သင်္ကြန် နတ်သမီး ပုံပြင်

မြန်မာနိုင်ငံရဲ့ ပွဲတော်များထဲတွင် သင်္ကြန်သည် ချစ်စရာအကောင်းဆုံး၊ အပျော်ရွှင်ရဆုံး၊ ကြည်နူးစရာ အကောင်း ဆုံး၊ ရက်အကြာဆုံး ပွဲတော်တစ်ခု ဖြစ်သည်။

သူ ငယ်ငယ်လေးထဲက သင်္ကြန်ရောက်မှာကို တစ်လလောက် ကြိုပြီး ပျော်တတ်ခဲ့သည်။ သင်္ကြန်ကို ချစ် သော သူ့ အတွက် ဘ၀နှင့် ရင်းပြီး ဖန်တီးရမည့် ကိစ္စတစ်ခုကို သင်္ကြန်ကပဲ အဆုံးအဖြတ် ပေးခဲ့တာမို့ သူ့ ဘ၀မှာတော့ ၂၀၀၆ ခုနှစ် သင်္ကြန်သည် ဘ၀အတွက် မမေ့နိုင်သော မှတ်တိုင် တစ်ခု ဖြစ်ခဲ့လေသည်။

ဒီနှစ် ၂၀၀၆ ခုနှစ်ဟာ ငါ့အတွက်တော့ ပျော်စရာပဲ။ ဘာဖြစ်လို့ လဲ ဆိုတော့ နှစ်ဦးရဲ့ ပထမဦးဆုံး (၁.၁.၂၀၀၆) နေ့ မှာ နင် ပြန်လာမှာ မို့ လို့ ပေါ့။ သတိရနေတယ် သင်္ကြန်။ နင့်ကို ငါတို့  နှစ်ယောက် လေဆိပ်မှာ လာကြိုမယ်။
ဟေမာန်

သင်္ကြန်ဆီ Email ပို့ ပြီးချိန်မှာတော့ သူမစိတ်တို့  ကြည်လင် လန်းဆန်း လာခဲ့သည်။ မကြာခင်မှာပဲ သူမ တို့ ရဲ့ ချစ်လှစွာသော သူငယ်ချင်းလေးနှင့် ပြန်ဆုံရပါတော့မည်။ တွေးကြည့်ရုံနဲ့ တင် ၆နှစ်ကျော် ရနှစ် နီးပါး ခွဲခွာနေရသော သင်္ကြန့်  ကို လွမ်းဆွတ် လာမိတော့သည်။

၂၀၀၆ ခုနှစ်ရဲ့ ပထမဦးဆုံး နေ့ ရက်မှာတော့ ၀ဿန်နှင့် ဟေမာန် နှစ်ယောက်လုံး မင်္ဂလာဒုံ လေဆိပ်မှာ စိတ် လှုပ်ရှားစွာဖြင့် သင်္ကြန့် ကို လာကြိုကြလေသည်။ ခွဲခွာနေရသော နှစ်များအတွင်းမှာ အရာရာကို အဆန်းထွင်တတ်သော သင်္ကြန်က တစ်ယောက်နှင့် တစ်ယောက် ဓါတ်ပုံ မပို့ ကြေးဟု သတ်မှတ်ခဲ့သည်။ ပြောင်းလဲနေသော ရုပ်သွင်တွေကို သူ မြန်မာပြည် ပြန်ရောက်မှ တွေ့ လိုပါသည်တဲ့။ သူ့ ဓါတ်ပုံကို လုံးဝ မပို့  သလို ၀ဿန်နှင့် ဟေမာန်ပုံကိုလည်း မတောင်းခဲ့။ သူမတို့  နှစ်ယောက်က မနေနိုင်စွာဖြင့် စာတိုက်မှ ဓါတ်ပုံ ပို့ လိုက်တော့လည်း ဖွင့်၍ပင် မကြည့်ပဲ ပြန်ပို့ ပေးခဲ့တာမို့  သူမ တို့  လက်လျှော့ လိုက်ရသည်။ သူပြောသလို မြန်မာပြည် ပြန်ရောက်မှ တွေ့ ကြရုံသာ ရှိတော့သည်။

ဒီတော့လည်း မမြင်ရတာ ကြာပြီဖြစ်သော သင်္ကြန့် ရုပ်သွင်ကို မှန်းဆရင်းနဲ့ သာ သူငယ်ချင်း နှစ်ယောက် လေဆိပ် ရောက်လာရသည်။ လေယာဉ်ပေါ်မှ ဆင်းလာသော လူအုပ်များကြားထဲမှာ ထင်းနေအောင် ချောမောနေသော ရုပ်၊ မြင့်မားသော အရပ်အမောင်းနှင့် ကုတ်အင်္ကျီ အနက်၊ နေကာ မျက်မှန် အနက်တို့ ကို တွဲဖက် ၀တ်ဆင်ထားသောသူ ဟာ သင်္ကြန်ပဲ ဖြစ်ရမည်လို့  သူမတို့ နှစ်ယောက်လုံးက ယုံကြည်လေသည်။ ထို့ အတူပဲ သူ့ ရဲ့ ဦးတည်ရာကလည်း သူမ တို့ နှစ်ယောက်ဆီကိုသာမို့  ပြုံး၍သာ ကြည့်နေကြသည်။

သင်္ကြန်ကလည်း ခေတ်မီ ပုံဆန်း ဆံပင်ကောက်ကောက်လေးများ ကျောပေါ်မှာ ဖြာကျနေကာ အနက် ရောင် ကိုယ်ကျပ်အင်္ကျီအပေါ်မှာ ပါးလွှာသောအစလေးကို အသည်းယားစဖွယ် ခြုံလွှမ်းထားပြီး စကပ် တိုတိုနှင့် ကောင်မလေး ကိုတစ်လှည့်၊ ပေါင်လယ်လောက်ရောက်အောင် ရှည်လျားနေသော ဆံပင် ထူထူ စင်းစင်းများကို စကတ်ပုဝါလေးနှင့် ခပ်လျော့လျော့ စီးထားပြီး ပိုးဝမ်းဆက် နီညိုရောင်လေးကို မြန်မာ ဆန်စွာဝတ်ထားသော ကောင်မလေးကိုတစ်လှည့် ကြည့်ရင်း ဘယ်သူက ဟေမာန်၊ ဘယ်သူက ၀ဿန် ဖြစ်မလဲရယ်လို့  ဝေခွဲမရဟန်ဖြင့် ခေတ္တ ငြိမ်သက်သွားခဲ့သည်။

ထို့ နောက်မှာတော့ သူ့ ရှေ့ မှ ခေတ်ဆန်ဆန် ကောင်မလေးရဲ့ ပုခုံးကို လှမ်းဖက်ကာ “ဟေမာန်”လို့  ၀မ်းသာ အားရ ခေါ်လိုက်ချိန်မှာတော့ ၀ဿန့် မျက်ဝန်းများ မှိန်ဖျော့ သွားခဲ့ပါသည်။

“နင် အရမ်းလှလာတယ် ဟေမာန်။ နင့်ကို ငါ မမှတ်မိ နိုင်လောက်အောင်ပါပဲ။ အရင်လို နှပ်ချီးတွဲလောင်းနဲ့  အပျင်းထူတဲ့ ကောင်မလေး မဟုတ်တော့ဘူး။”

“နင်လည်း ဒီလိုပါပဲ သင်္ကြန်ရယ်။ အရင်လို မဲမဲ ပိန်ပိန်လေးနဲ့  ငါးကျည်းခြောက်လေးမှ မဟုတ်တော့တာ။”

“နင် ငါတို့ ကို ခွဲသွားတာ အကြာကြီးပဲနော်။”

“ဟုတ်တယ်။ ခုနှစ်နှစ်နီးပါးတောင် ရှိနေပြီပဲ။ ငါလဲ ပြန်လာချင်တာကြာပြီဟ။ ဒယ်ဒီ့ အလုပ်တာဝန် ကြောင့်သာ နေနေရတာ။ ဟိုမှာနေတဲ့ ကာလ တလျှောက်လုံး နင်တို့ ကို ငါ လွမ်းနေခဲ့တာ။ အားရင် ငါ့ဆီလာတဲ့ ဟေမာန့်  Email လေးတွေ ဖတ်ပြီးတော့ပဲ မြန်မာပြည်ကို အလွမ်းဖြေ နေရတာ။ ၀ဿန် တစ်ယောက်ကတော့ ငါ့ဆီကို စာလေးတစ်စောင် တောင် ရေးဖော်မရဘူး။ သိပ်နေနိုင်တာပဲ။”

သူ့ ရဲ့ စကားကို ၀ဿန်က အပြုံးလေး တစ်ချက်ဖြင့်သာ နှစ်သိမ့်လိုက်သည်။

“နင်လို အရင်လို ၀တုတ်လေး မဟုတ်တော့ဘူး။ လှလာပြီ။ ဒါပေမဲ့ ဟေမာန့် ကိုတော့ မမှီသေးဘူး”

“ဟေမာန့် လို မော်ဒယ်ဂဲလ် တစ်ယောက်ကိုတော့ ငါက ဘယ်မှီနိုင်ပါ့မလဲ။ ငါက အစထဲက သူ့ လောက်မှ မလှတာ”

“အမယ်၊ ဟေမာန်က တယ်ဟုတ်ပါလား။ မော်ဒယ်တောင် လုပ်နေပြီပေါ့။ ၀ဿန် နင်ကရော ဘာလုပ် နေလဲ။”

“၀ဿန်ကလည်း နာမည်ကြီး စာရေးဆရာမ ဖြစ်နေပြီ သင်္ကြန်ုရဲ့။ နင် မသိသေးဘူးနော်။ အခုဆိုရင် သူ့  ၀တ္ထု တွေက ခုခေတ် လူငယ်တွေ ကြားမှာ ရေပန်းစားနေပြီ။ ”

“အိုး တယ်ဟုတ်ပါလား။ ငါ့ သူငယ်ချင်း နှစ်ယောက်စလုံးက အောင်မြင်နေပြီပဲ။ ငါကတော့ ခုမှ ဒီမှာ စီးပွားရေး အခြေချမှာ ဆိုတော့ နင်တို့ ကို မှီအောင် ကြိုးစားရအုံးမယ်။ ကဲလာ ပြန်ကြစို့ ။”

ပြောပြောဆိုဆို ဟေမာန့်  ပခုံးကို ဖက်ကာ သင်္ကြန်ုက ရှေ့ မှ ထွက်ခွာသွားတာမို့  ၀ဿန်မှာ သူတို့  နောက်မှ အပြေးလိုက်ခဲ့ရသည်။ သင်္ကြန်ုက ဒီလိုပဲလေ။ ဟေမာန့် ကို ဆိုလျှင် ၀ဿန်ထက် အချစ်ပိုမြဲ။

သင်္ကြန် နိုင်ငံခြားသွားသည့်နေ့ က မြင်ကွင်းလေးကို ၀ဿန် မျက်စိထဲ မြင်ယောင်လာသည်။

ငယ်ငယ်လေးထဲက အတူတကွ ကြိးပြင်းလာခဲ့သော သူငယ်ချင်း တစ်ယောက်ကို ရုတ်တရက်ကြီး ခွဲခွာရမည်ဆို တော့ ခံစားလွယ် သော ၀ဿန် တစ်ယောက် မျကရည် မဆည်နိုင်ခဲ့။ သင်္ကြန်က သူ့ ဒယ်ဒီ တာဝန်ကျရာ သြစတေးလျား နိုင်ငံသို့  လိုက်ပါသွားရမှာ ဖြစ်သည်။ စားအတူ၊ သွားအတူ ၃ယောက် ရှိနေကျရာမှ ခွဲသွားရမှာမို့  ဟေမာန်ရော၊ ၀ဿန် ပါစိတ်မကောင်းခဲ့။

သင်္ကြန် သွားမဲ့နေ့ မှာ လိုက်ပို့ ကျတော့ ၀ဿန်က မျက်ရည်မကျပဲ ရင်ထဲမှာ ကြိတ်ငိုပေမဲ့ ဟေမာန် ကတော့ ဟန်မဆောင်နိုင်စွာ ငိုကြွေး နေခဲ့သည်။ သင်္ကြန်က ဟေမာန့် ကို ဖက်ရင်း နဖူးလေးကို အသာ နမ်းကာ

“ငါ့ကို သတိရနေနော်” တဲ့။

ဝဿန့် ကိုတော့ မှာဖို့  မေ့လျော့ နေခဲ့ပုံရသည်။

“နင့်ကို ငါ နေ့ တိုင်းသတိရနေမယ်။ ငါ့ဆီကို စာရေးနော်။ ရှုပ်ပါတယ်ကွာ။ စာရေးရင် ကြာတယ်။ ငါ့ဆီကို Email ပို့ ကွာ။ ဟိုရောက်ရင် ငါ့ Email address ပို့ လိုက်မယ်။ နင် ငါ့ဆီကို နေ့ တိုင်း Email ပို့ နော် ဟေမာန်။”

“ငါ့မှာ ကွန်ပျူတာတို့  ဖုန်းတို့ မှ မရှိတာ။ ဘယ်လိုလုပ် နင့်ဆီကို Email ပို့ နိုင်မှာလဲ။ ငါ ဆင်းရဲတာ သိသိချည်း နဲ့ ”

“၀ဿန့် အိမ်မှာ ကွန်ပျူတာ ရှိတာပဲ။ အဲဒီကနေ ပို့ ပေါ့။ ဟုတ်ပြီလား။”

သင်္ကြန် အထူးဂရုစိုက်ပြီး နှုတ်ဆက် မှာကြားသွားသူက ဟေမာန် တစ်ယောက်ထဲရယ်သာ။ ဒါကို အစ ထဲက ၀ဿန် သိခဲ့ဖို့  ကောင်းသည်လေ။ ၀ဿန်မှာတော့ နေ့ တိုင်း Email မျှော်ရသော အလုပ်တစ်ခု တိုးလာခဲ့သည်။

သင်္ကြန် သွားပြီး တစ်ပတ်ခန့်  အကြာမှာတော့ သင်္ကြန့် ဆီမှ ဟေမာန့် နာမည် ခေါင်းစဉ်တပ်ထားသော Email တစ်စောင်ကို ၀ဿန် ရရှိခဲ့ပါသည်။ သင်္ကြန် Email လိပ်စာရခဲ့ပြီမို့  ဟေမာန့် ကို အိမ်ခေါ်ကာ ၀မ်းသာ အားရ ပြောခဲ့ပေမဲ့ ဟေမာန်က ဘာမှ ခံစားရပုံ မပေါ်ပေ။ ဒီလိုပဲ သူမက လူအနားမှာ ရှိနေခဲ့ရင်သာ သဲသဲ လှုပ် ခံစားရပြီး ထိုသူ မရှိလျှင် မေ့မေ့ ပျောက်ပျောက် ရှိနေတတ်ခဲ့သည်။

သင်္ကြန့်  စာထဲမှာ သာကြောင်း မာကြောင်းနှင့် ဟေမာန့် ကို သတိရကြောင်းတို့ ကသာ အဓိက ပါဝင် လေသည်။ စာဖတ်ပြီး စာပြန်လိုက်ပါအုံးဆိုတော့ ပျင်းသည်ဟု အကြောင်းပြကာ အိမ် ထပြန်သွားခဲ့သည်။ မနေနိုင်သော သူမမှာသာ သင်္ကြန်ဆီ စာပြန် ဖြစ်ခဲ့သည်။

သင်္ကြန်
နင့်ကို ငါ အရမ်းသတိရနေတယ်။ နေ့ တိုင်းလည်း လွမ်းနေတယ်။ နင် စာကြိုးစားနော်။ အားရင် ငါ့ ဆီကို Email ပို့ ပါအုံး။
နင့်ရဲ့ ၀ဿန်

စာရဲ့ အဆုံးမှာ ၀ဿန်လို့  ရိုက်ပြီးခါမှ ပြန်ဖျက်ကာ ဟေမာန် ဟုပြန်ပြင် ရိုက်ဖြစ်ခဲ့သည်။ ဒါဟာ နင့်အပေါ်ထား တဲ့ ငါ့ရဲ့ စေတနာပါ သင်္ကြန်။ ငါ့မှာ တခြား ဘာရည်ရွယ်ချက်မှ မရှိခဲ့ပါဘူး။ နင် မမျှော်လင့်တဲ့ ငါ့ဆီက စာထက် နင် မျှော်လင့်နေတဲ့ ဟေမာန့် ဆီက စာဆိုရင် နင်ပိုပြီး စိတ်ချမ်းသာအောင်လို့ ပါ။

နင် ဖတ်ချင်တဲ့ ဟေမာန်ရဲ့ စာတွေကို နင် နေ့ စဉ် ဖတ်ခွင့် ရှိအောင် ငါ ဖန်တီးပေးမယ်လေ။ အဝေးမှာ ရှိတဲ့ ငါ တို့ ရဲ့ သူငယ်ချင်းလေး မပျင်းအောင် ငါ ကြိုးစားပေးရမှာပေါ့။

နောက်ရက်များမှာတော့ သင်္ကြန့် စာကို စိတ်ဝင်တစား လာမဖတ်တတ်သော ဟေမာန့် ကို တကူးတက မခေါ်ဖြစ် တော့ပါ။ သင်္ကြန့် ဆီကိုတော့ နေ့ စဉ် Email ပို့  ဖြစ်ခဲ့သည်။

အချိန်ဆိုသော အရာသည် လူတို့ ကို ပြောင်းလဲ စေတတ်ခဲ့ပြီ။ ငယ်စဉ်ထဲက အလှအပ ကြိုက်တတ်သော ဟေမာန်သည် အလှအပကို ကိုးကွယ်တတ်လာခဲ့ပြီ။ ထို့ အပြင် သူမ အလှအပကို ကိုးကွယ်သောသူ များပြား တာကို လည်း သာယာ တတ်ခဲ့ပြီ။ သူမ၏ အလှကို စနစ်တကျ မွေးမြူ အရောင် တင်ခဲ့ပြီ။

ဆယ်တန်းအောင်ပြီးလို့  တက္ကသိုလ် တက်ချိန်မှာတော့ ၀ါသနာပါရာ ဦးတည်ချက်ချင်း ကွဲပြားသွားသော သူမတို့ နှစ်ယောက် သိပ်မတွဲ ဖြစ်တော့ပေ။

စာတိုပေစများ ရေးစပြုလာပြီဖြစ်သော ၀ဿန် ဦးတည်ရာ မဂ္ဂဇင်းတိုက်များကို ဟေမာန်က စိတ်မ၀င်စား သလို၊ ဟေမာန် ကျက်စားရာ ဗိုလ်ချုပ်ဈေး၊ မော်ဒယ်သင်တန်း၊ Fashion Show များနှင့် ၀ဿန်ကလည်း မနီးစပ်ခဲ့ပါ။ အိမ်ချင်းနီး ပေမဲ့ လူချင်းက တစ်ပတ် တစ်ခါပင် မတွေ့ ဖြစ်ခဲ့။ ဒီလိုကြိုးစားရင်းနဲ့ ပဲ ကိုယ် ၀ါသနာ ပါရာ နေရာ အသီးသီးမှာ အောင်မြင် စပြုလာခဲ့ပြီ။ ခုလည်း သင်္ကြန်ပြန်လာမှာမို့ သာ ၀ဿန့်  ကားနှင့် လေဆိပ်ကို လာကြိုကြတာ ဖြစ်သည်။ အပြန်လမ်းမှာ တော့ ဟေမာန့် လက်ကိုဆွဲကာ ရယ်မောရင်း ကားနောက်ခန်းမှာ ၀င်ထိုင်သော သင်္ကြန်က သူမကို တစ်ခုခု ပြောဖို့  မေ့လျော့နေခဲ့သည်။ ကားမောင်းသူ နေရာမှာ ၀င်ထိုင်ရင်း နောက်ကြည့်မှန်မှ တဆင့် သူတို့ နှစ်ယောက်ကို ငေးကြည့် နေခဲ့မိသည်။

သင်္ကြန်ပြောသမျှကို ကိုယ်လေး သိမ့်သိမ့်ခါအောင် ရယ်ရင်း၊ သင်္ကြန့်  လက်မောင်းကို အားကိုးတကြီး ဖက်တွယ် ထားသော ဟေမာန့်  မျက်ဝန်း အကြည့်လက်လက်များက ၀ဿန့် ကိုတောင် ခြေလှမ်းမှား စေပါသည်။ ဒီပုံဆိုရင်တော့ သင်္ကြန်လည်း ဟေမာန့်  အလှကွန်ရက်မှ ရုန်းထွက်နိုင်မည် မထင်ပေ။

သက်မမောကိုသာ အသာချမိသည်။ တွယ်တာခဲ့ရသော သူငယ်ချင်းကို မြင်တွေ့ ခွင့်ရရုံနဲ့ တင် ကျေနပ်ပါပြီ လေ။ ၀ဿန့် အချစ်က တော့ မျှော်လင့်ခြင်းမပါသော အဖြူရောင်ရယ်သာ။

ဝဿန် တွက်ထားသည်ထက် စောစီးစွာပဲ ကိစ္စတစ်ခုကို ရင်ဆိုင်လိုက်ရပါသည်။ သင်္ကြန် ရောက်ပြီး တစ်လ မပြည့်ခင်မှာပဲ ဟေမာန်နဲ့  ချစ်သူတွေ ဖြစ်သွားကြပြီ။

သင်္ကြန် ပြန်လာပေမဲ့ ဟေမာန်က အရင်တွဲလက်စ ဇာတ်လမ်းဟောင်းများနှင့် မပြတ်သားသေးပေ။ ဒီတော့ သင်္ကြန့် ကိုယ်စား ၀ဿန့် မှာ ရင်မောရသည်။ မိမိမှာရှိသင့်တာထက် ပိုလိုချင်သော ဟေမာန့်  စိတ်ဓါတ် ကလည်း ပြင်ဖို့  မလွယ်။ ငယ်စဉ်ထဲက ချို့ တဲ့စွာ ကြီးပြင်းခဲ့ရတာမို့  ချမ်းသာချင်သော စိတ်က ဟေမာန့် မှာ အရိုးစွဲ နေခဲ့သည်။ ဒါကြောင့်ပဲ ဟေမာန့် မှာ သင်္ကြန် မလာခင်က ဇာတ်လမ်းပေါင်း များစွာ ရှိခဲ့သည်လေ။

အလှအပကို အားကိုးပြီး လျှောက်လှမ်းနေရသော မော်ဒယ် ဖက်ရှင်အလုပ်ကို ဟေမာန်က မစွန့် လွှတ်နိုင် တာ ကို သင်္ကြန်က မတားပေမဲ့ အရမ်းကြီး သရုပ်မပျက်ဖို့ တော့ အမြဲတမ်း သတိပေးတတ်သည်။

တစ်နေ့ မှာတော့ ၀ဿန့် ဆီကို ဟေမာန် ဒေါသတကြီး ရောက်ရှိလာခဲ့သည်။

“နင်က ငါ့နာမည်နဲ့  သင်္ကြန့် ဆီကို Email တွေ ပို့ နေခဲ့တယ်ဆို။ ဒါ ဘာသဘောလဲ။ ငါ့ကွယ်ရာမှာ နင်က ကျိတ် ပုန်းခုတ်တာလား။”

“ငါ့ကို မစွပ်စွဲနဲ့  ဟေမာန်။ သင်္ကြန် ထွက်သွားထဲက Email တွေ နေ့ တိုင်းပို့ တတ်တာ နင်အသိပဲ။ နင့်နာမည်နဲ့  ရောက်ရောက် လာတဲ့စာတွေကို နင် ဘယ်တုန်းက စိတ်ဝင်တစား လာကြည့်ဖူးလို့ လဲ။ သင်္ကြန့် ကို စိတ်ချမ်းသာစေချင်လို့  နင့်နာမည်နဲ့ ငါ စာပြန်ရေးနေတာ နင်လည်း သိနေတာပဲ။ ငါ နင် မသိအောင် ဘာများလုပ်ဖူးလို့ လဲ။”

“ဆောရီး ၀ဿန်၊ ငါ မှားသွားတယ်။ ငါ့ကို သင်္ကြန်က Email တွေ အကြောင်း မေးရင် ငါ့မှာ ဘာပြန်ပြော ရမှန်း မသိဘူး။ ဒါကြောင့် နင်တို့  ဘာအကြောင်းတွေ ပြောတတ်လဲ ဆိုတာ ငါ့ကို ပြန်ပြောပြဟာ။”

“သူနဲ့  ငါနဲ့  ပြောဖြစ်တာက ဘာမှ ထူးထူးဆန်းဆန်းတော့ မဟုတ်ဘူး။ သာကြောင်း၊ မာကြောင်းနဲ့  ဒီနေ့  ဘာလုပ်တယ်၊ ဘယ်သွားတယ် ဆိုတာလောက်ပဲ။”

“အေးလေ၊ ဒါဆိုရင်လည်း ပြီးတာပဲ။”

ဟေမာန်က ပြီးရော ဆိုပေမဲ့ တကယ်တမ်း မပြီးနိုင်သူမှာ သင်္ကြန် သာ ဖြစ်သည်။ နေ့ ခင်းဖက်တွေ့ ပြီးတာ တောင် ညဖက်မှာ ဟေမာန့် နာမည်ဖြင့် Email တွေ ပို့ မြဲ။ ထိုအခါမျိုးမှာ ၀ဿန့် မှာ စိတ်လည်း ညစ်ရသလို ပျော်လည်း ပျော်ရွှင်ရသည်။ သင်္ကြန် နေ့ စဉ်ပို့ နေသော Email များကြောင့်ပဲ သင်္ကြန် နှင့် ဟေမာန့်  ဇာတ် လမ်း ကို မသိချင်ပဲ ၀ဿန့်  မှာ သိနေရပြန်သည်။

သင်္ကြန်က သူတို့ သွားသည့် နေရာတိုင်း ၀ဿန့် ကို ခေါ်တတ်တာကို ဟေမာန်က မကျေနပ်ပေ။ ဒါကြောင့်ပဲ တတ်နိုင်သမျှ သူတို့  နှစ်ယောက်နှင့် ဝေးအောင် ၀ဿန် ရှောင်ရပါသည်။ သို့ သော်လည်း အိမ်ချင်း ကပ်ရက် အတူနေကြ တာမို့  ရှောင်တိမ်းဖို့ က သိပ်မလွယ်ကူပေ။

တစ်နေ့  ၀ဿန့် အိမ်ကို သင်္ကြန် ရောက်နေတုံး ဟေမာန်ပါ ရောက်လာခဲ့သည်။ ခြံထဲက ဒါန်းမှာ နှစ်ယောက်အတူ ထိုင်နေတာကို တွေ့ တော့ မနှစ်မြို့ သလို ကြည့်ရင်း

“သင်္ကြန် ဟေမာန် အပြင်သွားချင်တယ် လိုက်ပို့ ”

“ဘယ်သွားမှာလဲ ဟေမာန်ရာ။ နေပူရတဲ့ အထဲ အိမ်မှာ အေးအေးဆေးဆေး နေစမ်းပါကွာ။ ဒီအချိန် အပြင်ထွက် ရတာ မမိုက်ဘူး”

“မထွက်လို့  မရဘူး။ ခေါင်းလျှော်ချင်နေပြီ။ အဲဒါ မြို့ ထဲက Vilus တစ်ဆိုင်ဆိုင်ကို လိုက်ပို ပေ့းကွာ။”

“ဟင် ဟေမာန်က ဆိုင်မှာ ခေါင်းလျှော်တာလား။ အိမ်မှာ မလျှော်ဘူးလား။”

“အမယ်လေး သင်္ကြန်ရယ်။ ဆိုင်မှာ ခေါင်းလျှော်တာများ ဆန်းလို့  ဘာများ ရေးကြီး ခွင်ကျယ် ဖြစ်နေရတာတုံး။ ကိုယ့်ဘာသာကိုယ် ခေါင်းလျှော်ရတာ ပျင်းစရာကြီး။ အရင်က ပိုက်ဆံ မတတ်နိုင်လို့  အိမ်မှာလျှော်တာ။ ခု မော်ဒယ်လုပ်ပြီး နောက်ပိုင်း ဆိုင်မှာပဲ လျှော်တော့တယ်။”

“ဆိုင်မှာ လျှော်တယ်ဆိုတာ သရော် ကင်ပွန်းသီးနဲ့ လား။ ”

“ဟယ် သင်္ကြန်ရယ် နင် ဘယ်လိုများ ဖြစ်နေတာလဲ။ ရှေးခေတ်က အယူအဆတွေ ပြောနေပြန်ပြီ။ ငါက Shampoo နဲ့ ပဲလျှော်တယ်။ သရော်ကင်ပွန်းကို လျှော်လည်း မလျှော်ဘူး။ ကြိုက်လည်း မကြိုက်ဘူး။ လာကွာ စကား များတယ်။ သွားမယ်။”

ဟေမာန် ဆွဲခေါ်ရာနောက်ကို မလိုက်ချင် လိုက်ချင် လိုက်ပါသွားသော သင်္ကြန့်  မျက်ဝန်းထဲတွင် အလိုမကျမှု အရိပ်အယောင် တစ်ခုကို တွေ့ ရသည်။ နောက်နေ့ နေ့ ခင်းဘက် ၀ဿန် ခေါင်းလျှော်နေတုံး သင်္ကြန် ရောက်လာခဲ့သည်။ သူ စောင့်နေတာမို့  ဆံပင်ကိုတောင် ရေစင်အောင် မသုတ်နိုင်ပဲ သနပ်ခါး ကမန်းကတန်းလူးကာ အင်္ကျီတစ်ထည်ကို ကောက်စွပ်ရင်း အောက်ဆင်းလာတော့ ခြံထဲမှာ ထိုင်နေသော သင်္ကြန့် ကို တွေ့ ရသည်။

“ဟေမာန်ရော မပါဘူးလား”ဆိုတော့

“သူ ရှိုးပွဲ တစ်ပွဲရှိလို့  အလုပ်ရှုပ်နေတယ်။”တဲ့

“နင် မလိုက်ပေးဘူးလား။ တော်ကြာ သူ တစ်ယောက်ထဲ ဖြစ်နေအုံးမယ်။”

“ထားပါဟာ။ သူက ငါမပါလည်း ဖြစ်နေတာပဲ။ ၀ဿန် နင့် ဆံပင်ရှည်ကြီးက အရမ်းလှတာပဲ။ နောက်ပြီး ဆံသား လည်း ကောင်းတယ်။ ထူပြီး ဆင်းအိနေတာပဲ။ နင့်ဆံပင်ကို ဘယ်လို ထိန်းသိမ်းလဲ”

“အမယ်လေး သင်္ကြန်ရယ် နင်ကလည်း ယောကျာ်းလေး ဖြစ်ပြီး စပ်စုလိုက်တာ။ ငါက ဆံပင်ကို တရော် ကင်ပွန်း နဲ့  အမြဲ လျှော်တယ်ဟ။ နောက်ပြီး ဆံပင်ကို အမြန် ခြောက်အောင် ဆိုပြီး Dryer တွေဘာတွေ မဆွဲဘူး။ Dryer က အမြဲ သုံးရင် ဆံပင် ပျက်စီးတယ်ဟ။ ဒါကြောင့် ခေါင်းလျှော်ပြီးရင် ခြောက်အောင် တဘက်နဲ့  သုတ်ရတာ လက်ကို ညောင်းရော ပဲ။ ခေါင်းတစ်ခါလျှော်တိုင်း ဆံပင်ကို ယောကျာ်းလေးလို အတိုညှပ်ပစ်ချင်စိတ် ပေါ်မိတယ်။ ဒါပေမဲ့ ဆံပင်လည်း ခြောက် ရော လက်ညောင်းတာလည်း မေ့သွားရော။ ဟင် .. နင် ငါ့ကို ဘာကြည့်နေတာလဲ သင်္ကြန်”

“နင့်လိုမျိုးပဲ ဟေမာန်လည်း ညည်းဖူးတယ်။ သူ ခေါင်းလျှော်ပြီးတိုင်း ခံစားရတာ ဆိုပြီး စောစောက နင်ပြောတဲ့ အတိုင်းပဲ။ ဒါပေမဲ့ သူ့ ဆံပင်တိုတိုလေးကို ဆိုင်မှာလျှော်တယ် ဆိုပြီး ငါ့ဆီကို Email ပို့ တော့ ဘာလို့  အဲဒီလို ပြောရတာ လဲ”

ဘုရားရေ – ဒုက္ခတော့ ရောက်ပြီ။ တကယ်တမ်းမှာတော့ Email ပို့ သူဟာ ၀ဿန်သာ ဖြစ်တာမို့  စာထဲမှာ ရေး သမျှသည် ၀ဿန့်  ခံစားချက်သာ ဖြစ်နေတတ်သည်။ သင်္ကြန်များ ရိပ်မိသွားလားလို့  အကဲခတ်တော့ ဇဝေဇ၀ါ မျက်ဝန်း များနှင့် သင်္ကြန်ကို တွေ့ ရသည်။

“၀ဿန် နင့်ဆံပင်လေးတွေကို ခဏလောက် နမ်းချင်တယ် ရမလား။”

သင်္ကြန်ဟာ နိုင်ငံခြားမှာ အနေကြာလာလို့ လား မသိ အပြောအဆို ရဲတင်းလှသည်။ ခုလည်း သူမ ဆီမှ စကား ပြန်မရခင်မှာပင် သူမ ဆံပင် တထွေးကြီးကို နမ်းရှိုက်နေခဲ့ပြီ။ ကြာရင် ခက်ရချည်ရဲ့ သင်္ကြန်ရယ်။ နင့်အပေါ် ယိုင်နဲ့ နေတဲ့ ငါ့စိတ်တွေကို နင်မမြင်နိုင်ပါဘူးနော်။

နင့်ကို နှစ်ပေါင်းများစွာ အာပေးခဲ့တာ၊ အဖော်လုပ်ပေးခဲ့တာ ဟေမာန် မဟုတ်ပဲ ငါဆိုတာ သိရင် နင် ဘယ်လို များ နေမလဲလို့  သိချင်ပါရဲ့။ ဒါပေမဲ့ နင့်ရဲ့ စိတ်ကို လွှမ်းမိုး သွားနိုင်လောက်အောင် ငါက မလှဘူးလေ။ ငါတို့ ပြန်ဆုံကြ တော့ နင့်ဆီ Email တွေ ပို့ နေတာ ငါရယ်လို့  မပြောနိုင်ခင်မှာပဲ နင်က ဟေမာန့် ကို ရွေးချယ်ခဲ့ပြီ။ တကယ်လို့  နင်သာ ငါတို့ နှစ်ယောက်လုံးကို အတူတူ သဘောထားမယ်ဆိုရင် နင် ပျော်ရွှငအောင် Email တွေ ပို့ နေသူဟာ ငါပဲရယ်လို့  ပြော ပြမလို့ ပါ။ ဒါပေမဲ့ နင်က ငါ့ထက်လှတဲ့ သွက်လက်တဲ့ ဟေမာန့် ကို ရွေးချယ်ခဲ့ပြီပဲ။ ငါ ဘာများပြောနိုင်မှာလဲ သင်္ကြန်ရယ်။

ဒါပေမဲ့ ရင်နာဖို့ ကောင်းတာက နင်တို့  ချစ်သူဖြစ်ပြီး နောက်ပိုင်း ပို့ တတ်တဲ့ Email တွေထဲမှာ နင်ဟာ Email တွေကြောင့် သံယောဇဉ် တွယ်ခဲ့ရတဲ့ ဟေမာန့် ကို ရွေးချယ်ခဲ့တာလို့  သိရချိန်မှာ ငါ အရမ်း ခံစားခဲ့ရတယ်။အခုချိန်ကျမှ နင့်ဆီကို အမြဲတမ်း ဆက်သွယ်နေခဲ့တာ ဟေမာန် မဟုတ်ပဲ ငါပါလို့  ၀န်ခံလို့  ဖြစ်မယ်တဲ့လား။

ဟေမာန်ရဲ့ နင့်အပေါ်ထားတဲ့ သဘောထားကို သိနေတော့ ပိုပြီး ရင်လေးမိတယ်။ ဟေမာန်ဟာ ချမ်းသာချင် တယ်။ ဒါကြောင့်လည်း သူ့ အလှကို ကိုးကွယ်တဲ့သူတွေထဲက အရမ်း ချမ်းသာတဲ့လူကို ရွေးချင်ခဲ့တယ်။ အဲဒီအချိန်မှာ နင်ပြန်ရောက်လာခဲ့တာပဲ သင်္ကြန်။ ဟေမာန်က နင့်ဆီမှာ သူလိုချင်တဲ့ ရုပ်ဆင်း အင်္ဂါ၊ ဂုဏ်ပကာသန၊ စည်းစိမ်ဥစ္စာ၊ ချစ်ခြင်းမေတ္တာတွေ အားလုံးရှိတော့ နင့်ကို သူ ဘယ်လိုမှ အဆုံးအရှုံး မခံနိုင်ဘူးလေ။

သူအရှုံးမပေးနိုင်ဘူးလို့  ကြီုတင် စိန်ခေါ် သတိပေးထားတဲ့ကိစ္စမှာ ငါက ဘာများ ပြောခွင့်သာမှာလဲ သင်္ကြန်ရယ်။ နင့်ကို ချစ်ခြင်းနဲ့ သာ ကျေနပ်နေမဲ့သူက ၀ဿန်ဆိုတဲ့ ငါရယ်ပါ။

တို့ သူငယ်ချင်း ၃ယောက်ဟာ နာမည်တွေထဲကလိုပဲ ရာသီ ၃ပါးမှာ မွေးခဲ့ကြတဲ့ လပိုင်းပဲ အသက် ကွာခြားတဲ့သူ တွေပဲ။ သင်္ကြန်ဆိုတဲ့ နင့်ကိုတော့ သင်္ကြန် အတက်နေ့ မှာ မွေးဖွားခဲ့တယ်နော်။ ငါ့ကိုတော့ မိုးတွေ အရမ်းသည်းတဲ့ ညဦး မှာ မွေးဖွားခဲ့လို့  မိုးဝဿန်လို့  အမည်တွင်ခဲ့ပြီး ဟေမာန့် ကိုတော့ နှင်းတွေဝေတဲ့ ဆောင်းတွင်းရဲ့ မနက်ခင်းမှာ မွေးဖွားခဲ့ လို့  ဆောင်းဟေမာန် လို့  အမည်တွင်ခဲ့တာနော်။

သင်္ကြန်တွင်းမှာ မွေးတဲ့ နင့်အတွက် ရည်စူးပြီး ငါလေ သင်္ကြန် ရောက်တိုင်း ရိပ်သာဝင်တယ်။ ဥပုသ် စောင့်တယ်။ ပြီးရင် နှစ်ဆန်းတစ်ရက်နေ့ မှာ နင့်ကိုယ်စား ငါ သွေးလှူပေးခဲ့တယ်။ အဲဒီလို နှစ်တိုင်း လုပ်ပေး ခဲ့တာ ခုဆိုရင် ၃နှစ်ပြည့်ခဲ့ပြီ။ ဒါကလည်း ငယ်ငယ်တုံးက ကျန်းမာရေး မကောင်းတဲ့ နင့်အတွက် ငါ့ရဲ့ တတ်နိုင်သမျှ ကုသိုလ် ပြုပေးခြင်းပဲ။

ဒါပေမဲ့ ဒီနှစ် နင်ကိုယ်တိုင် ရန်ကုန်မှာ ရှိတာဆိုတော့ ငါ ပိုပျော်မယ် ထင်ပါတယ်။ နင်နဲ့ ဟေမာန် သင်္ကြန်မှာ ဘယ်ကို လျှောက်လည် မလဲ ဆိုတာ မသိပေမဲ့ ငါကတော့ ထုံးစံအတိုင်း ရိပ်သာဝင်ဖို့  စီစဉ် နေခဲ့ပြီ။

x x x x x

ဟေမာန်နှင့် သူ့ ကြားမှ ဆက်ဆံရေးကို တနေ့ တခြား စိတ်ပျက်လာမိသည်။ သူ နိုင်ငံခြားမှာ ရှိစဉ်က အမြဲတမ်း တဖွဲ့ တနွဲ့ ရေး တတ်သော စကားလုံးများကြားမှာ ကျဆုံးခဲ့သောသူက မြန်မာပြည် ပြန်ရောက် ချိန်မှာ ချစ်သူနှင့် ချိုသော စကားများ ပြောချင်ပေမဲ့ မျက်နှာချင်းဆိုင် ဆုံပြီး တွေ့ လိုက် တိုင်းမှာ ဦးတည်ရာ မတူသော မြှားနှစ်စင်းပမာ သိပ် အဆင် မပြေလှ။

စာလုံးများလောက် ချိုသာ နွေးထွေးမှု မရှိသော ချစ်သူကို တခါတလေ စိတ်ပျက်မိသည်။ နေ့ ခင်းတွေ့ ချိန် မှာ ပြောဆိုရသော စကားများ အဆင်မပြေသလောက် ညဖက်ရောက်တိုင်း ဖတ်ရသော ချစ်သူ့ စာများက သူ့ ကို ညွတ်ပြောင်း နူးညံ့ စေပြန်သည်။

နေ့ တိုင်း Email ပို့ နေကျ အလေ့အကျင့်ကို မစွန့် နိုင်စွာနဲ့  ဆက်လက် ကျင့်သုံးနေတာကလည်း သူတို့  ချစ်သူ နှစ်ဦးထဲသာ သိနိုင်သော ကြည်နူးမှု ဖြစ်သည်။ ဟေမာန် စကားလုံးများနှင့်အတူ သူ့ ရင်ကို လှုတ်ခတ် စေတာကတော့ ၀ဿန့် ရဲ့ မျက်ဝန်းလေးများဖြစ်သည်။ ရွှမ်းစိုနေသော မျက်ဝန်းအကြည့် တစ်စုံအောက်မှ စိတ်တို့ ကို သူ မဆန်းစစ်ရဲခဲ့။ ငယ်စဉ်ထဲက တွယ်တာခဲ့ရသော သူငယ်ချင်းလေး ထိခိုက် နစ်နာသွားမှာကို သူ မလိုလားခဲ့။ သို့ သောလည်း ထိုမျက်ဝန်း များ၏ နွမ်းဖျော့သော အပြုံးတို့ က သူ့ ကို အေးချမ်းစေသည်။ ဟေမာန့် ကို ချစ်သလို ပူလောင်ခြင်းမရှိပဲ အေးမြသော မေတ္တာကို အပြုံးများ၊ မျက်ဝန်းများမှ တဆင့် ခံစား သိရှိခဲ့ရသည်။ ဟေမာန်ရဲ့ သ၀န်တို စကားများက ၀ဿန့် ကို ထိခိုက် စေမှန်းသိတော့ သူ စိတ်ဆိုးရပြန် သည်။

သူနှင့် ဟေမာန့် ကို စေ့ စပ်ပေးဖို့  လူကြီးတွေက စီစဉ်ခဲ့ကြသည်။ တကယ်တမ်း ပျော်ရွှင်သင့်သော ကိစ္စဖြစ်ပါ ရက် မပျော်နိုင်သူမှာ သူပဲဖြစ်သည်။ ဒါကြောင့်ပဲ စေ့စပ်ပွဲအတွက် ဟေမာန်တို့  ၀တ်စုံချုပ် သောနောက်ကို လိုက်မသွားပဲ အိမ်မှာ ကျန်နေခဲ့သည်။

ထိုအချိန်မှာ သူ သတိရမိတာကတော့ သူတို့  ငယ်ငယ်က ဆော့ကစားကြသည့် ရေမြောင်းကြီး သူ့ ကို သတိရ တိုင်း ဟေမာန်က စက္ကူလှေလေးများလုပ်ကာ မျောလေ့ရှိသတဲ့။ အတွေးထဲမှာပင် စက္ကူလှေလေး တွေ လွှတ်နေသော ဟေမာန့် ပုံကို မြင်ယောင်လာအောင် ဟေမာန်က စာရေးကောင်းလေသည်။

ဒါကြောင့်ပဲ ခြံအနောက်ဘက် ချောင်းလေးဘေးသို့  သူ ရောက်ခဲ့ကာ ငယ်စဉ်က သူတို့ ၃ယောက် ဆော့ခဲ့ ကြ တာကို ပြန်လည် မြင်ယောင်ရင်း လွမ်းဆွတ် လာမိသည်။ မျက်ဝန်းများကို မှေးမှိတ် စဉ်းစား မိတော့ ၀ဿန့် မျက်နှာကိုပါ မြင်ယောင်လာသည်။ ခုတလော ၀ဿန် သူ့ ကိုရှောင်နေသည်ဟု ထင်မိသည်။

တွေ့ လိုက် တိုင်းမှာလည်း ညှိုးငယ်သော မျက်နှာ ခပ်နွမ်းနွမ်းရယ်။ ၀ဿန့်  ရင်မှာ ဒဏ်ရာ ရအောင် သူ လုပ်ခဲ့မိပြီလား။

မျက်ဝန်းများကို ပြန်ဖွင့်သည့် အခိုက်မှာ မြင်ရတာက သူ့ ရှေ့ ချောင်းရိုးမှာ မျောပါလာသော စက္ကူလှေ လေးများ လှေများကို ဆင်းဆယ်တော့ ၀သန့် လက်ရေးဝိုင်းဝိုင်းများကို မြင်ရသည်။

“သင်္ကြန့်  ကိုချစ်တယ်”တဲ့။

“ပြောခွင့်မသာ၊ ချစ်ခွင့်မရှိ ကံဆိုးလှသည့် တို့  အဖြစ်”တဲ့လေ။

လှေမျောလာရာလမ်းကို လှမ်းကြည့်လိုက်တော့ တဖက်ခြံမှာ သူ့ ကို ကျောပေးထိုင်နေသော ၀ဿန့် ကို တွေ့ ရ သည်။ သူ ဒီဘက်ခြမ်းမှာရှိနေတာ ၀ဿန် သိပုံ မရပေ။ အသာလျှောက်သွားမိတော့ စက္ကူလှေများ ထိုင်ခေါက်နေသော ၀ဿန့် ကို တွေ့ ရသည်။

“၀ဿန်”

သူ့ အသံကြောင့် အလန့် တကြားထရပ်သော ၀ဿန့် လက်ကို အသာ လှမ်းဆွဲလိုက်မိသည်။

“၀ဿန်ရယ်”

တခြား ဘာကိုမှ မပြောဖြစ်ပဲ သူမကိုသာ ရင်ခွင်ထဲ ထည့်ပြီး တင်းကျပ်အောင် ထည့်ထားမိသည်။ မမျှော်လင့်ပဲ သူငယ်ချင်းတစ်ယောက်ရဲ့ တိတ်တခိုး အချစ်ကို သိခွင့်ရလိုက်လို့  စိတ်မကောင်းသလို ဘာပြောရမှန်းလည်း မသိပေ။ သူ ဆယ်လာသော လှေလေး၂စင်းကို သူမ လက်ထဲထည့်လိုက်တော့ ရှက်ရွံ့ စွာ ငိုကြွေးနေခဲ့သည်။ ငိုလို့ အားရတော့မှ ဘာမှ မဖြစ်သလို ကြိုးစားတည်ဆောက်ထားသော မျက်နှာနှင့်

“ပျင်းရင် ဒီလိုပဲ လှေလေးတွေ လာလာလွှတ်တာ အကျင့် ဖြစ်နေပြီ။ ”

“ဘာလဲ ဟေမာန်နဲ့ အတူ လာလွှတ်တာလား”

“ဟင် မဟုတ်ပါဘူး။ ဟေမာန်က ဒီလို စိတ်ကူးယဉ် အလုပ်မျိုး ဘယ်တုံးက စိတ်ဝင်စားလို့ လဲ။ ”

“ဒါဆိုရင် ငါ့ကို သတိရတိုင်း လှေလေးတွေ လာလာလွှတ်တယ်လို့  သူ ဘာလို့ ပြောရတာလဲ။ နင်လုပ်တာကို သူလုပ်တယ်လို့  ပြောတာလား။”

“ဟင်” မျက်နှာရဲကနဲ ဖြစ်ကာ ရုပ်ပျက်သွားသောဝဿန့် ကို သူ သိပ်မသင်္ကာပေ။

“ဟို. . ဟို . . ငါ . . ငါမသိချိန်မှာ သူလာလို့ နေမှာပေါ့။ နင့်ကို လွမ်းတိုင်း သူ စာတွေရေးပြီး လှေလေးတွေ လာ မျောတယ် ဆိုတာ ဟုတ်မှာပေါ့။ ”

“လှေလေးတွေမှာ စာပါတယ်လို့  နင့်ကို ဘယ်သူ ပြောလဲ။ ငါပြောတဲ့ အထဲမှာ စာရေးတဲ့အကြောင်း မပါဘူး လေ။ ဒါပေမဲ့ ငါ့ဆီကို ရောက်လာတဲ့ Email ထဲမှာတော့ လှေလေးတွေကို စာရေးပြီး လွှတ်တဲ့ အကြောင်းပါတယ်။ ဘာလဲ။ နင့်ကို ဟေမာန် ပြောပြလို့ လား။ ”

“ပြောဖူးတယ် ထင်တာပဲ။ အောင်မာ နင်ကများ ငါ့ကို မယုံသင်္ကာနဲ့  တရားခံ စစ်လာစစ်နေတယ်။တော်ပြီ ဘာမှ မပြောတော့ဘူး။”

အဲဒီအချိန်မှာပဲ သင်္ကြန့် ကို လိုက်ရှာသော ဟေမာန့် အသံကို ကြားရတာ ဖြစ်သည်။

“သင်္ကြန် နင် ဒီမှာ ဘာလာလုပ် . . သြော် ၀ဿန်ပါ ရှိနေတာကိုး။ နေပါအုံး ဒီမှာ နင်တို့  ဘာလုပ်နေကြတာတုံး”

“ဟို . . ”

တခုခု ပြောရန်ကြံစည်နေသော ၀ဿန့် ရှေ့ မှ ဖြတ်ကာ

“ဒီမှာ ၀ဿန်ရယ်လေ စက္ကူလှေလေးတွေ ထိုင်လွှတ်နေလို့  ငါ လာကြည့်တာ”

“၀ဿန်ကတော့လေ စာရေးဆရာမလို့  မပြောရဘူး။ အရမ်းစိတ်ကူးယဉ်တာပဲ။ သူမို့ လို့  ပေါက်ပေါက်ရှာရှာ စဉ်းစားမိတယ်။”

“ဟေမာန် ဆိုရင်တော့ ဒီလိုမလုပ်ဘူးပေါ့။ ဟုတ်လား။”

“ဝေးသေးတယ်။ ဟေမာန်တို့ က စိတ်ကူးယဉ် ဆန်တာမျိုး စိတ်မ၀င်စားဘူး။ တခုခုဆို Do or Die ပဲ”

သူ့ ရင်ထဲတွင် တစုံတရာ တင်းကျပ်သွားမိသည်။ မှားယွင်းနေပြီ။ တခုခုကတော့ အမှန်တကယ် မှားယွင်း နေခဲ့ ပြီ။ ၀ဿန့် ကို လှမ်းကြည့်လိုက်တော့ ဟေမာန့် ကို တစုံတရာ လှမ်းပြောလိုဟန် ရှိသော မျက်ဝန်းများနှင့် လိုက်ကြည့်နေ တာတွေ့ ရသည်။ ၀ဿန့် မျက်ဝန်းများကို ဟေမာန် မမြင်ခဲ့ပေမဲ့ သူကတော့ ကောင်းစွာ မြင်တွေ့ နေခဲ့သည်။

သူတို့  ၃ယောက်ကြားမှာ တစုံတရာ မှားယွင်းစ ပြုနေပြီဆိုတာ သိပေမဲ့ ဘာ မှားယွင်းတာလဲ။ ဘယ်လို မှားယွင်း တာလဲ။ ဘယ်သူ မှားယွင်းတာလဲ သူ မသိနိုင်ခဲ့ပေ။ ထိုမှားယွင်းမှု နောက်ကွယ်တွင် ဆိုးရွား၍ ကြေကွဲစရာကောင်းသော နောက်ဆက်တွဲ ပါမလာပါစေနှင့်လို့ သာ သူ ဆုတောင်းမိတော့သည်။

x x x x x

ဘ၀မှာ အမြင့်မားဆုံးကိုသာ လိုချင်သော ဆန္ဒရှိသည့် သူမဘ၀မှာ ငယ်စဉ်ထဲက မပြည့်စုံခြင်းများနှင့်သာ ကြီး ပြင်းခဲ့ရသည်။ ငယ်သူငယ်ချင်းများ ဖြစ်သော သင်္ကြန် နှင့် ၀ဿန့် မှာ ပြည့်စုံသလောက် သူမ မှာတော့ ဆင်းရဲလွန်းလှ သည်။

ကျောင်းဖွင့်ရက်တွေ ရောက်တိုင်းမှာ သင်္ကြန်နှင့် ၀ဿန် ကောင်းမှုကြောင့် လူတန်းစေ့ ၀တ်နိုင် စားနိုင်ပြီး ကျောင်း တက်ခွင့်ကို ရရှိခဲ့ပေမဲ့ သူမကတော့ အလိုမကျခဲ့။ ဒါဟာ သူများရဲ့ စွမ်းအားနဲ့  ရပ်တည်ရတာမို့  စိတ်ထဲမှာ မ၀င့်မရဲ အမြဲ ခံစားရသည်။ ဒါပေမဲ့ သူမ ကံကောင်း ခဲ့ပါသည်။ ဆင်းရဲသော၊ မပြည့်စုံသော သူမကို သင်္ကြန်က ၀ဿန် ထက် ပို၍ ဂရုစိုက်ခဲ့သည်။ ငယ်စဉ်ထဲက အချင်းချင်း စကားများလို့  ရန်ဖြစ် ရင်တောင် သူမဘက်မှ အမြဲတမ်း ရပ်တည် ခဲ့တာမို့  ၀ဿန်မှာ တစ်ယောက်ထဲ ဒေါသ ဖြစ်ရမြဲ။

ငယ်စဉ် ကလေးဘ၀ တွယ်တာမှုလေးတွေ ရှိနေစဉ်မှာပဲ သင်္ကြန့် အဖေက နိုင်ငံခြားမှာ တာဝန်ထမ်း ဆောင် ရန် ပြောင်းရွှေ့ ဖို့  ဖြစ်လာခဲ့သည်။ ၀ဿန်ရော သူမပါ ငိုမဆုံးခဲ့။ ဒါပေမဲ့ ၀ဿန်က သူမထက် လူကြီး ပိုဆန်သည်။ သူ့ ခံစား ချက်ကို လူမသိအောင် မြိုသိပ် ထားတတ်သည်။ သင်္ကြန်ရှေ့ ရောက်လျှင် ဘာမှ မခံစားရသူ တစ်ယောက်ပမာ ဟန်ဆောင် ကောင်းကာ လိုအပ်တာတွေ လိုက်စီစဉ် ပေးတတ်သည်။

ဒီလိုနှင့် သင်္ကြန် မြန်မာပြည်မှ ထွက်ခွာ သွားတော့သည်။ ခွဲခွာခါနီးမှာ သူမအပေါ် ပိုဂရုစိုက်တတ်သော သင်္ကြန် က သူ့ ထုံးစံအတိုင်း သူမကိုသာ ခေါင်းစဉ်တပ်ကာ စာမှန်မှန်ရေးဖို့  Email ပို့ ဖို့  မှာနေတာမို့  သူမတောင် ကြားထဲမှ ၀ဿန့် ကို အားနာ မိသေးသည်။ ၀ဿန်ကတော့ ထုံးစံအတိုင်း ခွင့်လွှတ်အပြုံးနှင့် သင်္ကြန့်  ကို ငေးနေခဲ့သည်။

သင်္ကြန် ထွက်သွားခါစမှာ မနေတတ် မထိုင်တတ်လောက်အောင် သတိရခဲ့ပြီး တပါတ်လောက် ရှိချိန်မှာ တော့ သူမ တည်ငြိမ် သွားခဲ့ပြီ။ သတိရလှချည်ရဲ့လို့  တဖွဖွ ဖြစ်မနေတော့။ အကြောင်း တိုက်ဆိုင် ရင်တော့ လည်း အတူနေခဲ့ ဖူးသော သံယောဇဉ်ကြောင့် သတိရ တတ်သည်။ ဒါကလည်း သူမ အကျင့်သာ ဖြစ်သည်။

သင်္ကြန့် ဆီက Email ရောက်လာတော့လည်း ပထမဆုံးနေ့ က ၀ဿန်ခေါ်လို့  သွားဖတ် ဖြစ်တာကလွဲလို့  နောက်ထပ် မရောက် တော့ပါ။ ကိုယ်ပိုင် မဟုတ်သော သူများပစ္စည်းကို မသုံးချင်သည့် မာနနဲ့ ပဲ သင်္ကြန်ဆီ Email ပို့ ဖို့  သူမ ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းမှာ ၀ဿန်က လှမ်းခေါ်ပေမဲ့ သူမက မသွားခဲ့။ ၀ဿန့်  ပြန် ပြောပြမှုကြောင့်သာ သင်္ကြန် အကြောင်းများကို သူမ သိခွင့် ရခဲ့သည်။ သင်္ကြန် စိတ်ချမ်းသာအောင် ဟေမာန့် နာမည်နှင့် ၀ဿန် Email များ ပို့ နေ တတ်ကြောင်းကို သိခဲ့ရသည်။ ဒီလိုနဲ့ ပဲ သင်္ကြန့် ကို သူမ မေ့မေ့ ပျောက်ပျောက် ရှိနေခဲ့သည်။

ဆယ်တန်း အောင်ပြီးချိန်မှာတော့ အလှအပကို မြတ်နိုး ကိုးကွယ်တတ်သော သူမက မော်ဒယ် သင်တန်း တက်ဖို့  ရွေးချယ်ခဲ့သည်။ သူမ တက်ရောက်ချင်သော သင်တန်းအတွက် ငွေကြေးနှင့် မိဘတို့ ၏ ခွင့်ပြုချက် ကိုတော့ ၀ဿန့် အကူ အညီနှင့် ရရှိခဲ့တာ ဖြစ်သည်။

ဝဿန်ကလဲ အိမ်မှာ နေရင်း သူမ ၀ါသနာပါရာ ၀တ္ထုတိုလေးတွေ ရေးရင်းမှ လမ်းစရကာ လုံးချင်းလော ကသို့  တစစနှင့် တိုးဝင် လာချိန်မှာပဲ သူမကလည်း မော်ဒယ်လောကမှာ နေရာ တစ်နေရာ ရစပြုလာခဲ့ပြီ။ ဦးတည်ချက်ချင်း မတူ သော သူမတို့ နှစ်ယောက် တဖြည်းဖြည်း ဝေးကွာ လာကြသည်။

သူမကတော့ သူမ အလှအပကို ကိုးကွယ်သောသူများ၏ အပြောများကြားတွင် ယစ်မူးစ ပြုလာခဲ့ပြီ။ နောက်ပြီး သူမက ချမ်းသာ ချင်သည်။ သူမ ရှာဖွေ၍ ရရှိသော ပိုက်ဆံသည် အ၀တ်အစားနှင့် အသုံးစရိတ်ဖိုး လောက်သာ ကာမိသည်၊ ဆဲလ်ဖုန်းမကိုင်နိုင်၊ ကိုယ်ပိုင် ကား မစီးနိုင်သေး။ ဒါကြောင့်ပဲ သူမ ဘ၀ကို မြှင့်တင် ပေးနိုင်မည့်သူကို ရွေးချယ်နေဆဲ။ ထိုအချိန်မှာပဲ သင်္ကြန် ပြန်ရောက်ခဲ့တာ ဖြစ်သည်။

သင်္ကြန့် ကို မြင်မြင်ချင်းမှာပဲ အလှအပ မက်သော သူမ ထုံးစံအတိုင်း နှစ်သက်ခဲ့လေသည်။ နောက်ပြီး သင်္ကြန် နောက်ကွယ်တွင် ပါလာမည် ဖြစ်သော ပိုင်ဆိုင်မှုများ၊ ဂုဏ်အရှိန်အ၀ါများ အရာ အားလုံးသည် သူမအတွက်တော့ စိတ်ဝင် စားစရာ သာဖြစ်နေတော့သည်။

ကံကောင်းချင်တော့ မြင်မြင်ချင်း သင်္ကြန် ရွေးချယ်ခဲ့သူမှာ သူမ ဖြစ်နေတာမို့  သူမဘက်က ဘာမှ မကြိုးစား လိုက်ရပါ။ ထင်ထားတာထက် စော၍ပင် သင်္ကြန်က သူမကို ချစ်ခွင့်ပန်ခဲ့သည်။ သင်္ကြန့်  စကား များမှာ ကြည်နူးနေမိသော သူမသည် Email များမှ တဆင့် သူမကို ချစ်ခဲ့ရပါသည် ဆိုသော စကားကြောင့် အပြည့်အ၀ မပျော်နိုင်ခဲ့။ ခုချိန်ကျမှ သင်္ကြန့် ကို Email တွေ ပို့ နေသူဟာ ၀ဿန် ဖြစ်ကြောင်း ၀န်ခံရမည် တဲ့လား။ မဖြစ်နိုင်ပါ။ ၀ဿန့် လက်ထဲသို့  သင်္ကြန့်  ကို အပါမခံနိုင်ပေ။

ဝဿန် ဘ၀က ပြီးပြည့်စုံ ပြီးသား ချမ်းသာ ကြွယ်ဝပြီးသားလေ။ သင်္ကြန် မရှိလို့ လည်း ၀ဿန့် မှာ မထိခိုက်နိုင် ပေ။ လက်ထပ်ပြီးမှပဲ Email တွေ ပို့ နေသူဟာ ၀ဿန်ပါလို့  သိချင်သိပါစေတော့။

ချစ်သူ ဖြစ်ပြိးချိန်မှ သိခွင့်ရတာကတော့ သင်္ကြန်ဟာ အရာရာကို အသေးစိတ် ဂရုစိုက်နိုင်လွန်းတာပါပဲ။ ဘယ် ကိစ္စကို မဆို အလေးအနက် ထားကာ တခုခု လွဲမှားတိုင်း မသင်္ကာသလို ကြည့်နေတတ်သည်။ ထိုအခါ များမှာ သူမမှာ ပြန်လည် ဖာထေး ပြင်ဆင်ရတာ တစခုပဲ စိတ်မောရသည်။

သင်္ကြန်နှင့် စေ့စပ် ရတော့မည် ဆိုချိန်မှာတော့ အရာရာကို သူမဘက်က စိတ်ချသွားခဲ့ပြီ။ အရင်က သူငယ်ချင်း များနှင့် ပြန်လည် တွဲဖြစ်ခဲ့သည်။ သင်္ကြန်က သူမလို အပျော်အပါး ၀ါသနာ မပါတာမို့  သူနှင့် ယူပြီးလျှင် အပြင်တောင် ထွက်ရပါ့မလား မသိပေ။ သူနှင့်အတူ တွဲသွားတိုင်းမှာလည်း သူ ပြောတာနှင့် ကိုယ်ပြောတာက ဘယ်လိုမှ အစပ်အဟပ် မတည့်ခဲ့။ သူက အားရင် Email ထဲက အကြောင်းတွေပဲ ပြန်မေးမေး နေတာမို့  သူမ စိတ်မရှည်နိုင်ခဲ့ပါ။

ခုတလော သင်္ကြန့် ကို မခေါ်ပဲ တစ်ယောက်ထဲသာ အပြင်ထွက် ဖြစ်ခဲ့သည်။ ဒါကြောင့်ပဲ သင်္ကြန်နှင့် ၀ဿန့် တို့  ပိုမို နီးစပ် စေခဲ့လေသလား မသိပါ။

x x x x x x x

သူ့ ရင်ထဲမှ မတင်မကျ ခံစားမှုတို့ ကို ဆန်းစစ်ဖို့  အချိန်တန်ပြီ ထင်ပါသည်။ ဒါကြောင့်ပဲ စေ့စပ်ပွဲကို မတ်လမှ မေလသို့  ပြောင်းရွှေ့ ပေးပါရန် ဖေဖေနှင့် မေမေ့ကို အသည်းအသန် တောင်းပန်ရသည်။ အကြောင်းပြချက် မရှိသော သူ့  ကို မကျေနပ်ပေမဲ့ အလိုလိုက်နေကျ ထုံးစံအတိုင်း ခွင့်ပြုပေးခဲ့တာမို့  ကျေးဇူး အထူးတင်ရပါသည်။
သူရဲ့ သတို့ သမီးလောင်းကတော့ ကျေနပ်မှာ မဟုတ်မှန်းသိပေမဲ့ မတတ်နိုင်ပါ။ စွန့် စားမှု တခုခုကိုတော့ ပြုရပါ တော့မည်။ သင်္ကြန်မှာ ရေပက်ခံထွက်ဖို့  သူ တစ်ယောက်ထဲ ကျိတ်ပြီး စီစဉ်နေခဲ့သည်။ ဟေမာန့် ကိုရော၊ ၀ဿန့် ကိုပါ အသိမပေးခဲ့။ သင်္ကြန်ကျဖို့  နှစ်ရက်အလိုမှ နှစ်ယောက်လုံးကို ခေါ်ကာ

“သင်္ကြန်အကျနေ့ မှာ လျှောက်လည်ဖို့  ကားငှားပြီးပြီ။ နင်တို့ နှစ်ယောက်စလုံး ငါနဲ့ လိုက်မယ် မဟုတ်လား။ မြန်မာနိုင်ငံရဲ့ သင်္ကြန်ကို မခံစားရတာ ကြာပြီ။”

“သိပ်ကောင်းတဲ့ အစီအစဉ်ပဲ သင်္ကြန်။ နင်က အဲဒါလေးတွေ ချစ်ဖို့ ကောင်းတာ။ ငါက သင်္ကြန် ဆိုရင် လျှောက် လည်ချင်ပေမဲ့ အိမ်က စိတ်မချလို့  မလွှတ်တော့ နေ့ တ၀က်ထက် ပို မလည်ရဘူး။ ဒီနှစ် နင်နဲ့  ဆိုရင်တော့ ငါလျှောက် လည်လို့ ရပြီပေါ့။”

ဟေမာန်ရဲ့ စကားသံနှင့် ထပ်တူပဲ ၀ဿန်က

“ငါ မလိုက်နိုင်ဘူး”

“နင်က ဘာလို့ မလိုက်နိုင်ရတာလဲ။ ဘယ်သွားစရာရှိလို့  ငါနဲ့  မလိုက်ရတာလဲ။”

“ဟို လေ. . . . ငါ လိုက်လို့  မရဘူး။ နောက်ပြီး သိပ်နေမကောင်းတော့ လိုက်လို့  မဖြစ်ဘူးဟ”

ဝဿန်က မျက်စိပျက် မျက်နှာပျက်နှင့် အတင်းငြင်းတော့ ဟေမာန်က

“၀ဿန် မလိုက်ချင်လည်း နေပါစေဟာ။ အတင်းမခေါ်ပါနဲ့ ။”

ဝဿန့် ကို စိုက်ကြည့်နေသော သင်္ကြန့်  မျက်ဝန်းများက ကျောချမ်းချင်စရာ။ ဟေမာန့် စကားကြောင့် သာ သူမ လွတ်မြောက်ခွင့် ရခဲ့တာ ဖြစ်သည်။

“သင်္ကြန်ကလည်း ဟေမာန်ပါရင် ပြီးရောပေါ့”

သင်္ကြန့် နှုတ်ခမ်းမှာ အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။ ဟေမာန်နှင့်အတူ လည်ပတ်နေပေမဲ့ သင်္ကြန့် မျက်ဝန်း များ ဘာကြောင့် မရွှင်လန်းခဲ့ပါသလဲ။ ဟေမာန် နားမလည်နိုင်ခဲ့။

ဘောင်းဘီတို အတိုပွလေး ၀တ်ထားပြီး တီရှပ် ကျပ်ကျပ်ကို ၀တ်ထားသော သူမရဲ့ ၀တ်စားမှုကို မကြိုက် လို့ များ လား။ အမိုးဖွင့် ဂျစ်ကားပေါ် တက်လာသော ဟေမာန့် ကို စိုက်ကြည့်နေသော သင်္ကြန့် မျက်ဝန်းများ က အေးစက်နေခဲ့ သည်။ သံယောဇဉ် မပြတ်သလို ၀ဿန့် အိမ်ဖက် လှည့်ကြည့်နေတာကြောင့် . . . .

“၀ဿန့် ကို နင်ခေါ်ချင်ရင် သွားခေါ်လေ”

“သွားပြီးပြီ။”

“မလိုက်ဘူးတဲ့ လား။”

“အင်း၊ လူစုံပြီ သွားကြစို့ ”

ရေပက်ခံ မဏ္ဍပ်တွေေ ရောက်တိုင်း ဟေမာန်က သင်္ကြန့် ရင်ခွင်ထဲ ပ၀ါခြုံရင်း ရေဒဏ် ကာကွယ်မိပေမဲ့ သူမကို ဖက်ထားသော သူ့ လက်များမှာ အားမပါသလို မနွေးထွေးခဲ့ဟု ဟေမာန် ခံစားရသည်။ ၀ဿန် မလိုက်နိုင်လို့  စိတ်မ ကောင်း ဖြစ်နေတာလားဟု တွေးရင်း သ၀န်တိုရပြန်သည်။

ဒီလိုနဲ့  သင်္ကြန် ရေလည်ခံပြီး ညနေဖက် အိမ်ပြန် ရောက်လာကြပေမဲ့ နှစ်ယောက်လုံး သိပ်မပျော်ခဲ့။ အိမ်ရောက် တာနှင့် ၀ဿန့် အိမ် ကူးသွားသော သင်္ကြန့် ကို မနာလိုစွာ ကြည့်ရင်းနဲ့ သာ အိမ်ပြန်လာရသည်။

သင်္ကြန် အကြတ်နေ့ မှာ လျှောက်လည် ဖြစ်တော့လည်း သိပ်အဆင်မပြေခဲ့။ သင်္ကြန် မျက်ဝန်းများ ပိုမို မှုန်မှိုင်း နေခဲ့သည်။ သူမကို သိနေသော ကောင်လေးအချို့ ၏ စနောက်မှုကြောင့်လား။ သူမ၏ ၀တ်စား ဆင်ယင်မှု အတွက် သူမ ကို သ၀န်တိုစွာ ပြောမည် ထင်သော် လည်း သင်္ကြန်က တစ်ခွန်းမှ မမေးခဲ့ပါ။

နောက်နေ့  မနက်မှာတော့ သင်္ကြန် စိတ်ဆိုးများလည်း ပြေအောင် အံ့သြ ပျော်ရွှင်သွားရန် ရည်ရွယ်ပြီး မနက် အစောကြီး သင်္ကြန့် အိမ်သို့ ရောက်ခဲ့သည်။ ဒီနေ့  သင်္ကြန် အတက်နေ့  သင်္ကြန့် မွေးနေ့ လေ။ မွေးနေ့ ကိတ်ကို သူငယ် ချင်း တစ်ယောက်ကို အနိုင်ကျင့်ပြီး အတင်းလုပ်ခိုင်း ထားခဲ့ရတာ။ ဈေးပိတ်ရက် ဆိုင်တွေ ပိတ်ရက် ဖြစ်နေတာမို့  ဘာမှ ၀ယ်လို့ မရပါ။

သင်္ကြန့် အတွက် ကိတ်မုန့် ကို ပေးရင်း အိပ်ရာမှ နှိုးရမည် ထင်ပေမဲ့ ဟေမာန် ရောက်ချိန်မှာတော့ သင်္ကြန်က အိမ်ရှေ့ က ဒါန်းမှာ ထွက်ထိုင်နေခဲ့ပြီ။

“Happy Birthday သင်္ကြန် ”

“Thank you ဟေမာန်၊ ဒါနဲ့  နင့် လက်ထဲက ဘာကြီးလဲ။”

“နင့် အတွက် မွေးနေ့ ကိတ်လေ”

ဟေမာန် ဘူးကို ဖွင့်ပြလိုက်တော့ အဖြူရောင် အသည်းပုံပေါ်မှာ အနီရောင် စာတန်းရေးထိုးထားသော မွေးနေ့ ကိတ် ထွက်လာခဲ့သည်။ ကိတ်မုန့် ဘူးကို အိမ်ထဲဝင်ထားပြီး ထွက်လာတော့

“၀ဿန်လာရင် ကိတ်မုန့် လှီး စားကြမယ်နော် သင်္ကြန်”

“သူ လာမှာ မဟုတ်ဘူး။ သူ့ ကို မစောင့်နဲ့ တော့”

“၀ဿန်က နင့် မွေးနေ့ ကို ဘာဖြစ်လို့  မလာရတာလဲဟ။ ဘာလဲ နင်တို့ နှစ်ယောက် ရန်ဖြစ်ထားကြလား”

“သူ့ အကြောင်းထားကွာ။ ငါတို့ နှစ်ယောက်ပဲ အေးအေးဆေးဆေး စကားပြောကြရအောင်”

“ငါ မရှိတဲ့ နှစ်တွေမှာ ငါ့ မွေးနေ့ မှာ နင်တို့ တွေ ဘာလုပ်ကြလဲ”

“အဟင်း . . . အမှန်အတိုင်း ပြောရရင် ဘာမှ မလုပ်ဖြစ်ဘူးဟ။ နင်မှ မရှိတာ။ နင်ရှိရင်တော့ ဟုတ်တာပေါ့။ မွေး နေ့ ရှင် မရှိပဲ မွေးနေ့ လုပ်ရတာ ပျင်းစရာကြီး”

“သင်္ကြန်ကျရင် နင် ဘာလုပ်လဲ ဟေမာန်”

“လျှောက်လည်တယ်။ ဒါမှမဟုတ်ရင် သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ မဏ္ဍပ်မှာ ရေသွားပက်တယ်။ မနှစ်က တော့ အေးဂျင်စီတစ်ခုက ငှားလို့  အဲဒီ မဏ္ဍပ်မှာ ရေလည်းပက်ရတယ်။ ဖျော်ဖြေရေးလည်း လုပ်ပေး ရတယ်။ လုံးဝ မအား ဘူး။ သင်္ကြန် တတွင်းလုံး ဘယ်မှ မရောက်တော့ဘူး”

“နှစ်ဆန်း တစ်ရက်နေ့ ကျရင်ရော”

“အဲဒီနေ့ ကျရင် ဘယ်မှ မသွားဖြစ်ဘူး။ သင်္ကြန် တတွင်းလုံး ကဲထားသမျှ ခြေကုန် လက်ပန်းကျနေပြီ။ မောမော နဲ့  အိပ်တော့တာပဲ။ နေပါအုံး နင်က ငါ့ကို ဘာဖြစ်လို့  ဒီလောက်တောင် စပ်စုနေရတာတုံး။”

“OK ရပြီ။ လာ နင်နဲ့  ငါ ကိတ်မုန့်  သွားလှီးရအောင်”

ပေါ့ပါး သွက်လက် လန်းဆန်း လာသော သင်္ကြန့် ပုံကို ကြည့်ပြီး ဟေမာန် ခုမှ ဟင်းချနိုင်သည်။ ခုမှပဲ သင်္ကြန့် ရဲ့ ပုံမှန် ပုံစံ ပြန်ရောက် တော့သလိုပင်။

ဒါပေမဲ့ပေါ့လေ . . . . .

x x x x x

ရိပ်သာမှ ထွက်လာတယ် ဆိုရင်ပဲ ဘုန်းကြီးကျောင်း အ၀င်ဝမှာ အိမ်က လာကြိုသော ကားကို ကျောပေး ရပ်ထား တာ မြင်ရသည်။ မနက် ၉နာရီကျော်နေပြီမို့ 

“ဆေးရုံကြီးကို တန်းမောင်းနော်။ တော်ကြာ နောက်ကျနေအုံးမယ်။ ”

မျက်ဝန်းများကို မှေးမှိတ်ထားရင်း သူမ လိုက်ပါလာခဲ့သည်။ ငြိမ့်ကနဲ ကားရပ်သွားတာကြောင့် ဆေးရုံ ကြီးရောက် ပြီဆိုသော အသိနှင့် မျက်ဝန်းများကို ဖွင့်ကြည့်လိုက်တော့ ကားမောင်းသူ နေရာမှာ ထိုင်ရင်း သူမကို ပြုံးကြည့်နေသော သင်္ကြန့် ကို အံ့သြ ဖွယ်ရာ တွေ့ ရသည်။

“သင်္ကြန် နင် ဘယ်က ရောက်လာတာလဲ”

“၀ဿန်ရယ် ငါသာ လူဆိုး ဆိုရင်လေ နင့်ကို ပြန်ပေးဆွဲ သွားလို့ ရတယ်။ ကိုယ့် ကားပေါ် ရောက်ပြီ ဆိုတာနဲ့  ဘယ်သူ မောင်းလဲ ဆိုတာ မကြည့်ပဲ လိုက်လာရလား”

“ဦးလေးကြီးက ဘယ်သွားလို့  နင်က ကားမောင်း လာရတာလဲ။ နောက်ပြီး ငါ ဘယ်ရိပ်သာမှာ ရှိတယ်ဆိုတာ ဘယ်လို သိလဲ”

“ဘာမှ မေးမနေနဲ့ ။ လာသွားမယ်”

“ဟင် နင်က ဘယ်သွားမှာလဲ”

“ ၀ဿန်နဲ့  အတူ ကို့ မွေးနေ့ အတွက် ကုသိုလ်ရအောင် သွေးသွားလှူမလို့ ”

သူမလက်ကို ဆွဲရင်း ထွက်သွားတာကြောင့် သင်္ကြန့် နောက်မှ အပြေးတပိုင်း လိုက်လာရသည်။ သွေးလှူခဲ့ တာ အခုဆိုရင် ၄နှစ် ပြည့်ခဲ့ပြီ။ ဒီတခါကတော့ ၀ဿန့် အတွက် အပျော်ဆုံးပါပဲ။ သွေးလှူပြီးတော့ ဘုရား သွားသည်။ သင်္ကြန် မွေးနေ့ ကို ရည်စူးပြီး သက်စေ့ ငါးလွှတ်သည်။ ရေသက်စေ့ လှူသည်။
“နင့် မွေးနေ့ မှာ လုပ်ပေးချင်ပေမဲ့ သင်္ကြန်တွင်းမှာ ငါက ရိပ်သာ ၀င်နေတာ ဆိုနေတော့လေ အမြဲတမ်း နှစ်ဆန်း တစ်ရက်နေ့ မှ နင့်အတွက် လုပ်ပေးရတယ်။ ဒါပေမဲ့ ငါ လုပ်သမျှ ကုသိုလ်ကို နင့်ကို ပေးပါတယ်။ နင် ကျန်းကျန်းမာမာနဲ့  စာသင်နိုင်အောင်လို့ လေ”

“ငါ သိပြီးသားပဲ ၀ဿန်ရယ်”

“နင် ပြန်တော့ သင်္ကြန်။ ညနေကျရင် ငါ သွားစရာ ရှိသေးတယ်”

“မပြန်ပါဘူး။ နင် သွားတဲ့နောက် ငါလည်းလိုက်မယ်။ ဒါပြီးရင် သက်ကြီး ပူဇော်ပွဲ သွားမယ်။ ဘိုးဘွား တွေကို ခေါင်းလျှော်၊ ခြေသည်း ညှပ် လုပ်ပေးမယ်။ ဟုတ်တယ် မဟုတ်လား။”

“ဟယ် သူ့ လည်း ဘယ်သူမှ မပြောပဲနဲ့  ဘယ်လို သိနေတာလဲ။ နောက်ပြီး ခေါ်လည်းမခေါ်ပဲနဲ့  အတင်းအကျပ် လိုက်မယ် ဆိုတာကြီးပဲ”

ညည်းညူသလို ပြောနေသော ၀ဿန့် အသံမှာ ကြည်နူးခြင်းတို့ အပြည့်။ အားလုံး ပြီးစီးလို့  အိမ်ပြန် ကြတော့

“၀ဿန် နင့်ကို လက်ထပ်ပါရစေ”

“ဘာပြောတယ် သင်္ကြန်။ နင် ငါ့ကို နောက်နေတာလားဟင်”

“မနောက်ဘူး ၀ဿန်။ ငါ့ဘ၀အတွက် လေးလေးနက်နက် ပြောနေတာ”

“နင့်မှာ ဟေမာန်ရှိ နေပြီပဲ သင်္ကြန်ရယ်။ မဖြစ်နိုင်တော့ပါဘူးဟာ”

“ဟေမာန့် ကို ငါ တကယ် မချစ်ဘူး ၀ဿန်။ ငါ တကယ်ချစ်တာက ငါ ထွက်သွားချိန်ကနေ ခုထိ ငါ့ဆီကို ဟေမာန် နာမည်သုံးပြီး နေ့ တိုင်း Email တွေ ပို့ နေခဲ့တဲ့ ၀ဿန် ဆိုတဲ့ ကောင်မလေးကိုပဲ။ ကံကောင်း လို့  ငါ့ရဲ့ ရွေးချယ် မှု မှားတော့မလို့ ”

“နင့် ဆီကို Email တွေ ပို့ နေတာ ငါပါလို့  နင့်ကို ဘယ်သူ ပြောတာလဲ။ ဟေမာန်လား”

“မဟုတ်ဘူး။ ငါ့ဘာသာ တဖြည်းဖြည်း သိလာခဲ့တာ။ ငါ အကြီးအကျယ် အလိမ်ခံနေရပြီလို့  သိလာခဲ့တာ။ ဒါ ကြောင့်ပဲ ပိုပြီး သေချာအောင် သင်္ကြန် လည်ဖို့  စီစဉ်ခဲ့တာ။ အဲဒီအချိန်မှာ နင်တို့ ရဲ့ အလိမ် ဇာတ်လမ်းကြီး ပေါ်တော့တာ”

“ငါ နင့်ကို မလိမ်ခဲ့ပါဘူး။ နင် မမျှော်လင့်တဲ့ ငါ့ရဲ့ စာထက် မျှော်လင့်နေတဲ့ ဟေမာန့် ရဲ့စာဆိုရင် ပိုပျော်မယ် ထင် လို့  ဟေမာန့် နာမည်သုံးပြီး စာတွေ ပို့ ပေးခဲ့တာ။ နင့်ရဲ့ ပျော်ရွှင်မှုအတွက်ပဲ ငါ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ နင်နဲ့  ဒီလို အမြဲ တမ်း ထိတွေ့ နေရတာကို ငါ မသိစိတ်နဲ့  ပျော်ရွှင်နေမိတယ်။ ဒါကြောင့်ပဲ ငါ့ဘ၀အကြောင်း ငါ့ရဲ့ အပြုအမူ အလေ့အကျင့် လေးတွေကို ပြန်ပြောပြမိခဲ့တယ် ”

“စာတွေ ရေးနေခဲ့တာ နင်ပဲဆိုတာ ပြောရောပေါ့ ၀ဿန်ရယ်”

“ငါ ပြောဖို့  ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ နင်က ဟေမာန့် ကို ရောက်ရောက်ချင်း ရွေးချယ်ခဲ့တော့ ပြောခွင့် မသာခဲ့ဘူး။ ငါက ဟေမာန့် လို မလှဘူးလေ ”

“ဘာလို့ မလှရမှာလဲ။ နင့်အလှက မြန်မာဆန်ပြီး ကျက်သရေ ရှိတယ်။ မြင်ရသူကို အေးချမ်းစေတဲ့ တည်ငြိမ်တဲ့ အလှမျိုး။ ဟေမာန့် အလှလို မပူလောင်ဘူး။ နောက်ပြီး နင်က စိတ်ထား အရမ်းကောင်းတယ်။ ဒါ သူများနဲ့ မတူတဲ့ အလှ ပေါ့။ ကဲပါ အဖြေပေးတော့ကွာ”

“ငါ မဖြေပါရစေနဲ့ ။ ဟေမာန့် အပေါ် သစ္စာ မဖောက်ချင်ဘူး”

“အဲဒီအတွက်တော့ ဘာမှ မပူနဲ့ ။ သူနဲ့  ငါ ဆွေးနွေးပြီးပြီ။ ငါ တကယ်ချစ်တာ ငါ့ဆီကို Email ပို့ နေကျ ကောင်မ လေးလို့  သူ့ ကို ၀န်ခံခဲ့ပြီ။ Email ထဲက အကြောင်းအရာတွေနဲ့  သူနဲ့  ဘယ်လိုမှ ဆက်စပ်လို့  မရမှန်း သူလည်း သိသွား ပါပြီ။ နောက်ပြီး သူက ၀ဿန့် လို အစွဲအလမ်း မကြီးဘူး။ ဒီတော့ သင်္ကြန်ဆိုတာ ကိုလည်း သူ့ ရင်ထဲက ခဏလေးနဲ့  ပျောက်သွားမှာပါပဲ။ မပျောက်မှာက အစွဲအလမ်းကြီးတဲ့ ၀ဿန်ပဲ။ တော်ကြာ ငါ့ကို လွမ်းတိုင်း စက္ကူလှေလေးတွေ လွှတ် ပြီး ငိုနေမှာ စိုးလို့ ”

“သင်္ကြန်နော်။ သူများ အားနည်းချက်ကို အနိုင်မယူနဲ့ ။သင်္ကြန့် ကို ၀ဿန်က ဟိုး ငယ်ငယ်လေးထဲက ချစ်ခဲ့ရ တာ ခုချိန် ထိပါနော်။”

“၀ဿန်ရယ်”

ခုချိန်မှာတော့ သူ့ ဘ၀သည် ပျော်ရွှင်ခြင်းများနှင့် ပြည့်စုံနေခဲ့ပြီ။ သူတို့ အိမ်ထောင်ကျပြီးလို့  သားသမီး များ ရလာခဲ့ရင်လည်း ကလေးများကို သူနှင့် ၀ဿန် အကြောင်းကို အိပ်ရာဝင် ပုံပြင်များအဖြစ် ပြောပြ ပါအုံးမည်။

ဝဿန်သည် သူ့ အတွက်တော့ Email ထဲက နတ်သမီးလေး တပါးဖြစ်သည်လို့ လေ။

မေဇူး

(၂၀၀၆ ခုနှစ်၊ ဧပြီလ ၊ မြင်ကွင်း မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: