ပုံရိပ်ယောင်

သစ်ပင်တို့၏ လေတိုးသံ သဲ့သဲ့ကို ကြားရသည်။ သူမ ချစ်သော ညချမ်းလေးကတော့ သစ္စာရှိစွာပင် သူမကို နွေးထွေးစွာ ဆီးကြို ပွေ့ဖက်နေဆဲ။ လောကကြီးမှာ လူတွေ သစ္စာမရှိ၊ ကတိမတည်ကြပေမယ့် သဘာဝတရားကတော့ သူ့ တာဝန်သူ ကျေပွန်စွာ ထမ်းရွက်ရင်း ပုံမှန် လည်ပတ် နေမြဲပင်ဖြစ်သည်။

သူမကတော့ လူသံ တိတ်ဆိတ်သော၊ အေးချမ်းသော၊ သာယာသော ညချမ်းလေးကို ချစ်ခင် မိသည်။ တစ်နေ့လုံး ပြေးလွှား လှုပ်ရှား ထားသမျှ ခြေကုန် လက်ပန်း ကျနေပြီဖြစ်သော လောကကြီးသည် တိတ်ဆိတ်စွာ အိပ်စက် သွားတော့သည်။

သူမ အထင်ပြောရလျှင် ညချမ်းသည် နေ့ခင်းထက် ပို၍ လောဘ နည်းသည်ဟု ထင်မိသည်။ နံနက် အရုဏ် တက်ချိန်မှစ၍ လောဘတကြီး လှုပ်ရှား သွားလာ နေသောသူများသည် ညအခါတွင် တတ်နိုင်သမျှ လောဘ ကင်းစွာဖြင့် အိပ်စက် ကြလေသည်။ စပ်စုတတ်သော၊ အတင်း ပြောတတ်သော၊ သူတစ်ပါးကို အထင်သေး ရှုတ်ချတတ်သော မျက်ဝန်း များနှင့် ကင်းဝေးရာ ညချမ်းလေးကို မြတ်နိုးတတ်ခဲ့တာ ငယ်စဉ်တည်းက ဖြစ်သည်။

အခု နောက်ပိုင်းမှာတော့ သူမ၏ အိပ်ချိန်သည် များသောအားဖြင့် သန်းခေါင်ယံသည် အစောဆုံး ဖြစ်လေသည်။ သူမ မိဘတွေကတော့ ညနက် သန်းခေါင်ထိ မအိပ်ဘဲ နေတာကို မကြိုက်ပေမယ့် သူမ ဆန္ဒကို မဆန့်ကျင်ချင်တာ တစ်ခု တည်းနှင့် လိုက်လျော ခွင့်ပြုခဲ့ကြသည်။

ညချမ်းလေးကို နှစ်သက် သဘောကျနေသော သူမ ဘ၀ထဲသို့ နောက်ထပ် စွဲလမ်းစရာ တစ်ခုသည် ညတစ်ည တွင် ဖြစ်ပေါ် လာခဲ့သည်။ ၀ရန်တာမှာ တစ်ယောက်တည်း တွေးချင်ရာ တွေးနေချိန်မှာ လေထဲမှ ပျံ့လွင့်လာသော ဂီတာသံ သဲ့သဲ့ကြောင့် အာရုံစိုက်ပြီး နားထောင်မိသည်။ ကြားရတဲ့ အသံက သူမ နှစ်သက် သဘောကျသော အောင်ရင် ရဲ့ လမင်းချစ်သူ သီချင်းကို သီဆိုနေတာ ဖြစ်သောကြောင့် ပို၍ စိတ်ဝင်စား သွားမိသည်။

စတီးစဉ်က အသံသဲ့သဲ့သာ ကြားရသော ဂီတာသံသည် တဖြည်းဖြည်း အရှိန်ရလာကာ သူမ ကောင်းကောင်း ကြားရုံသာ ကျယ်လာခဲ့သည်။ သူမတို့တိုက်က လမ်းဘေး ထောင့်ခန်းဖြစ်ပြီး ရှေ့ဘက်မှ လမ်းခြားကာ တိုက်ရဲ့ ရှေ့တည့် တည့် မဟုတ်ဘဲ မျက်စောင်းထိုးလောက်မှာ ရှစ်ထပ်မြင့်သော ကန်ထရိုက်တိုက် တစ်လုံးရှိလေသည်။ သူမတို့ အထပ်က ငါးထပ်မှာ ဖြစ်ပြီး အခု ကြားရသော အသံကလည်း ငါးထပ်၊ ခြောက်ထပ်လောက်ဆီမှ လွင့်ပျံလာသော အသံ ဖြစ်ကြောင်း အကြားအာရုံဖြင့် သိလိုက်သည်။

သူမ ကြိုက်သော အောင်ရင်ရဲ့ လမင်းချစ်သူ သီချင်း ပြီးသွားတော့ နောက်ပိုင်း ဆက်ဆိုသော သီချင်းများက လည်း ခပ်အေးအေး သီချင်းများ ဖြစ်တာကြောင့် ဆက်ပြီး နားထောင် နေမိသည်။ သူက ဂီတာနှင့် တွဲဖက်ကာ ခင်မောင် တိုး၊ စံလင်း၊ စိုင်းထီးဆိုင် သီချင်းများကို ဆက်ဆိုနေတာမို့ သူ သီချင်းဆို ပြီးဆုံး၍ ဂီတာသံ ရပ်တန့်သွားမှပင် သူမလည်း အိပ်ရာဝင် ဖြစ် တော့သည်။

သူ့ အသံလေးက အေးဆေး တည်ငြိမ်ပြီး ဂရုဏာသံ ပါတာမို့ သဘောကျစွာ နားထောင် နေမိတာ အိပ်ရာထဲ ရောက်တော့ ည နှစ်နာရီတောင် ထိုးနေခဲ့ပြီ။ ဒီလိုနှင့်ပဲ ချစ်စရာကောင်းသော ညချမ်းလေးနှင့် အတူ ဂီတာတီးကောင်း သော၊ အသံကောင်းသော သူတစ်ယောက်သည် အထီးကျန်ဆန်သော သူမ ဘ၀ ထဲသို့ တဖြည်းဖြည်း ၀င်ရောက် နေရာ ယူခဲ့သည်။

သူမက ညတိုင်း မပျက်မကွက် ၀ရန်တာ ထွက်ရပ် တတ်သလို သူကလည်း ညတိုင်း သီချင်းတွေ ဆိုရင်းဖြင့် သူတို့ နှစ်ဦး ကြားတွင် မမြင်ရသော တွယ်တာမှု တစ်ခု ရှည်လျား လာခဲ့တော့သည်။

x x x x x x

ညနေခင်း ရုံးအပြန် ၀ရန်တာ ထွက်ရပ်မိသော ညနေ တစ်ခုတွင် မထင်မှတ်ဘဲ မိန်းကလေး တစ်ယောက်ကို သူ စတင် တွေ့ရှိ ရင်ခုန်ခဲ့လေသည်။ ရုံးမှအပြန် ရေချိုးပြီး အ၀တ်များ လှန်းဖို့ ၀ရန်တာ ထွက်အလာ သူ့ရဲ့ တိုက်နဲ့ လမ်းခြား ပြီး အနည်းငယ် ခပ်လှမ်းလှမ်းမှာ ရှိနေသော ငါးထပ်တိုက် ၀ရန်တာမှ ရပ်နေသော မိန်းကလေးရဲ့ အလှကြောင့် သူ့ ခြေလှမ်း တွေ ရပ်တန့် သွားမိသည်။

ကြည့်စမ်းပါဦး။ သူသာ ပန်းချီဆရာ တစ်ယောက် ဖြစ်ခဲ့ရင် အကောင်းဆုံး ပန်းချီကား တစ်ချပ် ဖြစ်လာမှာ သေ ချာသည်။ တိုက်ပေါ်ကို ဖြန့်ကျက် ကျရောက်နေတဲ့ နေ၀င် ဆည်းဆာဟာ သူမ ရပ်တန့်နေသော ၀ရန်တာ ပေါ်မှာလည်း ရောက်ရှိ နေပြန်သည်။ အဖြူရောင် ၀တ်စုံ ၀တ်ထားသော၊ မဟူရာ ဆံပင်နက်နက် ရှည်ရှည်များ ဖြန့်ချ ထားသော၊ မျက်နှာမှာ သနပ်ခါးဟု ထင်ရသော အရာကို ခပ်ပါးပါး လူးခြယ်ထားသော သူမ မျက်နှာ ကြည်ကြည် စင်စင်တို့က ၀င်လုဆဲဆဲ နေမင်းနှင့် အပြိုင် နုနယ် လှပ နေသည်။

မျက်ဝန်းအစုံကတော့ တောက်ပမှု ကင်းလျက် တစ်နေရာကို စိုက်ကြည့် ငေးမောရင်း အတွေးလွန် နေပုံရသည်။ သူမပုံစံ ကြည့်ရတာ လက်ရှိ ပတ်ဝန်းကျင်နှင့် ကင်းကွာ နေသလို ထင်မိသည်။ သူမကို ဘယ်လောက်ကြာ ငေးမော နေမိ သည် မသိ။ သူငယ်ချင်းကိုရဲ သူ့ ပခုံးကို လာပုတ်မှပဲ ခုထိ အ၀တ်လည်း မလှန်းရသေး၊ အ၀တ်စားလည်း မ၀တ်ရသေးဘဲ ရေစို ပုဆိုးနှင့် ပဲ ရှိနေသေးသည်ကို ပြန်သတိရပြီး ရယ်မော ဖြစ်သည်။

သူငယ်ချင်း နှစ်ယောက်သာ ငှားနေသော ဒီတိုက်ခန်းလေးသို့ သူတို့ ပြောင်းလာခဲ့တာ တစ်ပတ်ပဲ ရှိသေးသည်။ လူလွတ် နှစ်ယောက်မို့ ရုံးသွား၊ ပြန်လာလျှင် ရေချိုး၊ ကိုယ့်အ၀တ် ကိုယ်လျှော်၊ ထမင်းစားလျှင် အပြင် ထွက်စား၊ ညဘက် ကျ နှစ်ယောက်သား စကားထိုင် ပြောသည့်အခါပြော၊ စာအုပ် ဖတ်သည့်အခါဖတ်၊ သူ စိတ်ပါလျှင် ညနက်မှ ဂီတာတီးပြီး သီချင်း တိုးတိုး ညည်းဆို၊ ဒါကတော့ သူနှင့် ကိုရဲရဲ့ တစ်နေ့တာ ကိစ္စတွေပင် ဖြစ်သည်။

အခုလည်း သူ့နောက်မှ ရေချိုးသော ကိုရဲပင် အ၀တ်အစားလဲပြီး ထမင်း ဆင်းစားရန် အဆင်သင့် ဖြစ်နေပြီ။ သူကတော့ မဟာဆန်သူလေးကို ငေးမောရင်း အချိန် ကုန်မှန်းမသိ ဖြစ်သွားရတာမို့ ပထမဆုံး အကြိမ်အဖြစ် ကိုယ့်ကိုယ် ကိုယ် အံ့သြမိသည်။ မိန်းကလေးများနှင့် ပတ်သက်ပြီး တုန်လှုပ်ခြင်း ကင်းခဲ့သော သူ့ နှလုံးသားက မိန်းကလေးကို လက်ခံ ချင်နေပြီလား မသိ။

စက်မှုတက္ကသိုလ် တက်လာတဲ့ ခြောက်နှစ်လုံးရော၊ အလုပ်ခွင် ၀င်ဖြစ်သည့် နှစ်နှစ်လုံးမှာပါ သူ စိတ်ဝင်စားစရာ မိန်းကလေး မရှိခဲ့တာကို သိထားသော ကိုရဲက သူ့ စကားများကို နားထောင်ပြီး သူ့ကို အံ့သြသလို ကြည့်နေခဲ့သည်။

“ကျောက်ဆစ်ရုပ်ကို စကားပြောအောင် လုပ်နိုင်တဲ့ သူကို ဂုဏ်ပြုချင်လို့ ကြည့်ပါရစေ”တဲ့။

ကိုရဲ စကားကြောင့် သူ ရင်ပူသွားမိသည်။ သူငယ်ချင်း အချင်းချင်းဆိုပေမယ့် ကိုရဲက မိန်းမကျမ်း ကျေလွန်းသူမို့ သူမကို တွေ့ပြီး စိတ်ဝင်စား သွားရင်ဖြင့် မလွယ်။ လက်မြန် ခြေမြန်ဖြင့် သူ့ထက် ဦးသွား မှာကို စိုးရိမ် သွားမိသည်။ ခု လည်း ကြည့်၊ သိချင်၍ ထွက်ကြည့်တာ ၀ရန်တာ ရောက်နေပြီ။

သူ စိုးရိမ်စွာ လိုက်ထွက်ရင်း မိန်းကလေးရှိရာ အထပ်ဆီ လှမ်းကြည့်မိတော့ သူမက ရှိမနေတော့။ စိတ်ထဲက ကျေနပ် သွားမိသည်။ ကိုရဲရဲ့ ဘယ်အထပ်ကလဲ၊ ဘယ်မှာလဲဆိုတဲ့ အမေးကို ဘယ်အထပ်ကမှန်း မသိသလို သူ အူလည် လည်လုပ်ပြီး နေလိုက်ရသည်။ ကိုရဲကတော့ ကိုယ် သဘောကျတဲ့သူ ဘယ်အထပ်မှာ နေမှန်း သိအောင်တောင် မမှတ်မိ နိုင်တာ ညံ့ပါ့ကွာ။ ဒါကြောင့် ခုချိန်ထိ မင်း မစွံသေးတာဟု သူ့ကို ချီးမွမ်း ထောမနာပြုသည်။ သူကတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိဟု သဘောပိုက်လျက် ကိုရဲ ပြောသမျှ ငြိမ်နေ လိုက်လေသည်။

သူမကို နောက်နေ့ ရုံးပြန်ချိန်တိုင်း စောင့်ကြည့်ပေမယ့် ထပ်မတွေ့ရပေ။ မမြင်ရလေ ပိုမြင်ချင်လေဆိုသော လူ့ စိတ်ကို ဆင်ခြင်မိသည်။ နှစ်ပတ်လောက် မတွေ့ရ၍ စိတ်ပျက်နေသော သူ၊ တစ်ရက် ညဘက် ၀ရန်တာ ထွက်ရပ်ချိန်တွင် သူမကို ထိုတိုက်၏ ၀ရန်တာမှာ ရပ်နေတာ မြင်ရတာကြောင့် သူ ပျော်သွားမိသည်။ မျက်နှာကို မမြင်ရပေမယ့် မြင်ရသော အရိပ်က သူမ ဖြစ်ကြောင်း မယုံကြည်စရာ မရှိပေ။

သူမ သူ့ကို သတိထားမိအောင် ဘယ်လို လုပ်ရမလဲဟု သူ စဉ်းစားမိသည်။ နောက်ဆုံး အကြံရကာ တီးနေကျ ဂီတာကို ကောက်ကိုင်ပြီး ၀ရန်တာကို ထွက်လာဖြစ်သည်။ ခါတိုင်း ဂီတာတီးပြီး သီချင်းဆို ဖြစ်ရင်လည်း အပြင်ထွက်လေ့ မရှိပေ။ သူ ဂီတာ ကြိုးညှိ တီးခတ်စမှာပင် သူမ ခန္ဓာကိုယ်က သူ ရှိရာဘက်သို့ မျက်နှာမူ လာသည်။ ဒါပေမယ့် သူမ မျက်နှာကို သဲကွဲစွာ မမြင်ရ။ ဂီတာသံကို စိတ်ဝင်စားစွာ နားစွင့် နေမှန်းတော့ သိလိုက်သည်။

အဲဒီနောက်တော့ သူမအတွက် ရည်ရွယ် စိတ်ကူးဖြင့် အောင်ရင်ရဲ့ လမင်းချစ်သူ သီချင်းကို သူ တီးခတ် သီဆိုခဲ့ သည်။ တဖြည်းဖြည်း အရှိန်ရလာကာ သီချင်း အေးအေးများကို တစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုခဲ့ရာ သူမကလည်း နားထောင်နေ သော ပုံစံဖြင့် အိပ်ရာ မ၀င်ခဲ့။ သတိရလို့ နာရီ ကြည့်လိုက်တော့ ည နှစ်နာရီ ထိုးနေပြီ။ သူမ အိပ်ရေး ပျက်နေပြီဆိုတဲ့ အတွေးနှင့်ပဲ သူ သီချင်းဆိုခြင်းကို အဆုံးသတ် ဖြစ်သွား တော့သည်။

သူ ဂီတာတီး ရပ်လိုက်ပေမယ့် သူမ ကတော့ အသံ ထပ်ကြားရနိုးဖြင့် နားထောင်နေဆဲ ရှိဟန်တူသည်။ အိမ်ထဲ မ၀င်သေးပေ။ သူ ဂီတာ သွားထားပြီး ပြန်ထွက်လာတော့ သူမ မရှိတော့။ သူ့သီချင်းကို ပြီးဆုံးသည်အထိ နားထောင်ပေး သော သူမလေးကို နဂိုရှိရင်းစွဲ မေတ္တာဖြင့် ပိုချစ် သွားမိသည်။

ဒီလိုနှင့် သူ့ရဲ့ညတွေ အဓိပ္ပာယ် ရှိလာသည်။ တစ်နေကုန် ပင်ပန်းသမျှ သူမ အရိပ်လေး မြင်ရုံမျှဖြင့် အမောပြေ လာသည်။ သူမကို တစ်ခါတစ်ရံမှသာ ညနေပိုင်း မြင်တွေ့ရပေမယ့် ညတိုင်းတော့ ပုံမှန် မြင်ရလေသည်။ သူမ ကလည်း သူ့ကို သတိထားမိစွာ ဂစ်တာတီးပြီး သီချင်းဆိုတာကို ထိုင်ပြီးအားပေးမြဲ။

သူမလည်း ခုဆို သူ့ကို အရိပ်လောက်တော့ မြင်ပြီးရောပေါ့။ ကံဆိုးချင်တာက သူမကို ညနေပိုင်း မြင်တွေ့ရချိန် မှာ တစ်ခါမှ မျက်လုံးချင်း မဆုံဖူးတာပဲ။ အမြဲလို တွေဝေ ငေးမောနေတတ်သော မျက်လုံးမှက သူ့ဘက် လှည့်မလာခဲ့။ တစ်နေရာတည်းကို စူးစိုက်စွာသာ။

ဒီလိုနှင့် သူတို့ ဆုံတွေ့မှု တဖြည်းဖြည်း ကြာရှည် လာခဲ့တာ အခုဆို ခြောက်လလောက်ပင် ရှိတော့မည်။ အရိပ် လေး မြင်ရရုံ၊ သီချင်း ဆိုပြရုံမှ လွဲပြီး သူမ နာမည်တောင် သူ မသိခဲ့။ မိန်းကလေးများနှင့် ပတ်သက်ပြီး စုံစမ်းရမှာ ရှက်သော သူ့ စိတ်ကြောင့် သူငယ်ချင်း ရဲထွဋ်နှင့်ပင် ဒီအကြောင်း မဆွေးနွေး ဖြစ်တော့တာမို့ သူတောင် ဒီအကြောင်းကို မေ့နေ လောက်ပြီ။ သူ့မှာသာ မိန်းကလေးကို တွယ်တာစိတ်တို့ တစ်နေ့ တစ်ခြား ပိုမို ရှင်သန်လာခဲ့သည်။

x x x x x x

လူ့စိတ်ဆိုတာက မတည်မြဲပါလားဟု သူမ သိရချိန်က အတော်လေး နောက်ကျခဲ့ပြီဖြစ်သည်။သူမ၌ ချစ်သူ တစ်ယေက် ရှိခဲ့ဖူးသည်။ မိမိ ချစ်ခင်သောသူသည် နှစ်ဖက်မိဘကလည်း လိုလား လက်ခံ သဘောတူ နိုင်သူ၊ သူမကို လည်း စွဲစွဲလန်းလန်း ချစ်မြတ်နိုးသူ ဖြစ်နေခြင်းကြောင့် သူမလောက် ကံကောင်းသူ မရှိဟု ဂုဏ်ယူခဲ့ဖူးသည်။

သူမ ချစ်သူသည် စိတ်ရှည်သည်။ အလိုလိုက်သည်။ သမ္မတမှာ ရုပ်ရှင် ကားလဲတိုင်း ရုပ်ရှင်ကြိုက်သော သူမက ကြည့်ချင်သည်။ အမြဲတမ်း ဆိုတော့ အိမ်ကလူ ဘယ်သူကမှ အမြဲတမ်း လိုက်ကြည့်ရန် စိတ်မရှည်။ ချစ်သူကတော့ သူမ နှင့်အမြဲ အဖော် အဖြစ် လိုက်ပို့ ပေးလေ့ရှိသည်၊ သူ မကြိုက်တဲ့ကားမျိုး ဖြစ်နေရင်တောင် ဂျီးများလေ့မရှိဘဲ ရုံထဲကျမှ မျက်စိမှိတ် အိပ်နေတတ်သည်။ များသောအားဖြင့် သူမနှင့်အတူ တက်ကြွစွာ အားပေး ကြည့်ရှုမြဲ။ ကားသစ်လဲမည် ကြံ တိုင်း အမြဲ Booking ၀င်လုပ် ထားစမြဲ။ အလိုက်သိလွန်းသော ချစ်သူကို သူမ ပို၍ မြတ်နိုးရပါသည်။

သူငယ်ချင်း အပေါင်းအသင်းအလယ်တွင် သူသည် သူမချစ်သူအတွက် ဂုဏ်တတ်ရစမြဲ။ သူငယ်ချင်းတွေက နင် ကံကောင်းလိုက်တာဟု ၀ိုင်းဝန်း အားကျသံများ ကြားတွင် ရီဝေစွာ ယစ်မူးခဲ့ဖူးသည်။

သူမ ချစ်သူက အပြောအဆို ညင်သာသည်။ အနေအထိုင် အေးဆေးသည်။ ချိုသာစွာဖြင့် သူလိုချင်သော အရာ ကို စည်းရုံး သိမ်းသွင်း ပြောနိုင်စွမ်း ရှိသည်။ အသောက်အစား ကင်းသော၊ မိန်းမ အရှုပ်အရှင်း ကင်းသော၊ ချမ်းသာ၍ ရုပ်ရည် ချောမောသော စသည့် ဂုဏ်ပုဒ်များစွာ ပိုင်ဆိုင်ထားသည့် သူမ ချစ်သူကို လိုချင်သော မိန်းကလေးပေါင်း များစွာ ရှိခဲ့ပေမယ့် သူ မက်မောစွာ ရွေးချယ်ခဲ့သူမှာ သူမပင် ဖြစ်သည်။

သူတို့လောက် မချမ်းသာတာက လွဲပြီးတော့ သူမမှာလည်း အပြစ်ဆိုစရာ မရှိပါ။ ရုပ်ရည် ချောမောလှပသူမို့ သူမကို မေတ္တာရှိသူတွေလည်း အများကြီးပင်။ သူမကလည်း သူ့ကို အမှန်တကယ် ချစ်မြတ်နိုး၍ ရွေးချယ်ခဲ့တာပဲ ဖြစ် သည်။

သူမတို့ချင်း ချစ်သူ ဖြစ်ပြီးနောက်ပိုင်းမှ မိဘတွေချင်းက နှစ်ပေါင်းများစွာ ကွဲကွာနေကြသော သူငယ်ချင်းများဖြစ် နေခြင်းကတော့ တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်သည်။ ဒါကြောင့်ပဲ ရှေ့ဆက်ရမယ့် ခရီးသည် အထစ်အငေါ့ မရှိ ဖြောင့်ဖြူးခဲ့ရ လေသည်။

စိုးရိမ် ပူပန်ရခြင်းသည် သူမတို့ နှစ်ဦးကြားမှာ မရှိသလောက် ဖြစ်သည်။ တတိယနှစ် ရောက်ချိန်မှာ စေ့စပ်ခဲ့ပြီး နှစ်ယောက်စလုံး ကျောင်းပြီးချိန်မှာ လက်ထပ်ဖို့ စီစဉ်ခဲ့ကြသည်။ သူမကို သမီးအရင်းလို ချစ်မြတ်နိုးသော သူ့မိဘများက လက်ထပ်ပြီးလျှင် နေနိုင်ရန် အိမ်တစ်လုံးကို သူမတို့ နှစ်ဦးနာမည်နှင့် ကြိုဝယ် ပေးထားခဲ့သည်။

ဒီလောက် ကံကောင်းမှုတွေနှင့် ပြည့်ဝနေတဲ့ မိန်းမမှာ သိပ်ကို အရုပ်ဆိုးမယ့် အနာဂတ်တစ်ခု ရှိနေခဲ့မယ်လို့ ဘယ်သူ ကြိုသိနိုင်ခဲ့မှာလဲ။

မနက် ကျောင်းသွားချိန် ၀င်ကြိုပြီး ညနေ ကျောင်းဆင်းရင် သူ လိုက်ပို့ပေးသည်။ တစ်ခါတစ်ရံ သူ့အိမ်မှာ၊ တစ်ခါ တစ်ရံ သူမအိမ်မှာ ညနေစာ စားပြီးမှလည်း ပြန်တတ်သည်။ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက် မခံနိုင်လောက်ပင် သူမတို့ သိပ်ချစ်ခဲ့ကြသည်။

ကျောင်းပြီးလို့ လက်ထပ်ရန် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်သော ကံကြမ္မာဆိုး တစ်ခုက အမြဲတမ်း ကံကောင်းခဲ့ သော သူမကို ကံဆိုး စေခဲ့တာ ဖြစ်သည်။ သူမတို့ မင်္ဂလာဆောင် ဖိတ်စာများ ပဲခူးဘက်သို့ လိုက်ဝေပြီး အပြန် မမျှော်လင့် ဘဲ ဖြစ်ပွားခဲ့သော ကားမှောက်မှုက သူမတို့ နှစ်ယောက်၏ ဘ၀ကို ပြောင်းပြန် လှန်လိုက်လေသည်။

ထာဝစဉ် တက်ကြွသော၊ အမြဲတမ်း ရယ်မော ပျော်ရွှင်နေတတ်သော သူမသည် ထိုအဖြစ်အပျက် နောက်ပိုင်း တွင် တွေဝေသော၊ ပျော့ညံ့သော၊ စိတ်အားငယ် တတ်သော မိန်းမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာတော့သည်။

ကားမှောက်မှုကြောင့် ရရှိခဲ့သော ပြင်ပ ဒဏ်ရာရယ်၊ စိတ်ဒဏ်ရာရယ် ပေါင်းကာ သူမ အိပ်ရာထဲ ဗုန်းဗုန်းလဲ တော့သည်။ ချို့ယွင်းချက် ရှိနေပြီ ဖြစ်သော သူမအပေါ် ထားသော ချစ်သူရဲ့ တုံ့ပြန်မှုက ဘယ်လို ဖြစ်မလဲဆိုတာ သိချင် စိတ်ကြီးစွာဖြင့် သူမ စောင့်ကြည့်ခဲ့သည်။ သူ့ မိဘတွေကတော့ သူမ ဝေဒနာတွေ မပျောက်ကင်းသေးတာမို့၊ မင်္ဂလာပွဲကို ရွှေ့ဆိုင်းဖို့ တင်ပြတာကို အားလုံးက လက်ခံ အတည်ပြုပြီး ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်း လိုက်ကြသည်။

ဒါဟာ ဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့် သူမကတော့ အဓိပ္ပာယ်မဲ့ အကြောင်းပြခြင်းဟု စွဲမြဲ ယုံကြည်နေခဲ့ သည်။ ကားမှောက်တာချင်း တူပေမယ့် ပွန်းပဲရုံမှ လွဲ၍ ဒဏ်ရာ မရသော ချစ်သူကတော့ သူမ ဆေးရုံတက်စ ရက်များမှာ ပျာပျာသလဲ ဂရုစိုက်ခဲ့ပေမယ့် အခြေအနေအမှန်ကို သိရှိရချိန်တွင် ကာယကံရှင် သူမထက် ပိုမို သွေးပျက်ခဲ့ကာ မဖြစ်နိုင် ဘူးလို့ တဖွဖွ ရေရွတ် နေခဲ့သည်။

သူမကတော့ ရုတ်တရက် ပြောင်းလဲသွားသော ကိုယ့်ဘ၀ ကုသိုလ်ကံကို မယုံရဲစွာ။ သို့သော်လည်း မယုံ၍ မဖြစ်၊ ယုံကြည်ရစွာ အပြောင်းအလဲတွေကို အံ့သြ မှင်သက် နေဆဲပင်ဖြစ်သည်။ နောက်ဆုံးမှာတော့ ဘယ်လိုမှ ကြိုတင်တွေး မထားခဲ့မိသော အခြေအနေ တစ်ခုကို လက်ခံ လိုက်ရတော့သည်။

အရင်က ချိုသာစွာဖြင့် ပြောခဲ့ဖူးသော ချစ်သူ၏ စကားသံတို့ကို ပြန်လွမ်းပါသည်။ နွေးထွေးစွာ ဆုပ်ကိုင်ခဲ့ဖူး သော လက်အစုံသည် သူမနှင့် တွေ့ချိန်တွင် ဘာကြောင့်များ အေးစက် နေရပါသလဲ။ ချစ်သူအနားမှာ အချိန်ပြည့်နေချင် သောသူသည် အခုမှ ဘာကြောင့် မအားလပ်ရအောင် အလုပ်များ သွားတာလဲ။

မိုးလင်းချိန်မှ နေ၀င်ချိန်ထိ မခွဲမခွာ အမြဲရှိခဲ့သော ချစ်သူသည် တစ်ပတ်မှ တစ်ခါလောက် ဘာကြောင့် သူမဆီ ရောက်လာတော့တာလဲ။ တစ်ချိန်က သူမ ခိုဝင်ခဲ့ဖူးသော နွေးထွေး နူးညံ့သည့် ရင်ခွင်အစုံသည် အခုချိန်မှာ ဘာကြောင့် ဆီးကြို ပွေ့ပိုက်မှု မရှိတော့တာလဲ။

နောက်ဆုံးမှာတော့ ကံကြမ္မာကိုသာ သူမ အပြစ်ပုံချမိသည်။ သူမနှင့်မှ လွဲ၍ ရုပ်ရှင် မကြည့်တတ်သော၊ အပြင် မသွားတတ်သော သူသည် ခုတော့ သူမ မဟုတ်သော သူများနှင့် ပျော်ရွှင် နေခဲ့ပြီ။ မခွဲနိုင် မခွာရက် အချိန်များလည်း ကုန် လွန်သွားခဲ့ပါပြီ။ ၀တ္တရားကျေ၊ မကောင်းတတ်၍ လာသော တစ်ပတ် တစ်ခါ သူ လာချိန်များသည် အရင်လို ကိုယ့်အတွက် မချိုမြိန်တော့ပါ။ ၀တ္တရားဆန် သော သူ့ပြုစုမှုများ၊ အပြောအဆိုများမှာ သူမ မကြည်နူးတော့ပါ။ အခုချိန်မှာ အခြေအနေ အားလုံးကို သူမ လက်လျှော့ ထားခဲ့ပြီ ဖြစ်သည်။

x x x x x x

မမြင်ရတာ ကြာပြီ ဖြစ်သော သူ့ လမင်းလေးကို ဒီညနေမှာ မြင်လိုက်ရချိန်မှာ အရင်လို သူ့ရင်ထဲ အေးမြ မသွား နိုင်ခဲ့ပါ။ ယောက်ျားပျို ခပ်ချောချော တစ်ယောက်နှင့် စကားပြောနေသော သူမကို ကြည့်ရင်း သူ ရင်ပူလာသည်။

သူ ကြည့်နေဆဲမှာပဲ သူမ ၀မ်းနည်းစွာ ငိုကြွေးလိုက်တာကို မြင်ရတာမို့ သူမကို စိတ်အနှောက်အယှက် ဖြစ်စေ သော ထိုသူကို စိတ်ထဲမှ လက်သီးနှင့် အကြိမ်ကြိမ် ထိုးနေမိသည်။ ထိုအချိန်မှာပဲ သူမကို မျက်ရည် သုတ်ပေးနေသော ထိုသူကို ကြည့်ရင်း သူမရဲ့ ချစ်သူ များလားဟု ခုမှပင် သူ တွေးဖြစ်တော့သည်။

သူမကို စိတ်ဝင်စားတယ် ဆိုပေမယ့် ညတိုင်း သီချင်းဆိုပြ၊ အရိပ်လေး မြင်ရရုံရလွဲပြီး ဘာမှ မစုံစမ်း ထားမိသော ကိုယ့်ကိုကိုယ် အခုမှ အပြစ်တင်မိသည်။ မဖြစ်သေးပါဘူး။ မနက်ဖြန် ကစပြီး စုံစမ်းမှပါပဲ။ ခုဆို နေလာတာလည်း ခြောက်လကျော် လောက်ရှိပြီမို့ လမ်းထဲမှာ အသိတော့ ရှိနေပြီ။

မတင်ကျသော အတွေးနှင့် အတူ မြင်ကွင်းကို ဆက်မကြည့်ရဲစွာ သူ အိမ်ထဲ ၀င်လာမိသည်။ ဒီည သူ တီးဖြစ် သော သီချင်းများက အဆွေး သီချင်းများသာ။

မနက် မိုးလင်းတာနှင့် ဒီလမ်းထဲမှာ နေတာ ကြာပြီဖြစ်သော ကိုကျော်သန်းကို ရအောင် ရှာပြီး သူမ အကြောင်း မေးဖြစ်သည်။ ကြားရသော သတင်းက သူ့ကို မယုံနိုင်စွာ လှောင်ပြောင် နေသည်။

သေချာရဲ့လားဟု ပြန်မေးသော သူ့အသံ၏ အက်ကွဲမှုကို သူ မခံစားနိုင်။ မတိုက်ရသေးသော စစ်ပွဲတွင် သူ ကျဆုံးခဲ့ပြီလား။ ထိုညက သူ အိပ်မပျော်နိုင်ခဲ့။ ခါတိုင်းလို သီချင်းထွက် မဆိုဖြစ်။ သူမ ရှိရာဘက် ငေးကြည့်မိတော့ သူ့ အခန်း ရှိရာဘက် လှည့်ထိုင်ပြီး သီချင်းသံ နားစွင့်နေသော သူမ၏ အရိပ်ကို တွေ့ရသည်။

ထိုညကတော့ သူ ၀ရန်တာမှ တစ်ညလုံး ထိုင်ရင်း စီးကရက် တစ်လိပ်ပြီး တစ်လိပ် သောက်နေမိသည်။ အခန်း ဖော် ရဲထွဋ်ကလည်း နယ်ပြန်နေတာမို့ ရင်ဖွင့်စရာ လူ မရှိပါ။ သူမလည်း ထိုညက ညနက်သည်အထိ ၀ရန်တာမှာ ထိုင်နေ သေးသည်။ ဘယ်အချိန်က ထသွားမှန်းတော့ အစဉ်းစားလွန်သော သူ မတွေ့လိုက်။ သူ သတိရလို့ ကြည့်မိတော့ သူမကို မမြင်ရတော့ပေ။

ညက ပေပြီး ၀ရန်တာမှာ တစ်ညလုံး ထိုင်နေမိတာကြောင့် အအေးပတ်ပြီး သူ ဖျားတော့သည်။ ရုံးလည်းမသွား နိုင်တော့။ အိပ်ရာထဲမှာသာ တစ်နေကုန် ခွေနေမိသည်။ ညနေကျမှ ဆေးခန်းသွား မုန့်စားပြီး ပြန်တက် လာတော့ သူမကို အမှတ်တမဲ့ ရှာမိပြန်သည် မရှိပေ။ ညကျတော့ ၀ရန်တာ မထွက်နိုင်လောက်အောင်ပင် သူ အဖျားတွေ တက်နေခဲ့သည်။

အဖျား ပျောက်ခါကနေ့မှာပင် သူ မယုံကြည်သော ကိုကျော်သန်း စကားကို မှန်၊ မမှန် စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်ပြီး ၀ရန်တာမှ နေ၍ သူမ အိမ်ရှိရာသို့ တစ်နေကုန် ကြည့်နေမိသည်။

တစ်နေကုန် သူမ အရိပ်အယောင်ပင် မမြင်ရ။ ညနေစောင်းမှပဲ သူ မျှော်လင့်နေသော သူ့ လမင်းလေး အိမ်ထဲမှ ထွက်လာသည်။ ရီဝေသော မျက်လုံးအစုံသည် တစ်နေရာတည်းသာ ရောက်နေတတ်သော သူသိပေမယ့် သူမ အတွေး လွန်နေလို့ဟု ဟိုတုန်းက သူ တွေးခဲ့ဖူးသည်။ အခုတော့ အိမ်ထဲမှ ထွက်လာသော သူမ၏ လက်အစုံသည် နံရံကို ကိုင် တွယ်ကာ တဖြည်းဖြည်းချင်း ထွက်လာသည်။ ၀ရန်တာကို ရောက်အောင် စမ်းတ၀ါးဝါးနှင့် ထွက်လာသော သူမ ပုံစံက ကိုကျော်သန်း အပြော မမှားကြောင်း သက်သေပြ နေသလိုပင်။

အဲဒီ အချိန်မှာပဲ သူမ မျက်ဝန်းများက သူ ရှိရာဘက်သို့ ဝေ့၀ဲ လာခဲ့သည်။ သေချာ မစဉ်းစား နိုင်သေးခင်မှာပဲ သူ့ ဘက်ကို လှည့်ရပ်နေသော သူမ မြင်သာအောင် ထရပ်ရင်း လက်ကို အားပါးတရ ဝှေ့ ယမ်းပြမိသည်။ ဒါပေမယ့် သူ့ကို ကြည့်နေသည်ဟု ထင်မိသော မျက်ဝန်းများတွင် အပြောင်းအလဲကို မတွေ့ရပေ။ အရဲစွန့်ပြီး နောက်ဆုံး စမ်းသပ်မှု အနေ နှင့် ကြိုးတန်းမှာ လှမ်းထားသော မျက်နှာသုတ်ပ၀ါ အနီရဲရဲကို သူမ ကြည့်နေရာဘက်သို့ ဝှေ့ယမ်းပြလိုက်သည်။ ဒါပေ မယ့် သူမ မျက်ဝန်းများသည် မည်သို့မှ မပြောင်းလဲခဲ့ပါ။ မျက်ဝန်းသေများဖြင့် ငြိမ်ပြီး ကြည့်နေခဲ့လေသည်။

ဒါကြောင့်ပဲ သူမသည် လွန်ခဲ့သော တစ်နှစ် နီးပါးခန့်ဆီမှ ကားမှောက်ခြင်းတွင် ခေါင်းမှ အာရုံကြော ထိခိုက်ပြီး မျက်စိကွယ် သွားခြင်းဖြစ်ကြောင်း ကိုကျော်သန်း ပြောပြတာကို လက်မခံရက်စွာနှင့်ပဲ သူ လက်ခံ လိုက်ရလေသည်။

ပြန်ကုလို့ မရနိုင်ဘူးလား ဆိုသော အမေးကို ကိုးဆယ် ရာခိုင်နှုန်း မမြင်နိုင်တော့ဘူး ဟူသော ကိုကျော်သန်း အဖြေက ရင်နာ စေပြန်သည်။ ထိုအဖြစ်အပျက်ကြောင့်ပင် သူမကို သိပ်ချစ်သော ချစ်သူက စွန့်ခွာဖို့ ကြိုးစားနေကြောင်း လည်း စိတ်မကောင်းစွာ သိလိုက်ရသည်။

“သူ့ ကောင်လေးက ခုဆိုရင် တခြား တစ်ယောက်နှင့် လက်ထပ်တော့မှာ၊ ဒါကို သူ မသိဘူး၊ သနားပါတယ်။”

သူ မကြားရဲတာလား၊ မကြားရက်တာလား၊ မကြားချင်တာလား၊ မကွဲပြားစွာနှင့်ပဲ သူ့နားကို ပိတ်ထား လိုက်မိ သည်။ ကံဆိုးလိုက်တဲ့ မိန်းကလေးရယ်။ အပြစ် ပြောစရာ မရှိအောင် လှရက်လွန်းသူကိုမှ ကံကြမ္မာက ရက်စက်ခဲ့ပြီကိုး။

သူမရဲ့ ချစ်သူနေရမှာ သူဆိုရင်ရော …… ။ သူ့ အတွေးတို့ မရေရာခဲ့။ ညဘက် ဂီတာထွက် မတီးဖြစ်တဲ့ ရက်တို့ ဆက်ခဲ့ပြီ။ ဒါဟာ အဖျား ပျောက်ပြီးခါစမို့ သူ ၀ရန်တာ မထွက်ခြင်း မဟုတ်ကြောင်းကိုလည်း သူ့ဘာသာ သိနေပြန်သည်။

ဘာအကြောင်းအရာက သူ့စိတ်ကို ပြောင်းလဲသွားစေသလဲ သူ ကိုယ်တိုင် သတိမထားမိ လိုက်ခင်မှာပဲ အခြေအနေ တစ်ခုဟာ အနေအထား တစ်ခုမှ လမ်းကြောင်း သွေဖည်သွားခဲ့ပြီ။

ဒါဟာ သူမရဲ့ မျက်မမြင်ဆိုတဲ့ အားနည်းချက် ကြောင့်လား။ လက်ထပ်ဖို့ စီစဉ်ပြီးခါမှ ပျက်သွား ခဲ့ဖူးတာကြောင့် လား။ မျက်မမြင် တစ်ယောက်ကို တစ်သက်လုံး လက်တွဲဖို့ သူ့မှာ သတ္တိ မရှိတာကြောင့်လား။ ? လားပေါင်း များစွာနှင့် အဖြေ မထုတ်နိုင်တဲ့ မေးခွန်းတွေကြားမှာ ကိုယ့် လမင်းလေး ကွယ်ခဲ့ပြီ။

x x x x x x

နောက်ဆုံးတော့ သူမ အနားမှာ ဘယ်သူမှ ရှိမနေခဲ့ပါလား။ တစ်ချိန်က သိပ်ချစ်ပါတယ်ဆိုတဲ့ ချစ်သူကလည်း မျက်မမြင် ဒုက္ခိတရဲ့ ဒဏ်ကို တစ်သက်လုံးတော့ ဘယ် ခံနိုင်ပါ့မလဲလေ။ သူမ ကတော့ တရားသဘောနှင့်ပဲ ဖြေသိမ့် လိုက်ပါသည်။

“ကိုယ် နယ်ကို သွားရမှာမို့ ဒီကို ခဏ ခဏ မရောက်တော့မယ့် အကြောင်း ကြိုပြီး လာပြောတာပါ။ ကိုယ် ပြန် ရောက်တာနှင့် လာခဲ့ပါမယ်။ နယ်မှာ အလုပ် အသစ် ထပ်တိုးချဲ့မှာမို့ ကိုယ် သွားရမယ်။”

ချစ်သူရဲ့ မုသား စကားအတွက် မသိချင် ဟန်ဆောင်ပြီး သူမ ခေါင်းညိတ် လိုက်ပါသည်။ ရန်ကုန်မှ လွဲလို့ နယ် မှာ လုံးဝ မနေနိုင်တဲ့ ချစ်သူရဲ့ အကျင့်စရိုက်ကို သူမ သိထားမှန်း ချစ်သူ မေ့ခဲ့ပြီ ထင်ပါသည်။ ချစ်သူဟာ မကြာခင်မှာ လက်ထပ်တော့မယ်ဆိုတာ အိမ်သားတွေက သူမ မသိအောင် ဖုံးကွယ် ထားပေမယ့် သူမ ဘက်က မခံနိုင် ကြသော သူငယ်ချင်း တချို့ ဖုန်းဆက် ပြောပြလို့ သူမ သိပြီးခဲ့တာ ကြာပါပြီ။ အားလုံး ကို သူမ အရှုံးပေး ထားလိုက်ပါပြီ။

“ဘယ်နေ့ သွားမှာလဲဟင်”

သူ အကြာကြီး ငြိမ်သက် သွားသည်။ နောက်မှ

“ဒီလ ၂၁ ရက်နေ့”

အဲဒီနေ့ဟာ ချစ်သူ လက်ထပ်မယ့်နေ့ ဆိုတာလည်း သူမက သိနေပြန်သည်။ သူမကို အားနာ၍ ပြောမထွက်တာ ဟု ယူဆရပေမယ့် ဒီလို အလိမ်ခံ နေရတာကလည်း ရင်နာစရာ ကောင်းပါသည်။ မျက်မမြင် တစ်ယောက်ကို ဘာမဆို အလွယ်တကူ လိမ်နိုင်တာပဲလေ။

နောက်ပြီး ဒီလ ဒီဇင်ဘာလ ၂၁ ရက်နေ့။ အဲဒီနေ့ဟာ သူမရဲ့ ၂၃ နှစ်မြောက် မွေးနေ့ ဖြစ်မှန်း ကိုလည်း မှတ်ဥာဏ် သိပ်ကောင်းသော ချစ်သူ မှတ်မိ နေပါဦးမည်။

မနေချင်သူကို နေပါဦး လို့တော့ မတားတော့ပါ ချစ်သူ။ ဒီတစ်ရက် နှစ်ရက် အတွင်းမှာပဲ ချစ်သူနှင့် သူမရဲ့ စေ့စပ် ကြောင်းလမ်း ဖျက်သိမ်းခြင်းနှင့် လက်ထပ်ဖို့ ကိစ္စကို သူမ ဘက်မှ ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သတင်းစာထဲ ပါလာအောင် သူမ စီစဉ် ထားခဲ့ပြီ။ အချစ်သစ်နှင့် စိတ်ချစွာ လက်ထပ်ပါတော့ ချစ်သူ။

x x x x x x

သူမ ဘ၀က ဘယ်လောက်များ ကံဆိုးလဲဆိုရင် တိတ်တခိုး ကြားနေကျ ဂီတာသံလေးနှင့် သီချင်းလေးကိုတောင် ခံစားခွင့် မရှိတော့ပြီ။ ဂီတာ စတီးတိုင်း အောင်ရင်ရဲ့ လမင်းချစ်သူ သီချင်းနှင့် နေ့တိုင်း စပြီး တီးတတ်ခဲ့တာ၊ ဖြူသော ကိုယ့် အချစ်များနဲ့ လို့ တွင်တွင် ဆိုခဲ့တဲ့ မင်း ခုတော့ ဘယ်သူ့ရဲ့ အရောင်ခြယ်ခြင်းကို ခံခဲ့ရပြီလဲ။ သူ နေမကောင်းလို့ များလား ဆိုတဲ့ အတွေးနှင့် စောင့်ကြည့်ခဲ့တာ တစ်ပတ် ကျော်ပေမယ့် ဂီတာသံ ပြန်မကြားရဘူး။

အထီးကျန်ဆန်တဲ့ ဘ၀မှာ သူမရဲ့ ညတွေကို ကြည်နူးခြင်း သံစဉ်များနှင့် ရစ်ပတ်ထားတဲ့ မင်းကို တို့ သတိရ နေမိတာ အမှန်ပါ။ ခြောက်လလောက် နေ့တိုင်း လမင်းချစ်သူ သီချင်းကို ကြားရတဲ့အခါ သူ ရည်ရွယ်သူဟာ ကိုယ်များ လားလို့ မထင်ဝံ့ဝံ့ ထင်မိပေမယ့် ကိုယ့် ဘ၀ဟာ ဘာကိုမှ မမြင်ရတော့ မှန်းဆ လည်း အလကားပါပဲလေ။

ဒီလိုနှင့် သီချင်းသံ မကြားရတော့တာ တစ်လကျော် လာခဲ့ပြီ။ အိမ်များ ပြောင်းသွားလား၊ ခရီးများ သွားနေလားနဲ့  သူ့ အကြောင်းကို သိချင်နေမိသည်။ အိမ်က လူတွေကို မစုံစမ်းရဲတာကြောင့် အိမ်ကို လာနေ ကျ ကိုကြီး သူငယ်ချင်း ကိုကျော်သန်းကို မေးမိသည်။

“ရှေ့တိုက်က ဂီတာတီးပြီး သီချင်း ဆိုတတ်တဲ့ တစ်ယောက်ကို သိလားဟင်” လို့ မေးမိတော့

“ဘာလုပ်ဖို့လဲ”တဲ့

“သူ့ သီချင်းမကြားရတာ တစ်လကျော်ရှိပြီမို့ မေးကြည့်တာပါ” ဆိုတော့

“နင်လည်း သူ့ကို သိလား၊ သူကလည်း နင့် အကြောင်းတွေ ငါ့ဆီမှာ စုံစမ်းတယ်။ နင် မျက်စိ ကွယ်သွားကြောင်း ငါပြောတော့ အရမ်းကို ယူကျုံးမရ ဖြစ်နေသလို မျက်နှာတွေ ပျက်နေတယ်။ မဖြစ်နိုင်ဘူး ဆိုပြီး ငါ ပြောတာ မယုံဘူးလေ။ ဟိုတလောက သူ နေမကောင်းလို့ အိမ်မှာ နေတဲ့ရက်တွေကမှ ငါ ပြောတာကို လက်တွေ့ မြင်ပြီး ယုံသွားတာ။ နင်တို့ အရင်က သိလို့လား။”

“မသိပါဘူး။ အသံကောင်းလို့ မေးကြည့်တာပါ။”

နောက်ဆုံးမှာတော့ တူညီတဲ့ အဖြေ တစ်ခုကို နောက်တစ်ယောက်ဆီက သူမ ထပ်ရလိုက်တာပါပဲ။

နှစ်ရှည်လများ ချစ်လာခဲ့တဲ့ ချစ်သူကတောင် ဒုက္ခိ တစ်ယောက်ကို လက်မတွဲနိုင်လို့ ထားရစ်ခဲ့သေးရင် ခဏ လေးတွေ့ပြီး အပေါ်ယံ အရေပြားတစ်ထောက် အလှအပကိုသာ မြင်ဖူးပြီး စွဲလမ်းမိသူက သူမကို မကြင်နာနိုင်တာ ဆန်း တော့ မဆန်းပါဘူး။ မပြေးသော်လည်း ကန်ရာရှိ ဆိုသလို မဖြစ်ချင်ပေမယ့် ဖြစ်ခဲ့ရတဲ့ ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့် တာကို သူမ ဦးစားပေး ရမှာပေါ့လေ။

လမင်း ချစ်သူ တစ်ယောက်လည်း အမှောင်ထဲမှာ စွဲလမ်းရာမှ နေရောင်အောက်က ချစ်သူရဲ့ဘ၀မှန်ကို သိရှိသွား ချိန်မှာ သူမ အနားက ဖယ်ခွာခဲ့တာ တကယ်တော့ သူ့မှာ အပြစ် မရှိပါဘူးလေ။

လမင်းကွယ်ပျောက်

အလင်းရောက်သော်

နေရောင်အောက်မှာ

ချစ်သူကိုရှာ

မရှိတော့ပါ။

မေဇူး

(၂၀၀၀ခုနှစ်၊ ဇန်န၀ါရီလ၊ အပျိုစင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: