အာဃာတ မိုးကောင်းကင်၊ အတ္တ တိမ်တိုက်များ ကြားမှ အဖြူရောင် သတို့သမီး

တစ်မနက်ခင်းလုံး မင်္ဂလာပွဲတွင် စိတ်ကျဉ်းကျပ် နွမ်းနယ်မှုတို့သည် မင်္ဂလာ ဧည့်ခံပွဲ အပြီး ဘုရားကျောင်းမှ အထွက် လတ်ဆတ်သော လေအေးကို ရှုရှိုက်ခွင့် ရလိုက်သော အခါမှပင် အတန်အသင့် သက်သာ သွားခဲ့တော့သည်။ ဘုရားကျောင်း လှေကားထစ်များကို ဆင်းချိန်မှာတော့ သူရဲ့ လက်မောင်းကို မှီတွဲ ချိတ်တွယ်ထားသော သတို့သမီးကို စောင်းငဲ့ ကြည့်မိ သည်။ သူမ မျက်နှာမှာ အနည်းငယ် ပင်ပန်းသောပုံ ပေါက်သော်လည်း နှုတ်ခမ်းများ၊ မျက်ဝန်းများက ပျော်ရွှင် ကြည်နူးမှုတို့ ဖြင့် တောက်ပနေဆဲ။

ဒါပေါ့လေ ကိုယ်ချစ်တဲ့လူ တစ်ယောက်ကို လက်ထပ်ခွင့်ရတယ်ဆိုတာ သူမအတွက် ကျေနပ် စရာ ပေါ့။ ဒါဆိုရင် သူကရော၊ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော သတို့သမီး၏ မျက်နှာနေရာတွင် အခြား မျက်နှာလေးတစ်ခုကို မြင် ယောင်မိချိန် မှာတော့ သူ့ရင်တွေ စူးနစ်အောင် နာကျင်သွားမိသည်။

ဆံပင် တိုတို၊ မျက်လုံး ၀ိုင်းဝိုင်း၊ ပါးဖောင်းဖောင်းလေးနှင့် ချစ်စရာ ကောင်းသော ကောင်မလေး၊ အခုအချိန် ဆို ရင်တော့ ထိုကောင်မလေး မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံ နေပါတော့မည်။ သူနှင့် နောက်ဆုံး တွေ့ချိန်က ကြည့်ခဲ့သော အကြည့်နက်နက်တို့ကို မြင်ယောင်မိချိန်မှာတော့ သူ့ခြေလှမ်းတို့ ယောင်ယမ်းပြီး ရပ်တန့်သွားမိသည်။ သတို့ သမီးက သတိပေးသလို ဆုပ်ကိုင်လိုက်သောကြောင့် သူ့အသိတို့ ပြန်လည်ဝင်လာသည်။ နောက်ကို စောင်းငဲ့ကြည့်လိုက် တော့ မိမိတို့ ဆန္ဒပြည့်ဝ၍ ကျေနပ် ပျော်ရွှင် နေပုံရ သော မိဘနှစ်ပါးကို တွေ့ရလေသည်။

သူ့ရဲ့စိတ်နှင့် ကိုယ်က ဘယ်လောက်ထိ လွင့်ကွာနေလဲဆိုရင် မင်္ဂလာကားထဲကို ဘယ်လို ၀င်ထိုင်မိမှန်းတောင် မသိ။ သူ့ အတွေးတွေက လန့်နိုးလာတော့ အိမ်ကို ပြန်ရောက်ခါ နီးနေခဲ့ပြီ။ သူ အိမ်ကို ပြန်မရောက်ချင်ပါ။ သူ အိမ်ပြန် လာချိန်ကို သူမ မြင်တွေ့ခဲ့ပါလျှင် ဘယ်လောက်များ ကြေကွဲစွာ ခံစားရ ပါမလဲ။ သူမတို့အိမ်နှင့် သူ့အိမ်က မျက်နှာချင်း ဆိုင် တိုက်များ ဖြစ်ကြပြီး လမ်းမကြီး တစ်ခုသာ ခြားတာမို့ အားလုံးကို မြင်နေ ကြားနေရသည်။

မနက် မင်္ဂလာဆောင်ဖို့ အိမ်က အထွက်မှာ သူမရဲ့ အိမ်ဘက်ကို မော့ကြည့်မိတော့ ခန်းဆီးစကို အသာလှပ်ပြီး သူ့ကို ခိုးကြည့်နေသော မျက်ဝန်းများကို တန်းတိုးမိသည်။

“မင်္ဂလာဆောင် နောက်ကျနေမယ် သွားစို့” ဆိုတဲ့ ဒယ်ဒီရဲ့ တိုက်တွန်းသံကိုသာ မကြားရပါက သူမ ဆီကို ရောက်သွား မိလေမည်လား သူ မဝေခွဲတတ်ပါ။

သူတို့ ဇနီးမောင်နှံကို တင်ဆောင်ထားသော ကားလေးက လမ်းထဲ ချိုးဝင်လာခဲ့ပြီ။ ဘေးပတ်ဝန်း ကျင်ကို ကြည့်မိ မှာစိုး၍ မျက်ဝန်းများကို မှိတ်ပြီး ကားနောက်မှီမှာ ကိုယ်ကို ဖျော့ခွေထားမိသည်။

တုံ့ခနဲ ကားရပ်သွားတာကြောင့် အိမ်ရောက်ပြီဆိုသော အသိနှင့် မျက်စိဖွင့်ကြည့်တော့ ကားက အိမ်ရှေ့ လမ်းမပေါ်မှာ ရှိနေဆဲ။ စိတ်ပျက်စွာ မျက်စိကို ပြန်မှိတ်ချိန်မှာ အသံတချို့က နားထဲ ၀င်လာ ခဲ့သည်။

အာမေဍိတ် အသံမျိုးစုံကြောင့် သူ့မျက်ဝန်းများက တစ်ဖက်ခြံသို့ ရောက်သွားချိန်မှာတော့ သတို့ သမီးနဲ့ အခြား လူများရဲ့ အထိတ်တလန့် အော်သံတို့ကို သူ မကြားနိုင်တော့ပါ။ သူ့ရဲ့ အာရုံကတော့ သူမ ရှိရာဆီသို့သာ။

x x x x

မြတ်ပန်းသဇင်နှင့် နေမျိုးထိုက်တို့သည် ဟိုးငယ်စဉ် ကလေးဘ၀တည်းက သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ သူတို့ ကလေးချင်း ရင်းရင်းနှီးနှီး ရှိပေမယ့် လူကြီးတွေချင်း သိပ်ပြီး မသင့်မြတ်လှတာကို သူတို့က ငယ်သေးတော့ မသိရှိနိုင်ခဲ့။ ရပ်ရွာအတွင်း အလှူအတန်း သာရေး နာရေးများတွင် သူတို့ မိဘများကို တွေ့ရတတ်သော်လည်း သူတို့ တစ်ဦးချင်း၏ အလှူများတွင် တစ်ယောက်ကို တစ်ယောက် ဖိတ်ကြားခြင်း မရှိခဲ့ပေ။

ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ချစ်ခင်မှုကိုတော့ မဟန့်တားခဲ့။ ကလေးများ ၀င်ထွက် သွားလာ ခြင်းကိုတော့ နှစ်အိမ်လုံးက လက်ခံ ခဲ့ကြသည်။ ဒီလိုနှင့်ပင် သူတို့တွေက တဖြည်းဖြည်း အရွယ်ရောက် လာပြီး ခင်မင်ခြင်းကို ကျော်လွန်၍ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရ မနေနိုင်လောက်အောင် ချစ်မိ သွားကြပြီ။ မိခင်များကတော့ ရှေ့ရေးကို ကြိုတင် တွေးတော ပူပန်ပြီး သူတို့ အချစ်ရေးကို တားဆီးခဲ့ပေမယ့် မအောင်မြင်တော့ပေ။

ငယ်စဉ်ကတည်းက ခင်မင် တွယ်တာလာသော သံယောဇဉ်အပြင် ချစ်ခြင်းများကပါ အဆင်သင့် ဖြစ်ခဲ့ပြီ။ ဒီလိုနှင့် သူတို့ရဲ့ ချစ်သူ ဘ၀သည် သူတို့ နောက်ဆုံးနှစ် ရောက်သည်အထိ အခက်အခဲ မရှိခဲ့။

ကျောင်းပြီးချိန်မှာတော့ သူ့ကိုရော၊ သူမကိုပါ အိမ်မှ လက်ထပ်ပေးဖို့ စီစဉ်တော့သည်။ မချစ် မနှစ်သက်သောသူ နှင့် ယူဖို့ ကိစ္စကို သူတို့  ဘယ်လိုမှ လက်မခံနိုင်ခဲ့။ နောက်ဆုံးမှာတော့ မိခင်များမှ တစ်ဆင့် သူတို့ကိစ္စကို စေ့စပ်ခိုင်း ရ တော့သည်။

ကံကောင်း ထောက်မစွာဖြင့် သူမ ဖခင်က နေနေ့ မိဘများကို လာရောက် တောင်းရမ်း ခွင့်ပြုလိုက်သည်။ ထိုစကားကို ၀မ်းသာအားရ သူမ ကိုယ်တိုင် နေနေတို့အိမ် သွားပြောခဲ့ပေမယ့် နေနေ့ မိဘများက သိပ် မယုံကြည်ကြပါ။ သူတို့ကို တမင် အရှက်ခွဲလို၍သာ ဖြစ်ကြောင်း ပြောလေသည်။ နောက်ဆုံး မှာတော့ နေနေ တိုက်တွန်းလွန်း၍သာ လိုက်ပြောပေးပါမည်။ သဘော မတူလျှင် သူတို့ ထပ်မကြိုးစား ပေးနိုင်ဟူသော ပြတ်သားသည့် ရာဇသံနှင့် လက်ခံခဲ့သည်။

သူမနှင့် နေနေမှာ ထိုရက် မရောက်မချင်း၊ စေ့စပ်ကြောင်းလမ်းခြင်း ကိစ္စ မပြီးမချင်း စိတ်မအေး နိုင်ခဲ့။ သူမ မာမီ မှာလည်း ဒယ်ဒီ့ကို တစ်ချိန်လုံး နားချနေရသည်။

“ကိုယ့်သမီး မျက်နှာကို ထောက်ပြီး ကပျက်၊ ယပျက် မလုပ်ပါနဲ့ အဖေကြီးရယ်၊ ပြီးတာတွေ ပြီးပါစေတော့။”

မာမီရဲ့ ဖျောင်းဖျသံကို တစ်နေ့ သုံးခါထက် မနည်း ကြားနေရသည်။ တော်ပါသေးရဲ့ မာမီက သူမ ဘက်ပါသေးလို့။

သူမ ကြောက်ရွံ့နေသော ထိုနေ့သည် မလွဲမသွေစွာပဲ ရောက်ရှိခဲ့လေသည်။ နေနေ မိဘ များနှင့်အတူ ရပ်ကွက် လူကြီး တချို့ပါ သူမတို့ အိမ်သို့ လိုက်ပါလာခဲ့လေသည်။ တွေ့ဆုံချိန်မှာ တစ်ခုခု ထဖြစ်မလားလို့ တထင့်ထင့် စိုးရိမ် နေမိ သော သူမနှင့် နေနေသည် အေးဆေးစွာ စကားပြောနေကြသော မိဘများကို မြင်မှ သက်ပြင်းကို ကျိတ်ချရလေသည်။

စိုးရိမ်နေသော သူမကို နေနေက အားပေးပြုံးနှင့် လှမ်း၍ နှစ်သိမ့်သည်။

“ကဲ စကားတွေ ပြောနေကြ တာလည်း ကြာပြီ။ အရေးကြီးတဲ့ ကလေးတွေ ကိစ္စ ပြောရအောင်”

နေနေ အမေက စကားဝိုင်းကို လမ်းကြောင်းပေါ်သို့ ဆွဲတင်သည်။

“ဟုတ်ကဲ့ပြောပါ။”

“ကျွန်တော့်သား နေနေနဲ့ သမီး ပန်းပန်းတို့ လူငယ်ချင်း မေတ္တာမျှ နေကြတာ အားလုံး သိပြီးသား ဖြစ်မှာပါ။ အဲဒါ ကျွန်တော်တို့ က မိဘ ၀တ္တရား ရှိသည့်အတိုင်း”

“ဦးဘကျော်တို့က ဘာများ ဖြစ်ချင်ပါသလဲ”

“ကျွန်တော်တို့က သားရှင်ဆိုတော့ ဦးလှမြင့်တို့ သမီးရှင်ဘက်က သဘောအတိုင်း စီစဉ်ပေးဖို့ အသင့်ပါပဲ။”

“ကျွန်တော့် သဘောအတိုင်း ဆိုရင်တော့ ဒီမင်္ဂလာပွဲကို လုံးဝ သဘောမတူနိုင်ပါဘူး။ ရှင်းအောင် ပြောရရင် ခင်ဗျားရဲ့ သားနဲ့ ကျုပ်သမီးကို လုံးဝ မပေးစားနိုင်ပါဘူး။”

“ဒယ်ဒီ”

“ကိုလှမြင့်”

သူမနဲ့ မာမီ့ရဲ့အသံက တစ်ပြိုင်နက်တည်း ထွက်လာသည်။ မမျှော်လင့်ဘဲ ကြားလိုက်ရသော စကားကြောင့် နေနေတို့ဘက် ကလည်း တုန်လှုပ် သွားကြသည်။

“ခင်ဗျား ကျုပ်တို့ကို ခေါ်ပြီး သက်သက် အရှက်ခွဲတာလား ကိုလှမြင့်၊ ခင်ဗျား လူကြီး လူကောင်း ဖြစ်ပြီး ကတိ တည်ဖို့ ကောင်းပါတယ်ဗျာ”

“ခင်ဗျား ထင်ချင်သလို ထင်နိုင်တယ် ကိုဘကျော်၊ ဒါပေမယ့် ကတိ သစ္စာ တည်တဲ့ အကြောင်းကိုတော့ ခင်ဗျား မပြောရင် ကောင်းမယ်၊ ကျုပ်ကို ကတိမတည်တဲ့သူလို့ ပြောရအောင် ခင်ဗျားကရော ကတိတည်တဲ့ လူမို့လို့လား”

“ခင်ဗျားဗျာ အတိတ်က အကြောင်းတွေကို ဘာမ ဆွဲထည့်စရာ မလိုပါဘူး၊ လူကြီးတွေ ကိစ္စဟာ ကလေးတွေနှင့် ဘာမှ မဆိုင်ဘူးလို့ ခံယူလို့ ခုလိုမျိုး လိုက်လာမိတာပဲ။ ရှင်းအောင် ပြောရရင် ကျွန်တော် ကလည်း ခင်ဗျားလို လူမျိုးနှင့် ဆွေမျိုး မတော်ချင်ပါဘူး။ ဒီတော့ ခင်ဗျား သမီးကိုသာ နိုင်အောင် ကြည့်ထိန်း ထား ကျုပ်သားကို ဒါထက် သာတာနှင့် ပေးစားပြမယ်၊ လာနေနေ ပြန်မယ်။”

“ဒယ်ဒီတို့ လူကြီးတွေ ကိစ္စက လူငယ်တွေနှင့် ဘာဆိုင်လို့လဲဗျာ၊ ကျွန်တော်တို့ ချစ်ခြင်းကို မခွဲပါနှင့်။”

“ပန်းပန်း သမီးကိုချစ်လို့ နောက်ဆုံး အနေနှင့် လိုက်လျောမယ်။ အခုအချိန်ကစပြီး 24 နာရီအတွင်း သမီး နေနေ့ ကို စိတ်မကုန်သေးရင် အ၀တ်တစ်ထည် ကိုယ်တစ်ခုနှင့်သာ ဆင်းလာ၊ ဦးဦးတို့ မင်္ဂလာ ဆောင်ပေးမယ်၊ 24နာရီ ကျော် သွားရင်တော့ နေနေ့ကိုရော၊ ဦးဦးတို့ကိုရော မေ့လိုက်တော့ ဟုတ်ပြီလား။”

စကားကို အနိုင်နှင့်ပိုင်းပြီိး နေနေ့ ဖခင်က နေနေ့ကို ဆွဲခေါ်ပြီး ထွက်သွားချိန်မှာတော့ အရုပ် ကြိုးပြတ် သူမ ပစ်လဲ သွားတော့သည်။

“သူ့ကို ခေါ်သွားပြီး အခန်းထဲ သော့ခတ်ထားလိုက်”

ဒယ်ဒီဲရဲ့ ရက်စက်သော စကားသံသည် သူမ ဘ၀ကို အပြီးသတ် လိုက်သည့်နှယ်။ ထိုနေ့ တစ်နေ့လုံး နေနေတို့ ဘက်မှ သူမကို ခိုးပြေးဖို့ ကြိုးစားသလို သူမ မိဘများဘက် ကလည်း သူမ အဒေါ်ကိုပါ သူမနှင့်အတူ သော့ပိတ် ထားပြီး သူမ ဘာတစ်ခုမှ မလုပ်နိုင်အောင် စောင့်ကြပ်နေခဲ့သည်။ သူမ ငိုကြွေးခြင်းမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့။

ဒေါ်လေး ပြန်ပြောပြ၍ သိရတာကတော့ နေနေ့ မိခင် ဒေါ်ခန့်ခန့်ချောကို နေနေ့ဖခင် ကိုဘကျော် နှင့် ပန်းရဲ့ဖခင် ဦးလှမြင့်တို့ သူငယ်ချင်း နှစ်ယောက်က အတူ သဘောကျခဲ့ပါသည်တဲ့။ တစ်ယောက်ကို ပြန် ချစ်ခဲ့ပါလျှင် နောက်တစ်ယောက်က အေးဆေးစွာ နောက်ဆုတ်ပေးဖို့ ကတိစကား ထားခဲ့ကြသတဲ့။ တကယ် တမ်း ဒေါ်ခန့်ခန့်ချော လက်ခံခဲ့သူမှာ ဦးလှမြင့်ဖြစ်ပြီး၊ သူတို့နှစ်ဦး လက်ထပ်ရန် စီစဉ်ဆဲမှာပဲ နေနေ့ဖခင် ဦးဘကျော်က ပေးထားသော ကတိကို ဖောက်ဖျက်ပြီး ဇွတ်အတင်း ခိုးပြေးခဲ့သည်။ မတတ်သာသည့် အဆုံးမှာတော့ ဒေါ်ခန့်ခန့်ချောသည် ဦးဘကျော်ကို လက်ထပ်ခဲ့ရ ပါသည်တဲ့။

ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲအောင် ခံစားခဲ့ရသော ဦးလှမြင့်သည် ယခုတစ်ကြိမ် ပန်းကပါ နေနေ့ နောက်ကို လိုက်သွားခဲ့ရင် သူ နောက်တစ်ခါ ထပ်ပြီး ဦးဘကျော်ကို ရှုံးရဦးမှာမို့ နောက်ထပ် အရှုံးကို မခံစား ချင်တော့လို့ပါတဲ့။ အကယ်၍များ ပန်းက နေနေ့နောက်သို့ လိုက်ချင်ပါလျှင် သူ့ကို အသေသတ် သွားပါတဲ့ လေ။

သူမ ဘာမှ ထပ်မပြောနိုင်တော့သလို ဘာမှလည်း လုပ်နိုင်စွမ်း မရှိတော့ပါ။ နောက်ဆုံးမှာတော့ လူကြီးတွေရဲ့ အာဃာတ ပြိုင်ပွဲမှာ သူမတို့ နှစ်ယောက် ကျဆုံးခဲ့ရလေပြီ။ ဒယ်ဒီသည် သူမကို နေနေနှင့် မယူဖို့ အတင်းအကျပ်ရော၊ ချောမော့၍ပါ ဖိအား ပေးခဲ့လေသည်။

စေ့စပ်ပွဲပျက်ပြီး တစ်လလောက် အပြင်ထွက်ခွင့် မရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒယ်ဒီ့ သမီးဟာ ဘယ်တော့မှ မိဘ စိတ်ဆင်းရဲအောင် လုပ်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ် ဆိုသော ချည်နှောင် စကား တစ်ခွန်းနှင့်အတူ အပြင်ထွက်ခွင့် ပြန်ရခဲ့လေသည်။ သူမ အပြင်ထွက်တိုင်း နေနေက နောက်မှ တကောက် ကောက် ပါလာတတ်သည်။ တွေ့တိုင်းမှာလည်း သူ့နောက်ကို လိုက်ခဲ့ဖို့ အမြဲတမ်း ခေါ်မြဲ။

နေနေ့ကို အရမ်း ချစ်သော်လည်း ခိုးရာ လိုက်ဖို့ကိစ္စကို သူမ သဘောမတူနိုင်သေးပါ။ မိသား ဖသား ပီပီ တင့်တင့် တယ်တယ်ဖြင့်သာ မင်္ဂလာဆောင် လိုပါသည်။ မိဘ စိတ်ဆင်းရဲအောင် ခိုးကြောင်ခိုးဝှက် မလုပ် ချင်ပေ။ ဒါကြောင့်ပဲ သူမ နှင့် နေနေ့ ကို ဒယ်ဒီ သဘောတူ နိုင်သည်အထိ ကြိုးစားသွားမည်ဟု ဆုံးဖြတ်ထား ခဲ့သည်။

သူမ ဆုံးဖြတ်ချက်ကို နေနေက လက်မခံခဲ့။ သူ့ နောက်လိုက်ဖို့ အမြဲတမ်း ခေါ်နေသော နေနေနှင့် နေနေ့ကို မယူ ဖို့ အမြဲ ပြောနေသော ဒယ်ဒီတို့၏ ဖိအား ပေးမှုကြားမှာ သူမ စိတ်ဆင်းရဲမှုတို့က အတိုင်းအဆ မဲ့။ နောက်ဆုံးမှာတော့ နေနေ့ကို မတွေ့အောင် သူမ ရှောင်နေရတော့သည်။ အိမ်ချင်း မျက်နှာချင်းဆိုင်မို့ တစ်ယောက်ကို တစ်ယောက် ရှောင်ရတာ ပင်ပန်းလွန်းလှပါသည်။ တစ်ခါတစ်ရံမှာတော့ တနင်္ဂနွေနေ့ ဘုရား ကျောင်းတက်ချိန်မှာ မလွှဲမရှောင်သာ ဆုံတတ်ကြသည်။

နောက်ပိုင်းတွင် နေနေသည် သူမ သိခဲ့ဖူးသော နေနေနှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ပြီ။ နေနေ့ ဘေးနားတွင် ကောင်မလေး တစ်ယောက် မဟုတ် တစ်ယောက် အမြဲ တွဲလျက် တွေ့ရသည်။ ကားတ၀ီဝီနှင့် အလုပ်မလုပ်ဘဲ လျှောက် သွား နေတတ်သည်။ တစ်ခါတစ်ရံ အရက်မူးပြီး အိမ်ပြန်လာတတ်သည်။

သူမ နေနေ့ကို တွေ့ပြီး ကြားနေရသော သတင်းများကို မေးတော့

“ကိုယ် ယူမှာမဟုတ်တဲ့ ယောက်ျား တစ်ယောက်အတွက် စိတ်ပူ မနေစမ်းပါနှင့် ပန်းရယ်၊ စိတ်ပင်ပန်းပါတယ်။”

“ဘယ်လို ပြောလိုက်တာလဲ နေနေ၊ နင် ငါ့စေတနာတွေကို စော်ကားတာလား၊ နင့်ကို ငါအရမ်း ချစ်တာ နင်သိရဲ့ သားနှင့် ဘာလို့ စကားနှင့် နှိပ်စက်ချင်ရတာလဲ နေနေရယ်၊ ငါ့ဘက်က အခက်အခဲတွေကို နင် နားလည်ပေးပါ။ ငါတို့ရဲ့ အချစ်ကို ငါ့အဖေ နားလည်လာအောင် ငါ ကြိုးစားနေပါတယ်။ ငါ့ကို စိတ်ရှည် ရှည် ထားပြီး စောင့်နေပေးပါ။”

“ပန်းရာ နင့်အဖေက ဘယ်တော့မှ နားလည်လာမှာ မဟုတ်ပါဘူး။ နင့်အဖေ သဘောတူတဲ့ အထိသာ စောင့်ရရင် ဒီတစ်သက် ဆုံနိုင်မှာ မဟုတ်ဘူး။”

“စောင့်တာ မစောင့်တာ နင့်သဘောပါပဲ နေနေ၊ နင်ကိုယ်တိုင်က ငါ့ကို နားမလည်နိုင်မှတော့ ရှိပါ စေတော့ဟာ၊”

ဒီနောက်ပိုင်းမှာတော့ နေနေ့ သတင်းများကို နားနှင့်မဆံ့အောင် သူမ ကြားနေရသည်။ သူမ အိမ်က လည်း သူမ ကို တခြား တစ်ယောက်နှင့် လက်ထပ်ပေးဖို့ စီစဉ်နေခဲ့ပြီ။ နေနေ့ အပြူအမူ အနေအထိုင် များကြောင့် ဒယ်ဒီ့ သဘောထား သည် ယခင်ကထက်ပင် ပို၍ ဆိုးရွားလာခဲ့သည်။

မချစ် မနှစ်သက်သောသူကို ဘယ်လိုမှ လက်မထပ်နိုင်သော သူမသည် ဖြစ်ချင်ရာဖြစ် နေနေ့ နောက်ကို လိုက် တော့မည်ဟု ဆုံးဖြတ် လိုက်တော့သည်။ ထိုသို့မှ မဆုံးဖြတ်လျှင် နေနေနှင့် ဒီတစ်သက် ဆုံနိုင်မှာ မဟုတ်တော့ပေ။ သူမ ဆုံးဖြတ်ချက်တို့ ခိုင်မာသွားချိန်မှာ နေနေ့ကို တွေ့ဖို့ လှမ်းချိန်းတော့ သူ့မှာ လည်း ပြောစရာ စကားများ ရှိနေပါသည်တဲ့လေ။

နှစ်ယောက် ဆုံဖြစ်ကြတော့ သူအရင်ပြော၊ ငါအရင်ပြော ငြင်းခုံကြရင်း နောက်ဆုံးမှာတော့ သူမက အနိုင်ပိုင်း ကာ နေနေ့ကို အရင် ပြောစေခဲ့သည်။

“ငါ ပြောမယ့်စကားကို ကြားရင နင် ၀မ်းသာကောင်း ၀မ်းသာလိမ့်မယ် ပန်း”

“ဘာဖြစ်လို့လဲ နေနေ”

“ငါ လက်ထပ်တော့မယ် ပန်း”

“ဘာ နင် ဘာပြောတာလဲ နေနေ၊ နင် ငါ့ကို နောက်နေတာလား”

“ဒါ နောက်စရာ ကိစ္စမှ မဟုတ်တာပဲ၊ ငါ ဖြူစင်သန့်နှင့် လက်ထပ်တော့မယ်”

ဖြူစင်သန့် ဆိုတာ နေနေ နောက်ဆုံး အချိန်ကြာကြာ တွဲဖြစ်နေသော ကောင်မလေးဟု သူမ သိလိုက်သည်။

“ဦးဦးနှင့် အန်တီတို့ က သဘော တူလားဟင်”

“ငါ့အဖေက နင့်အဖေကို အရမ်း စိတ်ဆိုေးနတာ ဆိုတော့ ငါ ဘယ်သူနှင့် ယူယူ သဘောတူမှာပဲ၊ နင်ကလွဲရင် ပေါ့၊ အဲ ဆောရီး ပန်းရာ၊ ငါ့စကားက နင့်ကို စော်ကားသလို ဖြစ်သွားရင်”

“ဒါဆိုရင် သူနှင့် ယူတာ နင်ကိုယ်တိုင် သဘောကျ ရွေးချယ်မှုပေါ့၊ အန်တီနှင့် ဦးတို့ စီစဉ်တာ မဟုတ်ဘူးပေါ့”

“ဆိုပါတော့ဟာ”

“နင်တို့ မယူလို့ မဖြစ်ဘူးလားဟင်”

သူမ ပါးစပ်က ဒီစကားကို ဘယ်လိုလုပ် ပြောထွက် သွားမှန်းပင် မသိ။ သတိရချိန်မှာတော့ မပြော သင့်သော စကား တစ်ခွန်းကို ပြောလိုက်မိပြီဟု ခံစားရသည်။ နေနေရဲ့ နောက်ဆက်တွဲ စကားက သူမကို အပြီးတိုင် အနိုင်ယူသွား ခဲ့လေပြီ။

“နင် ဘာလို့ ဒီလို ပြောတာလဲပန်း။ နေနေ ဆိုတဲ့ကောင်ဟာ မင်း မလိုချင်လို့ စွန့်ပစ်ထားတဲ့ လူပဲဟာ၊ နှမြောစရာ အကြောင်း မရှိပါဘူး။ နောက်ပြီး နင့်ကို ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ငါ သူ့ကို မယူလို့ မဖြစ်တော့တဲ့ အခြေအနေ ဖြစ် နေပြီ”

“ဟင်”

ရက်စက်လိုက်တာ နေနေရယ်။ ငါ့ရင်ထဲက မျှော်လင့်ချက်တွေ နင့်ကို ၀မ်းသာအားရ ပြောမယ်လို့ ကြံစည်ထား တဲ့ ‘နင့်နောက်ကို ငါ လိုက်ခဲ့တော့မယ်၊ မခွဲနိုင်တော့ဘူး’ဆိုတဲ့ စကားတွေ၊ ငါ့ရဲ့ အနာဂတ် စိတ်ကူးတွေ အားလုံးကို အပိုင်းပိုင်း ကျိုးပြတ် သွားအောင် နင် ရက်စက် နိုင်ခဲ့ပြီနော်။ သူမ ရင်ထဲ မှ စကားသံတို့ကို နေနေ ကြားနိုင်တော့မှာ မဟုတ်ပါ။ ထို့အတူပဲ ဘယ်တော့မှလည်း ကြားခွင့် ရှိစေတော့မှာ မဟုတ်ပေ။

“ပန်း …. နင် ငိုနေတာလားဟင်၊ မငိုပါနဲ့ ပန်းရယ်။ နင် ငိုနေတာ မြင်ရရင် ငါ စိတ်မကောင်းဘူး။”

“မငိုပါဘူး၊ နင့်အတွက် ဂုဏ်ယူပါတယ် နေနေ၊ နင့်ဘ၀ အဆင်ပြေပါစေ။”

“ဒါနဲ့ ပန်း၊ နင် ငါ့ကို ပြောစရာရှိတယ်ဆို ပြောလေ၊ ဘာ အကြောင်းထူး ရှိလို့လဲ။”

“ဘာမှ ပြောစရာ မရှိတော့ပါဘူး နေနေရယ်။”

အဖျားခတ် တုန်ယင်နေသော အသံကို သူ မရိပ်မိအောင် ဟန်မဆောင်နိုင်ခဲ့။

“မဟုတ်သေးပါဘူး။ နင်ပဲ ပြောစရာ ရှိတယ်ဆိုပြီး ငါ့ကို ချိန်းခဲ့တာလေ။”

“ငါလည်း …ငါလည်း အိမ်က လက်ထပ် ပေးတဲ့သူကို ယူရတော့မယ် ဆိုတဲ့အကြောင်း နင့်ကို လာပြောပြတာပါ။”

“နင် အဲဒီလူကို ချစ်လို့လား ပန်းရယ်၊ မယူပါနဲ့လား။ အေးလေ ငါ့မှာ တားပိုင်ခွင့်မှ မရှိတော့တာ။”

“ချစ်ခြင်းဆိုတာ နောက်ထပ် ဘယ်တော့မှ ငါ့ဘ၀မှာ ရှိလာနိုင်တော့မှ မဟုတ်ဘူး နေနေ။ ဒါပေမယ့် ငါ သူ့ကို ဘယ်လိုမှ ငြင်းလို့မရတဲ့အတွက် ယူရတော့မယ်၊ တကယ်တော့ နေနေရယ် မိန်းမဆိုတာ ရွေးချယ်နိုင်ခွင့် အနည်းဆုံး လူစားထဲမှာ ပါပါတယ်။ ယောက်ျား တစ်ယောက်ကို လက်ထပ်ဖို့ စတင် ရွေးချယ်ခွင့်ကို ငါတို့ မိန်းမတွေဟာ ဘယ်တော့မှ ကိုယ့်သဘောနဲ့ကိုယ် မရခဲ့ကြပါဘူး၊ ကိုယ့်ကို ရွေးချယ် လာတဲ့သူကိုသာ လက်ခံ၏ မခံ၏ ဆုံးဖြတ်ရတာပါ။ တကယ် တော့ ငါတို့ မိန်းမတွေဟာ ယောက်ျားတွေရဲ့ အရွေးချယ်ခံ ပစ္စည်းတစ်ခုပါ။”

“ပန်းရယ် အဲဒီလိုတော့ မပြောပါနဲ့”

“နှုတ်ဆက်ခဲ့ပါတယ် နေနေ ဖိတ်စာတွေ ရချိန်မှာ ပြန်ဆုံတာပေါ့နော်”

ခါးသီးစွာ ခံစားရသော နေ့ရက်များ သိပ်မကြာညောင်းခင်ပဲ မင်္ဂလာဆောင်မည့် သတင်းသည် နှစ်အိမ်လုံး ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ နေနေ့ မိဘများနှင့် အပြိုင်အဆိုင် ဖြစ်သွားကြပြီဖြစ်သော သူမ၏ မိဘနှစ်ပါးသည်လည်း နေနေ မင်္ဂလာပွဲပြီးသည့် နောက်အပတ်မှာပဲ သူမ မင်္ဂလာပွဲကို စီစဉ်ခဲ့ကြသည်။

သိပ်ချစ်ကြသော ချစ်သူနှစ်ဦးဟု သိထားသော သူမတို့ နှစ်ယောက်၏ သီးခြား မင်္ဂလာဆောင် ဖိတ်စာများကို တစ်ပြိုင်တည်းလိုပင် ရရှိကြသော အိမ်နီးချင်းများသည် နားမလည်နိုင်ခြင်းနှင့်အတူ စိတ်ဝင် စားခြင်းများစွာဖြင့် သူမတို့၏ မင်္ဂလာပွဲများကို သွားရန် ပြင်ဆင် နေကြလေသည်။

နောက်ဆုံး တွေ့ခြင်းဟု ယူဆ၍ ဖိတ်စာ ရသောနေ့မှာပင် နေနေ့ကို သူမ သွားတွေ့ ဖြစ်ခဲ့ပါသည်။ ရင်ထဲမှ နာကျင်ခြင်းကို ကိုယ်စီ မျိုသိပ်ရင်း အပြန်အလှန် ဖိတ်စာ ပေးမိကြပေမယ့် ဘယ်သူကမှ လှမ်းမ ယူကြဘဲ ဖိတ်စာ နှစ်စောင်လုံး အောက်ကို ပြုတ်ကျ သွားခဲ့လေသည်။

ကံကြမ္မာဆိုတာ ဒါပဲလားဟု ဆင်တူ ဖြစ်နေသော ဖိတ်စာ နှစ်စောင်ကို ကြည့်ရင်း သူမ တွေးမိ သည်။ မြတ်ပန်း သဇင်နှင့် နေမျိုးထိုက်တို့၏ ပတ်သက်မှုသည် အဆုံးသတ် ခဲ့လေပြီ။

“နေနေ နင့် သတို့သမီးက ဘာဝတ်စုံ ၀တ်မှာလဲဟင်”

အဆက်အစပ်မရှိ မေးလာသော သူမ စကားကြောင့် နေနေက အံ့သြတကြီး လှမ်းကြည့်သည်။

“သြော် မင်္ဂလာဆောင်တဲ့နေ့ကျရင် ဘယ်လို ၀တ်မှာလဲ၊ ဘာ ၀တ်စုံ ၀တ်မှာလဲလို့ မေးတာလေ၊ နင်ကလည်း ကိုယ့် သတို့သမီး ဘာဝတ်မယ်မှန်းတောင် မသိဘူးလား”

“သိတော့ သိပါတယ်၊ သူတို့ပြောတာ ကြားနေရတာပဲ၊ နင်က ရုတ်တရက် မေးလို့ အံ့သြလို့ပါ။”

“ဘာရယ် မဟုတ်ပါဘူး သိချင်လို့ပါ”

“အဖြူရောင်လေးပဲ၊ ဟို ရွှေနန်းတော် ရွှေဆိုင် ကြော်ငြာထဲမှာ ထွန်းအိန္ဒြာဗိုလ် ၀တ်တဲ့ အဖြူရောင် ၀တ်စုံမျိုးတဲ့ ခေါင်းမှာက စိန်နဲ့ပုလဲတွေပါတဲ့ သရဖူလေး ဆောင်းထားတယ်လေ၊ အဲဒီအထဲက အင်္ကျီအတိုင်း ပဲ ရင်ဘတ်မှာ ပုလဲလေး တွေထိုးပြီး ချုပ်ထားတယ်။ ဆံထုံးကိုလည်း အဲဒီအတိုင်းထုံးပြီး အဲဒီလို သရဖူလေး ဆောင်းမယ် ပြောတာပဲ၊ သူက ထွန်းအိန္ဒြာဗိုလ် Crazy သမားလေ၊ နင်ရော မင်္ဂလာပွဲကျရင် ဘာဝတ်မှာလဲ”

“အဖြူရောင် ဂါဝန်ရှည်လို့ ပြောတာပဲ၊ ငါလည်း စိတ်မ၀င်စားလို့ တစ်ခါပဲ မေးကြည့်တယ်၊ သူတို့ ဘာသာ စီစဉ် နေကြတာပဲ၊”

“နင် တကယ်ယူဖို့ ဆုံးဖြတ်လိုက်ပြီလား ပန်း၊ ဟင်”

“ဖိတ်စာတောင် ဝေနေပြီပဲ နေနေရယ်၊ မယူလို့ ရပါတော့မလား”

“ငါ နင့်ကို နှမြောတယ် ပန်းရယ်”

“နှမြောမနေပါနဲ့ဟာ၊ နင် အမြဲပြောသလို ပြောရရင် နင် မယူတော့ဘူးလို့ ဆုံးဖြတ်ပြီး ထားခဲ့တဲ့ မိန်းမ တစ် ယောက်အတွက် ခံစား မနေစမ်းပါနဲ့ဟာ”

“ဘာပဲဖြစ်ဖြစ် ငါဟာ နင့်ရဲ့ အမြဲတမ်း သူငယ်ချင်းအဖြစ် ရှိနေဦးမှာပါ ပန်းရယ်”

ငါလိုချင်တာ သူငယ်ချင်း မဟုတ်ဘူးဆိုတာ နင် မသိဘူးလား နေနေရယ်၊ ရှိပါစေတော့ဟာ နင့်ကို ငါ အရမ်းလို အပ်တယ် ဆိုတာ နင် ဘယ်တော့မှ မသိပါစေနဲ့တော့။

နောက်ဆုံး အနေဖြင့် တမ်းတစွာ သူမ ကြည့်မိပါသည်။ နောက်ဆုံးပါ နေနေရယ်။

“ငါသွားတော့မယ်”

ရင်မှာ ၀မ်းနည်းရင် ငိုကြွေးမိတတ်သော သူမက ခုချိန်မှာ မျက်ရည် တစ်စက်မှ မကျဘဲ ဟန်ဆောင် နိုင်ခဲ့သည့် အတွက်တော့ ကျေနပ်မိပါသည်။ အရမ်း ခံစားရလွန်းရင်လည်း မျက်ရည်များ ခြောက်ခန်းတတ် သည် ထင်ပါရဲ့ကွယ်။

x x x x

မနက် ကိုးနာရီ အချိန်လောက်တွင် အဖြူရောင် သတို့သမီး ၀တ်စုံကို ၀တ်ဆင်ထားသော၊ မျက်နှာကို ပန်းရောင် နုနု ခြယ်မှုန်းထားပြီး၊ စိန်နှင့် ပုလဲ ရောစီထားသော သရဖူလေးကို ဆံထုံးမြင့်မြင့်မှာ ဆောင်းရင်း၊ လက်ထဲတွင် ပန်းခြင်း လေးကို ကိုင်ထားသော သတို့သမီး တစ်ယောက်သည် ငြိမ့်ညောင်းစွာ ထွက်ပေါ်နေသာ တီးလုံးသံများနှင့် အညီ ဘုရား ကျောင်း လှေကားထစ်များကို ဖြတ်ကျော်ရင်း ညင်သာ ဖွဖွ တက်လာလေသည်။ ဘုရားကျောင်းထဲသို့ တရွေ့ရွေ့ လှမ်းဝင် လာသော သူမကို စောင့်ကြိုနေသော ဧည့်ပရိသတ်များ မရှိပါ။ သို့သော်လည်း သူမက ထိုအရာကို စိတ်မ၀င် စားပါ။

လက်ထပ်ရန် အတွက် သတို့သားထံ လိုက်ပို့ပေးမည့် ဖခင် မပါလာသော်လည်း သူမက ဂရုမစိုက်ပါ။ သူမ မျက်စိထဲတွင် ဘုရားကျောင်း တစ်ခုလုံး ပြည့်စာမျှ ဧည့်ပရိသတ်များသည် သူမတို့ မင်္ဂလာပွဲကို အားပေးနေကြသည်။ သူမ လက်မောင်းကို ချိတ်တွယ်၍ သူမ ဖခင်ပါလာသည်။ သင်းအုပ်ဆရာ ရှေ့မှောက်တွင် လက်ထပ်ရန် စောင့်ဆိုင်းနေသော သူမ၏ သတို့သားရှိသည်။ လက်ထပ် လက်စွပ်လဲရန်၊ သူမတို့အား ဆုံးမသြ၀ါဒစကား ပြောကြားရန်၊ အကြင်လင်မယား အဖြစ် အသိအမှတ်ပြု လက်မှတ်ထိုးရန် ကိစ္စအားလုံးကို စီစဉ်ဆောင်ရွက်ရန်ရှိသော လူများကို သူမမြင်နေရသည်။

လူအများသည် သူမတို့ ချစ်သူနှစ်ဦးကို အားကျ ငေးမော နေကြသည်။ သူ့ချစ်သူ လက်မောင်းကို ပိုင်နိုင်စွာ ဆုပ်ကိုင်ထား သော သူမ မျက်နှာတွင် အလှပဆုံး အပြုံးများနှင့်။ ထိုအချိန်မှာပဲ ဘုရားကျောင်းမှ ထွက်ပေါ်လာသော ခေါင်းလောင်းသံတို့က သူမကို လက်ရှိ ဘ၀ထဲ ပြန်လည် ဆွဲခေါ်ခဲ့လေသည်။ တကယ် တမ်းမှာတော့ ဘုရားကျောင်း အလယ်မှာ သူမ တစ်ယောက် ထဲပါလား။ သူမ အနားမှာ ဘယ်သူမှ ရှိမနေခဲ့။ လှေကားထစ်များပေါ်မှ တုန်ယင်သော ခြေလှမ်းများနှင့် အပြေးအလွှား ဆင်းလာခဲ့သော သူမသည် ဘုရား ကျောင်းဝမှာ ရပ်တန့်ထားသော သူမ၏ ကားပေါ် တက် ရင်း ဦးတည်ရာမဲ့ မောင်းထွက် လာခဲ့မိတော့သည်။

x x x x

ခြံထဲကို လှမ်းဝင်လိုက်တယ်ဆိုရင်ပဲ

မြတ်ပန်းသဇင်

အသက်(၂၅)နှစ်

ဆိုသော စာတမ်းက ဆီးကြိုသည်။

ဘာတွေလဲ ဘာတွေ ဖြစ်ကုန်ပြီလဲ။ မနက်ခင်း သူ့မင်္ဂလာပွဲ ထွက်သွား ခါနီးလေးမှာပင် သူမကို လှမ်းမြင်ခဲ့ရသေး သည်။ ခု မင်္ဂလာ ဧည့်ခံပွဲပြီးလို့ နေ့ခင်း ပြန်လာချိန်မှာတော့ သူမ၏ ၀ိညာဉ် ကင်းမဲ့သော ခန္ဓာကိုယ်က သူ့ အား စောင့်ကြို နေခဲ့လေပြီ။

ရက်စက်လိုက်တဲ့ ကံကြမ္မာရယ်။ ဘာကြောင့်များ သူတို့အပေါ် ဒီလောက် ရက်စက်နိုင်အားရတာလဲ။ ရှင်ကွဲ ကွဲရုံ နှင့် အားမရသေးလို့ သေကွဲ ထပ်ကွဲခိုင်းတာလား။ ငိုကြွေးနေသော သူမရဲ့ အိမ်သားများ၏ အသံ သည် သူ့ကို တွေ့ချိန်မှာ ခေတ္တ ရပ်တန့် သွားခဲ့လေသည်။ သူမ အနားကို တိုးကပ်သွားသော သူ့ ကို ဘယ်သူကမှ အနှောက်အယှက် မပေးခဲ့ပါ။

ဇာပ၀ါ အဖြူရောင် ဖုံးလွှမ်းထားသော သူမ၏ မျက်နှာသည် နှစ်ခြိုက်စွာ အိပ်မောကျနေသော ကလေး တစ်ယောက်နှင့်သာ တူပါသည်။

‘ပန်းရေ မင်း အိပ်ပျော်နေတာပါနော်၊ မင်း မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ပါဦး။ မင်းရဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟပြီး နင် သိပ်ရက်စက်တယ်လို့ ပြောပါဦး။ မင်းရဲ့ လက်တွေက နွေးထွေးနေတုန်းပါပဲ။ နိုးလာပါတော့ ပန်းရယ်၊ ငါ့ကို မကျီစား ပါနဲ့ ထပါတော့။’

အရူးတစ်ယောက်လို ပါးစပ်က တတွတ်တွတ် မြည်တမ်းနေမိသည်။

ထိုအချိန်မှာပဲ သူ့ မျက်ဝန်းတို့က အမှတ်မထင် သူမ ကိုယ်ပေါ်ကို အရောက်မှာတော့ ……….။ သူမ ကိုယ်ပေါ်မှာ ၀တ်ဆင် ထားတာက အဖြူရောင်လွလွ ၀တ်စုံလေး။ ပိုပြီး ထူးဆန်းတာက သူမ ၀တ်ထားသော ၀တ်စုံသည် ရိုးရိုး အ၀တ် အစား မဟုတ်ဘဲ သတို့သမီးဝတ်စုံ ဖြစ်နေခြင်းပင်။

သတို့သမီး ၀တ်စုံ ဆိုတာတောင်မှ ပြည့်ပြည့်စုံစုံ ပြောရရင် မနက်က သူ့ရဲ့ သတို့သမီး ၀တ်သော ၀တ်စုံနှင့် ထပ်တူရယ်သာ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပဲ တစ်ခါက သူမ မေးဖူးသော မေးခွန်းတို့ကို ပြန်သတိရမိပါသည်။

သူ့ရဲ့ သတို့သမီးဝတ်မည့် ၀တ်စုံအတိုင်း ဆင်မြန်းထားသော သူမ။ ဆံထုံးပုံစံက အစ မလွဲခဲ့ပါ။ မျက်နှာမှာလည်း ပန်းရောင် မိတ်ကပ် ဖျော့ဖျော့ကို လိမ်းခြယ်ထားလျက်။ ပန်းနုရောင် နှုတ်ခမ်းပါးတို့ကို တင်းစေ့စွာ ပိတ်ထားသော သူမ သည် အိပ်ပျော်နေသော သတို့သမီး တစ်ယောက်နှင့်သာ တူလေသည်။

သူမ ကိုယ်ပေါ်မှ ထူးဆန်းသော အ၀တ်အစားနှင့် သူမ သေဆုံးရပုံတို့ မည်ကဲ့သို့ ပတ်သက်နေပါသလဲ။ သူမ၏ ရင်ထဲမှာ ဘာတွေများ ရှိနေခဲ့ပါသလဲ။ သူ့ရဲ့ သတို့သမီး ဖြစ်ချင်သော ဆန္ဒ သူမမှာ ရှိနေခဲ့ပါသလား။ သူ့ရင်ထဲမှာ မေးချင် နေသော မေးခွန်းများကို အဖြေပေးနိုင်သော သူမကတော့ သူ့ကို အတွေးများစွာနှင့်အတူ ထားရစ်ခဲ့လေပြီ။

“ဘယ်လိုဖြစ်ရတာလဲ အန်တီလေးရယ်၊ ကျွန်တော့်ကိုပြောပါဦး၊ မနက် အိမ်က ထွက်သွားတုန်း ကတောင် သူ့ကို မြင်ခဲ့ပါသေးတယ်။”

“အန်တီလေးလည်း ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး နေနေရယ်၊ မနက်က မင်းလည်း ထွက်သွားပြီးရော သူ့ သူငယ်ချင်းဆီ သွားချင်တယ်လို့ လာပြောတယ်။ အန်တီလေးလည်း သူ ခံစားနေ ရတာကို သိနေတော့ စိတ်ပြေလက် ပျောက် သွားပါစေဆိုပြီး လွှတ်လိုက်မိတာ၊ သူ့ကို မတားလိုက် မိဘူးကွယ်၊ ကြားထဲမှာ ဘာတွေဖြစ်လဲမသိဘူး။ မနက် (၁၀)နာရီလောက်ကမှ သူ့အဖေ သူငယ်ချင်းက ပန်းသဇင် ကားအက်စီးဒင့်ဖြစ်လို့ အမြန် လိုက်ခဲ့ပါဆိုပြီး ဖုန်းဆက်ခေါ်လို့ လိုက်သွားတော့ ဘုရားကျောင်းရဲ့ အ၀မှာ သူ့ကားနှင့် တခြား ကားတစ်စီး တိုက်ထားတာကို တွေ့ရတော့တာပဲ။ တိုက်မိ တဲ့ ကားကတော့ ဘုရားကျောင်းထဲကနေ ပန်းရဲ့ကားက အတင်း မောင်းထွက်လာတာလို့ ပြောတာပဲ။ သူကလည်း အရှိန် နဲ့ဆို တော့ ဘယ်လိုမှ မထိန်းနိုင်ဘဲ ဘေးတိုက် ဖြတ်တိုက်လိုက်သလို ဖြစ်ပြီး အဲဒီနေရာမှာတင်ပဲ …………. အန်တီလေး တို့ရောက်သွားတော့ ပန်းလေး အသက်မရှိတော့ပါဘူး နေနေရယ်။ အဲဒါနဲ့ပဲ အိမ်ကို တန်းခေါ်ခဲ့ကြတာ။”

သူမရဲ့အဒေါ်က ပြောရင်း ငိုနေတာမို့ သူ အရမ်း သိချင်သော မေးခွန်းကို မေးနိုင်ရန် အားမွေးရင်း အချိန်ယူ စောင့်နေမိသည်။

“အန်တီလေး ပန်း ကိုယ်ပေါ်က ၀တ်စုံက”

“အန်တီလေးတို့လည်း အဲဒါကိုပဲ အံ့သြနေကြတာပေါ့။ သူ့  မင်္ဂလာပွဲအတွက် စီစဉ်ထားတဲ့ ၀တ်စုံလည်း မဟုတ် ဘူးလေ။နောက်ပြီး ဒီအချိန်ကြီး ဘုရားကျောင်းကို သူ ဘာသွားလုပ်တာလဲဆိုပြီး စဉ်းစားလို့ မရကြဘူး။ ဒါပေမယ့် အခု တော့ အန်တီလေး နားလည်သွားပါပြီ နေနေရယ်၊ အဖြစ်အပျက်တွေ၊ သူများ ပြန်ပြောပြတာတွေ ပေါင်းလိုက်ရင် အန်တီလေး ဇာတ်ရည်လည်သွားပါပြီ၊ ပန်းလေး ကံဆိုးရှာ တယ်ကွယ်။”

“အန်တီလေး တစ်ခုခုကို သိနေခဲ့တယ်ဆိုရင် ကျွန်တော့်ကို ပြောပြပါ အန်တီလေးရယ်၊ ကျွန်တော် တောင်းပန်ပါ တယ်။ ပန်း ဆုံးရတာ ကျွန်တော့် ပယောဂကြောင့် မဟုတ်လား အန်တီလေး”

“အဲလိုလည်း ဘယ်ပြောလို့ ရပါ့မလဲ နေနေရယ်၊ သူ့ရဲ့ ကုသိုလ်ကံက ဒီလောက်အထိပဲ ပါတာကိုး။ ပန်းလေး ဘာကြောင့် ဒီဝတ်စုံကို ၀တ်ထားရလဲဆိုတဲ့ အဖြေကို မင်းရဲ့ဇနီး ကားပေါ်က ဆင်းလာချိန်မှာပဲ သိလိုက်ပါတယ်။ တကယ် တော့ ပန်းဟာ မင်းကို သိပ်ချစ်ရှာတာပါ။ မင်းရဲ့ သတို့သမီး သူ သိပ်ဖြစ်ချင်ခဲ့တာ။ ဒါကြောင့် သူ့အဖေ မင်းကို နားလည် ပေးနိုင်မယ့်နေ့ကို သူ စောင့်ခဲ့ရှာတာ။”

“ကျွန်တော့် အမှားတွေပါ အန်တီလေးရယ်၊ ကျွန်တော် ပန်းကို နားမလည်ပေးခဲ့ဘူး၊ စိတ်ထဲထင်ရာ လျှောက်လုပ် ရင်း ပြန်နုတ်မရအောင် ကျွံသွားမိတာပါ။”

“ပန်းဟာ သူ မချစ်တဲ့သူကို မယူနိုင်ဘူး။ ဖြစ်ချင်ရာဖြစ် မင်းကိုပဲ ယူတော့မယ်လို့ ဆုံးဖြတ်ပြီး မင်းကို ပြောဖို့ ကြိုးစားခဲ့တယ်။”

“ဗျာ . . . . ကျွန်တော် ….. ကျွန်တော် ဒါတွေကို တကယ် မသိခဲ့ရပါလား အန်တီလေးရယ်”

“မင်းကို ပြောမယ့်နေ့မှာပဲ မင်းက ဖြူစင်သန့်ကို မဖြစ်မနေ လက်ထပ်ရတော့မယ်လို့ သူ သိလိုက်ရတဲ့အတွက် ဘာမှ မပြောတော့တာပါ”

“ပန်းရယ်”

သူ့ခံစားမှုတို့က အတိုင်းအဆမဲ့။ ချက်ချင်းဆိုသလိုပဲ သူ့မျက်ဝန်းထဲမှာ ပုံရိပ်တချို့ ထင်ဟပ်လာသည်။ သူ လက်ထပ်တော့မယ်ဟု ပြောလိုက်၍ တုန်လှုပ် ချောက်ချားသွားသော သူမ၏ မျက်နှာလေး။ သွားပြီ။ ဘယ်တော့မှ ပြင်လို့ မရတဲ့ အမှားတစ်ခုကို သူ ကျူးလွန်ခဲ့မိပြီ။ သူ လက်ထပ်နေသော အချိန်မှာပဲ ပန်းသည် သတို့သမီး ၀တ်စုံကို ဆင်မြန်းကာ အခြား ဘုရားကျောင်း တစ်ခုသို့ ရောက်ရှိ နေခဲ့လေသည်။

သူ မင်္ဂလာဆောင်ခြင်း ကိစ္စပြီးချိန်လောက်မှာ ပန်းတစ်ယောက် ကားအက်စီးဒင့်ဖြစ်ခဲ့ပြီး သူ့ ဧည့်ခံပြွဲ့ပီးလို့ ပြန် လာချိန်မှာ ၀ိညာဉ် ကင်းမဲ့သော ခန္ဓာကိုယ်လေးက ဆီးကြိုနေခဲ့ပြီ။ ကံတရားရယ် ဘာကြောင့်များ သိပ်ချစ်တဲ့ ချစ်သူ နှစ်ဦးကို တေ့လွဲ လွဲအောင် ဖန်တီးခဲ့တာလဲ။ တကယ်တမ်းမှာတော့ ဒါတွေ အားလုံးသည် သူ ဖန်တီးခဲ့သော အပြစ်များ သာဖြစ်သည်။

“နေနေ အန်တီလေးနောက်လိုက်ခဲ့၊ မင်းကို ပြစရာရှိတယ်။”

အန်တီလေး ဦးဆောင် ခေါ်ယူသွားရာ ပန်းရဲ့ အိပ်ခန်းဆီသို့သာ လိုက်သွားမိသည်။ အခန်းထဲ ၀င်ဝင်ချင်း လှမ်း မြင်ရသော White Board ပေါ်မှ ၀ိုင်းစက် ညီညာစွာ ရေးထားသော ပန်းရဲ့ နောက်ဆုံး လက်ရေးများ။

“ဖြစ်ချင်တာ ဖြစ်ခွင့်မရတဲ့ဘ၀မှာ ဖြစ်လိုရာ ဖြစ်ပါစေတော့တဲ့” လေ နောက်တစ်ကြောင်းက သူ့ရင်ကို ပိုမို နာကျင်စေသည်။

“မိန်းမတစ်ယောက်ဟာ ကိုယ် ချစ်နေတဲ့ ယောကျာ်းတစ်ယောက်ကို လိုချင်ပါတယ်။ လက်ထပ်ချင်ပါတယ်လို့  စပြီး တောင်းဆိုပိုင်ခွင့် ရွေးချယ်ခွင့် မရှိပါဘူး။ သူက ကိုယ့်ကို ရွေးချယ်မှသာ ကိုယ်က လက်ခံခွင့် ရတာပါ။ ကိုယ့်ချစ်သူဆီက ကိုယ့်ကို လက်ထပ်ချင်ပါတယ် ဆိုတဲ့ စကားကို ဘယ်တော့မှ ကြားခွင့် မရှိတဲ့ မိန်းမလောက် ကံဆိုးတာ ရှိနိုင်ပါဦးမလား”

သူမ စာအဆုံးမှာတော့ သူ အရုပ်ကြိုးပြတ် ထိုင်ချလိုက်တော့သည်။ ထိုစာများသည် သူမ မသေဆုံး မှီ နာရီပိုင်း အတွင်းကမှ ရေးသွားကြောင်း ရက်စွဲနှင့် အချိန်က သက်သေ ပြနေသည်။

သူမ သေဆုံးရတာ မတော်တဆမှ ဟုတ်ပါရဲ့လား။ ကြိုတင် ကြံစည်ထားခြင်းများလား။ မထင်ကောင်းသော အတွေးတို့ ကို မထင်ပါရစေနှင့်။

ပန်းရယ်၊ မင်း ကိုယ့်ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့ တော့။

တကယ်တော့ ပန်းသည် သူအပါအ၀င် သူမ၏ မိဘများ၊ သူ၏ မိဘများကို အနိုင်နှင့်ပိုင်းကာ ထွက်ခွာ သွားလေ ပြီ။ ဒီပွဲမှာ ပန်း မရှုံးခဲ့ပါဘူး။ ကျန်ရစ်ခဲ့တဲ့ သူတွေ အားလုံးမှာသာ နောင်တတွေ ကိုယ်စီ ရင်မှာ ပိုက်ရင်း ကြေကွဲနေရပြီ။ လူကြီးတွေရဲ့ ချစ်ခြင်းများ၊ စေတနာများ၊ အမုန်းများ၊ အာဃတများ နောက်မှာ လူငယ်တို့ အတွက် ကြေကွဲ ခြင်းများကို ဖြစ်တည်စေခဲ့ပြီ။ ဖြူစင်သော ပန်းလေးတစ်ပွင့် အချိန်မတိုင်ခင် ကြွေလွင့်သွားခဲ့လေပြီ။

သူသည်လည်း အသက်ရှင်နေသေးပေမဲ့ သူ့ ဘ၀ကတော့ သေဆုံးသွားခဲ့ပါပြီ။ ချစ်ခြင်းများနှင့် ရှင်သန်ခြင်းများ သည် ပန်းနှင့် အတူ တမလွန်သို့  ပါသွားခဲ့လေပြီ။

မေဇူး
(၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ အပျိုစင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: