လွမ်းဖို့  ချစ်ခဲ့ဖူးပါသည်

ပန်းတစ်ပွင့်ကို

နွမ်းလို့ ပစ်ဖူးချင် ပစ်ဖူးကြမယ်။

လူတစ်ယောက်ကို

လွမ်းဖို့ ဘယ်သူက ချစ်ဖူးပါသလဲတဲ့။

ပစ်ခဲ့တဲ့ပန်းကို

ဘယ်သူမှ သတိတရမရှိနိုင်ကြပေမဲ့

ဖြစ်ခဲ့တဲ့အလွမ်းကြောင့်

ရင်မှာမထိမရှတဲ့သူ ဘယ်သူရှိနိုင်ပါသတဲ့လဲ။

ကျွန်မ ဖတ်ဖူးတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာတစ်ပုဒ်ပါ။ ကျွန်မအဖြစ်က တော့ ဒီကဗျာနဲ့ ဆန့်ကျင်နေသလိုပဲ။

ကျွန်မ လူတစ်ယောက်ကို လွမ်းဖို့ ချစ်ခဲ့ဖူးတယ်။ လွမ်းဖို့ မရည်ရွယ်ပဲ ချစ်ခဲ့တဲ့ ချစ်သူ တွေတောင် မမျှော်လင့်ပဲ လွမ်းခွင့်ကြုံရရင် ပြင်းပြင်းထန်ထန် ရင်မှာ နာကျင် ရသေးတာပဲလေ။

ကျွန်မကတော့ လွမ်းရမှာကို ကြိုသိပြီးသားမို့ အရာရာကို ကြေကွဲစရာတွေ အဖြစ် မြင်ခဲ့၊ ခံစား ခဲ့ရတယ်။ ကျွန်မ ရင်မှာ ဘယ်လောက် နာကျင်မလဲဆိုတာ ကိုယ်ချင်းစာတတ်ရင် နားလည်မှာပါ။

ဒါပေမယ့် ကျွန်မ ကျေနပ်စွာနဲ့ပဲ လွမ်းခွင့်ပေးခဲ့တယ်။ တစ်နေ့နေ့မှာ ကျွန်မ မောင့်ကို ဆုံးရှုံးရမှာ၊ မောင့်အပါးက ကျွန်မ လွင့်ပါးသွားရမှာ၊ မောင့်အတွက် ကျွန်မဟာ အိပ်မက် တစ်ခုပမာ မှုန်ဝါး ပျောက်ကွယ် သွားရမှာကို သိရက်နဲ့ ကျွန်မ မောင့်ကို ချစ်ခဲ့တယ်။

ကျွန်မဟာ မောင့်အတွက် သေချာတိကျမှုမရှိတဲ့ အိပ်မက်တစ်ခုပေါ့။ မောင်နဲ့ကျွန်မကို ဆုံတွေ့ခွင့် ပေးခဲ့တဲ့ ရှေးရေစက်ကိုပဲ ကျေးဇူးတင်ရမလား။ ဆုံစည်းခွင့်မရအောင် ခွဲရက်ခဲ့တဲ့ ကံကြမ္မာကိုပဲ အပြစ်တင် ရမလား။ မပြောတတ်တော့ပါဘူး။

x x x x x x x

မောင့်ကိုကျွန်မ စတင် တွေ့ချိန်ထဲက မောင့်မှာ ချစ်သူ ရှိနေခဲ့ပြီ။ သူငယ်ချင်း တစ်ယောက် ရဲ့ မင်္ဂလာ ဆောင်တစ်ခုမှာ မောင်နဲ့ မောင့်ချစ်သူကို ကျွန်မ တစ်ပြိုင်နက်ပဲ တွေ့ခဲ့ရတယ်။ ခေတ်ပေါ် အ၀တ်အစား ခပ်မိုက်မိုက်လေး ၀တ်ထားတဲ့ မောင့်ချစ်သူ အိမ့်ခြူးနှင့် သပ်ရပ် ရှင်းသန့်တဲ့ မောင်တို့ဟာ သိပ်ကို လိုက်ဖက် ညီတာပါပဲ။

မင်္ဂလာခန်းမထဲ မောင့်တို့နှစ်ယောက် ၀င်လာလိုက်တာ ကျန်တဲ့လူတွေ အရောင်မှိန်သွားတယ်လို့ ကျွန်မ ပြော ရင် ပိုမယ် မထင်ဘူး။ အဲဒီနေ့မှာ မောင်က အဖြူရောင် လည်ကတုံး လက်ရှည်ကို တိုက်ပုံအဖြူ၊ ရခိုင်ပုဆိုးအပြာနုလေးနဲ့ တွဲဝတ် ထားတယ်။ မိန်းကလေး အများစုဟာ အင်္ကျီအဖြူကို ရခိုင်ပုဆိုးနဲ့ သပ်သပ် ရပ်ရပ် တွဲဝတ်ထားရင် သဘောကျ တတ်တယ်။ ကျွန်မလည်း အများထဲက တစ်ယောက်ပေါ့လေ။ မောင့်ကို သဘောကျသွားမိတယ်။

တစ်ခြားသူ လေးငါးယောက် မောင် ၀တ်သလို ၀တ်လာပေမယ့် ကျွန်မ ရင်ထဲ စွဲမနေဘူး။ မောင့်ပုံစံကို မြင်မြင်ချင်း သဘောကျ သွားမိတယ်။ ကျွန်မရဲ့ အတွေးကို ချက်ချင်းပဲ မောင်းထုတ်ပစ် လိုက်ပါ တယ်။ မောင့်မှာ ပိုင်ဆိုင်သူ ရှိနေပြီပဲကွယ်။

မောင့်ရဲ့ချစ်သူ အိမ့်ခြူးဟာ ချမ်းသာ ကြွယ်ဝတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ တစ်ဦးတည်းသော သမီး ဆိုတာ ကျွန်မ သိခဲ့ ရတယ်။ မောင် ဘွဲ့ရပြီးချိန်မှာ လက်ထပ် ရမယ့်သူပေါ့။

ခဏလေး တွေ့လိုက်ရတဲ့သူတစ်ယောက်ကို ရက်အတော်ကြာ မှတ်မိနေတာဟာလည်း စိတ်ပျက် စရာပါဘဲ။ မင်္ဂလာဆောင်တဲ့ သူငယ်ချင်း ဇနီးမောင်နှံနဲ့ မောင်တို့စုံတွဲ တွဲရိုက်ထားတဲ့ပုံကို ကျွန်မ တောင်းယူ ခဲ့မိတယ်။ အဲဒီဓါတ်ပုံကို ကျွန်မရဲ့ ဒိုင်ယာရီ ကြားထဲ ထည့်ပြီး သိမ်းခဲ့တယ်။

မောင်က ကျွန်မက မသိပေမယ့် မျက်မှန်းတော့ တန်းမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က တစ်ခန်းထဲ အတူ တက်ကြရတာမို့ပေါ့။ ကျွန်မ သူငယ်ချင်း တစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် မောင်နဲ့ ကျွန်မ ခင်မင်ခွင့် ရခဲ့ တယ်။ သိပ်မကြာခင်မှာပဲ အိမ့်ခြူးဟာ သူ့ မိဘတွေနဲ့အတူ နိုင်ငံခြားကို လိုက်ပါသွား တော့မယ်ဆိုတာ သိခဲ့ရတယ်။ မောင် ကျောင်းပြီးချိန်ကြရင်တော့ မောင် လိုက်သွားချင်သွား မသွား ချင်ရင် အိမ့်ခြူး ဒီကိုပြန်လာပြီး လက်ထပ်ကျမယ် ဆိုပြီး အစီအစဉ် ဆွဲထား ကြတယ်။

ကျွန်မတို့ ဒုတိယနှစ် တက်ချိန်မှာ အိမ့်ခြူး တစ်ယောက် အမေရိကားကို ထွက်သွားခဲ့ပြီ။ ကံကောင်း ခြင်းလား၊ ကံဆိုးခြင်းလား ပြောလို့မရတဲ့ ဖြစ်ရပ် တစ်ခုကတော့ ဒီနှစ် ကျောင်းပြန်ဖွင့်ချိန်မှာ မောင်နဲ့ကျွန်မ ခုံနံပါတ် ကပ်ရပ် ကြခြင်းပါပဲ။ ဒါကြောင့် ကျွန်မတို့ ပိုရင်းနှီး ခဲ့ရတယ်။

စာအတူ ကျက်ရင်း၊ ကျောင်းအတူ တက်ရင်း ကျွန်မတို့ ရင်းနှီးမှု သက်တမ်း ရင့်လာခဲ့သလို အနီး ကပ်ပေါင်းကြည့်လေ မောင့်ရဲ့ စိတ်ဓါတ်ကို သိရလေပါပဲ။ ယောက်ျား ပီသပြီး အခွင့်အရေး မယူတတ်တဲ့ မောင့်ရဲ့ ဖြူစင်တဲ့ ရိုးသားမှုကို တွေ့ခဲ့ရတယ်။

မောင်နဲ့ ပတ်သက် ရင်းနှီးခွင့် မရခင်ထဲက အဝေးက ကြည့်ရင်း နှစ်သက် မြတ်နိုးခဲ့ရတဲ့ ဘ၀ကနေ မောင့်ရဲ့ ဆိုဆုံးမမှုတွေ၊ မောင့်ရဲ့အပြုအမူ၊ အပြောအဆိုတွေ အောက်မှာ နေခွင့် ရခဲ့တယ်။ ညီမလေး တစ် ယောက်ကို ဆုံးမတတ်တဲ့ အစ်ကို တစ်ယောက်ရဲ့ ပုံစံမျိုးကို မောင့်မျက်နှာမှာ တွေ့ရတဲ့အခါ ကျွန်မ မလုံမလဲ ခံစားရတာ အမှန်ပါပဲ။

ဆံပင် နက်မှောင် ရှည်လျားတာ တစ်ခုသာ ကျွန်မရဲ့ ထင်ရှားမှု အဖြစ်ရှိတယ်။ အရပ်မြင့်မြင့်၊ ဆံပင် ရှည်ရှည်က လွဲရင် ကျွန်မဟာ အိမ့်ခြူးလို မလှပါဘူး။ သနပ်ခါး လိမ်းတာကလွဲရင် မပြင်မဆင် နေတတ် တာကလဲ ကျွန်မရဲ့အကျင့်ပါပဲ။ ခြေသလုံး တစ်ဝက်လောက် ထိအောင် ရှည်လျားတဲ့ ဆံပင်တွေကို ကျွန်မ တစ်ယောက်ထဲ နိုင်အောင် မရှင်းနိုင်လို့ သူငယ်ချင်းညိုက နေ့တိုင်း ကျောင်းမှာ ဆံပင် ရှင်းပေးပြီး ကျစ်ဆံမြီး ကျစ်ပေးတတ်တယ်။

အဲဒီအချိန်တွေမှာ ကျွန်မတို့တွေကို စိတ်ဝင်စားစွာ ထိုင်ကြည့်တတ်တာ မောင် တစ်ယောက် ပဲရှိ တယ်။ ဆံပင်တွေကို မကြာခဏ ကိုင်ကြည့် လေ့ရှိတယ်။

“မိုး ဆံပင်ရှည်တွေက အရမ်းလှတာပဲ။ ကျွန်တော် သဘောကျတယ်။”

မောင့်ရဲ့ ချီးကျူးစကားကြောင့် ကျွန်မ ကြည်နူးသွားမိတာ ၀န်ခံပါတယ်။

“ခင်မိုးဝေမှာ ပြောစရာဆိုလို့ ဆံပင်လေး တစ်ခုပဲ ချမ်းသာပါတယ် ကိုထွဋ်ရယ် သူများတွေလို မလှပါဘူး။”

“မိုးမှာ သူများနှင့်မတူတဲ့ အလှတစ်ခုရှိသေးတယ်။ အဲဒါဘာလဲဆိုတာ ကျွန်တော်သိတယ်။”

“ဘာလဲဟင်”

“စိတ်လှတာလေ။ မိုးက အရမ်းကိုဖြူစင်ပွင့်လင်းတယ်။”

ကျွန်မ ပွင့်လင်းလို့ မရတာ တစ်ခု ရှိပါတယ်။ အဲဒါဟာ မောင့်ကို ချစ်နေမိခြင်းကို မောင် သိအောင် ကြိုးစားဖို့ မဖြစ်နိုင်ခြင်းပေါ့လို့ ကျွန်မ အသံမဲ့ ပြောနေမိတယ်။ မိန်းကလေး ဖြစ်ရခြင်းကိုလဲ စတင် စိတ်ပျက် မိတယ်။ ကိုယ်ကြိုက်ရာ ရွေးချယ် ပိုင်ခွင့် မရှိတဲ့ ဘ၀ကိုလေ။

“အိမ့်ခြူးကို ကျွန်တော်က ဆံပင် အရှည် ထားစေချင်တာ။ ကျွန်တော်က ဆံပင်ရှည်တွေ မြတ်နိုးတယ်”

“သူက ကလေးဆန်တော့ ဆံပင် အတိုလေးနဲ့ ပိုလှပါတယ် ကိုထွဋ်ရယ်”

စကားကို အဖျားခတ် တုန်ယင် မသွားအောင် မနည်း သတိထားပြီး ပြောရတယ်။ စိတ်ထဲမှာလည်း သူ ငါ့ကို ကြည့်ရင်း အိမ့်ခြူးကို မြင်နေပါလားလို့ တွေးရင်း နာကျင်သွားမိတယ်။ ဘယ်သူမပြု မိမိမှုပဲလေ မောင့်မှာ ချစ်သူ ရှိမှန်း သိရက်နဲ့ ကျွန်မက တဖက်သတ် ချစ်ခဲ့မိတာကိုး။ ကျွန်မ တစ်ယောက်ထဲ လွမ်းရတာ မဆန်းပါဘူးလေ။

ကျွန်မ မောင့်ကို ချစ်တာ နီးစပ်မှုကြောင့် သာယာပြီး ချစ်တာ မဟုတ်ပါဘူး။ မောင့်ရဲ့ ချမ်းသာ ကြွယ်ဝမှုကို မက် ပြီး ချစ်ခဲ့တာလဲ မဟုတ်ဘူး။ နောက်ဆုံး မောင် ကျွန်မကို ပြန်ချစ်လာမလားလို့တောင် မျှော်လင့် ပြီး မချစ်ခဲ့ဘူး။ မောင်နဲ့ ပတ်သက်လာရင် မျှော်လင့်ခြင်း ကင်းတဲ့ ပိုင်ဆိုင်လိုမှု ကင်းတဲ့ ချစ်ခြင်းသာ ဖြစ် ပါတယ်။

ကျွန်မတို့ နောက်ဆုံးနှစ်ကို ရောက်ခဲ့ကြပြီ။ မောင်နဲ့ ခွဲခွာရဖို့ နီးလာပြီပဲလို့ ကျွန်မ တွေးမိတယ်။ ခွဲခွာဖို့ အချက် ပေး ခေါင်းလောင်း ထိုးသံကို မကြာခင်မှာ ကြားရတော့မယ်။ ကျွန်မ မောင့်ကို မြတ်နိုး တွယ်တာပေမယ့် ကျွန်မ ရင်ထဲက အကြောင်းတွေကို မောင် ရိပ်မိ သိရှိ လောက်အောင် မနေခဲ့ဘူး။ ကျွန်မရဲ့ မာနကို အကျခံပြီးတော့ မောင်သိအောင်လဲ ကြိုးစားမှာ မဟုတ်ဘူး။

မောင့်ရဲ့ နှစ်ဆယ့်နှစ်နှစ်မြောက် မွေးနေ့ လက်ဆောင် အဖြစ် အဖြူဆွတ်ဆွတ် ရှပ်အင်္ကျီ လက်ရှည် တစ်ထည် ရယ်၊ ရခိုင်ပုဆိုး အနီရဲရဲ တစ်ထည်ရယ် ကြိုပေးခဲ့တယ်။ မောင်က သူ့မွေးနေ့မှာ အဲဒီဝတ်စုံလေး ၀တ်လာတာ မြင်တော့ ကျွန်မ အရမ်းကို ကျေနပ်သွားမိတယ်။

မောင်နဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ခံစားမှုတွေကို သိတာဆိုလို့ ကျွန်မရဲ့ ဒိုင်ယာရီ စာအုပ်ကလေးပဲ ရှိတယ်။ တခြား သက်ရှိ ဘယ်သူငယ်ချင်းကိုမှ ကျွန်မ ရင်မဖွင့်ခဲ့ဖူး။ မပြောပြခဲ့ဘူး။

နောက်ဆုံးနှစ် တက်နေတုန်း နှစ်ဝက်လောက်မှာ မမျှော်လင့်ပဲ ကျွန်မ ဆေးရုံ တက်ခဲ့ရတယ်။ ဆေးရုံပေါ်မှာ နေရတဲ့ ရက်တွေဟာ ကျွန်မ မောင့်ကို မျှော်မိနေတဲ့ နေ့တွေပေါ့။ ကျောင်းဆင်းချိန် ၀င် လာတတ်သလို မနက် ကျောင်း မသွားခင်မှာလည်း ကျွန်မသိပ်ကြိုက်တဲ့ နှင်းဆီပန်းနဲ့ စပါယ်ပန်းကို ၀ယ် လာပေးပြီး လာပို့  ပေးသွားလေ့ရှိတယ်။

တစ်နေ့ မနက်အစောပိုင်း မောင် ဆေးရုံလာချိန်မှာ ကျွန်မ အိပ်ပျော်နေခဲ့တယ်။ လူစောင့် ရှိနေတုန်းမို့ သူငယ်ချင်း ညိုက မုန့်စား ဆင်းသွားတယ်။ အဲဒီအချိန်မှာ မောင်ဟာ ကျွန်မရဲ့ ခေါင်းအုံးဘေးက ဒိုင်ယာရီလေးကို တွေ့သွားပြီး အမှတ်တမဲ့ လှန်ကြည့်ရင်းနဲ့ မမျှော်လင့်တာတွေ သိခွင့်ရ ခဲ့တာလို့ မောင်က နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။

ကျွန်မ လက်ကို နွေးထွေးသွားတဲ့ အထိအတွေ့တစ်ခုကြောင့် ကျွန်မ လန့်နိုးလာတယ်။ ကျွန်မရဲ့ လက်ကို ဆုပ် ကိုင်ရင်း အံ့သြစွာ ကြည့်နေတဲ့ မောင့်ကို မြင်တဲ့အချိန်မှာ ကျွန်မရဲ့အနက်ရောင် ဒိုင်ယာရီ စာအုပ် ကို သတိရ လိုက်မိတယ်။ ကျွန်မ နောက်ကျ သွားခဲ့ပြီ။

အနက်ရောင် ဒိုင်ယာရီ စာအုပ်ဟာ မောင့်လက်ထဲမှာ –

ကျွန်မ တစ်ကိုယ်လုံး အငွေ့အဖြစ် လွင့်ပျောက် သွားချင်လိုက်တာ၊ မောင့်ရဲ့အရှေ့က ဘယ်လိုနည်းနဲ့ ထွက်ပြေး ရမလဲလို့ စဉ်းစား နေမိတယ်။ မောင့်မျက်နှာကို ကြည့်ရင်း ကျွန်မ မျက်ရည်တွေသာ ကျလာမိ တယ်။ ပြောစရာ စကားတွေ ပျောက်ဆုံး နေခဲ့ပြီ။

ကျွန်မရဲ့ မျက်ရည်တွေကို သူ့ ရဲ့ လက်နဲ့ အသာလေး မောင်က သုတ်ပေးတယ်။

“မိုးရယ်” လို့ တိုးတိုး ဖွဖွ ရေရွတ်ပြီး မောင်လဲ ငြိမ်သက် သွားတယ်။ အတော်ကြာမှ

“ဒီဓါတ်ပုံလေးကို မိုး ဘယ်ကရလဲဟင်”

မောင်နဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ သူငယ်ချင်း မင်္ဂလာဆောင်က ယူထားတဲ့ပုံ။ မောင်ရယ် သတို့သားရယ်၊ သတို့ သမီးရယ်၊ အိမ့်ခြူးရယ် တန်းစီးပြီး ရိုက်ထားတဲ့ လေးယောက်တွဲ ဓါတ်ပုံထဲက မောင့်ပုံကို တစ်ယောက်ထဲ ကွက်ညှပ်ပြီး ဒိုင်ယာရီ ထဲမှာ ကော်နဲ့ ကပ်ထားခဲ့တာ။ မောင်နဲ့ စတင် ဆုံတွေ့တဲ့ အကြောင်းတွေကို ရေးမှတ်ထားတာတွေကို မောင် တွေ့သွားခဲ့ပြီနော်။ အကြောင်းအရာတွေကို အစအဆုံး ဖတ်ပြီး မောင် ကျွန်မကို အထင်သေး သွားလောက်ပြီပေါ့။ ‘မောင်’ လို့ တိတ်တခိုး ခေါ်ခဲ့တာ။ ‘မြတ်နိုးမိသူ’ လို့ မောင့်ဓါတ်ပုံ အောက်မှာ စာရေး ထားမိတာတွေ အို – ကျွန်မ ရှက်လိုက်တာ မပြောပါနဲ့တော့။

မောင်ကတော့ ခေါင်းတခါခါနဲ့

“မထင်ထားဘူးမိုးရာ၊ မိုးချစ်နေတဲ့သူဟာ ကျွန်တော်လို့ အိပ်မက်တောင် မမက်ခဲ့မိဘူး။ မိုးကို ကျွန်တော်အရမ်း သနားတယ်။ ဟာ- ကျွန်တော် ဘယ်လို ပြောရမှန်းတောင် မသိဘူးဗျာ”

“ကျေးဇူးပြုပြီး မိုးကို သနားတဲ့ အကြည့်နဲ့ မကြည့်ပါနဲ့လို့ မိုး တောင်းပန်ပါရစေ ကိုထွဋ်၊ မိုး ခံနိုင်ရည် မရှိလို့ပါ။”

“ကျွန်တော် မိုးကို သံယောဇဉ် အရမ်းရှိပါတယ်မိုးရာ။ အဲဒါကို ကျိန်ပြောရဲပါတယ်။ အိမ့်ခြူးကို အိမ်က ပေးစား တာ ဖြစ်ပေမယ့် ငယ်စဉ်ထဲက တွယ်လာတဲ့ သံယောဇဉ်ကြောင့်ပဲ တစ်ချိန်ချိန်မှာ ချစ်သွား နိုင်မယ် ဆိုပြီး ယူဖို့ ဆုံးဖြတ် ခဲ့တာ။ ကျွန်တော့် ဘ၀မှာ ချစ်စရာ မိန်းကလေး တစ်ယောက် ရှိလာမယ်လို့ ဘယ်တုံး ကမှ ထင်မထားခဲ့မိဘူး။”

“တော်ပါတော့ ကိုထွဋ်ရယ်”

“မဟုတ်ဘူး မိုး၊ ကျွန်တော် ဆုံးအောင် ပြောပါရစေ။ ကျွန်တော် ၀န်ခံပါတယ်။ ကျွန်တော် မိုးကို ချစ်ခဲ့မိတယ်။”

“ရှင်”

“မပြောသင့်လို့ မပြောတော့ဘူးလို့ ယူဆထားတဲ့ စကားပါ မိုး။ ခုလို အကြောင်း တိုက်ဆိုင်ချိန်မှာ ပြောဖြစ်ပေမယ့် ပေါ့ပေါ့တန်တန် မဟုတ်ဘူး ဆိုတာ ယုံပါ။ လက်ထပ် ရမယ့် မိန်းကလေး ရှိရက်နဲ့ ဒီစကားမျိုး ပြောထွက်တယ်လို့ ထင်မှာ ကိုလဲ စိုးရိမ်မိပါတယ်။ မိုးကို စော်ကား သလို ဖြစ်မှာစိုးလို့ ဒီစကား ကို ကျွန်တော် မပြောခဲ့တာပါ။”

“ကျွန်တော် သစ္စာ မမဲ့ချင်ဘူးလေ။ မိုးကိုလဲ ဝေဒနာတွေ မပေးရက်ဘူး။ မိုးကို လွမ်းနေခွင့်ရရင်ပဲ ကျေနပ်ပါပြီ။”

“မောင်ရယ်။”

ကျွန်မ ကိုယ်တိုင်က မောင့်ကို လွမ်းဖို့ ချစ်ခဲ့တာပါ။ အခုတခါ မိုးကို မောင်က လွမ်းဖို့ ချစ်ပြန် ပြီလားဟင်။

နောက်ပိုင်းမှာ မောင်နဲ့ ကျွန်မ တတ်နိုင်သလောက် တစ်ယောက်ကို တစ်ယောက် ရှောင်ခဲ့ကြတယ်။ ဝေဒနာတွေ တိုးမှာ စိုးလို့ပါ။ မကြာခင်မှာ အိမ့်ခြူးတို့ မိသားစု ခဏ ပြန်လာကြတော့မယ်။ မောင်လဲ လက်ထပ် ပြီးရင် အိမ့်ခြူးတို့ဆီ လိုက်သွားတော့မယ်လို့ပြောတယ်။

ကိုယ့် ချစ်သူနဲ့ တစ်မြို့ထဲမှာ နေပြီး စိတ်တွေကို အဝေးဆုံးမှာ ပို့ထားရမှာကို မလိုလားဘူး။ ကိုယ်က ခွဲခွာ သွားတာကမှ ပိုကောင်းမယ် ထင်တယ်လို့  မောင်က ပြောတယ်။

ကျွန်မရဲ့ မွေးနေ့မှာ မောင်က ကျွန်မကို မောင်နှံခုနှစ်ဖော်လို့ခေါ်တဲ့ လက်စွပ်လေး ခုနှစ်ကွင်း လုပ်ပေးတယ်။ ကျွန်မက တန်ဖိုးကြီးလို့ လက်မခံချင်ပေမယ့် မရခဲ့ဘူး။ သူ့ကို ချစ်ရင် အမြဲ ၀တ်ထား ပါတဲ့ လေ။ လက်စွပ် မ၀တ်ထားလဲ သူ့ကို အမြဲ ချစ်နေမှာကို သူ သိနိုင်မယ် မထင်ဘူး။

စာမေးပွဲပြီးလို့ အိမ့်ခြူး ပြန်ရောက်လာပြီး မောင်တို့ မင်္ဂလာကိစ္စ စီစဉ်နေတာကို ကျွန်မ မသိချင်ပဲ သိနေရတယ်။ ကြိုတင် သိရှိ နားလည် ခံစားထားပေမယ့်လည်း ဝေဒနာတွေက အသစ်ပမာ ရင်ကို နာကျင် ကြေကွဲစေတာပါပဲ။

အချစ်အတွက်နဲ့ ဘ၀ မပျက်သင့်ဘူးဆိုတဲ့ မာနတစ်ခုကို ဆုပ်ကိုင်ရင်း ကိုယ့် အခြေအနေကို ကိုယ် မားမား မတ်မတ် ထိန်းခဲ့တယ်။

မင်္ဂလာဆောင်ကိုလည်း တည်ငြိမ်စွာပဲ တက်ရောက် နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်။ မင်္ဂလာခန်းမ အလယ်မှာ ညှိုးငယ်နေတဲ့ မောင့်ရဲ့ မျက်ဝန်းအစုံနဲ့ ရင်ဆိုင် တိုးမိတဲ့အခိုက်မှာ ဟန်လုပ် တင်းထားရတဲ့ မာကျောမှုတွေ အရည်ပျော် မတတ်ပါပဲ။

တီးဝိုင်းက သီချင်းသံထက် ကိုယ့်ရင်ထဲက နှလုံးခုန်သံတို့ ပိုပြီးဆူညံနေတာကို သတိထားမိတယ်။ ပြန်အထွက် မှာ အိမ့်ခြူးနဲ့ မောင့်ကို လက်ဆွဲ နှုတ်ဆက်တော့ အတော်လေးကို ဟန်ဆောင်နိုင်ခဲ့ပြီ။

မောင်က လက်ဆွဲနှုတ်ဆက်ရင်း ကျွန်မ လက်ကို ကိုင်ထားတာ လိုအပ်တာထက် ပိုကြာမယ် ထင်တယ်။ အိမ့်ခြူး က သူ့မိတ်ဆွေတစ်ယောက်ကို စကားပြောနေတုန်း နောက်ဆုံးအနေနဲ့ မောင့်ကို စကား တစ်ခွန်း ပြောဖြစ်ခဲ့ပါတယ်။

“လွမ်းဖို့ ချစ်ခဲ့ဖူးတာကို အမြဲ သတိရနေမှာပါ မောင်”

ပြောပြီးတာနဲ့ ကျွန်မ လှည့်ထွက်ခဲ့တယ်။ မောင့်မျက်နှာ အပြောင်းအလဲကို ရင်ဆိုင်နိုင် စွမ်းမရှိလို့ပါ။

အိမ်ပြန်ရောက်လို့ မောင်တို့ ဇနီးမောင်နှံ လက်ဖွဲ့ထုတ်တွေ ဖောက်ကြည့်တဲ့အခါ တစ်ခုသော အစိမ်းရောင် ပါကင် အထုပ်ထဲမှာ အဖြူရောင် ရှပ်အင်္ကျီတစ်ထည်ရယ်၊ ရခိုင်ပုဆိုး အစိမ်းရောင် တစ်ထည် ရယ်၊ အသဲပုံ ဗူးလေး တစ်ခုရယ်ကို တွေ့လိမ့်မယ်။

အင်္ကျီနဲ့ပုဆိုးကို ကိုထွဋ်အတွက်လို့ ရေးထားပြီး အသဲပုံ ဗူးလေးပေါ်မှာ အိမ့်ခြူး အတွက်လို့ ရေး ထားတယ်။ ဗူးလေးထဲမှာ မကြာသေးခင်က မောင် ၀ယ်ပေးတဲ့ မောင်နှံခုနှစ်ဖော် လက်စွပ်လေး ထည့်ထားတယ်လေ။

ဒီလက်စွပ်လေးကို ကြည့်ရင်း လက်စွပ်လေးနဲ့ အတူပါသွားတဲ့ ခင်မိုးဝေရဲ့ ကြေမွနေတဲ့ နှလုံးသား တစ်စုံကို မောင် မြင်ခွင့် ရခဲ့ရင် ဘယ်လို ခံစားရမှာလဲလို့ ကျွန်မ သိချင်မိတယ်။

ကျွန်မ အတွက်ကတော့ အစထဲက ဒီလိုအခြေအနေတွေကို ရင်ဆိုင်ရမယ်ဆိုတာ သိပြီးသားပဲလေ။ မောင့်ကို ချစ်ခဲ့မိတဲ့ အချစ်တွေကို ရင်ထဲမှာအမြဲတမ်းတ သတိရရင်း အဝေးကနေ မောင့်ကို လွမ်းနေခွင့် ရတာကိုပဲ ကျေနပ်ပါပြီ။

မေဇူး

(၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ၊ အပျိုစင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: