မြတ်နိုး တမ်းတ လွမ်းဆွတ်စွာဖြင့်

မြို့ ထဲမှ ပြန်လာသော သူသည် ခြံဝင်းထဲသို့  ကားကွေ့  ၀င်ခါနီး မြင်လိုက်ရသော မြင်ကွင်း တစ်ခု၏ ဆွဲဆောင်မှု ကြောင့် ကားကို ခြံဝမှာပင် ရပ်လိုက်မိသည်။ သူ့ ရှေ့  မြင်ကွင်းတွင် လှမ်းလာ နေသော အမျိုးသမီးသည် အလွန် ဆွဲဆောင်မှု ရှိသည်ဟု ထင်မိသည်။ မိန်းမချော လေးများနှင့် မစိမ်းသော ပတ်ဝန်း ကျင်တွင် နေ့ စဉ် နေထိုင် လုပ်ကိုင် နေရသော သူ့ အ တွက် မိန်းမ တစ်ယောက်ကို ကားရပ်၍ ငေးမော ကြည့်မိခြင်းသည် သူ့ ရာဇ၀င်တွင် ပထမဆုံး ဖြစ်လေသည်။

သူမ လှမ်းလာတာကို ရှင်းရှင်း လင်းလင်း မြင်လိုတာကြောင့် ကားတံခါး ဖွင့်ဆင်းရင်း မသိမသာ ငေးကြည့် နေခဲ့မိ သည်။ ထိုအချိန်မှာပင် သူမ အကြည့်များက သူ့ ဆီ ရောက်ရှိခဲ့တာ ဖြစ်သည်။ သူ့ ကို မြင်မြင်ချင်းမှာ ပြောင်းလဲသွားသော သူမ မျက်ဝန်းများ၏ အဓိပ္ပါယ်ကို နားမလည်နိုင်ခဲ့။ သူ၏ ချောမောမှုကို သဘောကျသော၊ သူ၏ အောင်မြင် ကျော်ကြားမှုကို သိသော မျက်ဝန်းများလည်း မဟုတ်သလို၊ သူစိမ်း တစ်ယောက်ကို ကြည့်သော သာမာန် မျက်ဝန်းမျိုးလည်း မကပေ။

ရင်းနှီး ကျွမ်းဝင် နှစ်လိုဖွယ်ရာ ကောင်းသော တည်ငြိမ်သည့် အကြည့်တွင် ဘယ်လို အကြောင်း အရာများ ပါဝင်နေ မလဲဆိုတာ သူ သိချင်နေခဲ့သည်။ သို့ သော် ထိုအဖြေကို မကြာခင်မှာပဲ သိခွင့်ရခဲ့သည်။

သူ့ ရှေ့ နား အရောက် သူနှင့် မျက်ဝန်းချင်း အဆုံမှာ သူမ နှုတ်မှ မသဲမကွဲ ရေရွတ်သံနှင့် အတူ သူမ လက်ထဲမှ အထုတ်လေး လွတ်ကျ သွားလေသည်။ ဖရိုဖရဲ ဖြစ်သွားသော သူမ အမူအရာကို နားမလည် နိုင်စွာနဲ့ ပဲ သူမ လက်ထဲသို့  အထုတ်လေးများ ပြန်ကောက် ထည့်ပေးခဲ့သည်။

သူ့ ကို မော့ကြည့်နေသော ရီဝေေ၀ မျက်ဝန်းများတွင် မျက်ရည်ကြည် အချို့ ကို မမျှော်လင့်ပဲ သူ တွေ့ လိုက်ရသည်။ ထို့ နောက်မှာတော့ တုန်ယင်နေသော အသံလေးဖြင့်

“မင်းနာမည် ဘယ်လိုခေါ်လဲဟင်”

သူ့ ကို နိုင်ငံတ၀ှမ်းက လူများ သိကြပေမဲ့ သူမ ကတော့ မသိတာ သေချာလေသည်။

“ကျွန်တော့် နာမည် ဘုန်းခန့် မင်းပါ”

သူ့ နာမည်ကိုလည်း သူမ သိဟန်မတူပါ။ သူမကို ကြည့်ရတာ စိတ်နဲ့  လူနဲ့  ဝေးကွာ နေသလိုပင်။

“ဆောရီးနော်။ မင်းကို တွေ့ လိုက်ရတော့ မ အံ့သြ သွားလို့ ပါ။ တကယ်တော့ မ မင်းကို မသိပါဘူး။ ဒါပေမဲ့ မင်းရဲ့ ရုပ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ဆုံးပါးသွားခဲ့ မ ခင်ပွန်းနဲ့  ခွဲမရအောင် တူလို့ ပါ။ ဒါကြောင့် မ အံသြပြီး သတိလက်လွတ် ဖြစ်သွားမိတာ။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ခွင့်လွှတ် ပါ နော်။ မ သွားတော့မယ်။”

ပြောပြောဆိုဆိုပင် သူ့ အနားမှ ထွက်ကာ သူ့ အိမ်နှင့် မျက်နှာချင်းဆိုင် ခြံထဲသို့  ၀င် သွားတော့ သည်။ သူ့ မှာတော့ နဂိုကတည်းက စိတ်ဝင်စားခြင်း ရှိရသည့်အထဲ သူမ စကားများကြောင့် ပို၍ စိတ်လှုပ်ရှား သွားမိသည်။

ကားပေါ်တက်ပြီး အိမ်ထဲ မောင်းဝင်လာရင်း သူမ အိမ်ဘက် လှမ်းကြည့်လိုက်တော့ အရိပ် အယောင်မျှပင် မတွေ့ ရ တော့ပေ။ အိမ်ထဲ ရောက်သည်နှင့် သူအရင်ဆုံး လုပ်ဖြစ်သည့် အလုပ်မှာ တစ်ရပ်ကွက်လုံးအကြောင်း စုံနေအောင် သိသော သူ့ ဒရိုင်ဘာ ကိုသိန်းမြင့်အား သူမအကြောင်း စုံစမ်းခြင်းပင် ဖြစ်သည်။

x x x x x x

ကိုသိန်းကို သူမနှင့် ဆုံတွေ့ ပုံ အစအဆုံး ပြောပြတော့

“ကိုလေးရာ ဒီဇာတ်လမ်းတွေ ရိုးနေပါပြီလို့  မပြောလိုက်ဘူးလား”

“မဟုတ်ဘူး ကိုသိန်း။ သူ့ ပုံစံက တခြား မိန်းကလေးတွေလို ဇာတ်လမ်း လိုက်လုပ်တဲ့ ရုပ်မျိုး မဟုတ်ဘူးလေ။ အရမ်း ကို ရိုးသားတဲ့ ရုပ်ကလေး”

“ကိုလေးကလည်းဗျာ။ မင်းသား ဖြစ်ပြီး ညံ့လိုက်တာ။ အရမ်းကို ရိုးသားတဲ့ရုပ်လေးနဲ့  တမင် လုပ် တာ ရော မဖြစ်နိုင် ဘူးလား။ ဒါမှ ကိုလေးက သူ့ ကို မှတ်မိနေအောင် ထူးထူး ခြားခြား လုပ်သွားတာရော မဖြစ်နိုင်ဘူးလား။ ခုတောင် ကိုလေး သူ့  ကို မမေ့တော့ဘူး။ မှတ်မိသွားပြီလေ”

“ကျွန်တော့်ကို မင်းသားမှန်း သိပုံ မရဘူးဗျ”

“အဲဒါကြောင့် မဖြစ်နိုင်ဘူးလို့  ပြောတာပေါ့။ သူက ကိုလေးနဲ့  ရွယ်တူလောက်ဆို။ ဒီအရွယ် အမျိုးသမီး တစ်ယောက် ဟာ ကိုလေးလို နိုင်ငံကျော် မင်းသား တစ်ယောက်ကို မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ မသိချင် ယောင်ဆောင် သွားတာပဲ ဖြစ်မယ်။”

ဒါလည်း ဟုတ်သလိုလိုတော့ ရှိသားဟု တွေးမိသည်။ နောက်ပြီး ဒီခြံထဲကို သူတို့ ပြောင်းလာတာ တစ်နှစ်ကျော်ကြာ ပေမဲ့ သူမကိုတော့ တခါမှ မမြင်ဘူးခဲ့ပေ။ ကားရိုက်ရက် မရှိသောနေ့ များတွင် တနေကုန် အိမ်မှာ အေးအေး ဆေးဆေး နေ တတ်ပေမဲ့ သူမကိုတော့ မမြင်မိခဲ့ပေ။

“ကိုသိန်းကို ပြောပြတာ တစ်ခု ကျန်သေးတယ်။ သူက တခြားမှာ နေတာလား ဘာလားတော့ မသိဘူး။ ဒါပေမဲ့ အိမ် ရှေ့  ခြံထဲ ၀င်သွားတာ ခုထိ ထွက်မလာသေးဘူး”

“အိမ်ရှေ့ ခြံက ဟုတ်လား။ ဒါဆိုရင်တော့ ကိုလေးကို မသိတာ ဖြစ်နိုင်တယ်။ ဘာလို့ လဲဆိုတော့ စင်ကာပူမှာနေတဲ့ သူ့ သမီး မနေ့ က ပြန်ရောက်လာတယ်လို့  အန်တီကြီးက ပြောနေတယ်။ လူတော့ မမြင်ဖူးဘူး။ ချောလား ကိုလေးရ”

“ချောတာမှ ရက်ရက် စက်စက် ချောတာဗျ။ သူသာ မင်းသမီး လုပ်ရင် ကျွန်တော်တို့  မင်းသမီး တွေတော့ ဒုက္ခပဲ။ ချောလည်းချောတယ်။ နောက်ပြီး ဆွဲဆောင်မှုလည်း ရှိတယ်။ ရှေ့ ခြံက ဆိုတာ သေချာရင် ကျန်တာ ခင်ဗျား တာဝန်ပဲ။ မနက်ဖြန် မိုးလင်းတာနဲ့  သူ့ အကြောင်း အကုန် သိချင်တယ်ဗျာ။ နောက်ပြီး သူပြောသွားတဲ့  အကြောင်းအရာတွေက စိတ်ဝင်စားဖို့ ကောင်းတယ်။”

“ကိုလေးက တကယ့်ကို အသည်းအသန်ပဲ။ ကြည့်လုပ်အုံးနော်။ တော်ကြာ မေမေကြီး သိရင် သွေးတက်နေအုံးမယ်”

“မေမေကတော့ ပြောမနေနဲ့ ။ ကောင်မလေးတွေကို ကြည့်မိရင် ဒါမှမဟုတ် မလွဲသာမရှောင်သာ မင်းသမီးတွေကို အလုပ်သဘောအရ ဖက်ရရင်တောင် သွေးတက်ချင်နေတာ။ မေမေ ပေးစားမှသာ မိန်းမ ရမယ်ဆိုရင် ကျွန်တော် အဖိုးကြီး ဖြစ်မှ ရရင်ရ။ ဒါမှမဟုတ် တသက်လုံး လူပျိုကြီး လုပ်ပဲနေရမှာ”

မနက်ခင်းမှာတော့ ရင်ခုန် စိတ်ဝင်စားခြင်းများနှင့် သူနိုးထ လာခဲ့သည်။ အိပ်ရာက နိုးနိုးချင်းမှာ အိမ်ရှေ့ ဘက် လှမ်း ကြည့်လိုက်တော့ သူမကို ခြံထဲမှာ ကလေးငယ် တစ်ဦးနှင့် ဒါန်းစီးနေတာ တွေ့ ရသည်။ သူမကို မမြင်ဖူးပေမဲ့ ထိုကလေးကို တော့ သူ မျက်မှန်းတန်းပြီးသားပင်။ အမြဲပင် ပြုံးရွှင် ချိုသာနေသော ချစ်စဖွယ် မျက်နှာလေးနှင့် ၃နှစ်အရွယ် ကလေးငယ်လေး သည် သူနှင့် မစိမ်းပေ။

အောက်ထပ်ကို ဆင်းလာတော့ ကိုသိန်းထံမှ သူလိုချင်သော အဖြေများကို ရရှိခဲ့ပါသည်။ သူမသည် လွန်ခဲ့သော ၄နှစ်ကျော်က အိမ်ထောင်ကျခဲ့ကြောင်း၊ သူမ၏ ခင်ပွန်းသည် လက်ထပ်ပြီး တစ်နှစ်ကျော် အကြာမှာ ကင်ဆာရောဂါဖြင့် ဆုံးပါး သွားကြောင်း၊ သူမ ခင်ပွန်းဆုံးချိန်တွင် လသားအရွယ် သမီးကလေး တစ်ယောက် ကျန်နေခဲ့ကြောင်း၊ ထိုအချိန်က သူမ အသက်မှာ ၂၂နှစ်ပင် မပြည့်သေးကြောင်းတို့ ကို စုံလင်စွာ သိခွင့် ရခဲ့သည်။

သူမ ခင်ပွန်းဆုံးပြီးနောက်ပိုင်း စင်ကာပူရှိ သူမ ဦးလေး မိသားစုရှိရာသို့  သွားရောက်ကာ ၂နှစ် ကျော်ကြာ နေထိုင်ခဲ့ ပြီး ခုချိန်မှာတော့ မြန်မာပြည်ကို အပြီး ပြန်လာပြီ ဖြစ်ကြောင်းတို့ ကို ထပ်မံ သိခဲ့ ရပြန်သည်။ နောက်ရက်များမှာတော့ စည်း ရုံးရေး ကောင်းသော ကိုသိန်း၏ အကူအညီဖြင့် သူမတို့  အိမ်မှ အိမ်ဖော် ကောင်မလေးမှတဆင့် သူမ၏ မင်္ဂလာ ဓါတ်ပုံကို သူ ကြည့်ခွင့် ရရှိခဲ့လေသည်။ သူမနှင့် တွဲရိုက် ထားသော သူမ၏ အမျိုးသားပုံမှာ တိုက်ဆိုင်စွာပင် သူနှင့် ထပ်တူ နီးပါး တူလေ သည်။ သူ၏ စိတ်ဝင်စား မှုတို့ က ပိုမို လာခဲ့သည်။

သူနှင့် ချွတ်စွတ်နီးပါး တူညီသော သူမ၏ အမျိုးသားသည် သူမ ချစ်၍ လက်ထပ်ထားသောသူ ဖြစ်သည်တဲ့။ ခင်ပွန်း သည် ဆုံးပါးသွားချိန်မှာ သူမ ဘယ်လောက်များ နာကျင်ကြေကွဲ လိုက်မလဲ။ အသက် ငယ်ငယ်နှင့် မုဆိုးမ ဖြစ်ရရှာသော သူမ ဘ၀ကို ငဲ့ညှာစိတ်တို့  ၀င်လာမိသည်။

မြင်မြင်ချင်းမှာပင် မှတ်မှတ် ထင်ထင်ရှိခဲ့ရာမှ ခုလို သူမ ဘ၀အကြောင်းများကို သိရှိပြီးချိန်မှာတော့ ပိုလို့  နားလည် ခံစားပေး တတ်ခဲ့ပြီ။ စိတ်ဝင်စားခြင်းမှတဆင့် တိုး၍ အချစ်စိတ်တို့  ပေါက်ဖွားခဲ့ပြီလား။ ခုဆိုရင် ကားရိုက်ပြီးတာနဲ့  အိမ် တန်း ပြန်တတ်သော အကျင့် ဖြစ်လာခဲ့သည်။ သူမနှင့် သမီးငယ်လေးတို့  ညနေတိုင်း ခြံဝင်းထဲတွင် လွတ်လပ်စွာ ကစားတတ်သော မြင်ကွင်းကို အိမ်ပေါ် ၀ရန်တာမှာ အနားယူရင်း ထိုင်ငေးရသော အလုပ်ကို သူနှစ်သက်လာခဲ့သည်။

တကယ်တမ်းမှာတော့ သူမအပေါ် စွဲလမ်းမှုသည် သူ၏ တဖက်သတ်သာ ဖြစ်၍ သူမကတော့ သူ့ ကို တွေ့ ရင် အသိ အမှတ် ပြု ပြုံးပြရုံထက် မပိုခဲ့။ ပထမဆုံး တွေ့ သည့်နေ့ က သတိလက်လွတ် ဖြစ်သွား တာက လွဲ၍ သူမသည် အသက်အရွယ် ထက် ပိုရင့်ကျက်သော ၂၅နှစ်အရွယ် မိန်းမတစ်ယောက်သာ ဖြစ် သည်။ ကိုသိန်း ပြောသလို သူ့ ကို အမှတ်တရ ဖြစ်စေချင်၍ လုပ်ခဲ့တာမျိုး မဟုတ်တာတော့ သေချာသည်။

သူ့ရင်ခုန်သံများကို အမှန်အတိုင်း စစ်ဆေးမိချိန်မှာတော့ အံ့သြ ရပါသည်။ သူမထက် လှပသော မိန်းကလေးများ မြင် ဖူးပါလျက် သူ့ အလုပ်ကလည်း မင်းသမီးများ၊ မော်ဒယ်များ စသော မိန်းမလှ လေးများ နှင့် မစိမ်းသော အလုပ်ဖြစ်ပါလျက် သူမ အပေါ် ဘာကြောင့် တွယ်တာသွားမှန်း သူ မသိပေ။ သူမဘ၀ကို ဂရုဏာ သက်စွာဖြင့် စောင့်ရှောက် ပေးချင်မိသည်။

သူ့ ကို သဘောကျသော အပျိုစင် မိန်းကလေးများနှင့်တောင် သဘောမတူနိုင်သော မေမေသည် သူမလို ကလေး တစ်ယောက်အမေ မုဆိုးမ တစ်ယောက် (သူကတော့ ထို စကားလုံးမျိုးဖြင့်ပင် မခေါ်ရက် ခဲ့ပါ) နှင့် သဘောတူဖို့ ဆိုတာ အလွန် ခက်ခဲသော ကိစ္စ ဖြစ်ပေလိမ့်မည်။

မေမေ လက်ခံအောင်တော့ သူ အတော် ကြိုးစား ရပါအုံးမည်။ ဖေဖေကတော့ သူ့ ကို ချစ်ပေမဲ့ မေမေ့လို နေရာတ ကာ ကလေးတစ်ယောက်လို သည်းသည်းလှုပ် မဆက်ဆံတတ်ပေ။ သူ စိတ်ချမ်းသာရာကို လုပ်ခွင့် ပေးမည့် ဖခင် ဖြစ်သည်။ တနေ့ တနေ့  ရပ်ကြည့် ငေးမောရုံထက် ပိုပြီး အခွင့်အရေး မရခဲ့။ အချိန် ဆင်းရဲလှသော သူနှင့် အပြင်ထွက်ခဲ လှသော သူမ တို့  ဆုံတွေ့ ခွင့် ထပ်မံရဖို့  မလွယ်ကူခဲ့။

နယ်သို့  ကားရိုက်ထွက်ရသော ရက်များတွင် သူ့စိတ်တို့  မကြည်လင်ခဲ့။ ဘာကို အလိုမကျမှန်း မသိ ဖြစ်နေတတ် သည်။ မိန်းကလေးများနှင့် လုံးဝ မပတ်သက်ဖူးသော အစိမ်းသက်သက် မဟုတ်ခဲ့ပေမဲ့ သူ့ ကို ဘယ်သူနှင့်မှ သဘောမတူ သော မေမေ့အကျင့်ကြောင့် သူ့ မှာ ရည်းစားပင် အတည်တကျ မထားခဲ့။ ကိုယ်ကြောင့် သူတပါးကို မနစ်နာစေချင်သော ဆန္ဒကလည်း သူ့ မှာ ရှိခဲ့သည်။ သူမနှင့် ကျမှ သူ့ ရာဇ၀င် ပြင်ရတော့မည်လား။

သူ့ ဒုက္ခကို မကြည့်ရက်သော ကိုသိန်း၏ အကူအညီဖြင့် သူမ၏ ဆဲလ်ဖုန်း နံပါတ်ကို ရရှိခဲ့ လေသည်။ ဖုန်းနံပါတ်ကို အနည်းငယ် တုန်ယင်ချင်သော လက်တို့ ဖြင့် နှိပ်ရင်း သူ့ ရင်တို့  အတိုင်းအဆမဲ့ ခုန်နေခဲ့သည်။ ဖုန်းထဲမှ စီးမျောလာသော အသံ ချိုချိုတို့ ကို နားထောင်ရင်း သူ ရုတ်တရက် ဘာ စပြောရမယ်မှန်း မသိပေ။

“ဟယ်လို၊ အမိန့် ရှိပါရှင်”

“မ ကျွန်တော် ဘုန်းခန့် မင်းပါ။ ကျွန်တော့်ကို မှတ်မိမလားတော့ မသိဘူး။ မ ကျွန်တော့်ကို လူမှားပြီး နှုတ်ဆက်ဖူး တယ်လေ။”

“မ မှတ်မိပါတယ်။ ဆော်ရီးနော်၊ အဲဒီနေ့ က မောင်လေးကို မင်းသားမှန်း မ တကယ် မသိဘူး။ ဟိုမှာနေတုံးကလည်း မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မဖတ်ဖြစ်တော့ သတိ မထားမိဘူးလေ။ နဂိုထဲကလည်း မ က ရုပ်ရှင်တွေ ဘာတွေ သိပ်ကြည့်လေ့ မရှိတာလည်း ပါတယ်။ နောက်ပြီး မ သွားနေတဲ့ ၂နှစ်အတွင်းမှာပှဲ မင်းက နာမည် အရမ်းကြီးပြီး အောင်မြင်လာတာလို့  အိမ် က ကောင်မလေးတွေက ပြောကြတယ် ”

“ရပါတယ် မ ရယ်။ ကျွန်တော် နားလည်ပါတယ်။ ခုဆိုရင် ကျွန်တော် ဘယ်မှာနေလဲ ဆိုတာတော့ မ သိပါပြီနော်”

သူမထံမှ ရယ်သံသဲ့သဲ့ ထွက်လာသည်။ မမျှော်လင့်ပဲ သူမ၏ အသိအမှတ်ပြုမှုကြောင့် ၀မ်းသာ ရသည်။

“သိပါပြီ။ ချာတိတ်ရယ်။ မင်းကို နာမည်ကြီး မင်းသား တစ်ယောက်ဆိုတာ ကိုရော၊ မ အိမ်ရှေ့ မှာနေတဲ့ ကောင်လေး ဆိုတာကိုရော သိသွားပါပြီ။”

“မက ကျွန်တော့်ထက် တစ်နှစ်လောက်ပဲ ကြီးတာ။ ကျွန်တော်က ချာတိတ် မဟုတ်ပါဘူး။ မ ကသာ ရှိသင့်တဲ့ အသက်ထက် ပိုပြီး ရင့်ကျက်နေသလားလို့ ။ ၂၅နှစ်ဆိုတဲ့ အရွယ်ဟာ တကယ်တော့ အသက်ကြီး တဲ့ စာရင်းမှာ မပါသေး ပါဘူး မရယ်။”

“မနဲ့ မင်းနဲ့ တော့ အမြင်ချင်း ဘယ်တူနိုင်ပါ့မလဲ ကောင်လေးရယ်။ မင်းကတော့ လောကကြီး အကြောင်း ဘာမှ မသိ နားမလည်သေးတဲ့ လူပျို လူလွတ်လေး၊ မိဘ ရင်ခွင်မှာတင် မင်း ဘ၀က ကျင်လည် နေရတာ။ ပူပင်သောကတို့  ဆင်းရဲ ဒုက္ခ တို့ ကို မကြုံရသေးဘူး။ မ ကတော့ ကလေးတစ်ယောက်အမေ မုဆိုးမ၊ လောကကြီးရဲ့ အကွေ့ အကောက် အချိုးအကွေ့ တွေ ကို ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရပြီးပြီ။ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို အသက်ငယ်ငယ်နဲ့  ရင်ဆိုင်လိုက်ရတဲ့အခါမှာ လုပ်ယူ စရာ မလိုပဲ လူက အလိုလို နေရင်း ရင့်ကျက်သွားခဲ့တာ။ ဒီတော့ မ က မင်းထက် ပိုပြီး ရင့်ကျက်တာ မဆန်းပါဘူး”

“မ ကို ခုမှ တွေ့ ဖူးပေမဲ့ ကျွန်တော့် စိတ်ထဲမှာ ဟိုးအရင်ထဲက သိနေသလိုမျိုး ခံစားရတယ်။ ရှေးရေစက် ထင်ပါရဲ့။ မ ကို ကျွန်တော် အရမ်း ခင်တယ်။ မ ရောဟင်”

“အင်း မလည်း ခင်ပါတယ်။ မြန်မာပြည် ပြန်ရောက်ထဲက သူငယ်ချင်း အပေါင်းအသင်းတွေနဲ့  မ ဆက်သွယ် ဖြစ်သေး တော့ တစ်ယောက်တည်း ဖြစ်နေချိန်မှာ မင်းက မရဲ့ ပထမဆုံး မိတ်ဆွေပဲ ဆိုပါတော့ ”

“ကျွန်တော့်ကို အသိအမှတ် ပြုပေးတာ ကျေးဇူးပါ မရယ်။ မ ကို ကျွန်တော် တွေ့ ခွင့် ရှိမလားဟင်”

“တွေ့ ခွင့် . . ဟုတ်လား။ မနဲ့  မင်း သိတာ မကြာသေးပေမဲ့ မင်းကို မောင်လေး တစ်ယောက်လို သဘောထားပြီး ခင်မင်နိုင်ပါတယ်။ ဒါပေမဲ့ မင်းလို နာမည်ကြီး မင်းသား တစ်ယောက်နဲ့ တွဲပြီး မ လူသိ မခံ ချင်ပါဘူး။ နောက်ပြီး မကြောင့် မင်း ကို ပတ်ဝန်းကျင်က တမျိုးတမည် ထင်ပြီး ပြောတဲ့ အပြောတွေကို မခံ စေချင်ဘူး။ မတွေ့ ချင်ပါနဲ့  ကောင်လေးရယ်”

“ဘာပဲ ဖြစ်ဖြစ်ဗျာ။ ကျွန်တော်ကတော့ ဒါတွေကို ဂရုမစိုက်ဘူး။ မကို မတွေ့ ရရင် မနေနိုင်ဘူး။ မကို . . . ကျွန်တော်”

စကားကို မဆက်ဝံ့သဖြင့် ရပ်ထားလိုက်ရသည်။ တော်ကြာ ခုမှ ရထားသော ခင်မင်မှုလေး ပျက်ပြယ်သွားမှာ စိုးပါ သည်။ မ ထံမှ သက်ပြင်းချသံကို ကြားရသည်။

“မင်းကို မ အကောင်းဆုံး အကြံပေးမယ်။ ဘယ်အရာကိုမှ အစွဲအလမ်း မကြီးပါနဲ့ ။ တခုခုကို စွဲလမ်းမိရင် ကိုယ်ပဲ ခံစားရတတ်တယ်။ အရာရာဟာ ကံ စီမံရာပါပဲ။ လောကမှာ ကိုယ် ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရတာမှ မဟုတ်တာ။ ခုလည်း မ ကို မင်း အမြဲ တွေ့ နေ မြင်နေ ရတာပဲ မဟုတ်လား။ ဒါထက် မပိုချင်စမ်းပါနဲ့ ကွယ်။ လူတွေရဲ့ အကြောင်းကို မလောက် မင်း မသိ သေးပါဘူး။

တော်ကြာ မင်းနဲ့  ပတ်သက်ပြီး မကို အမြင်တမျိုးနဲ့  မြင်ကြမှာကိုလည်း နားလည်ပေးပါအုံး။ နောက်ပြီး လူတွေက မုဆိုးမတို့ ၊ တခုလပ်တို့ ဆို ပိုပြီး ပြောချင်ကြတယ်။ မ ကို အထင်သေးတဲ့ အကြည့်နဲ့  ကြည့်တာ ပြောတာကို မခံနိုင်ဘူး။ ဒါကြောင့် ပြောစရာ မဖြစ်အောင် နေတာ အကောင်းဆုံးပါပဲ”

သူမ ဘက်က တွေးကြည့်တော့လည်း ဟုတ်နေတာမို့  ထပ်ပြီး မတောင်းဆိုရဲတော့။

“မ ကို ကျွန်တော် ညတိုင်း ဖုန်းဆက်မယ်နော်။ နားထောင်ပေးနော်”

“ကောင်းပြီလေ။ မ အားရင်တော့ ရပါတယ်။ ဒါပဲနော်။ ဒီမှာ သမီးကို သိပ်ရအုံးမယ်။ မ က မင်းတို့ လို လူလွတ် မဟုတ်တော့ အားချိန် သိပ်မရှိဘူး ချာတိတ်ရေ။ သားရေး သမီးရေးနဲ့ တင် အချိန်ကုန်နေရတာ။ OK. Good Night နော်။”

မ က သူ့ ကို ပညာသားပါပါနဲ့  သူမ ဘ၀ကို သူ သိအောင် လှစ်ဟ ပြခဲ့သည်။ ဒါပေမဲ့ ဒါတွေ အားလုံး ဟာ ကျွန်တော် သိထားပြိးသားပဲလေ။ တနေ့ နေ့ မှာတော့ သူ့ အချစ်ကို မ နားလည် လာပါ လိမ့်မည်။

နောက်ရက်များမှာတော့ ညတိုင်းနီးပါး သူတို့  ဖုန်းပြော ဖြစ်ခဲ့ကြသည်။ သမီးလေး မအိပ်သေးသော နေ့ များဆိုရင် တော့ သိပ်ကြာကြာ ပြောခွင့်မရပေ။ ဒါကြောင့်ပဲ ညနက်ပိုင်းမှသာ မ ဆီ ဖုန်းဆက် ဖြစ်တော့ သည်။ ဖုန်း ပြောတိုင်းမှာလည်း သူ ဆွဲခေါ်လာသော ခေါင်းစဉ်အောက် မရောက်အောင် မက လိမ္မာ ပါးနပ်စွာ ရှောင်တိမ်း သွားတတ်တာမို့  သူ ဘာမှ ပွင့်ပွင့် လင်းလင်း ဖွင့်ဟခွင့် မရခဲ့ပေ။ မနှင့် သူ့ ကြားမှာ သံယော ဇဉ်တစ်ခု ရှိလာသလို သူ၏ မ အပေါ် စွဲလမ်းမှုတို့ က ပိုမို နက်ရှိုင်း လာခဲ့သည်။

ဖုန်းဆက်တိုင်းမှာ သူက တွေ့ ခွင့်တောင်းပေမဲ့ မ က လက်မခံခဲ့။ ပတ်ဝန်းကျင်ကို မက အတော် ဂရုစိုက်လေသည်။ ဖုန်းပြောခွင့်နှင့် မကျေနပ်နိုင်သော သူက မ ကို တွေ့ ခွင့် ရအောင် ကြံစည် ရတော့သည်။ မ သမီးလေးက ILBC မှာ ကျောင်း တက်တာမို့  အသွား အပြန်ကို မက ကိုယ်တိုင် ကြိုပို့ တတ်တာကို သူ သိသည်။ သမီးကို ကျောင်းလာပို့ သော မသည် သူမ ကားနားတွင် ဘောင်းဘီရှည်၊ ကုတ်အင်္ကျီရှည်တို့ ကို အကျအန ၀တ်ကာ မျက်မှန်တပ်ထားပြီး နှုတ်ခမ်းမွှေးစစနှင့် သူ့ ကို ဘယ်သူမှန်း မသိပေ။ သူကလည်း သူ့ ကို မင်းသားမှန်း မသိအောင် ရှုတင်မှ အ၀တ်မလဲပဲ ထွက်လာခဲ့တာ ဖြစ်သည်။

“မ”

မသိသောသူ တစ်ယောက်က သူမကို တရင်းတနှီး ခေါ်လိုက်သံကြောင့် အလန့် တကြား မေ့ကြည့်လာသော သူမကို အသာပြုံးပြ လိုက်မိသည်။

“မ ကျွန်တော်ပါ”

တပ်ထားသော နှုတ်ခမ်းမွှေး အတုကို ခွာပြလိုက်တော့မှ မ ရဲ့ အပြုံးကို သူတွေ့ ရသည်။

“ချာတိတ်၊ မင်း ဘယ်က လာတာလဲ။ ပုံစံကလည်း လူဆိုးရုပ်နဲ့ ”

“ဟုတ်တယ်။ ဒီနေ့  ရိုက်တဲ့ကားမှာ ကျွန်တော်က လူဆိုး ခေါင်းဆောင်လေ။ မနှင့် တွေ့ ချင်လို့  ဒီအတိုင်း ထွက်လာ ခဲ့တာ။ မင်းသားမှန်း မသိအောင်လည်း ပါတာပေါ့။ ကျွန်တော့်ကို ၁၅မိနစ်လောက်ပဲ အချိန်ပေးပါ မရယ်။”

အကြာကြီး မျက်မှောင်ကြုတ် စဉ်းစားနေပြီးမှ ခေါင်းညိတ်ပြသည်။

“မ ကျွန်တော်တို့  ဗိုလ်တထောင် ကမ်းနားဘက် သွားရအောင်။ အဲဒီမှာ လေကောင်း လေသန့် လည်း ရတယ်။ လူလည်း ရှင်းတယ်။ မ ကျွန်တော့်ကား နောက်က လိုက်မောင်းခဲ့နော်။”

တကယ်တမ်း နှစ်ယောက်ထဲ တွေ့ ခွင့်ရချိန်မှာ သူက မတည်ငြိမ်နိုင်ပဲ စိတ်လှုပ်ရှားနေသလောက် မ ကတော့ တည်ငြိမ်လွန်းလှတာမို့  အေးစက်စက် ဖြစ်နေသည်ဟုပင် ထင်မိသည်။

“မကို ကျွန်တော် မြတ်မြတ်နိုးနိုး ချစ်တယ်။ ကျွန်တော့်  ကို လက်ထပ်ခွင့်ပေးပါ။ ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့ နော်”

“မ ဆီမှာ လာပြီး အိုက်တင် လာကျင့်နေတာတော့ မဟုတ်လောက်ပါဘူးနော် ကိုရွှေမင်းသား။ စိတ်ကူးယဉ်လှချည် လားကောင်လေးရယ်။ မင်းလို နာမည်ကြီး မင်းသား တစ်ယောက်ကများ မ လို ကလေး တစ်ယောက် အမေ မုဆိုးမကို လက်ထပ် ချင်တယ်တဲ့လား။ ဒါ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးနော်။ ဒီလို ဇာတ်လမ်းမျိုးဟာ ရုပ်ရှင်ထဲမှာသာ ဖြစ်နိုင်ပေမဲ့ အပြင်မှာတော့ မင်း ထင်သလို မလွယ်ဘူးနော်။ မင်းသာ မ ကို ယူရင် မင်း အသိုင်းအ၀ိုင်းမှာ ဘယ်လောက်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားမလဲ မင်း စဉ်းစားကြည့်စမ်း။ နောက်ပြီး မင်းရဲ့ မိဘတွေရော သဘောတူနိုင် မတဲ့လား။”

“ ကျွန်တော် အဲဒါတွေ ဘာမှ ထည့် မစဉ်းစားဘူး။ မ ကို ချစ်တယ်။ မ ကလည်း ပြန်ချစ်မယ် ဆိုရင် ကျွန်တော်တို့  လက်ထပ်ကြမယ်။ ပတ်ဝန်းကျင်ကို ဂရုစိုက် မနေစမ်းပါနဲ့  မ ရယ်။ ပင်ပန်းလွန်းပါတယ်။”

“မင်း ဂရုမစိုက်ပေမဲ့ မ ကတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်တယ်။ လူဆိုတာ ပတ်ဝန်းကျင်နဲ့  ကင်းကွာလို့  မရဘူး။ နောက်ပြီး မ ကိုယ်တိုင်ကလည်း မိခင် တစ်ယောက် ဖြစ်နေပြီ ဆိုတော့ မိဘ တစ် ယောက် နေရာက စဉ်းစား ပေးရတော့မယ်။ မ သမီးလေးကို ဆိုရင်လည်း တခုလပ်တို့ ၊ မုဆိုးဖိုတို့ နဲ့  မပေးစားနိုင်ဘူး။ ဒါတောင် မင်းလို နာမည်ကျော် မင်းသား တစ်ယောက် မဟုတ်သေးဘူးနော်။ အဲဒီတော့ မင်းအမေ ဆိုရင် မနဲ့  မင်းကို ဘယ်လိုမှ သဘောတူနိုင်မှာ မဟုတ်ဘူး။ သူ့  ဘက်က မင်းကို အပျိုစင် နုနုထွတ်ထွတ်လေးနဲ့ သာ သဘောတူ ချင်မှာ သဘာဝပဲလေ။ ဒါကို မ က နားလည်ပေးရမှာပေါ့။”

“ဒါတွေကို ခဏဖယ်ထားပါအုံး မ ရယ်။ ကျွန်တော့်ကို ချစ်နိုင် မချစ်နိုင်သာ အရင် စဉ်းစားပြီး အဖြေပေးပါနော်။ မ သာ ကျွန်တော့်ကို ချစ်ရင် ဘာမဆို ရင်ဆိုင်နိုင်ပါတယ်။”

“ခက်လိုက်တာ ချာတိတ်ရယ်။ မ အရွယ်ဟာ ရည်းစားထားပြီး ရင်ခုန်ရမဲ့ အရွယ် မဟုတ်တော့ဘူး။ တကယ်လို့  မ ဟာ အိမ်ထောင်ပြုဖို့  ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့  ဒါဟာ မ အတွက် ပထမအကြိမ် လက်ထပ် ခြင်း မဟုတ်တော့ဘူး။ မိန်းမ တစ်ယာက်အတွက် ဒုတိယ အကြိမ် လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်ကို လူတွေ က အမြင်ကြည်ကြည်နဲ့  မကြည့်နိုင်ကြဘူး ကွယ့်။ ကံမကောင်းလို့  သူဟာ ဒီလို ဖြစ်ရတာပါလားလို့  နားလည် ပေးနိုင်တဲ့လူက အတော့်ကို နည်းပါတယ်။

နောက်ပြီး မ ကြောင့် မင်းကို မနစ်မွန်း စေချင်ဘူး။ မ ကိုယ်တိုင် မင်းကို ချစ်ဖို့ ၊ လက်ထပ်ဖို့  မစဉ်း စားရဲပါဘူး။ အဲဒီတော့ မ မင်းကို တခါထဲ အဖြေ ပေးခဲ့မယ်။ မင်းကို မ မချစ်ဘူး။ လက်ထပ်ဖို့ ဆိုတာ အဝေးကြီးပါ။ ဒါကြောင့် မ ကို မင်း မေ့လိုက်တာ အကောင်းဆုံးပါ။ မတို့ ရဲ့ ပတ်သက်မှုဟာ ဘယ်လောက်မှ မကြာ သေးပါဘူး။ စိတ်ကူးယဉ် မဆန်ချင်စမ်းပါနဲ့ ။”

“မ က ကျွန်တော် စိတ်ကူးယဉ်နေတယ် ထင်လို့ လား။ မ အတွက် ကျွန်တော် ဘာမဆို စွန့် လွှတ်ရဲပါတယ်။ မ ရယ် စဉ်းစား ပေးပါနော်။ ကျွန်တော့်ကို ယတိပြတ် မငြင်းလိုက်ပါနဲ့ ”

မ က သူ့ ကို အသက်မပါသလို ခေါင်းညိတ်ပြသည်။ ထိုနေ့ မှ စ၍ မ သည် သူ့ ကို အဆက်အသွယ် ဖြတ်တောက် သွားတော့သည်။ ညဖက် ဖုန်းဆက်နေကျ အချိန်များတွင် မ သည် ဖုန်းကို ပိတ်ထား တတ် သည်။ နေ့ ခင်းဘက် ဆက်တော့ လည်း သူ့ ဖုန်းနံပါတ် မြင်သည်နှင့် ဖုန်းပိတ်ပစ် လိုက်တော့တာမို့  စကား ပြောခွင့် မသာခဲ့ပေ။

ခါတိုင်းလိုလည်း ကလေးကို ကျောင်း အကြိုအပို့  ကိုယ်တိုင် မလုပ်တော့။ ညနေပိုင်း ခြံထဲတွင် သမီးနှင့် အတူရှိနေ တတ်သော မ ကို မမြင်ရတော့။ အိမ်ဖော် ကောင်မလေးတွေနှင့် ဆော့ကစားနေသော သမီးလေးကိုသာ မ ကိုယ်စား အလွမ်း ပြေကြည့်ရသည်။ မ သည် သူ့ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ။ မြင်ကွင်းမှ ခဏလေး ပျောက်ကွယ် သွားတာကို တောင် မခံစားနိုင်သော သူက သူ့ ဘ၀ထဲမှ မ ပျောက်ဆုံးသွားမှာကို သွေးပျက် ကြောက်ရွံ့  နေမိသည်။ သူ့ ကို တကယ် မချစ် နိုင်၍ ရှောင်ထွက် သွားခြင်း လား။ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်း၍ သူ့ ကို ထားသွားတာလား သူ နားမလည်နိုင်ခဲ့။

မနှင့် အဆက်အသွယ် ပြတ်နေသော တစ်လအတွင်းမှာ မ အကြောင်းများကို အိမ်ဖော် ကောင်မ လေးမှ တဆင့် ကိုသိန်းက စုံစမ်းပေးခဲ့တာမို့  သူ သိခွင့် ရခဲ့သည်။ ရုပ်ရှင် ဗွီဒီယို ကြည့်လေ့မရှိသော မ က ဒီရက်ပိုင်းအတွင်းမှာ သူ ပါဝင် သော ဗွီစီဒီများ၊ ဒီဗွီဒီများ ငှားခိုင်းသည် ဆိုတာကြောင့် သူ အားတက်သွား မိသည်။ သူ အိမ်မှာ မရှိသော အချိန်များတွင် တခါတရံ သူမ အပြင်ထွက် တတ်ကြောင်း သိရသည်။

တစ်ရက်မှာတော့ ကိုသိန်း၏ အကူအညီဖြင့် နယ်ကို ကားရိုက် တစ်ပါတ်ခန့် သွားရမည်ဟု မ သိအောင် ဇာတ်လမ်း ဆင်ခဲ့သည်။ နောက်နေ့  မနက်စောစောမှာပင် သူ့ ကားကို တနေရာသို့  သွားခိုင်း လိုက်ပြီး သူကတော့ သူမ အပြင် ထွက်မည့် အချိန်ကို စောင့်ကြည့်နေခဲ့သည်။ သူ မရှိကြောင်း ယုံကြည်သွား သော မ သည် နေ့ လည်ခင်းတွင် အိမ်မှ တစ်ယောက်ထဲ အပြင် ထွက်သွားလေသည်။ မ သည် သူ အတင်း အကျပ် လိုက်တွေ့ မှာစိုး၍ အပြင် မထွက်ပဲ နေခဲ့တာ ဖြစ်သည်။

မ ထွက်သွားသည်နှင့် အခြားကားတစ်စီးနှင့် သူ နောက်မှ လိုက်ထွက်ခဲ့သည်။ မ၏ ကားသည် ကန်တော်ကြီးရှိ အရိပ်ကောင်းသော သစ်ပင် တစ်ပင်အောက်တွင် ရပ်တန့် သွာေးလသည်။ ကားပေါ်မှ ဆင်းကာ သစ်ပင် တစ်ပင်အောက်တွင် သွားရပ်နေသော မ မမြင်အောင် ကားကို ခပ်လှမ်းလှမ်းမှာ ရပ်ထား ခဲ့ပြီး လမ်းဆင်းလျှောက်လာခဲ့သည်။ အဝေးကို ငေးပြီး တွေးချင်ရာ တွေးနေသော မကို ကြည့်ရတာ အရင် ထက် ပိုပြီး ပိန်သွားသလို ထင်ရသည်။ သူနှင့် စကားတောင် ပြောခွင့် မပေး သော မသည် သူ့ အပေါ် တကယ်ရော စိမ်းပြတ်နိုင်ပါရဲ့လား။

ငြိမ်သက်စွာ ငေးမောနေသော မ ကို အနှောင့်အယှက် မပေးချင်တာမို့  သူ သွားမတွေ့  ဖြစ်သေး။ ခပ်လှမ်းလှမ်းမှာ ဗွီဒီယို ရိုက်ကွင်း တစ်ခုရှိနေတာမို့  သူ ကိုယ်တိုင် သူ့ ကို မတွေ့ စေချင်တာမို့  ရှေ့ မတိုး ဖြစ် ခဲ့ တာလည်းပါသည်။ မ နောက်ကို ချက်ချင်း ထလိုက်ခဲ့တာမို့  သူ ရုပ်ဖျက်ဖို့  သတိမရခဲ့။

သူ့ လိုပင် ဗွီဒီယို ရိုက်ကွင်းကို သတိထားမိသွာေးသာ မ သည် ထိုနေရာမှ ရုတ်တရက် ထထွက် လာတာမို့  မကို အနောက်ဘက်မှေးကြည့်နေသော သူနှင့် မျက်နှာချင်းဆိုင် တည့်တည့် တိုးပါတော့သည်။ သူ့ ကို ရုတ်တရက် တွေ့ လိုက်ရ တော့ မ သည် သူ ဘာမှ မပြောနိုင်ခင် အနောက်ဘက်သို့  လှည့်ထွက် သွားတော့သည်။ သူ့ မှာ ဘာချွတ်ယွင်းချက်များ ရှိ၍ ဒီလောက် ခါးခါးသီးသီး ဖြစ်နေရတာလဲ။

ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းစေသာ မ နှင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ကိုယ် လုပ်ချင်တာ လုပ် တတ်သော သူတို့  နှစ်ဦး၏ တွေ့ ဆုံမှုသည် နာကျင်စရာ နောက်ဆက်တွဲများကိုသာ ဖြစ်ပေါ် စေခဲ့သည်။

သူ့ ကို မြင်၍ ထွက်ပြေးသွားသော မ နောက်ကို အပြေးလိုက်ကာ ရှေ့ မှာ ပိတ်ရပ်ရင်း မ လက်ကို လှမ်းဆွဲ လိုက်မိသည်။

“မင်း ဘာလုပ်တာလဲ။ မ လက်ကို လွှတ်စမ်း။ လူတွေ ၀ိုင်းကြည့်အောင် မလုပ်စမ်းနဲ့ ။ ဒီနားက လူတွေက မင်းကို မင်းသားမှန်း သိနေကြတယ်။”

“သိတော့ ဘာဖြစ်လဲ။ မ ကို ကျွန်တော် ချစ်တယ်။ လက်ထပ်ချင်တယ်။ မင်းသားလည်း လူပဲ။ မင်းသား ဖြစ်လို့  ဟိုဟာ မလုပ်နဲ့။ ဒီဟာ မလုပ်နဲ့  ရယ်လို့ ရှိလား။ ကိုယ်ချစ်ချင်တဲ့သူကို ချစ်မှာပဲ။ လက်ထပ်ချင်တဲ့ သူနဲ့ လည်း လက်ထပ်မှာ ပဲ။ ကျွန်တော့်မှာ လွတ်လပ်ခွင့် အပြည့်ရှိတယ်။ ပတ်ဝန်းကျင်ကို လိုအပ်တာထက် ပိုဂရု မစိုက်ပါနဲ့  မ ရယ် ”

“မင်း ကတော့ ဟုတ်တာပေါ့။ မ ကတော့ မင်းလို လွတ်လပ်သူလည်း မဟုတ်ဘူး။ ကလေး တစ်ယောက် အမေ၊ မုဆိုးမ။ ဒါကြောင့် မင်းလို မင်းသားတစ်ယောက်ကို အပိုင်ဖမ်းပြီး ယူပါတယ်လို့  မင်း အသိုင်းအ၀ိုင်းက ပြောတာကို လုံးဝ မခံနိုင်ဘူး။ ခုတောင် မင်းနဲ့  ဘာမှ မပတ်သက်ရသေးဘူး။ ဒီလို ပြောတောတွေ ကြားနေရပြီ။ တကယ်လို့  မင်း နဲ့ သာ ပတ်သက်မိရင် . . ”

“ပတ်ဝန်းကျင်ရဲ့ ပယောဂ ကြောင့်နဲ့  တော့ မ ကို ကျွန်တော် အဆုံးရှုံး မခံနိုင်ဘူးနော်။ မ သာ ကျွန်တော့်ကို ချစ်တယ်လို့  ခေါင်းညိတ် ခုချက်ချင်း ခိုးပြေးမယ်။”

“မ ကို မင်းနှင့် အပြိုင် မမိုက်ခိုင်းစမ်းပါနဲ့ ။ မ ဟာ ဖြစ်ချင်တာကို တဇွတ်ထိုး လုပ်တဲ့ အချစ်ကို ဦးစားပေးတဲ့ ဆယ်ကျော်သက် ကောင်မလေး မဟုတ်တော့ဘူး။ မင်းကို ထပ်ပြီး ပြောမယ်။ မ ကြောင့် မင်း နာမည် အပျက်မခံပါနဲ့ ။ မင်းကို နစ်နာအောင် မလုပ်ရက်ဘူး။ ခုလို မင်း အရမ်း အောင်မြင်နေချိန်မှာ မ ကို လက်ထပ်လိုက်ရင် မင်းနာမည် ကျသွားလိမ့်မယ်။ နောက်ပြီး မင်းကို မချစ်ဘူး။ လက်ထပ်ဖို့ လည်း မဖြစ်နိုင် ပါဘူး။ နောက်ဆုတ် လိုက်ပါတော့”

“မ ညာတယ်။ မ ကိုယ့်ကိုကိုယ်လည်း ညာတယ်။ ကျွန်တော့်ကိုလည်း ညာတယ်။ မချစ်ဘူးဆိုရင့်  ဒါတွေ လိုက်စဉ်း စားပေးဖို့ မှ မလိုတာ။ မ ရယ် အမှန်အတိုင်း ၀န်ခံလိုက်စမ်းပါ။ ကျွန်တော် ပျော်ပါရစေ။ ”

“မချစ်ဘူးလို့  ဘယ်နှစ်ခါပြောရမလဲ။ ငါ့ လက်ကိုလွှတ်စမ်း။ ငါ အရမ်း စိတ်ဆိုးလာပြီနော်။”

“မလွှတ်ဘူးဗျာ။ ဖြစ်ချင်ရာဖြစ် မကို ခုပဲ ကျွန်တော် ခိုးပြေးတော့မယ်။ ”

“စိတ်ကူးယဉ် မနေနဲ့ ။ ငါ မင်းကို မုန်းတယ်။ လူတွေ ၀ိုင်းကြည့်နေပြီ။ မင်း မ ကို တကယ် ချစ်တယ်ဆိုရင် မနှောင့် ယှက်ပါနဲ့ တော့။ တောင်းပန်ပါတယ်။ ကိုယ့်ဘာသာကိုယ် အေးဆေးနေပါရစေ။ လူတွေကို ကြောက်လွန်းလို့ ပါ။ ”

မ မျက်ရည်တွေကို မြင်ရချိန်မှာတော့ ဆုပ်ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်ပါသည်။ မ အသံ မကြားရ၍ မော့ ကြည့်မတော့ မျက်နှာကို လက်ဝါးနှင့် အုပ်ကာ ငိုရင်း ကားပေါ် ပြေးတက်သွားတာ မြင်လိုက်ရသည်။

“မ ကို စိတ်မဆင်းရဲစေချင်တာနဲ့ တင် ကျွန်တော် အရှုံးပေးလိုက်ပါတယ် မရယ်။ ”

သူ့ မျက်ဝန်းမှာလည်း မျက်ရည်စများနှင့်သာ။ သူ့ အနားမှာ လူတွေ ၀ိုင်းအုံလျှက်။ ကားကို ဘယ်လို မောင်း၍ အိမ်ကို ဘယ်လို ပြန်ရောက်သွားမှန်းပင် မသိခဲ့။ သူ့စိတ်တို့  ရှုပ်ထွေး နေခဲ့သည်။

နောက်နေ့ မနက်မှာတော့ အိမ်သားများကိုပင် အသိမပေးပဲ သူ ခရီးထွက်ခဲ့သည်။ ဦးတည်ရာမဲ့ သော ခရီးရယ်သာ။ သူ့ ကိုသိသော လူတို့ နှင့် တတ်နိုင်သမျှ ဝေးရာ လျှောက်သွားရင်း ပုဂံ ညောင်ဦးဖက် ရောက်ခဲ့သည်။ မိုးတွင်းကာလမို့  ပုဂံမှာ ဘုရားဖူးများ စည်ကား မနေခဲ့။ နောက်ပြီး မိုးနည်းသော အညာ ဒေသမို့ မိုးမရွာပဲ ခြောက်သွေ့ နေခဲ့သည်။ ဘယ်ကိုမှလည်း မထွက်ဖြစ်ပဲ ဟိုတယ်ထဲမှာသာ ခွေခေါက်ပြီး လွမ်းနာကျနေခဲ့သည်။

ရန်ကုန်မှာ ကျန်နေခဲ့သော မ တစ်ယောက် ဘယ်လိုများ နေပါလိမ့်။ တကယ်တမ်း သွေးအေးအေး ပြန်စဉ်းစားတော့ မသည် သူ့ ကို ချစ်လို့ သာ သူ့ အတွက် ဦးစားပေး စဉ်းစားခဲ့တာ ဖြစ်ကြောင်း သိလာခဲ့ ရသည်။ တကယ်တမ်းမှာလည်း မ နှင့်ယူ မည်ဆိုလျှင် သူ့ အသိုင်းအ၀ိုင်းက လက်ခံကြမည် မဟုတ်ပေ။ အထူးသဖြင့် သူ့ ရဲ့ မေမေက အဆိုးဆုံး ဖြစ်မှာပါ။

ပုဂံမှာ နှစ်ပါတ်ခန့် နေပြီး သူ အိမ်ပြန်လာချိန်မှာတော့ သူ့ ကို ကလေး တစ်ယောက်လို ပျာပျာသလဲ ဆီးကြိုနေကာ လိုအပ်တာထက် ပိုပြီး ဂရုစိုက်နေသော သူ့ မေမေနှင့် သူ့ ကို တစုံတရာ ပြောချင်ပါလျှက် ပြောခွင့်မရ ဖြစ်နေသော ကိုသိန်းကို တွေ့ ရလေသည်။ သူ့ အနားမှ တဖ၀ါးမှ မခွာတမ်း သူ့ ကိစ္စတွေ လိုက်လုပ်ပေးနေသော မေမေ့ကြောင့် ကိုသိန်းကို သူ သိချင် သော အကြောင်းအရာများ မေးခွင့် မသာခဲ့။ ကိုသိန်းကို တွေ့ ချင်လို့  အကြောင်းရှာ ခေါ်ခိုင်းလိုက်တိုင်း အခြားတစ်ယောက် သာ သူ့ ဆီ ရောက် ရောက် လာတာမို့  သူ ဘ၀င်မကျခဲ့။

အိမ်က လူတွေ သူ့ အပေါ် တစ်စုံတစ်ရာ ဖုံးကွယ်ထားတာတော့ သေချာလေသည်။ ထိုကိစ္စကို ညဖက် မေမေ အိပ် ပျော်ချိန် ည သန်းခေါင်လောက်မှာမှ သူ သိခွင့်ရခဲ့သည်။ အိပ်မပျော်သေးတာကြောင့် ၀ရန်တာမှာ ထိုင်ရင်း မတို့  အိမ်ဘက် ငေးကြည့် နေမိတာကြောင့် ခပ်တိုးတိုး တံခါးခေါက်သံကို ရုတ်တရက် သူ မကြားခဲ့။

တခြားသူများ မကြားအောင် ခပ်အုပ်အုပ် ခေါ်သံကြောင့် တံခါးထဖွင့်တော့ ကိုသိန်းကို အခန်းဝမှာ တွေ့ ရသည်။ ကိုသိန်းကို အခန်းထဲ ဆွဲသွင်းပြီး တံခါး သေချာပိတ်ကာ ၀ရန်တာ ထွက်ခဲ့ကြသည်။

“ဘာတွေ ဖြစ်နေတာလဲ ကိုသိန်း”

“ကိုလေးရာ၊ ကိုလေး သွားနေတဲ့ ရက်ပိုင်းအတွင်းမှာ အရမ်းကို အံ့သြစရာတွေ ကြုံခဲ့ရတယ်။ ကိုလေးကို အကြောင်း ကြားချင်ပေမဲ့ ကိုလေးက ဖုန်းကို အိမ်မှာ ထားခဲ့တော့ ကျွန်တော်လည်း ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့ဘူး။ ကိုလေးနှင့် မမေ မြတ်နိုးတို့  သတင်း ဂျာနယ်ထဲ ပါလာတာ ကိုလေး သိလား”

“ဘာ . . . ဘာပြောတယ် ကိုသိန်း”

“ဟုတ်တယ်။ ကိုလေးတို့ ကန်တော်ကြီးမှာ စကားများတဲ့နေ့ က ကိုလေးတို့ နဲ့  မလှမ်းမကမ်းမှာ ရိုက်ကွင်းတစ်ခု ရှိ နေတယ်ဆို၊ အဲဒီက ဓါတ်ပုံဆရာက ဘယ်အချိန်မှာ ဘယ်လို ရိုက်သွားမှန်း မသိဘူး။ ကိုလေးက မမြတ်နိုး လက်ကို ဆွဲထား တာကိုရော၊ မမြတ်နိုးက ကိုလေးကို ငြင်းပြီး ငိုနေတာကိုရော ဂျာနယ်ထဲမှာ ဓါတ်ပုံတွေ ပါလာတယ်။ စာသားတွေကတော့ ဂျာနယ်တွေရဲ့ ထုံးစံအတိုင်း လူ စိတ်ဝင်စား အောင် စဉ်းစားစရာတွေ ဖြစ်အောင် ရေးကြတာပေါ့။ မမြတ်နိုး အကြောင်းကိုလည်း စုံစမ်း လိုက်ပုံရတယ်။ ကိုလေးရဲ့ အိမ်ရှေ့ မှာ နေတာရော၊ အိမ်ထောင်ရှိခဲ့ဖူးတယ် ဆိုတာရော၊ ကလေး တစ်ယောက် အမေ ဆိုတာရော စုံလို့ ပါပဲ ကိုလေးရယ်”

“ဆိုးလိုက်ကြတာကွာ။ မ သနားပါတယ်။ ဒါတွေကို ငါ မသိခဲ့ဘူးကွ။ ဟိုမှာက ဂျာနယ်တွေ ချက်ချင်း မရောက်တာ ရော၊ ငါ့ကို မင်းသားမှန်း မသိတာလည်းပါမှာပေါ့။ ပတ်ဝန်းကျင်ကို ကြောက်ပါတယ် ဆိုတဲ့ မ ကိုမှ ရက်ရက် စက်စက်ကွာ ”

“ဒါထက် ဆိုးတာတွေ ရှိသေးတယ် ကိုလေးရဲ့”

“ဘာလဲ။ ဘာကိစ္စလဲ။ ပွင့်ပွင့်လင်းလင်း ပြောကွာ”

“ဂျာနယ်က ကိုလေးသွားပြီး နောက်နေ့ မှာ ပါတာပဲ။ ဂျာနယ်က အိမ်မှာ ယူနေကျ ဆိုတော့ ဘယ်သူမှ မဖတ်ရသေး ခင် ဒီသတင်းကို မေမေကြီးက အရင် တွေ့ ခဲ့တာ”

သူ့ အပေါ် အသည်း ပိုလွန်းသော သူ့ မိခင်အတွက် ဒီကိစ္စသည် အလွန် ကြီးမားသော ပြဿနာ ဖြစ်နေမှာ သေချာ သည်။ ထိုပြသနာရဲ့ နောက်ဆက်တွဲကို သူ မတွေးရဲပါ။ မေမေက ဂျာနယ် ဖတ်ပြီးပြီးချင်း မ တို့ အိမ်ကို ဖုန်းလှမ်းဆက် သတဲ့။ မ က ကျောင်းသွားပို့ တယ်လည်း ဆိုရော ကျောင်းကို ချက်ချင်း လိုက်သွားခဲပါသတဲ့။

ကိုသိန်းမှာ ဘာဖြစ်မယ်မှန်း မသိပေမဲ့ ကောင်းသော သွားခြင်း မဟုတ်မှန်းတော့ သိနေခဲ့သည်။ ထို့ ကြောင့် အကျိုး အကြေင်းသိရအောင် သူ ကိုယ်တိုင်ပင် မေမေ့ကို ကားမောင်း ပို့ ပေးခဲ့ရသည်တဲ့။ သူတို့ လည်း ကျောင်းရောက်ရော မ ကလဲ ကလေး ကျောင်းပို့ ပြီး ပြန်ထွက်ဖို့  အလုပ် ဆုံကြတော့

“နင့်လို ကလေး တစ်ယောက် အမေ မုဆိုးမကများ ရာရာစစ ငါ့သားကို မြူဆွယ်ပြီးမှ လူ အထင် ကြီးအောင် ငြင်း တယ် ပေါ့လေ။ နောက်ပြီး ညည်း နာမည်ကြီးချင်တိုင်း ငါ့သားကို တွဲလို့ ဝတော့မှ အရှက် တကွဲ အကျိုးနည်းအောင် လုပ်တာ ပေါ့လေ။ ခုတော့ ဂျာနယ်ထဲမှာ ပါလာပြီး ဟိုးလေးတကျော် ဖြစ်နေပြီ။ ကောင်းကြသေးရဲ့လား” တဲ့လေ။

“သနားပါတယ် ကိုလေးရယ်။ မမြတ်နိုးဟာ တကိုယ်လုံး တုန်လာတာ မေမေကြီး လက်ထဲက ဂျာနယ်ကိုလည်း ဖတ် ပြီးရော ခွေကနဲ လဲမလို ဖြစ်သွားတာမို့  ကျွန်တော် ပြေးထိန်းလိုက်ရတယ်။ မဟုတ်ရင် သူ လဲပြီ။ တခြား ကျောင်းသား မိဘ တွေလည်း သူ့ ခမျာ အရမ်းရှက်ရှာတယ်။ ဒီကြားထဲမှာ မေမေကြီးက ငါ့ကို ဟန်ဆောင်ပြ မနေနဲ့  ဆိုပြီး”

စကား မဆက်နိုင်တဲ့ ကိုသိန်းကြောင့်

“မေမေက မ ကို ဘာလုပ်လိုက်လဲ။”

ဒေါသကြီးနေသော သူ့ မေမေ၏ တုံ့ ပြန်မှုသည် မအတွက် ဘယ်လိုမှ မကောင်းနိုင်ပါ။

“မေမေကြီးက . . . မေမေကြီးက မမြတ်နိုးကို ပါးရိုက်ခဲ့တယ်။”

“ဟာ”

သွားပြီ။ သူ တွက်ထားထက် ပို၍ ဆိုးရွားသော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီ။ ဒါမျိုးတွေကို ကြိုတွေးမိလို့  မ သည် သူ့ ကို ငြင်းခဲ့တာ ဖြစ်ပါလိမ့်မည်။ မကို သူ ဘယ်လို တောင်းပန်ရမည်လဲ။ ပါတ်ဝန်းကျင်၏ ရိုက်ပုတ်မှုကို ကြောက်ရှာသော မ ကိုမှ ကံကြမ္မာက ရက်စက်ခဲ့လေပြီ။ ကိစ္စ အားလုံးရဲ့ တရားခံသည် သူသာလျှင် ဖြစ်လေသည်။

“မ မိဘတွေကရော စိတ်ဆိုးကြလားဟင်”

“သူတို့ ကတော့ တရားရှိကြပါတယ်။ ဖြစ်ချိန်တန်လို့  ဖြစ်ရတာပဲတဲ့။ ဒါပေမဲ့ မမြတ်နိုးကတော့”

“မ က ဘာဖြစ်လဲ။ သူ ငါ့ကို စိတ်ဆိုးပြီး အရမ်း မုန်းသွားမှာ သေချာတယ်။”

“မမြတ်နိုး မနက်ဖြန် မနက်ဆိုရင် စင်ကာပူကို ပြန်တော့မယ် ကိုလေး။ ဒီတခါတော့ ပြန်မလာဘူး။ ဟိုမှာ အပြီးနေ မယ်ပြောတယ်။ နောက်နှစ်ခါကျရင် သူ့ သမီးကို ပြန်လာခေါ်မယ်တဲ့။ အဲဒါ ကိုလေးကို ပြောချင်လွန်းလို့  ချောင်းနေတာ။ မေမေကြီးက အလစ်မပေးလို့  ခုမှ သူ မသိအောင် လာရတာ။ ကျွန်တော် ပြောပြတာတွေ မေမေကြီးကို ပြန်မပြောပါနဲ့ နော်။ မေမေကြီးက ကိုလေးကို ဒီကိစ္စ ပေးမသိရဘူးလို့  ပြောထားတယ်။ ကျွန်တော်က မနေနိုင်လွန်းလို့ ”

“မပြောပါဘူး ကိုသိန်းရာ။ စိတ်ချစမ်းပါ။ ငါ မ နဲ့  ဖုန်းပြောချင်လိုက်တာ။”

“အချိန် မနည်းတော့ဘူး ကိုလေး။ ဆက်ချင်ရင် ဆက်ကြည့်လိုက်လေ။ နောက်ပြီး သူက ကျွန်တော့် ကို ကြိုမှာ ထားတယ်။ တကယ်လို့  ကိုလေး ပြန်ရောက်လာခဲ့ရင်လည်း သူ့ ကို လေဆိပ် လိုက်မပို့ ပါနဲ့ ။ သူ ထပ်ပြီး အပြောမခံနိုင် တော့လို့ ပါတဲ့။ ဖုန်းတော့ ဆက်ကြည့်လိုက်လေ။ သူလည်း သွားခါနီး ကိုလေးနဲ့  စကားပြောချင်မှာပါ”

ကိုသိန်း ထွက်သွားသည်နှင့် အလွတ်ရနေသော သူမ ဆဲလ်ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ ဖုန်းသံ ၂ချက်လောက် မြည်အပြီးမှာ သူမ ဖုန်းကိုင်ခဲ့ပါသည်။

“မ ကျွန်တော်ပါ”

“မင်း ပြန်ရောက်လာပြီလား။ နယ် သွားနေတယ်လို့  ကိုသိန်းက ပြောတယ်။”

“ကျွန်တော် ညနေကမှ ပြန်ရောက်တယ်။ ခုပဲ ကိုသိန်း ပြောပြလို့  အကြောင်းစုံ သိရတာ။ မကို ဘယ်လို တောင်းပန် ရမယ်မှန်းတောင် မသိတော့ပါဘူး။ အားလုံးဟာ ကျွန်တော့် အပြစ်တွေချည်းပါပဲ။ ကျွန်တော် မဆင်မခြင် လုပ်မိလို့  မ ထိခိုက် ခဲ့ရတာ။ နိုင်ငံခြားကို အပြီးထွက်တော့မယ်ဆို။ ကျွန်တော့်ကို စိတ်နာသွားပြီလားဟင်။ မေမေ့ ကိုယ်စား ကျွန်တော် တောင်းပန် ပါတယ်နော်။ မေမေက ကျွန်တော်နဲ့  ပါတ်သက်လာရင် အဖြစ်သည်းလွန်းတယ်။”

“မင်း မေမေမှာ အပြစ်မရှိပါဘူး ကောင်လေးရယ်။ ဒါဟာ မိခင် တစ်ယောက်ရဲ့ ကိုယ့် သားသမီးကို ချစ်ခြင်း အတ္တပဲ။ နောက်ပြီး သာမန် မိခင် တစ်ယောက် ဆိုရင်တောင် သူ့ သားကို အပျိုစင်လေးနဲ့ သာ ထိုက်တန်တယ် ထင်နေကြတာ။ မင်းလို နိုင်ငံကျော် မင်းသားတစ်ယောက်ရဲ့ အမေဟာ ပိုပြီး သားဂုဏ် မောက်ပေတော့မှာပေါ့။ သူ့ သားကို မလို မုဆိုးမ တစ်ယောက် နဲ့  သဘောမတူတာ သူ့ ဘက်က မမှားပါဘူး။

ဒါပေမဲ့ မဟာ သူ တားတာကြောင့် နောက်ဆုတ်တာတော့ မဟုတ်ဘူးနော်။ မလည်း တဇွတ်ထိုး သမားပဲ။ ကိုယ်မှန် တယ်ထင်ရင် ဇွတ် လုပ်ဖို့  ၀န်မလေးဘူး”

“မ ရယ်။ နိုင်ငံခြားမှာတော့ အပြီး မနေပါနဲ့ နော်။ ဘာပဲ ဖြစ်ဖြစ်ပါ။ မ ကျွန်တော့်ကို ပြန်မချစ် နိုင်ရင်တောင် မ ကို ကျွန်တော် မြင်တွေ့ ခွင့် ရချင်နေမိတယ်။”

“မ လည်း မြန်မာပြည်ကို ချစ်ပါတယ်။ ဟိုမှာ အကြာကြီး နေဖို့  ဆိုတာ တော်တော် ကြိုးစား ရအုံးမှာပါ။ ကိုယ့် ရေမြေ မှာ နေရတာကိုပဲ မ ပျော်ပါတယ်။ ဒါပေမဲ့လေ မ တို့ ရဲ့ အဖြစ်အပျက်တွေကို လူတွေ မေ့နိုင်လောက်တဲ့ အချိန်ကျရင်တော့ မ ပြန်လာကောင်း ပြန်လာမှာပါ။ နောက်ပြီး မင်းရဲ့ အောင်မြင်မှုတွေကို မ မြင်ချင်ပါသေးတယ်။”

“မေမေ တားတာကြောင့် နောက်ဆုတ်တာ မဟုတ်ဘူးဆိုရင် ဘာကြောင့် မ နောက်ဆုတ် တာလဲဟင်”

“မင်း အတွက်ပေါ့ ချာတိတ်ရယ်။ မင်းကို မြင်မြင်ချင်း မ ခင်ပွန်းနှင့် တူတဲ့အတွက် သတိထား ဖြစ်သွားခဲ့တယ်။ စိတ်ထဲမှာလည်း ရင်းနှီးနေသလို ခံစားရတယ်။ ဒါကြောင့်လည်း မင်း ဖုန်း ပြောဖို့  တောင်းဆိုတာကို မ မငြင်းခဲ့တာ။ မင်းနှင့် ဖုန်းပြောရင်းနဲ့ လည်း ပို ရင်းနှီးခဲ့တယ်။ မင်းကို သံယောဇဉ် ရှိလို့ သာ မင်းရဲ့ တက်လမ်းကို မ အတွက်နဲ့  မပိတ်စေချင်ခဲ့တာ။ မင်းက နာမည်ကြီးနေတုံးမှာ အိမ်ထောင်ပြု လိုက်ရင် အနည်းနဲ့  အများ မင်း အလုပ်မှာ ထိခိုက်မှာပဲ။ နောက်ပြီး မ လိုလူမျိုးကို ယူရင် သူများတွေ ပို ပြော ကြမှာပေါ့။ မ နဲ့  ပါတ်သက်တဲ့သူတွေကို မ ကြောင့် မထိခိုက်စေချင်ဘူး။”

“မ ကျွန်တော့်ကို ချစ်လား။”

“အဲဒီ မေးခွန်းကို မ မဖြေပါရစေနဲ့ ။ ဖြေဖို့ လည်း မလိုအပ်ဘူး ထင်ပါတယ်။ တချို့ ကိစ္စတွေဟာ ပွင့်ပွင့် လင်းလင်း သိတာထက် မသိတာက ပိုပြီးကောင်းမယ်လို့  မ ထင်တယ်လေ။ သိပြီး ဝေဒနာ တိုးမဲ့ အတူတူ မသိသလို နေလိုက်တာက ပိုပြီး ကောင်းပါတယ်လေနော်။”

“မ ရယ် . . . မ ကို ကျွန်တော် လေဆိပ်လိုက်ပို့ လို့  ရမလားဟင်”

“မပို့ ပါနဲ့ တော့။ ရေးချင် ပြောချင်သူတွေ ထပ်ပြီး ကုန်ကြမ်းရအောင် မ တို့  မဖန်တီးကြပါစို့ နဲ့ တော့နော်။ မ တို့  ရင်ထဲမှာ ရှိတာ အချင်းချင်း မြင်နိုင် နားလည်နိုင်ရင် တော်ပြီပေါ့နော်”

“စိတ်မဆိုးရင် ကျွန်တော် မ ကို မေးချင်တယ်။ မ နောက်ထပ် အိမ်ထောင်ပြု အုံးမှာလားဟင်”

“အချစ်အတွက်နဲ့  တော့ နောက်ထပ် အိမ်ထောင် ပြုဖြစ်တော့မယ် မထင်ဘူး။ အားကိုးစရာ အတွက်နဲ့ လည်း မ စဉ်းစားမှာ မဟုတ်ဘူး။ ဘာလို့ လဲဆိုတော့ မ က သူများကို အားမကိုး တတ်ဘူး။ နောက်ပြီး မ သမီးလေးကို ပထွေးလေး တစ်ယောက်ရဲ့ လက်မှာ မကြီးပြင်းစေချင်ဘူး။ အဖေဆိုတဲ့ နေရာ မရှိတော့ပေမဲ့ အဲဒီနေရာကို မ ပဲ ပြန်ဖြည့် ပေးမယ်။ ပထွေး ဆိုတာနဲ့ တော့ သူ့ ရဲ့ လစ်ဟာနေတဲ့ အဖေ နေရာကို မဖြည့်တော့ပါဘူး။

မင်းလည်း တစ်နေ့ မှာ ဘ၀အတွက် လိုက်ဖက်ညီတဲ့ အဖော်မွန် တစ်ယောက်ကို တွေ့ လာအုံးမှာပါ။ အဲဒီအခါ မနဲ့  ပတ်သက်ခဲ့မှုကို ရယ်စရာ အဖြစ်နဲ့  ပြန်ပြောပြနိုင် သွားလိမ့်မယ်။ မင်း အောင်မြင် နေတယ် ဆိုရင် မ လည်း ကိုယ် ပေးဆပ် ခဲ့ရတဲ့ အရာတစ်ခု အတွက် ကျေနပ် နှစ်သိမ့်ခြင်းမျိုးနဲ့  ၀မ်းသာနေမှာပါ။ မင်းကို သတိရတဲ့အခါ မင်း ပါတဲ့ ဇာတ်ကားလေး တွေ ငှားကြည့်ပါ့မယ်။ မင်းဟာ မ အတွက် ထာဝရ မိတ်ဆွေ မောင်လေး တစ်ယောက် အနေနဲ့  ရှိနေမှာပါ။ ”

x x x x x x

မ သူ့ အပါးမှ ထွက်ခွာသွားခဲ့ပြီး တစ်နှစ်ကျော် အကြာတွင် သူ အကယ်ဒမီ ရရှိခဲ့ပါသည်။ ထို သတင်းကို မ ကြားရင် သူ့ အောင်မြင်မှုအတွက် ၀မ်းသာမည် ထင်ပါသည်။ သူ့ အခွေတွေ ထွက်တိုင်း လူကြုံရှာပြီး မ ထံပို့ ပေးခဲ့ပါသည်။ သူ့ အခွေ တွေကို လက်ခံရုံကလွဲပြီး မ ဆီက ဘာမှ ပြန်မဆက်သွယ်ခဲ့ပါ။ သူ ပေးလိုက်သော အခွေတွေကို ကြည့်ရင်း မ သူ့ ကို လွမ်းနေ မလားဟု သူ မှန်းဆနေမိသည်။

ထို့ အတူပင် သူသည်လည်း မင်းသမီးများ၊ ရင်းနှီးသောသူများနှင့် စကားပြောဆိုတိုင်း သူ့ ကို စိမ်းစိမ်း ပြတ်ပြတ် ဆက်ဆံတတ်သော ရင့်ကျက် တည်ငြိမ်လွန်းသည့် မ ကို မြင်ယောင်ရင်း လွမ်းနေဆဲပင်။

မေဇူး

(၂၀၀၅ ခုနှစ်၊ မေလ၊ အပျိုစင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: