ကြုံခဲ့ရတဲ့ တညတာ (၂၀၀၉ သင်္ကြန် ခရီးသွားမှတ်တမ်း- ၂)

နန်းမြိုင် ဟိုတယ်မှာ သရဲ အချောက်ခံရတဲ့ အကြောင်းကို ပြောမယ်ဆိုရင် ဘာကြောင့် ပြင်ဦးလွင်မှာ ညအိပ် ဖြစ်ကြတာလဲ ဆိုတာက ပြန်စရမယ် ထင်တယ်နော်။

ကျွန်မတို့  ပထမ ရည်ရွယ် ထားတာက မုံရွာကို သွားပြီး အလောင်းတော် ကဿဖကို ၀င်ဖူးကြဖို့  ပါ။ ဒါပေမဲ့ မုန်တိုင်း ရှိတယ်ဆိုပြီး မိုးတွေ ရွာလာတာကြောင့် အလောင်းတော် ကဿဖကို တက်တဲ့ ကားတွေ မထွက်ကြတော့ပါဘူး။ ဒါကြောင့်ပဲ ဗန်းမော်မှာ ညအိပ်တဲ့ ကျွန်မတို့ တတွေရဲ့ အပြန် ခရီးစဉ်ကို မူဆယ် ဖက်က လှည့်ပြန်ဖို့  ပြောင်းလဲ လိုက်ရပါတယ်။

တကယ်လို့  မူဆယ်ကို စောစော ရောက်ခဲ့ရင် လားရှိုးအထိ ဆင်းမယ် စိတ်ကူး ခဲ့ပေမဲ့ မန်စီ-နန့်  ခမ်းလမ်းက ဖြေးဖြေးချင်း သွားရတာမို့  မူဆယ်ကို ၀င်ချိန်မှာ ညနေ 4 နာရီထိုးနေပါပြီ။ ဒါနဲ့ ပဲ မူဆယ်မှာ အိပ်ဖို့  ဆုံးဖြတ်လိုက် ကြတာလေ။ နောက်နေ့  မနက်မှာတော့ မူဆယ်က ပြန်ဆင်းပြီး ပြင်ဦးလွင်မှာ ညအိပ်မယ်လို့  စဉ်းစားခဲ့ကြတယ်။ ပြင်ဦးလွင်မှာ ညအိပ်ပြီး နောက်နေ့ မှာ ဓါတ်တော်ချိုင့် ရေတံခွန်ကို သွားကြမယ်ပေါ့။

ပထမ စီစဉ်ထားတဲ့ အထဲမှာ မပါတဲ့ အတွက်ကြောင့် ဟိုတယ်က Booking မလုပ်ရသေးပါဘူး။ ကျွန်မတို့ က အစီအစဉ်ဆွဲပြီး အိပ်မယ်လို့  စီစဉ်ထားတဲ့ မြို့ တွေဆို ဟိုတယ်က Booking ကြိုယူ ထားပြီးသားလေ။ ခုတော့ ပြင်ဦးလွင်မှာ တည်းဖို့  ဟိုတယ် စဉ်းစားတော့ နန်းမြိုင် ဟိုတယ်ရဲ့ ဖုန်းနံပါတ်ပဲ ကျွန်မတို့ ဆီမှာ ပါတယ်လေ။

အဲဒီ ဟိုတယ်က သရဲချောက်တာ နာမည်ကြီးတယ်နော်လို့  ကျွန်မတို့  ပြောဖြစ်ကြသေးတယ်။ ဒါပေမဲ့ တည်းဖူးတဲ့ သူငယ်ချင်းက သူ တည်းတာ ၃ခါ ရှိပြီ ဘာမှ မဖြစ်ပါဘူး ဆိုတာနဲ့  တခြား ရွေးစရာလည်း အဆင်သင့် မရှိတာနဲ့  နန်းမြိုင်    ဟိုတယ်မှာ အခန်းလှမ်းယူ လိုက်ပါတယ်။ မူဆယ်ကနေ လှမ်းပြီး ဖုန်းဆက်လိုက်တာပါ။

ဖြစ်ချင်တော့ ကျွန်မ သူငယ်ချင်းပါတဲ့ တခြား ခရီးသွား အဖွဲ့ ကလည်း နန်းမြိုင်မှာပဲ အခန်း ယူထားတယ်လို့  ဟိုတယ် ကပြောတော့ ကျွန်မတို့ လည်း အဲဒီမှာပဲ သေချာပေါက် အခန်းယူ ဖြစ်သွားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဟိုတယ်က ကျွန်မ လိုချင်တဲ့ အခန်း ၇ခန်း ရမရ မသိသေးဘူးလို့  ပြောပါတယ်။ မနက်ဖြန် မနက်မှ သေချာပေါက် သိမှာမို့  ထပ်ဆက်ပါတဲ့လေ။

မူဆယ်ကနေ မနက်စော ထွက်လာပေမဲ့ ကျွန်မတို့ ကား တာယာ ၂လုံး ပွင့်သွားတာကြောင့် ပြန်ဖာ နေရတာနဲ့  ၁၀၅မိုင် စစ်ဆေးရေး ဂိတ်က ထွက်ချိန်မှာ မနက် ၉နာရီ ကျော်နေပါပြီ။ အဲဒီအချိန်မှာ မေးတုံးကလည်း အခန်းရဖို့  မသေချာ သေးပါဘူးတဲ့။

ဒီလိုနဲ့  လားရှိုးကိုရောက်တော့ နေ့ ခင်း ၂နာရီ ထိုးနေပြီ။ အဲဒီမှာ ထမင်းဝင်စားရင်း နန်းမြိုင်ဟိုတယ်ကို လှမ်းမေး တော့ ကျွန်မ မှာထားတဲ့ အခန်း၇ခန်းလုံး ရတယ်ဆိုတာကြောင့် ၀မ်း သာသွားပါတယ်။ နေ့ လည်စာ စားပြီးတော့ ခရီး ဆက် ထွက်ခဲ့ကြတာ ပြင်ဦးလွင် ၀င်တော့ ည ၁၀နာရီ ထိုးနေခဲ့ပြီ။

အဲဒီအချိန်မှာ လူတွေက အရမ်း ပင်ပန်းပြီး အိပ်ချင် နေကြပြီ။ ဒါကြောင့် ကိုယ့်အခန်းသော့ ကိုယ်ဆွဲပြီး ကျွန်မတို့  တည်းရမဲ့ အဆောင်-၁ ကို လာခဲ့ကြပါတယ်။ (အခန်းနံပါတ်တွေတော့ မပြောတော့ဘူးနော်။ တော်ကြာ နန်းမြိုင် ဟိုတယ်က ကျွန်မကို ချောင်းရိုက်လိမ့်မယ်။)

အဆောင်က အကျယ်ကြီးပါ။ အခန်းက အောက်ထပ်မှာ ၅ခန်း၊ အပေါ်ထပ်မှာ ၂ခန်း ရတာ  မို့  အပေါ်ထပ်မှာ ယောကျာ်းလေးတွေ နေခိုင်းပြီး အောက်ထပ် ၅ခန်းကို မိန်းကလေးတွေ ခွဲယူ လိုက်ပါတယ်။ ပြီးတော့ ရေမိုး ချိုးပြီး အိပ်ဖို့  ပြင်ဆင် ကြတာပေါ့။ သူများတွေ အိပ်ချိန်မှာ ကျွန်မက မအိပ်နိုင် သေးပါဘူး။ ကျွန်မ သူငယ်ချင်းပါတဲ့ ခရီးသွား ကားက ဟိုတယ်ကို မရောက်သေးပါဘူး။

ဒါပေမဲ့ ပြင်ဦးလွင်ကိုတော့ ရောက်နေပြီ။ သူတို့  ထမင်းစားနေတုံးမို့  ကျွန်မကို လာခဲ့မယ် မအိပ်နဲ့ အုံးတဲ့။ ကျွန်မ အခန်းထဲ ၀င်ဝင်ချင်း ခံစားရတာက စိတ် မသန့် တာပါ။ တမျိုးကြီးပဲလို့  ထင်မိပါတယ်။ ဒါပေမဲ့ ကျွန်မက မကြောက်တတ်သူ လေ။ ဒီတော့ အခန်းတံခါးတွေ လိုက်စစ်ရင်း ပြတင်းတံခါး တချို့ ပွင့်နေတာ တွေ့ လို့  တခြားအခန်းတွေကို စစ်ဖို့  လိုက်ပြော လိုက်သေးတယ်။

အခန်း ၅ခန်းမှာ ကျွန်မတို့  အခန်းက အလယ်ခန်း။ ကျွန်မတို့ ရထားတာက ဟိုဘက်မှာ ၂ခန်း၊ ဒီဘက်မှာ ၂ခန်းစီ ရှိတယ်။ ကြားထဲမှာ တခြား အခန်းတွေလည်း ရှိသေးတယ်။ ည ၁၁ နာရီ လောက်မှာ ကျွန်မ သူငယ်ချင်းပါတဲ့ ခရီးသွား ကားကြီး နန်းမြိုင် ဟိုတယ်ကို ၀င်လာပါတယ်။ သူတို့  အုပ်စုထဲက တချို့ က အဆောင်-၁ ရဲ့ ကျန်နေတဲ့ အခန်းတွေ မှာပါ။

သူငယ်ချင်းကို ကျွန်မ ထွက်တွေ့ ချိန်မှာ သူတို့ အဖွဲ့ က ကားပေါ်က ပစ္စည်းတွေ ဆွဲချရင်း ကိုယ့်အခန်း သူ့ အခန်း ၀င်ကြရင်း ဆူညံနေတာ နေ့ ခင်းလိုပါပဲ။ ဒါပေမဲ့ပေါ့ အဲဒီအချိန်မှာ ကျွန်မတို့  အဖွဲ့ က တချို့ က သရဲခြောက်တယ်လို့  ထင်ရ နိုင်တဲ့ ကိစ္စ တချို့  ဖြစ်နေခဲ့ပြီ။

သူငယ်ချင်းနဲ့  စကားပြောပြီး ပြန်ဝင်လာချိန်မှာ အတူတူ အိပ်တဲ့ အခန်းဖော် ညီမလေးက ရေသောက်ချင်တယ် ဆိုတာ ကြောင့် ရေတောင်းပေးဖို့  တခြားအခန်းကို ကျွန်မ တံခါး သွားခါက်ခဲ့ပါတယ်။ ရေယူပြီး ပြန်လာချိန်မှာ သူငယ်ချင်းက ဖုန်းလှမ်းဆက် ပါတယ်။

“ယူတို့  အိပ်တဲ့ အဆောင်-၁က သရဲချောက်တာ နာမည်ကြီးတယ်နော်။ ညကျရင် သတိထားအိပ်။ ရေဘုံဘိုင်ခေါင်း တွေက ညကျရင် ဖွင့်တဲ့သူ မရှိပဲ ရေတွေ ကျကျ လာတတ်တယ်”တဲ့ ။ သူကတော့ အဆောင်-၂ မှာတဲ့လေ။ သူက စောစော ထဲက နန်းမြိုင်က သရဲချောက်တာ နာမည်ကြီးတယ်နော်နဲ့  နောက်နေတာလေ။

ကျွန်မက မကြောက်တတ်ပေမဲ့ ပါလာတဲ့သူတွေက ကြောက်တတ်တော့ သူ့ ကိုတောင် မဟုတ်တရုတ်တွေ လျှောက် မပြောဖို့ ကျိန်းနေခဲ့တာ။ ရေသောက်ပြီးလို့  ရေဘူးသွားပြန်ပေးချိန်မှာ အဲဒီအခန်းနဲ့  ကပ်ရက်က အသက်နဲနဲငယ်တဲ့ ကျွန်မရဲ့ ညီမတော်လေးတွေ နေတဲ့ အခန်းက ငိုသံကြားရပါတယ်။ ဒါနဲ့  စိုးရိမ်ပြီး တံခါးခေါက်လိုက်တော့ ကုတင်ပေါ်မှာ တစ်ယောက် က တရှုံ့ ရှုံနဲ့  ငိုနေပြီ။ ကျန်တဲ့ ၂ယောက်ကလည်း မျက်လုံး အပြူးသားလေးတွေနဲ့  ထိုင်နေပါတယ်။ သူတို့ အခန်းက ၃ယာက် အိပ်တာလေ။

ဘာဖြစ်တာလဲဆိုတော့ မငိုတဲ့ တစ်ယောက်က သူတို့ ၂ယောက် အတူတူ အိပ်နေကြရင်း ၂ယောက်လုံး တပြိုင်နက် ထဲ ဘီလူးစီးသလို လှုပ်လို့ မရဘူးတဲ့။ အတင်းရုန်းတော့လည်း မရပဲ တော်တော်ကြာမှ ၂ယောက်လုံး ပြိုင်တူ လှုပ်လို့ ရပါသတဲ့ ခရီးပန်းလာလို့  ဖြစ်တာနေမှာပါလို့  ပြောပေမဲ့ ငိုနေတဲ့ တစ်ယောက်ကတော့ မရပ်ပါဘူး။ ဒါနဲ့  ငိုနေတဲ့ တစ်ယောက်ကို ဟိုဘက် အခန်းက အမတွေဆီမှာ သွားအိပ် ခိုင်းလိုက်ပါတယ်။

ကျန်တဲ့ ၂ယောက်ကတော့ အိပ်ရဲပါတယ်တဲ့။ ဒါပေမဲ့ စိတ်မချတာကြောင့် သူတို့ အခန်းကို သော့ခတ် ပိုက်ဆံအိတ် လောက်သာ ယူလာ ခိုင်းပြီး ကျွန်မတို့ အခန်းကို ၁ယောက်၊ ကပ်ရက်က အမတို့  အခန်းကို ၂ယောက် ပို့ လိုက်ပါတော့တယ်။ ဒါပေမဲ့ အဲဒီအချိန်က လုံးဝကို တိတ်ဆိတ်နေခြင်း မရှိသေးပါဘူး။ အသစ်ဝင်လာတဲ့ ခရီးသွား အဖွဲ့ တွေ ရေချိုးနေတုံး၊ အခန်း ကူးနေကြတုံး၊ အပေါ်ထပ် ဧည့်ခန်းမှာ ယောကျာ်းလေးတွေ ဘောလုံးပွဲ ကြည့်လို့  ကောင်းတုံးပဲ ရှိပါသေးတယ်။ ကျွန်မတို့  အဖွဲ့  ကတော့ တိုက်ပွဲ စနေပါပြီ။

ဒါနဲ့  အခန်း ပြန်ရောက်ချိန်မှာ ကုတင်၂လုံးပူးပြီး စောစာက ဘီလူးစီးတယ်လို့  ပြောတဲ့ ညီမလေးကို အလယ်မှာ ထားသိပ်လိုက်ပါတယ်။ ပြီးတော့ အခန်းဖော်နဲ့  ကျွန်မ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မျက်လုံးချင်း စကားပြော လိုက်ပါတယ်။ ဇာတ်လမ်းတော့ စပြီလားပေါ့။ ဒါပေမဲ့ ပင်ပန်းနေတဲ့ ကလေးတွေ စိတ်အထင်ကြောင့်ပါလို့ ပဲ ယူဆပါတယ်။

ဒါပေမဲ့ ပိုက်ဆံအိတ်လေးထဲက ပုတီးကိုတော့ အပြင်ကို ထုတ်လိုက်ပါတယ်။ ဒါနဲ့  သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ကောက် နှိပ်လိုက်တော့ သူက ဖုန်းကိုင်ကိုင်ချင်း သရဲချောက် ခံရ်ပြီလားတဲ့။ သူ့ အမေးကို ရယ်လည်းရယ်ချင် ဒေါသလည်း ထွက်သွား ပါတယ်။ မဟုတ်ပါဘူးလို့  ပြောလိုက်ရပေမဲ့ စိတ်ထဲမှာတော့ သိပ် မသင်္ကာပါဘူး။

လက်ထဲက ပုတီးကို ကိုင်ရင်း အိပ်ရာထဲ လှဲချလိုက်ပါတယ်။ အိပ်ဖို့ ကြိုးစားတာ ၁၀ မိနစ်တောင် မပြည့်သေးပါဘူး။ အခန်းပေါက်ဝမှာ လူရိပ်တွေနဲ့  ခြေသံတွေ ကြားရပြန်ပါတယ်။ ကျွန်မ အိပ်တာက         ၀င်ပေါက်နဲ့  တည့်တည့်မို့  အခန်းဝမှာ လူ ရပ်တာနဲ့  မြင်နိုင်ပါတယ်။ တံခါးခေါက်သံနဲ့  ခေါ်သံ ကြား ရချိန်မှာတော့ ဒါ ပုံမှန် မဟုတ်တော့ဘူးလို့  ကျွန်မတို့ ၂ယောက် တပြိုင်နက်ထဲ တွေးလိုက်မိပါတယ်။

တံခါးဖွင့်ပေးချိန်မှာ နောက်ထပ် ၃ယောက် အိပ်သော အခန်းမှ ညီမငယ် တစ်ယောက် အခန်းကို ထပ်မံ ရောက်ရှိခဲ့ပါ တယ်။ ကျန်တဲ့ ၂ယောက်ကတော့ စောစောက အမတွေရှိတဲ့ ၄ယောက် အခန်းကို ကူးသွားခဲ့ကြပြီ။ ခုဆို ကျွန်မတို့ အခန်းမှာ ၄ယောက်၊ ဟိုဘက်ထောင့် အခန်းမှာ ၆ယောက် ဖြစ်သွားပြီ။ တခြား လူကြီး၂ယောက် အိပ်တဲ့ အခန်းကတော့ ဘာသံမှ မကြားရတာကြောင့် ထားလိုက်ပါတော့တယ်။ သူတို့ က လူကြီးတွေ ဆိုတော့ ပြဿနာ မရှိလောက်ဘူးပေါ့။

ကျွန်မအခန်းဖော် ညီမလေးက သတ္တိ ကောင်းစွာ ပုတီးတစ်ကုံး လည်ပင်းမှာ ဆွဲပြီး ၆ယောက် အခန်းကို ကူးသွားခဲ့ သေးတယ်။ အဲဒီမှာလည်း နောက်ကူးလာတဲ့ အခန်းက ညီမလေး ၁ယောက်က သူ့ လည်ပင်းကို လက်၂ဖက်နဲ့  လာညှစ်တာ ခံစားရတယ်ဆိုပြီး ငိုနေပါတယ်။ သူ့ ကို မငိုအောင် ချော့မော့ပြီး ပြန်လာချိန်က စလို့  အခန်းဖော် ညီမလေးဟာ ကြက်သီးတွေ ထပြီး တချိန်လုံး ကျောချမ်းနေတော့တာ တညလုံးပါပဲ။

အခန်းထဲက ကုတင် ၂လုံးပေါ်မှာ လူ ၄ယောက် စုပြီး အိပ်နေကြတယ်။ ကျွန်မက နံရံကို ကျောပေး အိပ်တာဆိုတော့ မကြောက်တတ် တာတောင်မှ စိတ်တော့ သိပ်မလုံလှဘူး။ နောက်ကျောမှာ ပြတင်း တံခါးကလည်း ကပ်ရက် မဟုတ်လား။ အမှန်အတိုင်း ၀န်ခံရရင် အဲဒီအချိန်မှာ ကြောက်စိတ်ထက် တလမ်းလုံး ပင်ပန်းလာတော့ အိပ်ချင်စိတ်က အရမ်းကို ဖြစ်နေပြီ။ အိပ်ပျော်သွားလို့  သရဲတွေ့ ခါမှ တွေ့ ရော အိပ်ချင်လှပြီ။

ကျွန်မ အိပ်ပျော်တော့မဲ့ ဆဲဆဲမှာပဲ အခန်းဖော် ညီမလေးရဲ့ ရင်ခေါင်းထဲက လာတဲ့ အသံကြီးနဲ့ 

“အမ အိပ်ပြီလား။ မအိပ်နဲ့ အုံးနော်” ဆိုတာနဲ့  လန့် ဖြန့် ပြီး မျက်လုံးကို ဖွင့်ရင်း

“မအိပ်သေးဘူး။ မကြောက်နဲ့ နော်” လို့  လှမ်းနှစ်သိမ့် ရပါတယ်။ သရဲချောက်သော အခန်းမှ လာသော ညီမငယ် ၂ယောက်ကတော့ အလယ်ခေါင်မှာ နှစ်ချိုက် လုံခြုံ စိတ်ချစွာ အိပ်ပျော်နေကြပြီလေ။  ကျွန်မမှာတော့ မျက်လုံးကို အသာကုန် ပြူးအောင် လုပ်ရင်း ပုတီး စိတ်ရပြန်ပါတယ်။

ဒီလိုနဲ့  ငိုက်မယ်ကြံလိုက် အမ မအိပ်နဲ့ နော်လို့  အလန့် တကြား ထအော်သံကြောင့် မျက်လုံး ပြန်ပြူးလိုက်နဲ့  ည ၂နာရီကျော် သွားပါပြီ။ ခဏနေတော့ ရှုးပေါက်ချင်တယ်ဆိုတာကြောင့် သူတို့ ကို ရှုးထတည်ရင်း ကျွန်မှာ မျက်လုံးကျယ် အောင် မက်မန်းသီးတွေ သကြားလုံးတွေ ထစား ရပါတယ်။ ဟုတ်တယ်လေ မဟုတ်ရင် ကျွန်မလည်း အိပ်ပျော်တော့မှာ။ သူတို့  အခြေအနေကို ကြည့်ရတာ ကိုယ်ပဲ အိပ်မပျော်အောင် လုပ်ပြီး သူတို့ ကို ထိုင်စောင့် ပေးရမဲ့ပုံပါ။

ကျွန်မရဲ့ အိပ်ချင်စိတ်တွေ လုံးဝကို ကွယ်ပျောက် သွားချိန်မှာတော့ ကျေးဇူးရှင်လေးတွေက စောင့်မဲ့သူ ရှိတာမို့  စိတ်ချလက်ချနဲ့  အိပ်ပျော်သွားကြတာ ထတောင် မခေါ်ကြည့်တော့ပါဘူး။ ကျွန်မမှာသာ အိပ်လို့ ကလည်း မပျော်တော့ တာမို့  ပုတီးစိတ်ရင်း သူတို့ ကို ထစမ်းရင်းနဲ့ သာ အချိန်ကုန်သွားပါတယ်။ ကျွန်မက မကြောက်တတ်တော့ သရဲဆိုရင် မှန်ထဲမှာ မြင်ရတယ် ဆိုတာကြောင့် မှန် ထထ ကြည့်တာလည်း ခဏ ခဏပါပဲ။ ဘာမှ မတွေ့ ရပါဘူး။ မနက် ၅နာရီ ထိုးချိန်မှာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့တာနဲ့  ရေချိုးပြီး သူတို့ တွေ အားလုံးကို ကိုယ့်အခန်းကိုယ် ပြန်ခိုင်းရပါတော့တယ်။

အဲဒီတော့မှ ညက ကြောက်လို့  တိတ်ဆိတ်နေကြတဲ့ မမတွေရဲ့ ဖွင့်ဟ ၀န်ခံချက်တွေ တန်းစီပြီး ကြားရတော့တာပဲ။ ပထမဆုံး ဘီလူးစီးတယ် ဆိုပြီး ထငိုတဲ့ တစ်ယောက်က သူအိပ်နေတဲ့ ဘေးမှာ အင်္ကျီအဖြူနဲ့  တစ်ယောက်၊ အညိုနဲ့  တစ်ယောက် လမ်းလျှောက်ပြီး သူ့ ကို ငုံ့ ကြည့်နေသတဲ့။ ပြီးတော့ သူ့ ရဲ့ လည်ပင်းကို တစ်ယောက်က ဖိထားပါသတဲ့လေ။ သူ ရုန်းပေမဲ့ ဘယ်လိုမှ မရဘူးတဲ့။ တော်တော်ကြမှ လှုပ်လို့  ရလာတာတဲ့။

သူနဲ့  အတူတူ တကုတင်ထဲ အိပ်ပြီး သူ့ လိုပဲ ဘီလူး စီးတယ်လို့  ထင်တဲ့ တစ်ယောက်ကတော့ အိပ်ပျော်သလို မပျော်သလို ဖြစ်နေချိန်မှာ အပေါ်ထပ်ကနေ မိန်းမတစ်ယောက် ဆင်းလာပြီး ရေချိုးခန်း ပြတင်းပေါက်ကနေ ၀င်လာပါသတဲ့။ နောက်ပြီး နင်တို့ တွေ ဘယ်ောက် ပိတ်ထားထား ၀င်လို့ ရတယ် ဆိုပြီး ရေချိုးခန်း တံခါးပေါက်ဘုကို လှည့်ဖွင့် ပြတယ်တဲ့။ နောက်ပြီး အရှေ့ တံခါးပေါက်ကိုလည်း ၀င်ထွက်လို့ ရတယ်ဆိုပြီး လိုက်ဖွင့် ပြနေတယ်တဲ့။ အဲဒီအချိန်မှာ လှုပ်မရ၊ ရုန်းမရနိုင်အောင် ဖြစ်နေပြီး နောက်မှ ၂ယောက်ထဲ တပြိုင်နက် ထလို့ ရခဲ့ ကြတာတဲ့လေ။

ဒုတိယ အခန်းက ညီမငယ် တစ်ယောက်ကိုတော့ လက်နှစ်ဖက်နဲ့  လည်ပင်း လာညှစ်ပါသတဲ့။ နောက် တစ်ယောက် ကိုလည်း လည်ပင်းညှစ်ထားပြီး နားထဲမှာ ၀ူးဝူးဝါးဝါး လာအော်နေသတဲ့။ လူ ၆ယောက် စုအိပ်တဲ့ အခန်းကတော့ လူများချိန်မှာ အားရှိသွားပြီး ပြန်အိပ်ကြတာ အလယ်ခေါင်မှာ အိပ်တဲ့ တစ်ယောက်ကို ခြေထောက်နှစ်ချောင်းကနေ ကုတင်ပေါ်က လာဆွဲချ ပါသတဲ့လေ။ သူ အလန့် တကြား ထအော်ပြီးချိန်မှာတော့ သူတို့ မအိပ်ရဲ ကြတော့ပါဘူး။  အပြင်လည်း မထွက်ရဲပဲ တညလုံး ပုတီး စိတ်တဲ့သူစိတ်၊ အမျှဝေတဲ့သူ ဝေနဲ့  မိုးလင်း သွားပါသတဲ့။

လူကြီးတွေ ချည်းပဲ နေတဲ့ နောက်တစ်ခန်း မှာကြတော့ သူတို့ ဆီက ဘာမှ အသံမကြားလို့  ဘာမှ မဖြစ်ဘူး ထင်ပေ မဲ့ ရေဘုံဘိုင်က ရေတွေ ကျကျလာတာ၊ သူတို့  အိပ်တဲ့ ကုတင်ကို တညလုံး ပုခက်လို လွှဲနေတာကို ခံစားခဲ့ရပါတယ်တဲ့။ သရဲ ချောက်တယ်လို့  စိတ်ထင်တာလို့  ပြောရင်လည်း တစ်ယောက်ထဲ မဟုတ်ပဲ တစ်အုပ်စုလုံး နီးပါး ဖြစ်တာဆိုတော့ ဘယ်လို ပြောရမလဲပေါ့နော်။

ထူးထူးခြားခြား ဘာမှ မဖြစ်တာ ဆိုလို့  ယောကျာ်းလေးတွေ နေတဲ့ အခန်း ၂ခန်းရယ်၊ ကျွန်မတို့  အခန်းရယ်ပဲ ပြော ရမယ် ထင်တယ်။ ဒါတောင် ကျွန်မ စိတ်နေတဲ့ ပုတီးဟာ အောက်ကနေ လူတစ်ယောက် လာလာ ဆောင့်ဆွဲသလို ခဏခဏ လွတ်လွတ် ကျသွားတတ်တယ်။ အိပ်ငိုက်လို့  လက်ထဲက ပြုတ်ကျတာမျိုး မဟုတ်ပဲ သူ့ ဘာသာသူ ပြုတ်ပြုတ်ကျတာလေ။ အဲဒီတော့ ကျွန်မလည်း လက်က ကိုင်မစိတ်ပဲ အိပ်ရာထဲ ချပြီး စိတ်လိုက်တော့တယ်။ လာဆွဲလို့  မရအောင်။

ကျွန်မတို့ တွေက သရဲခြောက်ခံရတယ်လို့  ပြောရမှာလည်း ရှက်တယ်။ ဒါပေမဲ့ ညတုံးက အဖြစ်အပျက်ကိုလည်း ပြန်မပြောပဲ မနေနိုင်ဆိုတော့ ထမင်းစားခန်းမှာ မနက်စာ breakfast စားရင်း ပြောဖြစ်ကြတယ်။ အဲဒီတော့မှပဲ ကျွန်မ သူငယ် ချင်းပါတဲ့ ခရီးသွားအဖွဲ့ က အန်တီတို့ ကလည်း သူတို့ အခန်းမှာ တညလုံး ရေတွေ ကျကျလာတာ၊ ပြန်ပိတ်လည်း ပြန်ကျတာ ပဲတဲ့။ နောက်ပြီး ကုတင်ကို တညလုံး ပုခက်လွှဲသလို လာလွှဲနေတာ သူတို့ လည်း ခံစားရပါတယ်တဲ့။

ဘောလုံးပွဲကြည့်ပြီးမှ အခန်းထဲ ၀င်အိပ်ကြတဲ့ ချာတိတ်ငယ်တွေရဲ့ အခန်းမှန်ကို လာလာ ခေါက်တာ၊ ယောကျာ်းလေး တွေဆိုတော့ အယုံအကြည်လည်းမရှိ ကြောက်လည်း မကြောက်တတ်တော့ မှန်တံခါးကို သွားဖွင့်ကြည့်ရင် ဘယ်သူမှ မရှိတာ၊ ကျောခိုင်းပြီး ပြန်ထွက်ရုံ ရှိသေး တံခါးခေါက်သံ ပြန်ကြားရတာကြောင့် ထပ်မကြည့်ရဲတော့တာ အားလုံးဟာ စိတ်အထင်ကြီးပဲ တော့ မဟုတ်နိုင်ဘူး ထင်ပါတယ်နော်။

ညက အရှိန်နဲ့  မဟာ အံ့ထူးကံသာ ဘုရားမှာ ခါတိုင်းထက် ပိုကြာအောင်၊ ဘုရားရှစ်ခိုးကြတာလဲ အမှတ်တရ တစ်ခု ပါပဲ။ သရဲချောက်တာ တကယ် ဟုတ်မဟုတ် မပြောတတ်ပေမဲ့ နန်းမြိုင် ဟိုတယ်မှာ အိပ်ခဲ့တဲ့ ညတစ်ညကိုတော့ ကျွန်မတို့  အမြဲ အမှတ်တရ ရှိနေမှာကတော့ အသေအချာပါနော်။

(ကျွန်မမှာ ဘယ်သူ့ ကိုမှ ထိခိုက် နစ်နာ စေချင်တဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာတော့ သေချာပါတယ်နော်။ ကြုံခဲ့ရ တာကို အမှတ်တရ အနေနဲ့ သာ ပြန်ရေးပြတာပါလို့ )

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: