ထွက်ပေါက်မဲ့ လမ်းကျဉ်း

ရွေးချယ် ဆုံးဖြတ်ချက် အမှားအယွင်း တစ်ခုကြောင့် ဘ၀သက်တမ်း တလျှောက်လုံး ရင်နာစရာ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရမည်ဟု သူမ ဘယ်တုံးကမှ တွေးမထင်ထားခဲ့မိပါ။ အခုချိန်မှာတော့ ထိုအမှား အယွင်း အတွက် ပေးဆပ်ရသော အပြစ်တို့က ခါးသည်း လွန်းလှသည်။

အဖြစ်မှန် တစ်ခုကို တစ်သက်လုံး ဖွင့်ပြောခွင့်မရှိပဲ မြိုသိပ် သိမ်းဆည်းထားရသော ဘ၀က ပင်ပန်း လွန်းလှပါသည်။ တကြိမ် တခါ မှားယွင်းမှုကို ပြင်ဆင်ခွင့် မပေးခဲ့သော ကံကြမ္မာကိုသာ မုန်းတီးပါ၏။ ရှေးဘ၀က ၀ဋ်ကြွေးများ ပါလာခဲ့လားလို့ အောက်မေ့ ရလောက်အောင်ပင် ထိုခါးသည်းမှုတို့က သူမကို ဘ၀ တလျှောက်လုံး နှိပ်စက်ခဲ့သည်သာ။ ထွက်ပေါက် မရှိသော လမ်းကျဉ်းလေးထဲ၌ နှစ်(၂၀) နီးပါး သူမ ရှင်သန် ခဲ့ရသည်။

တိတ်ဆိတ်နေသော အခန်းထဲမှာ သူမ တစ်ယောက်ထဲသာ အတွေးများဖြင့် လွန့်လူး နေသည်။ ဝေ့၀ဲ နေသော မီးခိုးငွေ့များ ကြားတွင် မေ့မရသော မျက်နှာ တစ်ခုကို မြင်ယောင် မိပြန်သည်။ အလျင် အမြန်ပင် ခေါင်းခါရမ်းလျှက် ဖျောက်ဖျက် ပစ်လိုက်ပေမယ့် ကွယ်ပျောက် မသွားခဲ့။ ဖြစ်နိုင်လျှင် အခုချိန်တွင် စွဲလမ်းမှုများကို မေ့ပစ် ချင်လှသည်။

သက်မဲ့ ပစ္စည်းတစ်ခု ဖြစ်သော နာရီ လက်တံ၏ ရွေ့လျားမှုနှင့် စက်သံတို့က သက်ရှိ လူသား သူမကို ကြောက် ရွံ့မှုတို့ အဖြစ် ဖန်တီး ပေးနေသည်။ ဖြစ်နိုင်လျှင် လည်ပတ်နေသော နာရီလက်တံနှင့် နေ့ ည တို့အား၎င်း၊ နှုတ်ဆက် လက်ပြ ထွက်ခွာ သွားသော အချိန်နာရီ တို့အား၎င်း၊ တားဆီး ရပ်တန့်ထား ချင်သည်။ ဒါပေမယ့် ဒါတွေဟာ သူမ ပြုပြင် ပြောင်းလဲ ဖန်တီးလို့ ရနိုင်တဲ့ အရာတွေမှ မဟုတ်တာပဲလေ။

တကယ်တမ်းမှာတော့ သူမ ရင်ခွင်မှ ခွဲခွာပြီး နိုင်ငံရပ်ခြားရှိ သူ့ မိဘတွေဆီ ပြန်သွားတော့မယ့် သမီးငယ်အား သူမကို ခွဲမသွားဖို့ တားဆီးချင်တာ။ ဒါပေမယ့် တားဆီး နိုင်စွမ်းလည်း သူမမှာ မရှိခဲ့ပါ။ ဒါဟာ သူမရဲ့ ညံ့ဖျင်းမှုလား၊ အမှန် တရားကို ရင်ဆိုင် ဖြေရှင်းနိုင်ခွင့် မရှိမှုတို့ရဲ့ ရလာဒ်တွေလား သူမ မခွဲခြားနိုင်ခဲ့။

မကြာမီ အချိန်အတွင်းမှာပင် သမီးငယ်ကို တင်ဆောင်ထားသော လေယာဉ်ကြီးသည် မြန်မာပြည်မှ ထွက်ခွာ သွားတော့မည်။ သမီးငယ်၏ ချစ်ခြင်း သံယောဇဉ်ဖြင့် အသက်ဆက် နေခဲ့သော သူမအား အပြီးတိုင် မညှာမတာ ရက်စက် ပေတော့မည်။ ထိုဒုက္ခများကြားမှာ ဘယ်လို ရှေ့ဆက် နေထိုင်ရမည်နည်း။

ကြက်တူရွေး တစ်ကောင်ကဲ့သို့ ချစ်ဖွယ်သော စကားကို သွက်လက်စွာ ပြောဆိုတတ်သော သမီးငယ် မရှိသည့် ဤအိမ်သည် သုသာန် တစပြင်ကဲ့သို့ ခြောက်သွေ့ အသက် ကင်းမဲ့တော့မည်။ ပိုင်ရှင်၏ စွန့်ပစ်ခြင်းကို ခံရတော့မည့် စန္ဒရား သည် ယခုထဲမှပင် ၀မ်းနည်းစွာ ငိုကြွေးနေခဲ့ပြီ။

ခန်းဆီး နောက်ကွယ်မှ ခပ်ဖွဖွ လှမ်းလာတတ်သော ခြေသံ သဲ့သဲ့ကို ကြားယောင် မိပြန်သည်။ မဖြစ်နိုင် မှန်းသိစွာနှင့်ပင် သူမ လှည့်ကြည့် မိပြန်သည်။ သူမကလွဲ၍ ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေခဲ့။ အဖုံး ပိတ်ထားသော စန္ဒရား ဆီမှ သီချင်း သံသဲ့သဲ့ကို သူမ နှလုံးသားဖြင့် ကြားယောင် နေမိပြန်သည်။ ဒါဟာ သမီးငယ် အမြဲတမ်း တီးတတ်တဲ့ သီးချင်း တီးလုံးသံ၊ ကြိမ်ဖန် များစွာ မရိုးအီနိုင်ပဲ သူမ နားထောင်နေကျ သမီးရဲ့ လက်သံ၊ သီးချင်းဆုံးတိုင်း လက်ခုပ်တီး အားပေးနေကျ သူမ၊ အခုတကြိမ်မှာလဲ ယောင်ရမ်းပြီး လက်ခုပ် တီးမိမတတ်ပင် ဖြစ်ခဲ့ရသည်။

အိုး … စွဲလမ်းမှုဆိုတာ ဆိုးးရွား လှချေလား။ အဆိုးဆုံးကတော့ ‘မေငယ်လေး’ လို့ ခေါ်တတ်တဲ့ သမီးငယ်ရဲ့ ချွဲချွဲ နွဲ့နွဲ့အသံ၊ အပြင်က ပြန်လာတိုင်း သူမ ခါးကို ဖက်ရင်း ပါးကို နမ်းရှုံ့ကာ ခေါ်နေကျအသံ၊ နောက်ပြီး သူမရဲ့ တနေ့တာ ကြုံဆုံ ရသမျှ ပြန်ပြောပြတာကို တိတ်တဆိတ် နားထောင်ပေးပြီးမှ အဆိုး အကောင်း ဝေဖန် ပေးရတတ်တာတွေ၊ အားလုံးဟာ သတိရစရာတွေ ချည်းပါပဲ။ ထွက်သွားသူထက် ကျန်ရစ်သူမှာ ဝေဒနာတွေကို ပိုကျန်ခဲ့ရတာ ထုံးစံပဲ လားကွယ်။

မင်းနဲ့အတူ ပျော်ရွှင်စွာ ဖြတ်ကျော်ခဲ့တဲ့ နေ့ရက်တွေဟာ အခုချိန်မှာတော့ ကျန်ခဲ့ပါပြီ ကလေးရယ်။ မကြာခင်မှာ မင်းဟာ မင်းမိဘတွေရဲ့ ရင်ငွေ့မှာ ခိုလှုံရင်း မရောက်ဖူးတဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ ဓလေ့စရိုက် အသစ်အဆန်း တွေကြားမှာ ထူးခြားတဲ့ အာရုံသစ် ကိုခံစားရင်း မင်း တချိန်က မှီခိုခဲ့ဖူးတဲ့ မေငယ်လေး ဆိုတဲ့ မိန်းမ တစ်ယောက်ရဲ့ ရင်ခွင်ကို မင်း မေ့သွားလိမ့်မယ် ကလေးရယ်။

ငါ့ဘ၀ဟာ ထွက်ပေါက် မရှိတဲ့ လမ်းကျဉ်းလေးထဲကို ရောက်နေခဲ့တာ ကြာခဲ့ပြီ။ တကြိမ်တခါ မှားယွင်းပြီး ၀င်ခဲ့ ဖူးတဲ့ လမ်းကျဉ်းလေးထဲက ခုချိန်ထိ ငါ ပြန်မထွက်နိုင်သေးပါဘူး ကလေးရယ်။ ငါ့ အမှားအတွက် ငါ ပေးဆပ်နေရဆဲပါပဲ။

တကယ်တမ်းမှာတော့ မေငယ်လေး ဆိုတဲ့ မိန်းမရဲ့ ရင်ကို မင်း ထိုးဖောက်ပြီး မြင်နိုင်ခဲ့မယ်၊ ခံစား ကြည့်နိုင်ခဲ့မယ်ဆိုရင် ဒဏ်ရာ ဒဏ်ချက်တွေနဲ့ အပိုင်းပိုင်း စုတ်နေတဲ့ ငါ့ရဲ့ နှလုံးသားတစ်စုံကို မင်း မြင်နိုင် မယ် ကလေးရယ်။ ဒါပေမယ့် ဒီဘ၀မှာ ဖွင့်ပြောခွင့် မရှိတဲ့ အကြောင်းအရာ တစ်ခုကို မြိုသိပ်ရင်း ငါဟာ မင်းကို နှလုံးသားနဲ့ ရင်းပြီး စွန့်လွှတ်ခဲ့ရပြီ။ အဲဒီလို ဒဏ်ရာတွေနဲ့ ပြည့်နေတဲ့ မိန်းမ တစ်ယောက်ရဲ့ အတိတ်ကို မင်းမြင်နိုင်ခဲ့မယ်ဆိုရင် …..

x x x x x x x

ငယ်ရွယ်ချိန်မှာ နှလုံးသားဆန္ဒကို ဦးစားပေးပြီး သိပ်ကို ဆိုးသွမ်းတယ်လို့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ယောက်ျားတစ်ယောက်ကို ရုပ်ရည် ချောမောတာလေးတစ်ခုနဲ့တင် ချစ်သူအဖြစ် ရွေးချယ် ခဲ့မိတာက သူမရဲ့ ပထမအမှား၊ လူကြီးတွေက သဘောမတူဘူးလို့ အတန်တန် တားပြီး ခွဲနေတဲ့ ကြားက တောင် သူ့ကို မစွန့်လွှတ်နိုင်ခဲ့တာက ဒုတိယ အမှား၊ မိဘတွေကို ဆန့်ကျင်ပြီး သူ ခေါ်ရာနောက်ကို လိုက် သွားမိတာက တတိယအမှား၊ အဲဒီအမှားတွေရဲ့ နောက်မှာ သိပ်ကို ဆိုးရွားပြီး ပြင်မရတဲ့ အမှားတစ်ခု ထပ်ဖြစ်လာရတာ အားလုံးသည် သူမ၏ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်သာ ဖြစ်သည်။

ချစ်သူနဲ့ လက်ထပ်ပြီးကာမှ သူရဲ့ဆိုးရွားမှုကို ပိုပြီး မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတော့သည်။ မိဘအိမ်ကပါလာ သော ပစ္စည်းတွေကို သူ့အတွက် မူးယစ်ဆေးဝါး လိုအပ်ချိန်မှာ ချွတ်ယူ ရောင်းစားဖို့ ၀န်မ လေးခဲ့ပါ။ ဆိုးသွမ်းတဲ့သူ တစ်ဦး ကို ကိုယ့်အချစ်နဲ့ လမ်းမှန်ရောက်အောင် ပြုပြင်ယူမယ်ဆိုပြီး ကြွေးကြော် ခဲ့ဖူးသော သူမရဲ့ စကားက ခုချိန်မှာ ရှက်ရွံ့ခြင်း တို့ကို သာ ဖြစ်ပေါ်စေသည်။

စိတ်ကြီးတဲ့ သူမ မိဘတွေရဲ့ မြေလှန် ရှာဖွေမှုအောက်မှာ (၂)ပတ်ထက် ပိုပြီး မပုန်းနိုင်ခဲ့ဘူး။ ကိုယ့်အပြစ်နဲ့ကိုယ် ကြောက်ရွံ့နေတဲ့ သူမဟာ ဖေဖေ၊မေမေတို့ကို ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်း မရှိခဲ့။ သူမတို့ နေတဲ့နေရာကို သိသွားပြီး ဖေဖေ မေမေတို့ လိုက်လာတာကို အတွေ့မှာ သူငယ်ချင်းရဲ့ ကားကို တက်မောင်း ရင်း သူမတို့ ထွက်ပြေးခဲ့ရပြန်သည်။

ဒေါသကြီး သော ဖေဖေရဲ့ ကားကလည်း သူမတို့ကားနှင့် ထပ်ချပ်မခွာပင် လိုက်ပါခဲ့သည်။ အဲဒီနေ့က သူမတို့ကားက ရှေ့မှ အမြန် မောင်း၊ ဖေဖေတို့ကားက နောက်မှ အတင်းလိုက်နေချိန်မှာ မူးယစ် ရီဝေနေတဲ့ ချစ်သူရဲ့ သတိ လွတ်ကွင်းမှု တချက် အောက်မှာပဲ မမျှော်လင့်သော ရင်နာစရာ အဖြစ်ဆိုးတို့ကို ကြုံတွေ့ ခဲ့ရသည်။

သူမတို့ကားက ရှေ့မှ ကားတစီးကို အရှောင်၊မထိန်းနိုင်တဲ့ အရှိန်နဲ့ လမ်းဘေး ဓါတ်တိုင်ကို ၀င်အတိုက် နောက်မှ အရှိန်နှင့် မောင်းလာသော ဖေဖေ့ကားကလည်း ဘရိတ်မမိပဲ သူမတို့ကားကို ထပ်တိုက် လိုက်သောအခါ . . .

မျက်စိတမှိတ် အတွင်းမှာပဲ အသက်(၂)ချောင်းကို သူမတို့ စတေး လိုက်ရသည်။ အဲဒီ အဖြစ် အပျက်၏ နောက်ကွယ်တွင် သူမသည် တရက်တည်းမှာပင် ဖေဖေ့ကိုရော၊ သူမရဲ့ ခင်ပွန်းကိုပါ စွန့်လွှတ် လိုက်ရလေသည်။ သူမ ကိုယ်တိုင်ကတော့ အပေါ်ယံ ဒဏ်ရာလောက်နဲ့သာ မေ့မြောပြီး ဆေးရုံ ရောက်ခဲ့ သည်။

မေမေကတော့ သူမ၏ မိုက်မဲမှုအတွက် ယခုလို အဖြစ်ဆိုးများ ကြုံတွေ့ရတာမို့ သူမကို ဘယ်လိုမှ ခွင့်မလွှတ် နိုင်ခဲ့။ အားကိုးရာမဲ့ အိမ်ပေါ် ပြန်ရောက်လာသော သူမကို နှင်မချတာကလွဲ၍ အကျိုး အကြောင်း၊ အဆိုး အကောင်း ဘာမှ ဝေဖန်ခြင်း မပြုခဲ့သလို သူမအား စကားလဲ မပြောခဲ့ပါ။ ရှိသည်ဟုပင် အသိအမှတ် မပြုခဲ့။ သူမမှာသာ သူမရဲ့ မိုက်ပြစ် အတွက် ကြေကွဲမဆုံး ဖြစ်ခဲ့ရလေသည်။

သူမ အိမ်ပြန်ရောက်ပြီး (၂)လကျော် အကြာမှာ မျှော်လင့် မထားခဲ့သော နောက်ဆက်တွဲ ဖြစ်ရပ် တစ်ခုက သူမကို ထပ်မံ လွှမ်းမိုးလာပြန်သည်။ သူမဆီမှာ ခင်ပွန်းသည်ရဲ့ ရင်သွေး ကျန်ရစ်ခဲ့ခြင်းပါပဲ။ မေမေ ကတော့ သူမ၏ ကိုယ်ဝန် ကို မမွေးဖွားဖို့ အတိအလင်းပင် တောင်းဆိုခဲ့သည်။ သူမကတော့ ခေါင်းမာစွာဖြင့် လက်မခံခဲ့ပါ။ လူကြီးတွေရဲ့အမုန်းများ၊ အာဃာတများ၊ မိုက်မဲမှု ပြဿနာများကြားတွင် ဘာမှ နားလည် နိုင်စွမ်း မရှိသေးတဲ့ အပြစ်မဲ့တဲ့ ကလေး တစ်ယောက်၏ အသက်ကို မစတေးသင့်ဘူးဟု သူမ ထင်ပါသည်။ ထိုယူဆချက်ကြောင့်ပဲ ဒီကလေးကို မွေးဖို့ သူမ ဆုံးဖြတ်ခဲ့တော့သည်။

မေမေကတော့ ဆွေကြီး မျိုးကြီး လူဂုဏ်တန် သူ့ အသိုင်းအ၀ိုင်းကြားမှာ သူမကို အဖေမရှိတဲ့ ကလေးတစ် ယောက် မွေးဖွားဖို့ကို ဘယ်လိုမှ သဘောမတူခဲ့ပါ။ သူမ ခင်ပွန်းကိုလည်း အသိအမှတ်ပြုခဲ့တာ မဟုတ်လို့ ဒီကလေးကို လည်း မလိုချင်ခဲ့ပါ။ သူမနဲ့ မေမေရဲ့ကြားမှာ နောက်ဆုံး ညှိနှိုင်းမှု တစ်ခုနဲ့အတူ သူမရဲ့ ရင်သွေးငယ်ကို မွေးဖွားခွင့် ရခဲ့သည်။ ထိုညှိနှိုင်းမှုက မိဘစကားကို နားမထောင်ပဲ အကြိမ်ကြိမ် စိတ်ဆင်းရဲအောင် ဖန်တီးခဲ့သော သမီးမိုက် တစ်ယောက်၏ ပြန်လည် ပေးဆပ်မှုပင် ဖြစ်သည်။ ထိုအချိန်မှစ၍ ထွက်ပေါက်မရှိသော လမ်းကျဉ်းထဲသို့ သူမ ရောက် ရှိခဲ့တာ ဖြစ်သည်။

ဒီတသက်မှာ သူမရဲ့ နှုတ်မှ ဒီကလေးဟာ သူမရဲ့ ရင်သွေး ဖြစ်ကြောင်းကို ဘယ်တော့မှ ဖွင့်မ ပြောရ ဆိုသော လိုက်နာရန် ခက်ခဲလွန်းလှသော ကတိကို ကလေးအား မွေးဖွားခွင့်ရခြင်း တစ်ခုထဲနဲ့ပင် သူမ လဲလှယ်ခဲ့ရသည်။ ကျေနပ် စွာ လဲခဲ့ရတာ မဟုတ်သော ထိုကတိကို မပေးချင်ပေမယ့် မပေးမဖြစ် ပေးလိုက်ရတာကိုက သူမ ရင်ကို နာကျင်စေခြင်း၏ အစပင် ဖြစ်သည်။

ကလေးအား နိုင်ငံခြားတွင် အခြေချ နေထိုင်နေသော မမကြီးထံတွင် သွားမွေးရန်နှင့် ကလေး မွေးပြီးသည်နှင့် မမကြီးတို့ လင်မယားအား မွေးစားရန် ကလေးကို အပြီးအပိုင် ပေးခဲ့ရမည်ဟု မေမေက စီစဉ်တော့ ရင်နာစွာ ဖြင့်ပင် လက်ခံ ခဲ့ရပြန်သည်။

ဒီလို့နဲ့ပဲ သူမသည် နိုင်ငံခြားတွင် သမီးလေးကို လူမသိ သူမသိ မွေးခဲ့ရပြီး လူမသိ သူမသိပင် စွန့် ပစ်ခဲ့ရသည်။ ကလေးကို မွေးပြီးသော နောက်မှာလဲ သံယောဇဉ် မကုန်စွာနှင့် မြန်မာပြည်ကို ပြန်မလာနိုင်ခဲ့။ အလုပ် အရမ်းများသော မမကြီးတို့ လင်မယားနဲ့ ကလေးက ဘယ်လိုမှ အဆင်မပြေနိုင်တာကြောင့် ကလေးနဲ့ အတူ ဆက်နေခွင့်ကို သူမ သိပ်မကြိုး စားလိုက်ရပဲ ရလိုက်သည်။ သူမ၏ ပြုစုမှုအောက်မှာ သမီးလေး လူလားမြောက်ခဲ့တာ (၄)နှစ်ပင် ရှိခဲ့ပြီ။

ဒီနှစ်ထဲမှာတော့ မေမေ့ ကျန်းမာရေး သိပ်မကောင်းတာကြောင့် မြန်မာပြည်ပြန်ပြီး မေမေနှင့်အတူ ပြန်နေဖို့ ဖြစ်လာခဲ့သည်။ မမကြီး ကတော့ သမီးအား မြန်မာပြည်မှာပင် ကျောင်းထားချင်ခဲ့သည်။ ဒါကြောင့် ပဲ သမီးသည် မမကြီးရဲ့ သမီး၊ သူမရဲ့ တူမ အနေဖြင့် မြန်မာပြည်ကို ပြန်လည် ရောက်ရှိ လာတော့သည်။ သူမနှင့်အတူ ပြန်ပါလာသော သမီးကို မေမေ့ရဲ့ ကြိုဆိုမှုတို့က မနွေးထွေးခဲ့ပါ။ သမီးအတွက် အခွင့်အရေး မျက်နှာသာ ပေးလေ့ မရှိခဲ့။ သမီးရဲ့ စိတ်ထဲမှာတော့ မေမေ့ကို သိပ်ကို စည်းကမ်းကြီးပြီး တင်းကျပ်လွန်း သည့် အဖွားတစ်ယောက် အဖြစ် မြင်မိပါလိမ့်မည်။

မေမေ့ အမြင်မှာတော့ ဖေဖေ ဆုံးရတာဟာ သူမနှင့် သမီးရဲ့ ဖေဖေကြောင့် ဆိုတဲ့အစွဲကို နှစ်တွေ ဘယ်လို ကြာကြာ မေ့ပျောက်၍ မရခဲ့ပါ။ မေမေ့အား ပြုစုရင်း၊ သမီးအား လိမ္မာယဉ်ကျေးအောင် ပြုစု ပျိုးထောင်ရင်း သူမ အချိန်တို့  ကုန်လွန် စေခဲ့သည်။ သမီးအား ကျောင်းအပ်ချိန်တွင် မိဘနေရာမှာ ခဲအိုနှင့် အမရဲ့နာမည်ကို ရင်နာစွာ ဖြည့်ခဲ့ရဖူးသည်။ အုပ်ထိန်းသူ အဒေါ်တစ်ယောက် နေရာမှာ အစားထိုး ၀င်ရောက် နေရာယူထားရတဲ့ အမေတစ်ယောက်ရဲ့ ရင်ထဲက ခံစား ချက်ကို ဘယ်သူက နားလည်ပေးနိုင်ပါမည်လဲ။

မမကြီးနဲ့ ကိုချိုကြီးကို မိဘအဖြစ် ထင်မှတ်ထားတာက လွဲရင် သူမနှင့်သာ နေခွင့်ရသော သမီးငယ်သည် မေငယ်လေးဆိုသော အမည်ခံပိုင်ခွင့် မရှိသော အမေ တစ်ယာက်၏ ရင်ငွေ့ကို ခိုလှုံရင်း ကြီးပြင်းခဲ့လေသည်။ မမကြီး တို့က မြန်မာပြည်ကို တနှစ်တစ်ခါ (၁)ပတ် ဆယ်ရက် ပြန်လာတတ်တာကလွဲ၍ ဟိုမှာသာ အနေများခဲ့သည်။

ဟိုမှာ ပြန်နေဖို့ မမကြီးက ခေါ်ရင်တောင် သမီးသည် ပြန်လိုက်ရမှာ စိုးရွံ့စွာ သူမ ရင်ခွင်ထဲ ပုန်းအောင်း နေတတ်သည်။ သမီး အရင်းကို တူမ တစ်ယောက်အနေနဲ့သာ စောင့်ရှောက်ခွင့်ရထားသော သူမက အဖြစ်အပျက်တို့ကို ဖွင့်ပြောပြချင်လို့ အဖြစ် မှန်ကို ပြောပြ ခွင့်ပြုဖို့ မေမေ့ထံ ခွင့်တောင်းတိုင်း

“ငြိမ်နေတဲ့ရေကို လှိုင်းထအောင် ခဲမပစ်ချင်ပါနဲ့ ငယ်ငယ်။ အရာရာ အားလုံးဟာ ပုံမှန်အတိုင်း ဖြစ်နေချိန်မှာ ဘာ အကြောင်းပြချက်နဲ့မှ အတိတ်ကို မေမေ အစက ပြန်မဖော်ချင်ဘူး။ ပြန်လဲ မဖော်နိုင်ဘူး။ ငယ်ငယ် အသက်ရှင် နေသရွေ့ ဒီကလေးဟာ ငယ်ငယ်ရဲ့ ကလေးပါ ဆိုတာကို ဘယ်တော့မှ ဖွင့်ပြောခွင့် မေမေ မပြုဘူးနော်။ ပြောလဲ ပြောခွင့်မရှိဘူး။ ဒါဟာ ငယ်ငယ်ကို အပြစ်ပေးတာလို့ သတ်မှတ်မယ် ဆိုရင် တောင် ဒီအပြစ်ဟာ ငယ်ငယ် ဖန်တီးခဲ့တဲ့ လုပ်ရပ်နဲ့ စာရင် သေးငယ် ပေါ့ပါး ပါသေးတယ်။ မေမေဟာ ခုချိန်ထိ ငယ်ငယ့်ကို ခွင့်မလွှတ်နိုင်သေးဘူးဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့”

ဟုသာ တုံ့ပြန် တတ်သည်။ သူမ ဘ၀ကို ထွက်ပေါက် ဘယ်တော့မှ မေမေ ပေးမည် မဟုတ်ဟု သူမ နားလည် လိုက်သည်။

မေမေ့ စကားသံများ အောက်တွင် မျက်ရည်တို့နှင့်အတူ နှလုံးသွေးပါ ယိုစီးကျမိ၏။ ဒီလိုနှင့် သမီးသည် မေမေ့ အား ကြောက်ရွံ့စွာ၊ သူမအား ချစ်ခင် တွယ်တာစွာဖြင့် ကြီးပြင်းလာခဲ့သည်။ သမီးက မမကြီးတို့ကိုတော့ သူများမိဘ တွေလို သူ့ကို မချစ်ဘူးဟုသာ စိတ်မှာ စွဲထင်လျှက် မမကြီးတို့ဆီမှ မရသော မိဘမေတ္တာကို သူမ၏ ချစ်ခြင်းဖြင့်သာ လဲ လှယ်၍ ကျေနပ် နေခဲ့သည်။

မေမေက အိမ်ထောင်ပြုဖို့ ကြိမ်ဖန်များစွာ တိုက်တွန်းပေမယ့် သူမ လက်မခံခဲ့ပါ။ ဒါဟာ သမီးရဲ့ အဖေကို မမေ့နိုင် တာထက် သမီးထက် ဘယ်သူ့ကိုမှ ချစ်၍ မရတော့တာက အဓိက ကျမည် ထင်ပါမည်။ မေမေ ဆုံးခါနီးတွင်

“မေမေ မရှိရင် ဒီလုပ်ငန်း အားလုံးကို ငယ်ငယ့် နာမည်နဲ့ လွှဲပေးခဲ့မှာ။ ဒီအတွက် ငယ်ငယ်ဟာ မိဘ အမွေကို ဆက်လက် ထိန်းသိမ်းရင်း ဒီမှာပဲနေရမယ်။ အိမ်ထောင်ပြုရမယ်။ နိုင်ငံခြားကို ပြန်မသွားရဘူး။ ပြီးတော့ ဒီကလေး (၁၀) တန်း အောင်ပြီးချိန်ကျရင် သူ့ကို မမကြီးတို့ဆီ အပြီး ပြန်ပို့ရမယ်။ သူလဲ မြန်မာပြည်မှာ နေပြီး သူ့မိဘနဲ့ ခွဲနေရတာ ကြာပြီ ပဲ။ သူ့ကို ပြန်လွှတ်လိုက်တော့။ မိဘနဲ့ သားသမီးဆိုတာ အတူတူ နေတာပဲ ကောင်းတယ်။”

မေမေသည် သူမအား သမီး၏ မိခင်ရင်း ဖြစ်သည်ဆိုသောအချက်အား မေ့လျော့ ထားခဲ့တာလား။ မေ့ချင်ဟန် ဆောင်တာလား သူမ မဝေခွဲနိုင်ခဲ့။ သူမကတော့ ပြင်ဆင်ခွင့်မရခဲ့သော အမှားအတွက် ရလာ သော ရလာဒ်တို့ကို လည်စင်း ခံယူရင်းဖြင့်သာ ပေးဆပ်ခဲ့သည်။ သူမ ရောက်ရှိနေသော လမ်းကျဉ်းလေးထဲမှ လွတ်မြောက်နိုင်ရန် လမ်းစကို ရှာမရခဲ့။

မေမေ ဆုံးသွားပြီး နောက်ပိုင်းမှာတော့ သမီးသည် သူမအရိပ်တွင် ရဲဝင့် ပျော်ရွှင်စွာဖြင့် ကြီးထွား လာခဲ့လေ သည်။ သာလိကာ ရှုံးအောင် စကားများတတ်သော သမီးသည် မေမေ ရှိစဉ်က မေမေ ရှေ့တွင် ခြေသံပင် ကြားအောင် လမ်းမလျှောက်ရဲခဲ့။ ဘာကြောင့်မှန်းမသိ သူမအား မချစ်သော၊ တနည်းအားဖြင့် မုန်းသည်ဟုပင် ပြောနိုင်သော အဖွားဖြစ် သူ မျက်ဝန်းများကို ကြောက်ရွံ့ ရင်မဆိုင်ဝံ့ခဲ့ပေ။ မေမေ မရှိချိန်မှာတော့ သမီးကို သူမ လမ်းမှန်ပေါ်မှ ပြုစု ပျိုးထောင် ခဲ့သည်။

အနုပညာ ၀ါသနာပါသော သမီးအား စန္ဒရားဆရာ အိမ်ခေါ်၍ သင်ပေးခဲ့သည်။ သူမ အပျိုဘ၀က တီးခဲ့သော စန္ဒရားသည် ယခုအချိန်တွင် သမီး၏ တေးသံဖြင့် ပြန်လည် အသက်ဝင်ခဲ့ပြီ။ ဉာဏ်ကောင်း၍ တတ်လွယ်သော သမီးသည် မကြာခင်မှာပင် အိမ်၏ ပင်တိုင်အဆိုတော် ဖြစ်လာခဲ့သည်။ ကျောင်းမှ ပြန်လာ တိုင်း လွယ်အိတ်ချပြီးသည်နှင့် သူမကို ပြေးဖက် နမ်းရှုံ့မြဲ။

ရေချိုးပြီး ထမင်းမစားခင် အချိန်အတွင်းမှာ သူမ၏ ခွင့်ပြုချက်ဖြင့် သီချင်းတစ်ပုဒ် သီဆိုခွင့်ကို နေ့တိုင်း ရခဲ့သည်။ သမီး စန္ဒရားတီးတိုင်းလည်း သူမက အနီးကပ် အားပေးမြဲ၊ သီချင်းဆုံးတိုင်း လက်ခုပ် တီး၍ ဂုဏ်ပြုမိမြဲပင်ဖြစ် သည်။ သူမနှင့် အဖော်အမျိုးသမီးကြီး အမေညိုတို့သာ ရှိသော ဤအိမ်သည် သမီး ကျောင်းသွားချိန်များတွင် ပျင်းရိ ခြောက်ခြားဖွယ် ကောင်းလှသည်။

သူများတွေ မိဘနဲ့ အတူနေရတာ အားကျစွာ ငေးမောတတ်သော သမီးသည် သူ့မိဘများနှင့် တစ်နှစ်မှ တစ်ခါ လောက်သာ တွေ့ရတတ်တာ အားမလို အားမရဖြစ်မြဲပင်။ တစ်ခါတရံကျတော့လည်း –

“ဖေဖေမေမေတို့က သမီးကို တကယ် ချစ်ရဲ့လားဟင်၊ သမီးနဲ့လည်း အတူမနေကြဘူး။ အမြဲတမ်း ခွဲနေရတယ်။ မေငယ်လေးလောက်လည်း သမီးကို မချစ်ကြဘူး။ မေငယ်လေး ချစ်တာရဲ့ တစ်ဝက်လောက်ပဲ သူတို့သမီးကို ချစ်ရင် ကျေနပ်ပါပြီ”

ဟု တမ်းတစွာ ပြောတတ်သည်။ ထိုစကားသံများ ကြားတိုင်းမှာ မိခင်ရဲ့ ရင်ခွင်အတွင်းမှာ နေနေရမှန်း မသိဘဲ အမေ့ ရင်ခွင်ကို တမ်းတနေသော သမီးကို ကြည့်ပြီး သူမ ငိုရသည်။ သူမ ဘ၀ကို အစ အဆုံး သိသော အမေညိုကို တိုင် တည်ရင်း သူမ ငိုမိတိုင်း အမေညိုက ပြောနေကျ လက်သုံး စကားအတိုင်း

“ငယ်ငယ်တို့ သားအမိမှာ ရှေးဘ၀က ၀ဋ်ကြွေး ပါလာလို့  ဒီလို ဖြစ်ရတယ်လို့သာ သဘော ထားပါ ကွယ်။ ဘ၀ ဆက်တိုင်း ဒီလို ၀ဋ်ကြွေးမျိုး မကြုံပါရစေနဲ့လို့သာ ငါ့သမီး ဆုတောင်းပေါ့” ဟု ပြောတတ်သည်။

တခါတလေ ကျတော့လည်း မေမေ့ကို ပေးထားသော ကတိကို ချိုးဖျက်ဖို့ သူမ အကြိမ်ကြိမ် စဉ်းစားမိသည်။ ထိုအခါတိုင်းမှာလည်း မေမေသည် အိမ်မက်များထဲ၌ပင် သူမ ဆန္ဒကို ကန့်ကွက်နေဆဲ။ ဒီလိုနဲ့ပဲ မထွေးနိုင် မအန်နိုင် အဖြစ်များကို မြိုသိပ်ရင်း အချိန်တို့က တဖြည်းဖြည်း ကုန်ဆုံးခဲ့ရာ သမီးပင် (၁၀)တန်း ကျောင်းသူဘ၀သို့ ရောက်ရှိခဲ့ပြီ။

ရပ်တန့်၍ မရသော အချိန် နာရီတို့ကို သူမ မုန်းပါသည်။ ထိုအချိန်ကပင် သူမနှင့် သမီးကို အဝေး ဆုံးသို့ ရောက် အောင် တွန်းပို့ ဖန်တီးတော့မည်။ တဖြည်းဖြည်းနှင့် သူမတို့နှစ်ဦး ခွဲဖို့ရက် နီးကပ်လာခဲ့ပြီ။ သားသမီး မရသော မမကြီးတို့ လင်မယားမှာလည်း စီးပွားရေး တောင့်တင်းနေပြီ ဖြစ်သောကြောင့် ခုချိန်မှာ သမီးကို အမှန်တကယ် လိုလား တောင့်တ နေကြပြီ။

သမီး (၁၀)တန်း ဖြေပြီးချိန်မှာ ပြန်ခေါ်ပြီး ဟိုမှာ ကျောင်းဆက်တက်စေဖို့ စတင် စီစဉ် ကြိုးပမ်း နေကြပြီ။ သူမ ကတော့ အမှန်တရားကို ရင်ဆိုင်ဖို့ အင်အား နဲပါး နေဆဲပင် ဖြစ်သည်။ ခုချိန်မှာ သမီးမပါပဲ ဘ၀ခရီးလမ်းကို ဘယ်လို ဆက်လျှောက်ရမည်ဆိုတာကို ဘယ်လိုမှ မစဉ်းစားဝံ့ခဲ့ပါ။

ဤအိမ်တွင် သမီးနဲ့ ကင်းသောအရာ မရှိသလောက်ပင်၊ ခြံထဲမှ ပန်းပင်များသည် သမီး၏ ရေလောင်း ပြုစုမှု အောက်တွင် ကြီးထွားခဲ့သည်။ မီးဖိုဆောင်မှ ထမင်းဟင်းများသည် သမီး လက်ရာဖြင့် ချိုမြိန်၏။ အိမ်ရှေ့မှ စန္ဒရားသည် သမီး၏ လက်သံကြောင့် အသက်ဝင် နေခဲ့သည်။ ၎င်းတို့ထက် အရေး ကြီးဆုံးမှာ သူမ၏ နှလုံးသားသည် သမီးကြောင့် ရှင်သန်နေခြင်း ဖြစ်သည်။ သမီးသာ မရှိခဲ့ပါလျှင် သူမ ရှေ့ကို ဘယ်လို ခရီးဆက် ရပါမည်နည်း။

သမီးကတော့ နှစ်ပေါင်းများစွာ ခွဲနေရသော မိဘနှင့် တွေ့ ရမှာမို့ ပျော်ရွှင်နေသည်။ နိုင်ငံခြားတွင် ပညာဆက် သင်ရမည်။ မိဘနှင့် အတူနေရမည်ဆိုသော ခံစားမှုများနှင့် သမီး ပျော်ရွှင်နေချိန်တွင် သူမ ကတော့ မျက်ရည်များဖြင့် ပူလောင် နေခဲ့သည်။ သူမအတွက် အိပ်ပျက်ညတို့ ဆက်ခဲ့ပြီ။ အိပ်မပျော်လေတိုင်း စာကြည့်ခန်းထဲမှာ မီးမှောင်ချရင်း အတွေးများကို စီးကရက် မီးခိုးငွေ့များကြားတွင် စွဲနှစ် နေမိသည်။ အပျော်များကြားတွင် သမီးသည် သူမကို အလွယ်တကူ မေ့ပစ်နိုင်တော့မည်ဆိုသော အတွေးသည် ခုချိန်မှာ သူမကို အနှိပ်စက်ဆုံး အသိပင်ဖြစ်သည်။

သူမ အဖြစ်အပျက်တို့ကို နားလည်သော အမေညိုကတော့

“သမီး ဒုက္ခက ကြီးလွန်းပါတယ် ငယ်ငယ်ရယ်။ ဖွင့်ပြောရင်လည်း ပြောလိုက်တော့ကွယ်။ သမီး အရမ်း ခံစားနေရတာကို အမေညို မကြည့်ရက်ဘူး။ ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ပါအုံး သမီးရယ်။ တော်တော် လေး ချောင်ကျနေပြီ ကွယ်။ ဆေးလိပ် သောက်တာကိုလဲ လျှော့ပါအုံး။ မနက် မနက် အမေညို အခန်းဝင်ရှင်း ရင် စီးကရက်တိုတွေ အများကြီးပဲ တွေ့ တယ်။”

“ဟုတ်ကဲ့ပါ အမေညို ငယ်ငယ် လျှော့သောက်ပါမယ်။ ဖွင့်ပြောဖို့ ဆိုတာကတော့ ဖြစ်နိုင်တော့မယ် မထင်ပါဘူး လေ။ ငယ်ငယ့်မှာ ဖွင့်ပြောခွင့်မှ မရှိတာ။”

အမေညို့ ရင်ခွင်မှာ ခေါင်းတိုးဝင်ရင်း (၂)ယောက်သား ငိုကြွေးမိသည်။ ညနေ သမီး ကျောင်းမှ ပြန်လာတော့ (၂) ယောက်လုံး မျက်နှာ မကောင်းစွာ တိတ်ဆိတ်နေတာကို မြင်တော့ အကင်းပါးသော သမီးက ရိပ်မိကာ ဘာဖြစ်လို့လဲ ဆိုပြီး အတင်း မေးတော့သည်။ သူမကတော့ ဘာမှ ပြန်မပြောနိုင်၊ အမေညို ကသာ

“သမီးရဲ့ မေငယ်လေးက သမီး သွားတော့မှာမို့ ၀မ်းနည်းနေတာ”

“မပြောပါနဲ့ အမေညိုရယ်”

“မေငယ်လေးကလဲ သမီးက ပြန်လာမှာပေါ့၊ သမီးက မေမေတို့နဲ့မှ အတူ မနေရသေးတာ၊ မွေးထဲက မေငယ် လေး နဲ့ ပဲ နေနေရတာဆိုတော့ အဖေ အမေနဲ့လည်း နေချင်သေးတာပေါ့ မေငယ်လေးရဲ့”

သမီးရဲ့စကားသံကို သူမ မကြားဝံ့စွာ ထထွက်လာမိသည်။

မင်း တသက်လုံး နေနေရတာ မင်းအမေရဲ့ ရင်ခွင်ဆိုတာ မင်းမှမသိပဲ ကလေးရယ်ဟုသာ ရင်နာစွာ ရေရွတ်မိ သည်။ ဒီလိုနဲ့ပဲ သမီး (၁၀)တန်း ဖြေပြီးချိန်သို့ ရောက်ခဲ့သည်။

မမကြီး ကိုယ်တိုင် မြန်မာပြည် ပြန်လာကာ သမီး နိုင်ငံခြားထွက်ဖို့ ကိစ္စကို လိုက်ပြီး ဆောင်ရွက်သည်။ သူမက တော့ ပထမဆုံး တရက်သာ လိုက်သွားပြီး နောက်ရက်များမှာ သမီးနှင့် မမကြီးကိုသာ လွှတ်မိသည်။ သမီး နိုင်ငံခြား ထွက်ခွင့်ရဖို့ ကိစ္စများကို လိုက်လံ ဆောင်ရွက်ရသည်မှာ ကိုယ့်နှလုံးသားကို ကိုယ် ပြန်ချနင်းရသလို ခံစားရသောကြောင့် သူမ မလိုက်လိုပါ။

မမကြီးကို သမီးက မေမေလို့ ခေါ်သံကြားတိုင်း ဒဏ်ရာရ နှလုံးသားမှ ငိုကြွေးမိပြန်သည်။ သမီးကတော့ သူ့အမေ ကိုယ်တိုင် လာခေါ်တာမို့ ကြည်နူး မဆုံးနိုင်ခဲ့။ သားအမိနှစ်ယောက် တနေ့ တနေ့ နိုင်ငံကူး လက်မှတ်ရဖို့ လိုက်လုပ်ရတာ နဲ့ အ၀တ်အစား ၀ယ်ခြမ်းရတာနဲ့ သူမနဲ့ပင် မတွေ့နိုင်လောက်အောင် အလုပ်ရှုပ် နေကြသည်။ ထိုအခိုက်အတန့်မှာတော့ မမကြီးရော သမီးပါ သူမကို မေ့လျော့ ထားခဲ့ကြသည်။

သူမကလည်း အပြင်မထွက်ဖြစ်ပဲ သိသိသာသာပင် အခန်းအောင်း နေမိသည်။ ဖြစ်နိုင်လျှင် သံယောဇဉ်တို့ကို ဖြတ်ချင်မိသည်။ ဆေးလိပ် အသောက်များ လာ၍လားမသိ၊ လူက နေမကောင်းချင်၊ ရင်ထဲက တလှပ်လှပ်နှင့် မူးနေတတ် သည်။ သူမကို အရိပ်တကြည့်ကြည့် နေတတ်သော အမေညိုကတော့

“ငါ့သမီးလည်း ဒီစိတ်နဲ့တော့ ဒုက္ခ ပါပဲကွယ်၊ မမကြီးကို အမေညို ပြောကြည့်မယ်လေ။ သမီးကိစ္စ ဖွင့်ပြောဖို့. . ”

“တော်တော် အမေညို ဒီကိစ္စမှာ အမေညို ၀င်မပါပါနဲ့။ အို … ဆောရီး အမေညိုရယ်။ ငယ်ငယ် အမေညို့ကို အော်သလို ဖြစ်သွားတယ်။ ဒီကိစ္စကို မေ့ထားချင်လို့ ကျေးဇူးပြုပြီး မပြောပါနဲ့နော်။”

တစ်ရက်မှာတော့ သူမ စာကြည့်ခန်းထဲမှာ မူးလဲ၍ ဆေးရုံ တက်လိုက်ရသည်။ Heart attack တဲ့။ ဆရာဝန်က စိတ်ဆင်းရဲမခံရန် ပြောသည်။ သူမကတော့ ခွန်းတုံ့မပြန်ပဲ မချိပြုံးသာ ပြုံးနေမိသည်။ ကိုယ့်ဝေဒနာကို ကိုယ်သာ အသိဆုံး မဟုတ်လား။ သူမ ဆေးရုံတက်ရကာမှပင် အလုပ်များနေသော သမီးတို့ သားအမိသည် သူမကို သတိရတော့သည်။ မမကြီး ကတော့

“နင် ပိန်သွားလိုက်တာ ငယ်ငယ်ရယ်။ နင် စိတ်ချပါ။ ငါ သူ့ကို သမီးအရင်းလို ချစ်တယ်ဆိုတာ နင်လဲ အသိပါ။ ကိုချိုကလဲ မြန်မြန် ပြန်လာ ခိုင်းနေပြီ။ ငါလဲ ဟိုမှာ အလုပ်တွေ ထားခဲ့ရတာဆိုတော့ ပြန်ချင် နေပြီ။ သမီးကိစ္စလည်း ပြီးနေပြီ ဆိုတော့ နင်နေကောင်းရင် ငါတို့သွားတော့မယ်” ဟု သမီး မရှိချိန် တွင်ပြောသည်။

“မေငယ်လေး နေမကောင်းသေးရင် သမီး ပြုစုမှာပေါ့။ နေကောင်းမှ သွားမယ်လေ”ဟု သမီးက ချွဲနွဲ့စွာ ပြောသည်။ သူမ ဆေးရုံက ဆင်းပြီး နောက်တပတ် အကြာမှာတော့ သမီးတို့သွားဖို့ ပြင်ဆင်ကြသည်။ သမီးကတော့ ကလေးပီပီ အတွေ့အကြုံသစ် အတွက် ရင်ခုန် တက်ကြွနေသည်။ တကယ်တမ်း သွားရခါနီး အချိန်တွင် သမီးသည် သူမ အနားမှ မခွာတော့။

အမြဲတမ်း တခုတင်ထဲ အတူအိပ်သော၊ တရေးနိုးတိုင်း ယောင်ပြီး သူမကို ထစမ်းတတ်သော သမီးသည် ဟိုရောက်လျှင် မည်သို့ နေမည်နည်း။ သူမကတော့ ဘယ်လိုမှ မခံစားနိုင်အောင် ဖြစ်နေမိသည်။ တကယ်တမ်း သွားရမယ့် ရက်မှာ သမီးက သူမကို ကန်တော့တော့ သူမ တည်ငြိမ်စွာဖြင့် သူ့ဘ၀လေး အတွက် ဆုတောင်း ပေးခဲ့သည်။ သူမ မျက်နှာတွင် မျက်ရည်များ မရှိတော့၊ ငိုကြွေးရလွန်းလို့ ခမ်းခြောက် သွားခဲ့ပြီ။ အမေညိုကတော့ သူမကို ကြည့်ကာ ငိုကြွေး နေခဲ့ပြီ။ မမကြီးကတောင် သူမကို ကြည့်ကာ

“နင် နေကောင်းရဲ့လား ငယ်ငယ်၊ ငါ ဆရာဝန် ခေါ်လိုက်မယ်လေ”

မမကြီးကို အသာခေါင်းယမ်းပြီး ပြုံးပြနိုင်အောင် ကြိုးစားရသည်။ ကားပေါ်တက်ခါနီး သမီးက သူမကို ဖက်ပြီး ငိုတော့ သူမခန္ဓာကိုယ် အေးစက်နေတာကို သတိပြုမိသွားသည်။

“မေငယ်လေး ကိုယ်က အေးလိုက်တာ မေမေ”

သမီးရဲ့ မေမေ ခေါ်သံကို ကိုယ့်အတွက် မဟုတ်ပေမယ့် ဟုတ်သယောင် ကြည်နူးမိပြန်သည်။ အမေညို ကမ်းပေး လာသော အနွေးထည်ကို အသာ လွှမ်းခြုံရင်း သမီး နဖူးကို ငုံ့နမ်းမိသည်။

သွားတော့ သမီးရေ၊ အမှန်တရား ဖြစ်ပေမယ့် ဘ၀မှာ ပြောခွင့် မရှိနိုင်တဲ့ ကိစ္စမျိုးတွေ အများကြီး ရှိတယ် ဆိုတာကို နောင်တချိန်မှာ သမီး သိလာပါအုံးမယ်။ အခုလို ဖွင့်ပြောခွင့် မရှိတဲ့ အမှားမျိုး ငါ့သမီး ဘ၀ မှာ ဘယ်တော့မှ မကြုံရပါစေနဲ့၊ သူမလို မလှုပ်သာ မလွန့်သာ လမ်းကျဉ်းထဲကို ဘယ်တော့မှ ခြေချော် ပြီးတောင် မရောက်ပါစေနဲ့၊ သမီးရဲ့ ဘ၀ဟာ အေးချမ်း နေရမယ်။

ချစ်တဲ့ ဖေဖေမေမေတို့နဲ့အတူ ဘ၀လမ်းကို ကျေနပ်စွာ ဆက်လျှောက်ပေတော့ သမီးရေ။ သမီး စိတ်ချမ်းသာရင် မေမေ ကျေနပ်ပြီ၊ ရင်ထဲမှ တီးတိုး ရေရွတ်မိသည်။ သမီးတို့ ကားမထွက်ခင် သူမ အရင် ကျောခိုင်း ထွက်ခဲ့မိသည်။ သမီးရဲ့ ခေါ်သံကို လျစ်လျူရှုရင်း လှည့်မကြည့်ဖြစ်တော့၊ ဖွင့်ပြောခွင့်မရှိတဲ့ တို့ဘ၀ရဲ့ ၀ဋ်ကြွေးတွေ ကျေပါစေတော့လေ

ယိုင်လဲလုလု ခန္ဓာကိုယ်ကို ထိန်းရင်း စာကြည့်ခန်းထဲ သူမ၀င်လိုက်သည်။ ထို့နောက် အမေညိုအား

“ဘာအကြောင်းနဲ့မှ ကျွန်မကို လာမခေါ်နဲ့ အမေညို၊ တယောက်ထဲနေချင်လို့ပါ”

“အေးပါကွယ်။ ဆေးလိပ်တွေ အရမ်းမသောက်ပါနဲ့ ကလေးရယ်။ ကလေးကို ကြည့်ရတာ အားမရဘူး”

သူမကို သားသမီးလို ချစ်သော အမေညိုရဲ့ ပူပင်မှုကို စာနာစွာ ခေါင်းညိတ်ပြရင်း အခန်းထဲ ၀င်လိုက် သည်။

ထိုနောက်မှာတော့ သူမအတွေးတို့ ယစ်မူးစွာ –

သူမ စိတ်ကူးတို့ ဘယ်လောက် ကြာသွားသည်မသိ။ ဖုန်းမြည်သံ ကြားမှပင် အတွေးတို့ ပြတ် တောက်သွားမိသည်။ အမှတ်တမဲ့ နာရီ ကြည့်မိတော့ သမီးတို့ လေယာဉ်ထွက်ရန် နာရီဝက် လိုသေးသည်။

“သမီး ဆက်တာများလား”

သံယောဇဉ် ဝေနေသော အတွေးကို ချက်ချင်း ရပ်လိုက်သည်။ ခဏနေမှာပဲ အမေညိုရဲ့

“သမီးဆီက ဖုန်း ငယ်ငယ်”

“မပြောချင်ဘူး အမေညိုရယ် ကြည့်ပြောလိုက်ပါ”

အခန်းဝမှ အမေညို ခြေသံ ပျောက်ကွယ်သွားချိန်မှာ သူမစိတ်တို့ လျှော့ချ လိုက်မိသည်။ ဆယ်မိနစ် လောက် အကြာမှာ နောက်ထပ် တံခါးခေါက်သံ တစ်ချက် အကြား

“ကျွန်မ ဘာမှ မကြားချင်ဘူး အမေညို။ ကျေးဇူးပြုပြီး အမေညို ကျွန်မနဲ့ ဝေးဝေးမှာ နေပေးပါ”

အခန်းထဲမှာ ပြန်လည် တိတ်ဆိတ် သွားသည်။ သူမ အတွေးတို့က မဆုံးနိုင်စွာ။ ထိုအချိန်မှာပဲ နား ထဲမှာ ကားဝင် လာသံ သဲ့သဲ့ကို ကြားမိသည်၊ သူမ အကြားအာရုံ မှားယွင်းမှု ဖြစ်နိုင်သည်။ ဒီအချိန် လောက်မှ လေယာဉ်ထွက်မှာမို့ အိမ်က ကား ပြန်လာတာတော့ မဖြစ်နိုင်သေးပေ။

သမီး၏ အသံသဲ့သဲ့ကို ကြားမိပြန်သည်။ စွဲလမ်းခြင်း အာရုံမှာ ဖြတ်ရခက်မှန်း ခုမှပင် သိတော့သည်။ ဟော သမီး တီးနေကျ သီချင်းသံသဲ့သဲ့ ဘယ်လောက်များ စိုးရွားလိုက်တဲ့ စွဲလမ်းမှုလဲနော်၊ သူမ ရင်ထဲမှာ စူးကနဲ နေအောင် အောင့် သွား မိသည်။ ထိုအချိန်မှာပဲ သူမ တံခါးကို တ၀ုန်းဝုန်း ထုသံနဲ့အတူ ကြားလိုက်ရသောသမီးရဲ့အသံ –

မမှားနိုင် ဘယ်လိုမှ မမှားနိုင်။ အသဲထဲမှာ စွဲမြဲစွာ မှတ်မိနေသောအသံ။ စကားသံတို့က သမီးရဲ့ ငိုရှိုက်သံနဲ့ အတူ ဗလုံးဗထွေး။

“ဒီကိစ္စတွေကို သမီး သိခဲ့ရင် မေမေ့ကို ထားပြီး နိုင်ငံခြားကို ထွက်သွားပါ့မလား။ ခုတော့ မေမေ ခံစားနေရတာတွေကို သမီး သနားလိုက်တာ။ ဖွားညို ပြောပြလို့ သမီး အားလုံး သိပြီးပြီ။ မေမေ အဲ ကြီးကြီးကလဲ သမီး အတင်းမေးလို့ ဟုတ်ပါတယ်လို့ ၀န်ခံ သွားခဲ့ပြီ။ ခုလည်း ကြီးကြီး တစ်ယောက်ထဲ နိုင်ငံခြားကို ပြန်သွားပြီ မေမေ။ သမီးက မေမေနဲ့ တသက်လုံး ဒီမှာပဲ နေမှာ။ သမီးလည်း တကယ်တော့ မေမေ့ကို မခွဲနိုင်ပါဘူး မေမေရယ်။ သမီးပြောတာတွေကို ကြားရဲ့ လား ဟင်။ မေမေ တံခါးဖွင့် ပေးပါအုံး”

အို ၀မ်းသာလိုက်တာ။ သူမရဲ့ သမီးက သူမကို အမေအဖြစ် အသိအမှတ်ပြုလိုက်ပြီ။ တသက်လုံးက ကြားချင် နေတဲ့ တမ်းတနေရတဲ့ သမီးရဲ့ မေမေလို့ ခေါ်သံကို ကြားခွင့်ရခဲ့ပြီ။ ဒီတသက်မှာ ဘယ်တော့မှ ဖွင့်ပြောခွင့် မရှိဘူးဆိုလို့ မြိုသိပ်ခဲ့ရတဲ့ လျှို့ဝှက်ချက်ဟာလည်း သူမရဲ့ ပရောဂကြောင့်မဟုတ်ပဲ ပြေလည် သိရှိခွင့် ရသွားခဲ့ပြီ။

ရှေးဘ၀က ပါလာတဲ့ ၀ဋ်ကြွေးတွေလည်း ပြေချိန်တန်ပြီ ထင်ပါတယ်။ တမလွန်က မေမေလည်း သူမကို ကျေနပ်နိုင်မှာပါနော်။ သူမရဲ့ နှုတ်က ဒီလျှို့ဝှက်ချက်ကို ထုတ်ဖော်ခဲ့တာမှ မဟုတ်တာ။

ဝမ်းသာအားရ ထိုင်ရာမှ ထလိုက်ချိန်တွင် ရင်ထဲမှာ တလှပ်လှပ် ခံစားရသည်။

သမီးရဲ့ မေမေလို့ ခေါ်သံကို ချိုမြိန်စွာ ကြားပြီးချိန်မှာ ယစ်မူး ရီဝေစွာနဲ့ ခေါ်လိုက်တဲ့ သူမရဲ့အသံ၊ နှစ်ပေါင်း (၂၀)နီးပါး မြိုသိပ်ခဲ့ရတဲ့ ရင်ထဲက ထွက်လာတဲ့အသံ၊ တဘ၀စာလုံး အတွက် အချိုမြိန်ဆုံး အသံ

“သမီး”

ဟု သူမရဲ့ ရင်ထဲကလာတဲ့ ခေါ်သံရဲ့ အဆုံးမှာ ၀ုန်းကနဲ ပြုတ်ကျ ပြိုလဲမှုနှင့်အတူ သမီးရဲ့ မေမေ လို့ စိုးရိမ် တကြီး ရေရွတ်သံကို အကြားမှာ သူမ အပြုံးတို့က ပီပြင် နင့်သည်းလျှက်။ အသိစိတ် အားလုံး ကတော့ ခန္ဓာကိုယ် နှင့်ဝေး ကွာရာဆီသို့ တရွေ့ရွေ့လှမ်းကာ ထွက်ခွာသွားခဲ့ပြီ။

အသိစိတ်တွေ လွတ်ကင်းခါနီးလေးမှာပဲ နှစ်ပေါင်း များစွာ ကျရောက် ပိတ်မိနေသော ရွေးချယ်ခွင့်၊ ဖွင့်ပြောခွင့် မရှိခဲ့သော လမ်းကျဉ်းလေးထဲမှ တသက်တာ လွတ်မြောက်ခွင့် ရခဲ့ပြီဖြစ်သော သူမသည် အခုချိန်မှာတော့ အဆုံးအစ မရှိသော လမ်းကျယ်ထဲတွင် သူများနီးတူ စီးမြောနိုင်ပြီ ဆိုတာကို နောက်ဆုံး အာရုံအနေဖြင့် ခံစားရင်း စိတ်နှင့် ခန္ဓာတို့က တဖြည်းဖြည်း ဝေးရာဆီသို့ ဦးတည် လျှောက်လှမ်းလျှက်

မေဇူး

(၂၀၀၁ခုနှစ်၊ မတ်လ၊ အပျိုစင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: