ပွင့်လွှာထက်မှ သံစဉ်မဲ့ ချစ်ကဗျာ

ကိုကို့ ကို ချစ်သော အချစ်တို့ သည် ခဏတာ အတွက် မဟုတ်ခဲ့သလို ရယူ ပိုင်ဆိုင်ဖို့  လည်း မဟုတ်ခဲ့ပါ။ ကိုကို့  မျက်နှာကို မြင်နေရပါမှ၊ ကိုကို့ အသံကို ကြားနေရပါမှ သတိရ တမ်းတ မည်မဟုတ်ပေ။ ကိုကို့ ကို မတွေ့ ရသော်လည်း ကိုကို့  မျက်နှာကို စိတ်ကူးနှင့် မြင်ယောင်ရင်း ကိုကို့  အသံကို သိမ့် အနားမှာ လာပြောနေသလို ကြားယောင်ရင်းဖြင့် သိမ့် အနားမှာ သိမ့် စိတ်ကူးထဲမှာ ကိုကို အမြဲရှိနေခဲ့တာပါ။

မိန်းကလေး တစ်ယောက်ရဲ့ စည်းကို ချိုးဖောက်ပြီးမှ ကိုကို့ ကို သိမ့် စိတ်ဝင်စားသော အမူအရာမျိုး ပြဖို့ တော့ သိမ့် ဘယ်တော့မှ ကြိုးစားမည် မဟုတ်ပါ။ သိမ့်ဘ၀တွင် တန်ဖိုး အထားဆုံး အရာမှာ မာနပင် ဖြစ်သည်။ ရေလာ မြောင်းပေး လုပ် ပြီး ကိုကို့ ကို ဖြားယောင်း သွေးဆောင်ဖို့ လည်း သူမ ကြိုးစားမှာ မဟုတ်ပေ။ ဒါကြောင့်ပဲ သိမ့် အချစ်တွေကို ကိုကို မသိခဲ့တာ ပါ။

ကိုကို့ ရှေ့ ရောက်တိုင်း သူ့ ရဲ့ မျက်ဝန်း အကြည့်များ အောက်မှာ သူမ ဒူးထောက် အရှုံးပေးရမှာ ကြောက်လို့  သူမ မျက်နှာကို ပို၍ တည်တင်း ထားခဲ့မိသည်။ သူမကို မာနကြီးသူ အဖြစ် ကိုကို သတ်မှတ်ခဲ့ တာကလည်း အဲဒီလို မျက်နှာထား တင်းမှုတွေ ကြောင့်ပါပဲ။

တကယ်တော့လေ သိမ့်တို့ ဟာ ကျောချင်းကပ် ရပ်နေသူ နှစ်ယောက်လို လူချင်းနီးပြီး ဆန့်  ကျင် ဘက်ကို ဦးတည်ကြ သူတွေပါ။ ဒါပေမဲ့ မှန်ရာကို ၀န်ခံရရင် သိမ့် ဘ၀မှာ ကိုကို့ ကို မြတ်မြတ်နိုးနိုးနဲ့  ရင်နင့် အောင် ချစ်ခဲ့မိတာပါ။

မြတ်သိမ့်ငုံ မည်သော မိန်းကလေး၏ ဒိုင်ယာရီကို ဖတ်နေရာမှ ဒေါက်တာ ဝေဦးသည် စာအုပ်ကို ဖြတ်ကနဲ ပိတ်ရင်း သက်ပြင်းမောကို အသာချမိသည်။ သူ့ အသွင်သည် စိတ်မကောင်းခြင်းတို့ ကို ဖုံးဖိခြင်းငှာ မစွမ်းသာ။ နောက်မှ သူ့ ရှေ့ ရှိ မိန်း ကလေးသည် သူ့ ကို မျက်တောင် မခတ်တမ်း စိုက်ကြည့် အကဲခတ် နေသည်ကို သတိထားမိ၍ သူ့ မျက်နှာကို ကမန်းကတန်း ပြင်ဆင်လိုက်ပေမဲ့ သူ့ မျက်နှာ အပြောင်းအလဲကို ထိုမိန်းကလေး မြင်ပြီး ဖြစ်ကြောင်းကိုလည်း သူ သိပါသည်။

စာအုပ်ကို ပြန်ဖွင့်ရန် လက်တွန့် နေသော သူ့ ကို နားလည်သည့်အလား ထိုမိန်းကလေးက ပြောလာသည်။

“အေးအေး ဆေးဆေး ဆက်ဖတ် ကြည့်ပါအုံး ဆရာ။ နောက်ပြီး ကျွန်မကို ပြန်ခွင့် ပြုပါဦး”

သူ စိတ်သက်သာရ သွားသည့် ကလေးငယ် တစ်ယောက်လို သွက်လက်စွာ ခေါင်းညိတ် ပြမိသည်။ မိန်းကလေး ထွက်သွားပြီး အတန်ကြာမှ စာအုပ်ကို ပြန်ဖွင့်မိသည်။ ပထမပိုင်းကတော့ သိမ့် ဘ၀ဇာတ် ကြောင်း များသာ။ ပထမအကြိမ် ဖတ်စဉ်က သတိမထားမိသော စကားစုလေးကို သူ့ အကြောင်း ရေးထား သော ဒိုင်ယာရီ ရှေ့ ဆုံး စာမျက်နှာတွင် မင်နီဖြင့် ထင်ရှားစွာ ရေးထားသည်ကို တွေ့ ရသည်။

စကားလုံး ၅လုံးထဲပေမဲ့ သူ့ ရင်ကို ဗြောင်းဆန် သွားစေသော စကားစုလေး။ “နှလုံးသား မှတ်တမ်း” တဲ့လေ။

x x x x x x x

သိမ့် ဘ၀က တစ်ကောင်ကြွက်ပါ။ ဖေဖေနဲ့  မေမေက သိမ့် ဆယ်တန်းနှစ် အရောက်မှာ နယ်ကို ခရီးသွားရင်း မမျှော် လင့်ပဲ ဓါးပြတွေရဲ့ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံး သွားခဲ့ရတယ်။ ဘယ်လိုမှ မထင်မှတ်ထားတဲ့ အချိန်မှာပဲ ကံကြမ္မာ ဟာ သိမ့်ကို အလဲထိုး အနိုင်ယူ သွားခဲ့ပြီ။

ဖေဖေရော မေမေပါ တစ်ဦးတည်းသော သားသမီးတွေ ဖြစ်ကြတာမို့  သိမ့်မှာ ဆွေမျိုးသားချင်း အများကြီး မရှိခဲ့ဘူး။ ငယ်စဉ်ထဲက မောင်နှမတွေ အများကြီးနဲ့  နေချင်ခဲ့ပေမဲ့ သိမ့် ဆန္ဒ မပြည့်ဝခဲ့ဘူး။ မေမေဟာ သိမ့် တစ်ယောက်ကိုတောင် ခဲခဲ ယဉ်းယဉ်း မွေးခဲ့ရတာမို့  နောက်ထပ် အဖော်ရဖို့  မျှော်လင့်လို့  မရခဲ့ဘူး။

လိုလေသေး မရှိ ဂရုစိုက် ပြုစု စောင့်ရှောက်တဲ့ ကြားထဲက သိမ့်ဟာ ကျန်းမာရေး မကောင်းခဲ့ဘူး။ သိမ့်ကို ပိုးမွေး သလို မွေးခဲ့ရတယ်လို့  မေမေက ပြောလေ့ရှိတယ်။ ဖေဖေ မေမေတို့ မရှိတဲ့နောက်မှာတော့ အရင်တုံးကနေသလို ကလေးလို နေလို့ မရတော့ဘူး ဆိုတာ နားလည်လာခဲ့တယ်။ မိန်းကလေး ၁ယောက် ထဲ နေဖို့ မသင့်တော်တာမို့  သူငယ်ချင်း မေခင့် မိဘတွေရဲ့ စီစဉ်ပေးမှုနဲ့  သိမ့်ရဲ့ တိုက်ကလေးကို နိုင်ငံခြား သံအမတ် တစ်ဦးကို ငှားလိုက်တယ်။ သိမ့်ကိုယ်တိုင်လည်း အဆောင် တစ်ခုကို ပြောင်းပြီး မြတ်သိမ့်ငုံရဲ့ ဘ၀ကို လက်တွေ့ ကျကျ စတင်ခဲ့တယ်။

သိမ့် ဒုတိယနှစ် ဖြေပြီးချိန်မှာတော့ စာပေးစာယူ ပြောင်းလိုက်တယ်။ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင် လုပ်ရင်း စနေ၊ တနင်္ဂနွေ နေ့ တွေ ပရက်တီကယ်လုပ်ရင်း ကျောင်းတက်ရင်း နဲ့  ဘ၀သစ်မှာ နေသားကျ လာခဲ့တယ်။ သိမ့် ဘ၀မှာ တွယ်တာ စရာ ဆိုလို့  သူငယ်ချင်းတွေပဲ ရှိပါတယ်။ သူတို့ ကလည်း သိမ့်ကို အကောင်းဆုံး နှစ်သိမ့်မှုတွေ ပေးခဲ့တယ်။

သိမ့်ရဲ့ စိတ်ဓါတ်က ရဲရင့် မာကျောလာပေမဲ့ ခန္ဓာကိုယ်ကတော့ မလိုက်နိုင်ခဲ့ဘူး။ အရင်က ကျန်းမာ ရေး မကောင်းခဲ့ တာတွေရယ်၊ ပင်ပန်းတာတွေရယ် ပေါင်းပြီး အဆောင်မှာ သိမ့် မူးလဲသွားတာမို့  သူငယ် ချင်းတွေက သိမ့်ကို ဆေးရုံ တင် လိုက်ကြတယ်။ အဲဒါ ကိုကိုနဲ့  စတင်ဆုံစည်းခြင်း (သို့ ) နှလုံးသား မှတ် တမ်းရဲ့ အစပေါ့။

ဆေးရုံ ရောက်ရောက်ချင်းမှာပဲ သွေးတွေသွင်း၊ ဆေးတွေသွင်းနဲ့  သိမ့် တစ်ကိုယ်လုံး လှုပ်မရ အောင်ပါပဲ။ ဆေးရုံ တက်ပြီး ဒုတိယနေ့ မှာပဲ သိမ့် ဘ၀ထဲကို တစိမ့်စိမ့် ၀င်ရောက်လာမဲ့ ဒေါက်တာ ဝေဦးကို တွေ့ ခဲ့ရတယ်။

ဆရာဝန်ကြီး မလာခင်မှာ ကိုကိုက အရင်လာပြီး ရောဂါ အခြေအနေကို မေးမြန်းရင်း လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ် ပေးခဲ့တယ်။ သိမ့် ငယ်ငယ်ထဲက ဆရာဝန် အရမ်း ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့်မို့  ဆယ်တန်းမှာ စာအရမ်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်တဲ့ ဖေဖေနဲ့  မေမေရဲ့ ကွယ်လွန်မှုက သူမရဲ့ စိတ်ဓါတ်ကို ဆွဲချ လိုက်တာမို့  ဆယ်တန်းကို သာမန်ပဲ အောင် ခဲ့ပါတယ်။

ခုလည်း သိမ့်အနားကို ရောက်လာတဲ့ ဆရာဝန်ကို အထင်ကြီး လေးစားစွာနဲ့  မော့အကြည့် ကြင်နာတတ်တဲ့ ကိုကို့  မျက်ဝန်းတွေနဲ့  ရင်ဆိုင်ရတဲ့ အခါ ရင်ထဲမှာ လှုပ်ရှား သွားမိတယ်။ ကြည်နူး တာလား၊ ၀မ်းနည်း တာလား မဝေခွဲနိုင် ခင်မှာပဲ မျက်ရည်တွေ စီးကျ လာခဲ့တယ်။ ကိုကိုက အံ့သြသွားပြီး စိုးရိမ်စွာနဲ့ 

“ညီမလေး နေမကောင်း လို့ လား”တဲ့။

သိမ့်ကို အကြင်နာတွေ ပေးမဲ့သူ မရှိတာ ကြာပါပြီ။ ကိုကိုရဲ့ အကြင်နာ အကြည့်တွေ အကြင်နာ အပြောတွေ အောက် မှာ ကြည်နူးသွားမိတာ သိမ့်မှာ အပြစ်ရှိတယ် ဆိုရင်လည်း ခံရမှာပါ။ ကိုကို့ ကို ခေါင်းရမ်း ပြလိုက်တော့ နားမလည်သလို တစ်ချက်ကြည့်ပြီး သူ လုပ်စရာ ရှိတာတွေ လုပ်ပြီး တခြား လူနာတွေဘက် ထွက်သွား တော့တယ်။

ဆရာဝန်ကြီး လာကြည့်တော့ ကိုကို ပြန်ပါလာတယ်။ ဆရာဝန်ကြီးနဲ့  ကိုကိုတို့ ပြော နေကြတဲ့ စကားတွေကို နား ထောင်ရင်း သိမ့်ရဲ့ ရောဂါကို သိမ့် ရိပ်မိလာသလိုပါပဲ။ သိမ့်မှာ သူငယ်ချင်းတွေရဲ့ အကြင်နာနဲ့  အသက်ဆက် နေရတာပါ။ သူတို့ တွေက သိမ့်ကို လိုလေသေးမရှိ ဂရုစိုက်ကြတယ်။

နောက်ပိုင်းမှာ ကိုကိုဟာ တာဝန်ချိန် မဟုတ်လည်း မကြာခဏ လာပြီး အားပေး စကားပြော တတ်တယ်။ သူငယ်ချင်း တွေ ပြောပြထားလို့  သိမ့်ဘ၀ကို ကိုကို သိနေခြဲ့ပီ။ နေမကောင်း ဖြစ်ချိန်မှာတော့ အရင်က တင်းထားတဲ့ မာန်တွေ လျော့ကျ နေခဲ့ပြီ။ ဒါပေမဲ့ မာနတော့ ရှိနေဆဲပါ။ ကိုကို လာကြည့်ပေးတာကို ၀မ်းသာပေမဲ့ အဲဒီ ၀မ်းသာမှုကို မပေါ်လွင်အောင် ဟန်ဆောင်ခဲ့တယ်။

သိမ့် ဟန်ဆောင် ကောင်းသလောက် ကိုကိုက ဟန်ဆောင် မကောင်းဘူးနော်။ သိမ့် ရောဂါအတွက်စစ်ဆေးထားတဲ့ အဖြေတွေ ရတဲ့နေ့ က ကိုကို့ မျက်နှာဟာ ဟန်မဆောင် နိုင်လောက်အောင် ပျက်ယွင်း နေခဲ့တယ်။ ကိုကို့ မျက်နှာကို ကြည့်ရုံ နဲ့ တင် သေချာ သွားပါပြီ။ သိမ့် ထင်ထားတဲ့ အတိုင်းပါပဲ သိမ့် မှာ သွေးကင်ဆာ ဖြစ်နေခဲ့ပြီ။

သိမ့်ကို မပြောကြပေမဲ့ အားလုံးဟာ သိမ့်အတွက် စိတ်မကောင်း ဖြစ်နေတာကို ဟန်ဆောင်ပြီး ပုံစံမပျက် နေကြ တယ် ဆိုတာကို သိမ့် နားလည်နေတယ်။ သိမ့် တောင်းပန် ပါတယ်။ ကျေးဇူးပြုပြီး သိမ့်ကို သနားတဲ့ အကြည့်နဲ့  မကြည့်ကြပါ နဲ့ လား။ ဘယ်သူ သနားတာကိုမှ သိမ့်မခံချင်ဘူးလေ။

ကိုကိုကဆို ပိုပြီး ဂရုစိုက်လာတယ်။ သေမိန့်  ရထားတဲ့ လူတစ်ယောက်မို့  ကြင်နာ ပြနေတာလား ကိုကိုရယ်။ ကိုကို့  ရဲ့ ကြင်နာမှုကို အသိအမှတ်ပြု ၀မ်းသာချင်ပေမဲ့ အပြည့်အ၀တော့ ၀မ်းမသာနိုင်ခဲ့ဘူး။ အဲဒါကြောင့် ကိုကို့ ကို ခပ်တန်းတန်းပဲ ဆက်ဆံမိတယ်။ သံယောဇဉ်တွေ ပိုမှာ စိုးလို့ ပါ။ သိမ့် သေရမှာကို မကြောက်ပါဘူး ကိုကိုရယ်။ ဒါပေမဲ့ သိမ့် တွယ်တာရတဲ့ ကိုကိုနဲ့  ခွဲပြီး ဘ၀တပါးကို ကူးပြောင်း သွားရမှာ စိုးတယ်။

ဒါပေမဲ့ ကိုကို့ ကို လက်ထပ်ရမှ၊ ကိုကိုနဲ့  အတူနေရမှ မဟုတ်ပါဘူး။ ကိုကို့ ကို တသက်လုံး အဝေးကနေ မှန်းပြီး တော့ စွဲစွဲလန်းလန်း ချစ်နေမှာပါ။ သိမ့် အသက်ရှင်နေခွင့် ရသမျှ ကာလပတ်လုံးပေါ့။ ဝေဒနာ သိပ်ဆိုးရွား လာချိန်မှာ ကိုကို့  လက်ကို ဆုပ်ကိုင်ရင်း သေမင်းကို အံတု ချင်လိုက်တာ။ သိမ့် ရင်ထဲမှာ ရှိတဲ့ ဒီဆန္ဒဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာလည်း သိနေပြန်တယ်။ သိမ့် အချစ်တွေကို သိမ့် အသက်ရှင်နေသမျှ ကာလပတ်လုံး ကိုကို သိနိုင်မှာ မဟုတ်ပါဘူး။

“ကိုကို့ ကို ပိုင်ဆိုင်လိုစိတ် ကင်းတဲ့ ချစ်ခြင်းတွေနဲ့  သိမ့် ချစ်ခဲ့တယ် ဆိုတာကိုတော့ ယုံကြည်လိုက်ပါနော်”

x x x x x x x

ဒိုင်ယာရီ အပိတ်မှာ စီးကျလာတဲ့ မျက်ရည်စက်လေးကို သုတ်ပစ်ဖို့  ဒေါက်တာ ဝေဦး မစဉ်းစား တော့ပါ။ ဒိုင်ယာရီ နှင့်အတူ ယှဉ်တွဲ ပါလာသော ပါကင် စက္ကူ လှလှဖြင့် ထုတ်ထားသော ဘူးလေးကို အဖွင့် သူ့ လက်တို့  တုန်ယင် နေခဲ့တာ သတိပြု မိသည်။ အထဲမှာတော့

အပြာနုရောင် လက်ထိုးဆွယ်တာ တစ်ထည်နှင့် စက္ကူ ပတ်ထားသော ပန်းချီကား တစ်ချပ်။ စက္ကူကို ဖြေအကြည့်မှာ တွေ့ လိုက်ရတာက သူ့ မျက်နှာတစ်ပိုင်း ပုံတူ ပန်းချီကား။

သူ အရမ်း အံ့သြ သွားမိသည်။ မမြင်ရတာ ကြာပြီ ဖြစ်သော သူ့ မျက်နှာကို အလွတ် ဆွဲနိုင် ကတည်းက ဒီမိန်းက လေး၏ မေတ္တာကို သိနိုင်သည်။ ပန်းချီကား၏ ညာဘက်ထောင့်တွင် သိမ့်ဆိုသော လက်မှတ်ကလေး ရေးထိုးထားသည်။ အင်္ကျီလေးကို ဖြန့် ကြည့်လိုက်တော့ သိမ့် လက်ရေးနှင့် စာခေါက်ကလေး၊ သိမ့် လက်ရေး ၀ိုင်းဝိုင်းစက်စက်များ။

“ကိုကို့ အတွက် သိမ့် ကိုယ်တိုင် ထိုးပေးတဲ့ အင်္ကျီလေးနှင့် သိမ့် ဆွဲပေးတဲ့ ပနးချီကားလေးကို ကိုကို နောက်ဆုံး အနေနဲ့  လက်ခံ ပေးပါနော်။ ကိုကို့ အတွက် သိမ့် ပေးနိုင်တဲ့ လက်ဆောင်မို့ ပါ ”

ဘယ်လောက်များ ကြေကွဲ စရာ ကောင်းလိုက်ပါသလဲ။

“ကိုကို့ ကို တသက်လုံး အမှတ်ရ ဖြစ်အောင် လုပ်ခဲ့တာလား ကလေးရယ်”

ဒေါက်တာ ဝေဦး ကိုယ်တိုင်လည်း သိမ့်ကို သံယောဇဉ် ကြီးခဲ့တာပါ။ စတွေ့ ထဲက နေမကောင်း နေလို့  မျက်နှာနွမ်း နေပေမဲ့ အပြစ်ကင်းစင်တဲ့ သိမ့် မျက်နှာလေးကို သူ သဘောကျခဲ့တာပါ။ ဒါပေမဲ့ သူ့ ကို တွေ့ လိုက်တိုင်းမှာ ခပ်တင်းတင်း ဆက်ဆံ တတ်တာမို့  သူမ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးတာကြောင့် သူ့ မှာ သံယောဇဉ် ရှိပါလျက်နှင့် ဘာမှ ဖွင့်မပြောခဲ့ပါ။

တကယ်တော့ ဒါတွေဟာ သူမရဲ့ ဟန်ဆောင်မှု တွေမှန်း သိခဲ့ရင် သူ နောက်ဆုတ် ခဲ့မှာ မဟုတ်ပေ။ သူမ ဆေးရုံက ဆင်း တော့ သူ့ ဆေးခန်း လိပ်စာနဲ့  ဖုန်း နံပါတ်တို့ ကို ပေးခဲ့ပေမဲ့ သူမက မဆက်သွယ်ခဲ့။ သူမ မာနကို သူမ တန်ဖိုး ထားခဲ့သည်ပဲ။

သူမ မဆက်သွယ် လာသည့်အခါ သူမကို တွေ့ ချင်စိတ်တို့ ကို ထိန်းမရစွာ သူမ အဆောင်သို့  သူ ရောက်ခဲ့ပါသည်။ သူမ လိပ်စာ ပေးထားခဲ့ လို့ တော့ မဟုတ်ပေ။ သူမ ဆေးရုံ မှတ်တမ်းမှ သူ မှတ်ထား လိုက်သောကြောင့်ပင်။ အဆောင်ကို ရောက်တော့ သူ အမောဆို့ သွားသည်။ သူမ အဆောင်တွင် မနေတော့ပဲ အိမ် ပြန်နေပြီတဲ့။

အိမ်လိပ်စာ မေးတော့လည်း မသိပါ ဆိုသော အဖြေကိုသာ ရခဲ့သည်။ သူမ တစ်ယောက်ထဲလား ဆိုတော့ သူမ သူငယ်ချင်း မေခင် အတူ လိုက်နေပေး သည်တဲ့ ။ သူမ အပေါ် အနွံတာ ခံသော သူငယ်ချင်းမို့  သူ အနည်းငယ်တော့ စိတ်အေးသွားမိသည်။ သူမကို ဆက်သွယ်ဖို့  လမ်းစ ပျောက်သွားတော့သည်။

“ဒါတွေကို မင်းဘယ်လိုလုပ် သိနိုင်မှာလား သိမ့်ဆိုသော မိန်းကလေးရယ်”

ခုတော့ သူမ သူငယ်ချင်း မေခင်ဆိုသော မိန်းကလေးသည် သူ့ ရှေ့ မှောက် ရောက်လာခဲ့ပြီး သူမနှင့် သက်ဆိုင်သော ပစ္စည်းများ ပေးသွားခဲ့သည်။ ဒါဆိုရင် သူမ . . . . .

သူ ဆက်မတွေးရဲတော့ပါ။

x x x x x x x

မေခင် ပေးထားသော ဖုန်းနံပါတ်ကို နှိပ်ရင်း သူ့ ရင်တို့  အတိုင်းဆမဲ့ လှုပ်ရှား နေခဲ့သည်။ ဖုန်း ကိုင်သော အသံကို ကြားသည်နှင့် သူ မအောင့်အည်းနိုင်တော့ပဲ မေးချလိုက်သည်။

“မေခင် . . . သိမ့် ရော”

တဖက်က ရှိုက်သံ သဲ့သဲ့ ထွက်လာသည်။ သူ ရင်ပူလိုက်တာ။

“သိမ့် ညနေကပဲ ဆုံးသွားခဲ့ပါပြီ ဆရာ”

ကြိုတင် တွေးထားပါလျက် ကြားရသည့်အခါ နားထဲတွင် ချိန်ကိုက်ဗုံး ပေါက်သလို ထူပူသွားပြီး ဘာပြောရမှန်း မသိ သူ ဆွံ့ အ နေမိသည်။

“သိမ့်က သူ သေပြီး ရက်လည်မှ ဆရာ့ဆီကို ဒီပစ္စည်းတွေ သွားပေးဖို့  မှာခဲ့တာပါ။ ဒါပေမဲ့ မေခင် မနေနိုင်လို့  စောစော လာပေးတာပါ။”

“ကျေးဇူးတင်ပါတယ် မေခင်”

“သူက မှာသွားတယ် ဆရာ။ သူ့ ကို မီးမသဂြိုလ်ပါနဲ့ တဲ့။ သူ အေးအေးချမ်းချမ်း နေချင်လို အုတ်ဂူ သွင်းပေ့းပါတဲ့ လေ။ သူ့ ပစ္စည်းတွေ အားလုံးကိုလည်း မိဘမဲ့ ကလေးများ ဂေဟာကို လှူခဲ့တယ်။ သူ သေမှာကို သိပေမဲ့ သွေးအေးအေးနဲ့  ရင်ဆိုင် သွားခဲ့တယ်။ ဆရာ ဆန္ဒ ရှိရင် အိမ်လာခဲ့ပါ။ သိမ့် အိမ်မှာပဲ ရှိနေပါတယ်။”

“ကိုယ် အခုလာခဲ့မယ်”

မေခင် ပြောသော လိပ်စာကို မှတ်ပြီး ချက်ချင်း သူ ထွက်လာခဲ့သည်။ သူ အရမ်း တွေ့ ချင် နေခဲ့ သော မိန်းကလေးကို တွေ့ ရပါပြီ။ မာန ကင်းသော၊ အပြစ်ကင်းစင်သော ကလေးတစ်ယောက် အိပ်ပျော် နေသကဲ့သို့ ။ သူ့  ရင်ထဲက အကြောင်း အရာများကို သူမ သိခွင့် ရမသွားသည့် အတွက်ကြောင့် စိတ်ထိခိုက် ရပါသည်။

“ကိုယ်တို့  ပြန်တွေ့ ကြတော့လည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အဖြစ်ပါလားနော်။”

သူမကတော့ သူမ ခံစားချက်တွေကို ရေးသားထားသည့်အတွက် သူ သိခွင့် ရခဲ့သည်။ သူ့ အချစ် တွေကို သူမ သိအောင် သူ မကြိုးစားနိုင်ခဲ့။ သူမကို သဂြိုလ်သည့်နေ့ က သူ မျက်ရည် ကျမိသည်။ အသုဘ ပို့ သူများ ပြန်သွားတော့ သူ တစ်ယောက်ထဲ အုတ်ဂူ မပြီးမချင်း စောင့်ရင်း ကျန်ရစ်နေခဲ့သည်။

အသစ်စက်စက် အုတ်ဂူလေးသည် သူမ ကြိုက်နှစ်သက်သော အစိမ်းနုရောင်လေး ဖုံးလွှမ်းလျှက်။ ထိုအုတ်ဂူပေါ်တွင် ပန်းခြင်းလှလှလေး။ ထိုပန်းခြင်းလေးထဲတွင် နှင်းဆီပန်း အဖြူများ။

ထို အဖြူစွတ်စွတ် နှင်းဆီများပေါ်တွင် သူမ မသိလိုက်သော သူ့ ချစ်ခြင်းတို့  ပါရှိနေခဲ့သည်။ သူ့  ချစ်ခြင်းများကို တမလွန်မှ သူမ သိရှိနိုင်ပါစေလို့  ဆုတောင်းရုံမှ လွဲ၍ သူ ဘာများ တတ်နိုင်မှာတဲ့လဲလေ။

မေဇူး

(၁၉၉၄ ခုနှစ် ဧပြီလ အလှသစ် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: