဲက သူတို့ဆီ မရောက်တော့လို့ သူတို့က မေးနေ ကြတာ။ ဟိုနေ့က ကိုယ့်ဆီ ဖုန်း ထပ်ဝင်လာလို့ ကိုကြီးလေး သိပြီးသား။ ညီမဆိုးလေးကို အလကား နောက် တာ၊ စချင်လို့”

“ကိုကြီးလေးနော်၊ ပြောသလို မဟုတ်လို့ကတော့ အဲဒီ မိန်းမတွေကိုရော၊ ကိုကြီးလေးကိုရော လိုက် ထိုးမှာ”

“ကြည့် ပြောရင်း ဆိုရင်း လက်ပါ လာပြန်ပြီ။ မသကာ မိန်းမပီပီ စိတ်ကောက်မယ်၊ စိတ်ဆိုးတယ် လုပ်ပါလား၊၊ ဘယ့်နှယ် အခုတော့ လက်သီးနဲ့ လိုက်ထိုးမယ်တဲ့။ ကဗျာ မဆန်လိုက်တာကွာ။ ဟိုနေ့ကလည်း အလုပ်ထဲမှာ supervisor ကို ပြန်အော်ပြီး ရန်ဖြစ်လို့  ထိုးမလို့ လုပ်လို့ဆိုပြီး MD ရဲ့ ရုံးခန်း ရောက်ပြီးပြီ။ မမှတ်သေးဘူးလား။ စိတ်လျှော့ပါကွာ။ မိန်း ကလေး ပီပီ နူးနူး ညံ့ညံ့ နေစမ်းပါ။”

“မနေနိုင်ပါဘူး။ ဒါ ကိုယ့်စရိုက်ပဲ”

“အဲဒီ စရိုက်ဆိုတာကြီးကိုပဲ ပြင်ခိုင်းနေတာ။ တော်ကြာ ကြိုက်တဲ့သူ မရှိပဲ နေအုံးမယ်”

“ကြိုက်တဲ့သူ မရှိလဲ ဘာဖြစ်လဲ ကိုကြီးလေးရဲ့ အပျိုကြီးလုပ်မှာပေါ့”

“တော်ကြာ ရည်းစားက ပြင်ခိုင်းရင်ရော”

“ညီမဆိုးလေးမှာ ရည်းစားမှ မရှိတာ ကိုကြီးလေးရဲ့၊ ရှိရင်လည်း သူ ပြင်ခိုင်းတိုင်း မပြင်နိုင်ပါဘူး။ မိန်းကလေးလို နူးနူးညံ့ညံ့ နေပါမှ ရည်းစား ရမယ်ဆိုရင်လည်း နေပါစေတော့ ကိုကြီးလေးရာ”

“ကိုကြီးလေးက မိန်းမ ပီပီသသ နေပါလို့ ပြောရင်ရော ညီမဆိုးလေးက နေမှာလား”

သူမအနည်းငယ် ရင်ခုန်စွာ

“အင်း၊ ကိုကြီးလေးက ပြောရင်တော့ ကြိုးစားပြီး နေမှာပေါ့”

“အဲဒါတွေကြောင့် ညီမဆိုးလေးကို ချစ်တာ”တဲ့။

အနှောင့်အသွား မလွတ်သောစကားကို သူ ဆိုခဲ့သည်။ အဲ့ဒီ နောက်ပိုင်းမှာတော့ သူမ အတတ်နိုင် ဆုံး မိန်းမ ပီသအောင် ကြိုးစားခဲ့ပါသည်။ သို့သော် အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း နေခဲ့တာမို့ အလွယ် တကူနဲ့ မိန်းမ မဆန်ခဲ့။ မနက်ပိုင်း အလုပ် ဆင်းရတဲ့ သူနဲ့ ညဂျူတီ ဆင်းရသော သူမတို့ ဆုံတွေ့နိုင်ဖို့ အချိန်က ရှားပါးလှသည်။

ဒါကြောင့်ပဲ မနက် သူ အလုပ် မ၀င်ခင်၊ ညနေပိုင်း သူမ အလုပ်စ မဆင်းခင် ရသည့် အချိန်လေး တွေမှာ ဖုန်းဆက် ဖြစ်ခဲ့သည်။ ဖုန်းဆက်တိုင်းမှာလဲ ဒီနေ့ ဘယ်သူနဲ့ ရန်ဖြစ်လဲ။ ဘာကိစ္စဖြစ်လဲ။ ဖြစ်တယ် ဆိုရင်လည်း မှားတယ် မှန် တယ်နဲ့ ထောက်ပြ ဝေဖန် တတ်ခဲ့သည်။

တစ်ပါတ်မှာ တနင်္ဂနွေ တစ်ရက်ပဲ (၂)ယောက်လုံး အားသောကြောင့် လူချင်း ဆုံတွေ့နိုင်ဖို့ အဆင်ပြေသည်။ ခင်မင်မှု ကြာလာတာနှင့်အမျှ တစ်ယောက် သဘောကို တစ်ယောက် နားလည် တတ်ခဲ့ပြီ။ သူမ အတွက်တော့ ကိုကြီးလေးသည် မရှိမဖြစ် လိုအပ်ခဲ့ပြီ။ တစ်ခုသော တနင်္ဂနွေမှာတော့ နှစ်ယောက်ထဲ MRT စီးရင်း လူအများကြီး ထိုင်ကြ တဲ့ ခုံတန်းရှည်မှာ ၀င်မထိုင်ဘဲ နှစ်ယောက်ခုံလေးမှာ ၀င်ထိုင်ဖြစ်သည်။ ရထား ထွက်တယ်ဆိုရင်ပဲ ကိုကြီးလေးက သူမနား ပိုမို တိုးကပ်ရင်း သူမ လက်ကို အသာအယာဆုပ်ကိုင်ကာ

“ညီမဆိုးလေးကို ကိုကြီးလေး ချစ်တယ်တဲ့”

အဲ့ဒီလို သူ ပြောချိန်မှာပဲ သိပ်ကို မိန်းမ မဆန်တဲ့ သူမရဲ့ နှုတ်ဖျားက ချက်ချင်းပဲ

“ညီမဆိုးလေးကဖြင့် ကိုကြီးလေးကို ချစ်နေတာ ကြာလှပြီ။ စတွေ့ထဲကပဲ”

ပွင့်လင်းတဲ့ သူမရဲ့ အဖြေကို သူ မျှော်လင့်ထားပုံ မရပေ။ ရုတ်တရက် အံ့သြသွားပြီး နောက်မှ ၀မ်းသာ အားရ ပြုံးသည်။

“ညီမဆိုးလေးရာ၊ နည်းနည်း ပါးပါးလေးတောင် ဟန်ဆောင် ပန်ဆောင် မမူတော့ဘူးလား”

“ဘာလို့မူရမှာလဲ၊ ကိုယ်လည်း တကယ်ကြိုက်နေတဲ့ဟာ။ မူတယ်ဆိုတာ မိန်းကလေးတွေ အလုပ် ပါ”လို့ ဆိုတော့

“ညီမဆိုးလေးကရော မိန်းကလေး မဟုတ်လို့ လား။ ခပ်ဆိုးဆိုး အမူအရာတွေ စွန့်ပြီး သိမ်သိမ် မွေ့ မွေ့ နေနော်”တဲ့။

ဒီစကားကို ကိုကြီးလေး မဟုတ်ပဲ အခြား လူတစ်ယောက်ကသာ ပြောမယ်ဆိုရင် သူမ အရမ်းကို စိတ်ဆိုးမိမှာ သေချာသည်။ ခုတော့ ချစ်တဲ့သူရဲ့ စကားဆိုတော့ သူမ နားထောင်နိုင်အောင် ကြိုးစားရ တော့မည်။

ချစ်ကြပြီဆိုတော့လည်း ခါတိုင်းလို တစ်ပါတ် တစ်ခါ တွေ့နေကျ၊ လျှောက်လည်နေကျ အချိန် များကို နည်းသည် ဟု ထင်တတ် လာခဲ့ပြီ။ ဒီတော့ အမြဲတမ်းလိုလို MRT မှာ ချိန်းတတ်ခဲ့ပြီ။

သူက မနက်ပိုင်း ရုံးတက်ရမည့်အချိန်ထက် အိမ်မှ စောထွက်ကာ ထွက်လာပြီဆိုလျှင် ဖုန်းဆက်ပြီး သူမ ဘယ်ရောက်နေပြီလဲ မေးကာ သူမ ရောက်မဲ့ ဘူတာမှာ လာစောင့် နေတတ်သည်။ ထို့နောက်မှာတော့ ညဂျူတီ ထွက်သော သူမက နေ့ဂျူတီ ၀င်မည့် ကိုကြီးလေး အလုပ်ဆီ အရောက် ရထား အတူစီးကား လိုက်ပို့တတ်သည်။ ညဘက် အိပ်ပျက်မှု များသည် ကိုကြီးလေး မျက်နှာကို မြင်ရချိန်တွင် ပျောက်ပျက် ခဲ့သည်။ ကိုကြီးလေးကို ပို့ပြီး ပြန်လာရင်တော့ လမ်းမှာ သူမ ငိုက်မြည်း လာခဲ့ပြီ။ သူမ ဆင်းရမဲ့ဘူတာ ကျော် မသွားစေရန် မနည်း သတိထားရသည်။

ညနေပိုင်း ဆိုရင်တော့ သူမ အိမ်မှ ထွက်ချိန်တွင် ဖုန်းဆက်ကာ သူ လာမဲ့ဘူတာတွင် ကြိုစောင့် နေမြဲ။ ပြီးလျှင် ကိုကြီးလေးက သူမ အလုပ်ကို လိုက်ပို့မြဲ။ ဒီလိုနဲ့ တစ်ယောက်နားမှာ တစ်ယောက် နေခွင့် အချိန်ကြာကြာရဖို့ ဖန်တီးတတ် ကြသည်။

ပိတ်ရက်မှာ လျှောက်လည်ကြတော့လည်း ရုပ်ရှင် ကြိုက်သော သူမ အလိုကျ ရုပ်ရှင်ပဲ ကြည့်ဖြစ် တာ များသည်။ ဂေါ်ဇီလာလို ကြောက်စရာကောင်းသော ကားမျိုး ကြည့်ဖြစ်လျှင် ကိုကြီးလေး ရင်ခွင်မှာ မျက်နှာဝှက်ကာ ကြည့်လိုက် ကွယ်လိုက် လုပ်တတ်သော သူမကို ကိုကြီးလေးက ကလေး တစ်ယောက်ပမာ သဘောကျ ရယ်မောနေတတ်ပြီး သူမကလည်း ကြောက်စရာကောင်းသော ကားများကို ကိုကြီးလေး အားကိုးနှင့် ကြည့်မိမြဲ။ ချစ်သူဘ၀ နေ့ရက်တို့က ချိုမြိန် လှပြီး ပျော်စရာ ကောင်းခဲ့သည်။

ဒီလိုနဲ့ သူမတို့ ချစ်သက်တမ်း (၂)နှစ် ရှိခဲ့ပြီ။ လာမဲ့ နှစ်သစ်မှာ လက်ထပ်ဖို့ တိုင်ပင် ထားကြပြီးပြီ။ ခက်နေတာက သူမက တစ်ကောင်ကြွက်မို့ ပြဿနာ မရှိပေမဲ့ ကိုကြီးလေးဘက်မှာတော့ ရှေးဆန်သော မိဘနှစ်ပါးကို ဖွင့်ပြောတဲ့ အခက် အခဲ အနည်းငယ် ရှိခဲ့ပြီ။

ကိုကြီးလေး မိဘတို့က မြန်မာပြည်မှာ နေသော၊ သူတို့ရဲ့ မျက်စေ့အောက်မှာပဲ ရှိသော၊ မြန်မာ မလေး တစ်ယောက်ကိုသာ လက်ထပ် စေချင်သည်။ သူမကိုတော့ နိုင်ငံခြားမှာ နေသော မြန်မာမလေးမို့ အနည်းငယ် အမြင် မကြည်သော သဘောရှိတာကို သိလိုက်ရသည်။ ကိုကြီးလေးကတော့ ဒါဟာ မိဘတွေရဲ့ ပူပန်မှုသာ ဖြစ်တာမို့ ရှင်းပြ လိုက်ရင် ပြေလည်သွားမဲ့ ပြဿနာပါတဲ့။ သူမကလည်း မိဘ မရှိတာက လွဲ၍ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်သော မိန်းကလေး တစ်ယောက်ပါပဲ။ တကယ်တော့ ဘယ်လောက်ပဲ မိန်းကလေး မပီသဘူးဆိုဆို သူမသည် မြန်မာမလေး တစ်ယောက်သာမို့ ကိုယ်ကျင့်တရားနဲ့ သိက္ခာကို စောင့်ထိန်းတတ်သော မြန်မာစိတ်ဓါတ် ရှိပြီးသားဖြစ်သည်။

အထူးသဖြင့် ကိုကြီးလေးရဲ့ ပြုပြင်မှုအောက်မှာ အတော်လေးကို ပြောင်းလဲခဲ့ပြီ။ အခုဆို မြန်မာ အခမ်းအနားနေ့ များဆိုလျှင် မြန်မာအင်္ကျီနှင့် ချိတ်ထမီကို ၀တ်ဆင် တတ်ခဲ့ပြီ။ အဲလိုအခါမျိုးမှာ ကိုကြီးလေး မျက်နှာ ပြုံးနေတတ်သည်။

“ညီမဆိုးလေးရဲ့ ဒီပုံကိုသာ မြင်ရင် ဖေနဲ့မေက ချွေးမအဖြစ် တန်းရွေးမှာ သေချာတယ်။ သူတို့ စိတ်ထဲမှာက ဒီမှာ အနေကြာတဲ့ မိန်းကလေးဆိုတော့ ခေတ်ဆန်ဆန် ထောင့်မကျိုးတဲ့ ပုံစံပဲ မြင်နေကြမှာ လေ”

“ကိုကြီးလေးပြောသလိုဖြစ်ရင်တော့ အကောင်းဆုံးပေါ့ကွယ်”

ဒီနှစ်အတွက် Bonus တွေ ရချိန်မှာတော့ ကိုကြီးလေးက သူမအတွက် စိန်ပွင့်လေး တစ်လုံးကို အလယ်မှာ မြှုပ်နှံ ထားသည့် ပလက်တီနမ် လက်စွပ်လေး တစ်ကွင်းကို ၀ယ်ပေးခဲ့သည်။ ထို့နောက်မှာတော့

“ကိုကြီးလေနှင့် ညီမဆိုးလေးရဲ့ စေ့စပ်လက်စွပ်”ဟုဆိုကာ သူမရဲ့ ဘယ်ဘက်လက် သူကြွယ်မှာ သူကိုယ်တိုင် စွပ်ပေး ခဲ့လေသည်။ ထိုအခါ သူမမှာ ၀မ်းနည်း ၀မ်းသာ မျက်ရည်များဖြင့် ငိုကြွေးခဲ့မိသည်။ မကြာမီမှာပင် အလုပ်က ခွင့် (၁၀)ရက်ရမှာမို့ ကိုကြီးလေး မြန်မာပြည် ခဏ ပြန်တော့မည်။ သူမလည်း လိုက်ပါချင်ပေမဲ့ သူမ အလုပ်က ခွင့်မရခဲ့။ ကိုကြီးလေး ပြန်သွားချိန်မှာ တစ်ယောက်တည်း ကျန်ရမည့် အဖြစ်ကို ကြိုတင် ၀မ်းနည်းစွာ ငိုကြွေးမိသည်။

“ကိုကြီးလေးက (၁၀)ရက်တည်း ပြန်မှာပါ ညီမဆိုးလေးရယ်။ မငိုပါနဲ့၊ ကိုကြီးလေးသွားခါနီး စိတ်မဖြောင့်အောင် မလုပ်ပါနဲ့။ နောက်ပြီး ခုပြန်မှာကလည်း ကိုကြီးလေးနဲ့ ညီမဆိုးလေးတို့ မင်္ဂလာကိစ္စကို ဖေ၊ မေတို့နဲ့ တိုင်ပင်ရအောင်က အဓိကပါတယ်လေ။ ကိုကြီးလေးမျက်နှာကိုမြင်ရ ဖေ၊ မေတို့က ကိုကြီး လေးစိတ်တိုင်းကျဖြစ်စေမှာပါ။ ဒါဆိုရင် ကိုကြီးလေး တို့ ဒီမှာ အရင်လက်ထပ်မယ်။ နောက် (၂)ယောက်စလုံး ခွင့်ယူပြီး မြန်မာပြည်မှာ မင်္ဂလာ ပြန်ဆောင်ကျမယ်လေ။ တစ်သက်တာအရေးအတွက် ခဏလေး ဝေးရ တာကိုတော့ ကိုကြီးလေးတို့ ရင်ဆိုင်ရမှာပေါ့နော်”

“ကိုကြီးလေးကို စိတ်မချဘူး”လို့ မူနွဲ့စွာ သူမဆိုတော့

“ကိုကြီးလေးအတွက် ညီမဆိုးလေးကဟာ တစ်သက်တာ ထာဝရ ညီမဆိုးလေးပါပဲကွယ်။ ဘာ ကြောင့် မှ ဘာအကြောင်းနဲ့ မှ ပျောက်ပျက်စရာ မရှိပါဘူး”

“ဟုတ်ကဲ့”

“ကိုကြီးလေးလည်း ညီမဆိုးလေးကို လွမ်းနေမှာပါကွယ်။ ကိုကြီးလေးန့တိုင်း ဖုန်းဆက်မယ်လေ။ ဖုန်းကို အမြဲဖွင့် ထားကြားလား”တဲ့။

ကတိစကားတွေ အထပ်ထပ်၊ မျှော်လင့်ခြင်းတွေ များစွာပေးပြီး မြန်မာပြည်ကို သူပြန်သွားခဲ့သည်။

“လေဆိပ်ကို လိုက်မပို့ချင်ဘူး”ဟု ပြောတော့ သူမခံစားချက်ကို စာနာစွာနှင့် နားလည်ပေးခဲ့သည်။ အလုပ် မသွားရသေးခင် တစ်နေကုန် အိပ်ရာထဲမှာ ခွေနေသော သူမကို အိမ်က စထွက်ထဲက ဖုန်းဖြင့် ဆက်သွယ်ရင်း ဘယ်ရောက်နေပြီ၊ ဘာလုပ်နေပြီနှင့် တောက်လျှောက် ဖုန်းမချတမ်းပြောနေခဲ့သည်။

နောက်ဆုံး လေဆိပ်ထဲရောက်နေပြီ၊ Immigration ဖြတ်ပြီးပြီ၊ လေယာဉ်ပေါ်တက်ဖို့ စောင့်နေပြီ စသည်ဖြင့် လှမ်းပြောနေသည်မှာ လေယာဉ်ပေါ်တက်ဖို့ ကြေညာနေသည့်အချိန်အထိ –

“ညီမဆိုးလေးရေ၊ ကိုကြီးလေး လေယာဉ်ပေါ်တက်တော့မယ်။ ခရီးသည်ထဲမှာ ကိုကြီးလေး နောက်ဆုံးပဲ။ ကိုကြီးလေး ပြန်လာမဲ့အချိန်ကို စောင့်နေနော်။ ပြန်လာမဲ့ရက်ကို လာကြိုရ မယ်သိလား။ ညီမဆိုးလေးမှတ်ထားဖို့က ညီမဆိုးလေးကို ကိုကြီးလေး သိပ်ချစ်တယ်ဆိုတာပဲ။ Bye Bye”တဲ့။

သူရဲ့ စကားများအရ လေယာဉ်ပေါ်တက်သည်အထိ သူမဘေးနားမှာ ရှိနေသလို ခံစားရသည်။ ဟော နားထဲမှာ လေယာဉ်စက်နှိုးနေပြီ။ အခုဆို ပြေးလမ်းပေါ် အရှိန်ယူနေပြီ။ အခုဆိုရင် လေယာဉ်ကြီး မိုးပေါ်တက် သွားပြီပေါ့။ ခုမှပဲ အင့်ကနဲ ၀မ်းပမ်းတနည်း ငိုချလိုက်မိသည်။ ခဏလေး ခွဲဖို့တောင် ခံနိုင်ရည်မရှိဘူး ကိုကြီးလေးရယ်။ တစ်ဘ၀လုံးသာဆိုရင် ……… သူမ မတွေးရဲ။ မကြာမီ အချိန်အတွင်းမှာ လတ်ဆတ်သော မြန်မာလေကို ရှုရှိုက်ခွင့် ကိုကြီးလေး ရတော့မည်။ ကိုကြီးလေးသွားသော ခရီး အစစ အရာရာ အဆင်ပြေပါစေလို့သာ ဆုတောင်းမိတော့သည်။

ကိုကြီးလေး သွားချိန်မှစ၍ ဖုန်းဆက်ရင် လွဲမှာကို ဘယ်လောက်များ သူမစိတ်ပူခဲ့လည်းဆိုရင် ဖုန်းကို ရေချိုးရင် လည်း ယူ၊ အိမ်သာတက်လည်းယူ၊ အိပ်ရာဝင်လည်းယူနှင့် ဘယ်အချိန်မှာ ဖုန်းလေးဆီမှ ကိုကြီးလေးအသံကြားရမလဲဟု အရူးအမူး မျှော်လင့်မိသည်။ ဖုန်းမြည်တိုင်း ရင်ခုန်စွာ နားထောင်မိလေတိုင်း ကိုကြီးလေးမဟုတ်ဘဲ အခြားသူဖြစ်နေလျှင် ဒေါသဖြစ်ရမြဲ။ ဖုန်းမအား၍ ခေါ်မရမှာဆိုးကာ ကမန်းကတန်း ဖုန်းချပစ်မြဲ။

ဒါပေမဲ့ သူမဆီလာတဲ့ ဖုန်းတိုင်းမှာ မြန်မာပြည်မှ မပါဝင်ခဲ့။ သူသွားတာ (၁၀)ရက်ပြည့်ခါနီးမှာ သူမ အားတို့ ပြန်လည် ပြည့်ဖြိုးလာခဲ့သည်။ မန္တလေးမှာဆိုတော့ ဖုန်းဆက်ရခက်မှာပေါ့လေဟု ဖြည့်တွေး တွေးခဲ့သည်။

ပြန်လာမှာ ဖုန်းမျှော်ရသည့်ဒုက္ခဘယ်လောက်ကြီးကြောင်းကို ပြောပြပြီး စိတ်ကောက်ရဦးမည်။ သူမအတွေးတို့ ရွှင်မြူးစွာ

သို့သော် . . . . . . . . .

သတ်မှတ်ရက်တို့ ကျော်ခဲ့တာ ခုဂဏန်းမှ ဆယ်ဂဏန်းသို့ ပြောင်းခဲ့ပြီ။ ဆယ်ဂဏန်းများ ရာဂဏန်း သို့ ပြောင်းချိန် မှာတော့ သူမစိတ်တို့ ရူးသွပ်တော့မည်။ စုံစမ်းရန်လိပ်စာလည်း သူမမှာ ရှိမနေခဲ့။ ချစ်သူကို မန္တလေးမှာ နေတယ်ဆိုတာက လွဲလို့ တစ်ခါမှ အတိအကျ မမေးမိခဲ့။

အလုပ်ကို လိုက်သွားတော့လည်း ဘာသတင်းမှ မရဟုဆိုလာသည်။ သူမအတွက် သောကရက်တို့ များပြားခဲ့ပြီ။

တစ်နေ့ ပြန်လာနိုးဖြင့် မျှော်လင့်ခဲ့ရာ (၆)လကျော် ကြာသောအခါကျမှ မြန်မာပြည်က ဖုန်းလာခဲ့ လေသည်။ ကိုကြီးလေးရဲ့ သူငယ်ချင်းပါတဲ့။

“ကိုကြီးလေး လက်ထပ်လိုက်ပြီတဲ့လား။ မဖြစ်နိုင်တာ၊ မဟုတ်တာတွေ မပြောကြပါနဲ့၊ ဒီနည်းနဲ့ မနောက်ကြပါနဲ့ တောင်းပန်ပါတယ်”

“တကယ်ပါ မနီ၊ မနီရဲ့ ကိုကြီးလေး တကယ်ကိုလက်ထပ်ပြီးသွားပါပြီ။ စင်္ကာပူက ပြန်ရောက်တဲ့လ ကပါပဲ။ သူ့အမေကြီးက ကျန်းမာရေးကို အကြောင်းပြပြီး အကျပ်ကိုင်တယ်လေ။ သူဘာမှ မတတ်နိုင်ခဲ့ဘူး။ နောက်ပြီး သူ့ကိုလည်း စင်္ကာပူကို ပေးမပြန်တော့ဘူး။ ဒီမှာပဲ စီးပွားရေးတစ်ခု တည်ထောင်ပေးလိုက်ပြီ။ သူကိုယ်တိုင် မနီကို အသိမပေးရက်လို့ ကျွန်တော့်ကို ပြောခိုင်းတာပါ”

“ရှင်”

အဲဒီနောက်မှာ သူမ၀ုန်းကနဲ ပြိုလဲကျသွားလားမသိ၊ ပြန်သတိရတော့ မန်နေဂျာရဲ့ ရုံးခန်းထဲမှာ သူမ ချုံးပွဲချ ငိုချလိုက်ပေမဲ့ ရင်မှာတော့ ပေါ့မသွားခဲ့ပါဘူး။

ဒီလို လွယ်လွယ်ကူကူ “လပ်ထပ်လိုက်ပါပြီ”ဆိုတဲ့ စကားတစ်ခွန်းနဲ့ ညီမဆိုးလေး ရင်ထဲက မျှော်လင့်ခြင်းတွေကို ဖျက်ပစ်လိုက်တော့မလို့လား၊ ကိုကြီးလေးရယ် ညီမဆိုးလေး ရင်ထဲက ချစ်ခြင်းမေတ္တာ အဆောက်အအုံက ဖြိုချလို့မရ အောင် ခိုင်မြဲနေခဲ့ပြီ။

မယုံကြည်ဘူး ကိုကြီးလေးရယ်။ ယုံလည်း မယုံခဲ့ပါဘူး။ ဒါကြောင့်ပဲ ဘယ်နေ့မှာ ညီမဆိုးလေးရဲ့ ဖုန်းထဲကို ကိုကြီးလေး ပြန်ရောက်နေပြီဆိုတဲ့ အသံနဲပ ဖုန်းဆက်လာမလဲလို့ စိတ်နဲ့ မျှော်ခဲ့တာကြာပါပြီ။

သွားလေရာကို ဖုန်းမချတမ်းယူသွားလို့လဲ အားလုံးက ရယ်ကုန်ကြပြီ။ ဒါပေမဲ့ ဂရုမစိုက်ခဲ့ပါဘူး။ ဒါတွေဟာ ကိုကြီးလေးပြန်လာဖို့ကိစ္စလောက် အရေးမကြီးခဲ့ဘူးလေ။

ရက်ကိုလစား၊ လကိုနှစ်စားကာ ကိုကြီးလေးပြန်မလာတော့တာ (၃)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သူမ ကတော့ ကိုကြီးလေးရဲ့ နှုတ်ဖျားဆီမှ လက်ထပ်လိုက်ပါပြီဆိုတဲ့စကားကို မကြားရမချင်း ကိုကြီးလေး ကိုယ်တိုင် နှုတ်က၀န်မခံချင် စောင့်နေမိအုံးမှာ။

ကိုကြီးလေးရေ ညီမဆိုးလေးတို့ရဲ့ဇာတ်ဟာ အစရှိပြီး ဘာလို့အဆုံးမရှိတာလဲ။ အဆုံးသတ်မရှိပဲနဲ့ ကိုကြီးလေးနဲ့ ညီမဆိုးလေးတို့ရဲ့ ဘ၀ဇာတ်ကြောင်းက ရှေ့ဆက်ရန် မရှိဆိုပြီး နိဂုံးချုပ်လိုက်ရမှာလား။ မဖြစ်နိုင်ဘူးနော်။

ကိုကြီးလေးပြောခဲ့တဲ့ (၁၀)ရက်ဆိုတာ မပြည့်သေးလို့ ကိုကြီးလေးပြန်မလာသေးတာပါနော်။ တကယ်လို့ ကိုကြီးလေးပြောခဲ့တဲ့ (၁၀)ရက်ဆိုတာ ပြည့်ခဲ့ရင် ညီမဆိုးလေးဆီကို ကိုကြီးလေးကိုယ်တိုင် ဆက်ဆက်ရောက်လာမှာပါ။ ကိုကြီးလေး ရောက်မလာမချင်း (၁၀)ရက်မပြည့်သေးလို့ဆိုတဲ့ အသိတစ်ခုနဲ့တူ ညီမဆိုးလေး နောင်နှစ်ပေါင်း ဘယ်လောက်ကြာကြာ စောင့်နေအုံးမှာပါ . . . . . . . . . . .။

မေဇူး

( ၂၀၀၁ ခုနှစ်၊ မတ်လ၊ မြင်ကွင်း မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: