လွင့်မျော တွယ်ငြိ သင်္ကြန် ၀ိဥာဉ်

သင်္ကြန် ဆိုတာ တို့ ဘ၀အတွက် ဘယ်လိုမှ မေ့ထားလို့  မရတဲ့ ကာလ အပိုင်းအစ တစ်ခုပါပဲ။ သင်္ကြန် နီးပြီဆိုတာ နှင့် တို့ ရဲ့  ရင်ခုန်သံတွေ ကြိုတင် နွေးထွေးနေတတ်တာ ဟိုး ငယ်စဉ်ထဲကပဲ။ မနက်ဖြန် သင်္ကြန် ဆိုရင် ဒီနေ့ ညကထဲက အိပ် မပျော်တော့ပဲ ဘယ်အချိန် မိုးလင်းပါ့မလဲလို့  နာရီ ထ ထ ကြည့်တဲ့ အထိ ရူးသွပ်ခဲ့တာ။ မိုးလင်းတာနဲ့  အိမ်ထဲက လူအကုန် ကို ဦးဦးဖျားဖျား ရေလောင်းရမှ ကျေနပ်တတ်တာ။

သင်္ကြန် ချစ်တဲ့ တို့ အတွက် သင်္ကြန်ကို ပိုလို့  အမှတ်ရစေမဲ့ အဖြစ်အပျက်တွေ တိုက်ဆိုင်စွာပဲ ဖြစ်ပျက်ခဲ့တယ်နော်။ အချစ်ဆိုတဲ့ အရာကို နားလည်အောင် သင်ကြားပေးခဲ့တဲ့ တို့ ရဲ့ ချစ်သူကို သင်္ကြန်ရေတွေ စိုရွှဲနေတဲ့ သင်္ကြန် အကျနေ့ မှာ စတင် သိကျွမ်းခွင့် ရခဲ့တယ်။ သင်္ကြန် မဏ္ဍပ် ဆောက်ထားတဲ့ သူငယ်ချင်း ဇာခြည်တို့  အိမ်မှာ နေ့ တိုင်း ရေလာပက်တဲ့ တို့  နှင့် ဇာခြည့် အကိုရဲ့ သူငယ်ချင်း သူနှင့် သင်္ကြန်ရက်တွေ အတွင်းမှာ အတူ ရေကစားကြရင်း ရင်းနှီး ခဲ့ကြတယ်။

တိုက်ဆိုင်မှု ကတော့ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ တို့ နှစ်ယောက်လုံး တက္ကသိုလ် တစ်ခုထဲမှာ မေဂျာတူ တက်ရ တာပါပဲ။ တို့ ထက် အသက်ကြီးပေမဲ့ သူက နိုင်ငံခြားက အဒေါ်ဆီမှာ ၃နှစ်လောက် သွားနေခဲ့တော့ အခုမှ တို့ တွေနဲ့  အတူ ပထမနှစ် စတက်ရတာပေါ့။

ရယ်လိုက်တိုင်း ချစ်စရာ ပါးချိုင့်လေးနှင့် သွားစွယ် ချွန်ချွန်လေးတွေနှင့် ကလေး တစ်ယောက်လို ဖြူစင်ပြီး ချစ်စရာ ကောင်းတဲ့ သူ့ ကို သူ့ ရဲ့ သတ်မှတ်ချက်တိုင်း “ကိုကြီး” လို့  ခေါ်ရတယ်။ တို့ ကိုတော့ သူက “ခရု”တဲ့လေ။ တို့ နာမည် “ခင်ခင် ယု” ကို စကားပြောရင် ခင်ယုကလေ လို့  မြန်မြန် ပြောရင်းကနေ ခရုလို့  ဖြစ်သွားခဲ့တာ။ သူငယ်ချင်းတွေ အားလုံးကလည်း “ခရု” လို့ ပဲ ခေါ်ကြတော့ တို့ ကိုယ်တိုင်လည်း စကားပြောရင် “ခရု” လို့  ပဲ ပြောတတ်တော့တာ ကြာပြီ။ ပထမနှစ် ကျောင်း တက်ရက်ရဲ့ အဖော်မဲ့မှာ စိုးရွံ့ နေတဲ့ တို့ ရဲ့ ပူပန်မှုတွေကို ကိုကြီးက ချေဖျက် ပေးခဲ့တယ်။ မန္တလေးက ဆယ်တန်း အောင်လာ ပြီး ရန်ကုန်မှာ ကျောင်းလာတက်တဲ့ တို့ မှာ သူငယ်ချင်း ဆိုလို့  လက်ငါးချောင်း ပြည့်အောင် မရှိခဲ့ဘူး။ အဲဒီအထဲမှာ ကိုကြီးကို တော့ အခင်တွယ်ရဆုံးပေါ့။ တို့ ကို ကလေး တစ်ယောက်လို အရိပ်ကြည့်ပြီး စောင့်ရှောက်တတ်တဲ့ ကိုကြီးရဲ့ ဂရုစိုက်မှုတွေ၊ တည်ငြိမ်ပေမဲ့ တောက်ပတဲ့ ကိုကြီးရဲ့ မျက်ဝန်း နွေးနွေး တွေကြားမှာ တို့ ဟာ အချစ်ဆိုတာကို စတင် ကြားနာခဲ့ရတယ်။ သူများတွေက သတိထား မိလောက်တဲ့ အထိ ကိုကြီးက တို့ ကို အလေးအနက် ထားခဲ့တယ်။

တို့ တွေ ဆုံတွေ့ ခြင်းရဲ့ နှစ်ပတ်လည် သင်္ကြန်နေ့ မှာပဲ တို့ နှစ်ယောက် သိပ်ချစ်တဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်နော်။

သင်္ကြန်မှာ ဘယ်မှ မသွားဖြစ်တဲ့ တို့ ကို ကိုကြီးက ညနေပိုင်းမှာ အဆောင်ကို လာကြိုခဲ့တယ်။ သင်္ကြန်ရေကြားမှာ ဘယ်သွား ရမယ်မှန်း မသိတာနဲ့  အဆောင်နဲ့  သိပ်မဝေးတဲ့ ရန်ကုန် တက္ကသိုလ်ထဲကို အဓိပတိ လမ်းတလျှောက် ဖြည်းဖြည်းချင်း လျှောက်လာရင်း နှစ်ယောက်စလုံး အတွေးကိုယ်စီနှင့် တိတ်ဆိတ် ငြိမ်သက်နေခဲ့တယ်။

စာကြည့်တိုက် ရှေ့ က ကျောက်ခုံတန်း လေးတွေမှာ ၀င်ထိုင်ရင်း တို့ ရော၊ ကိုကြီးပါ ရင်ခုန် နေခဲ့တယ်။ အကျနေ ဆည်းဆာဟာ တို့ နှစ်ယောက်ကြားကို ထိုးဖောက် ၀င်ရောက် နေတာဟာလည်း ကဗျာဆန် နေပြန်ရော။ အနားကို ကိုကြီးက တိုးကပ်လာရင်း တို့ လက်ကို ဆုပ်ကိုင်လိုက်ချိန်မှာ တုန်ယင် နေခဲ့တာ သင်္ကြန်ရေ ကြောင့်တော့ မဟုတ်ဘူး ထင်တယ်။

“ခရုလေး” လို့  ကိုကြီးရဲ့ ခေါ်သံ အဆုံး တို့ မျက်ရည်တွေ စီးကျ လာခဲ့တာ ဘာကြောင့်မှန်း မသိဘူး။ တို့ ကို နှစ်သိမ့် သလို ဖက်ထားတဲ့ ကိုကြီးရဲ့ ရင်ခွင်ထဲမှာ အားပါးတရ ငိုကြွေး ခဲ့မိတယ်။ အဲဒီ ညနေခင်းလေးမှာပဲ ကိုကြီးနှင့် တို့  ဖွင့်ပြောစရာ မလိုပဲ ချစ်သူတွေ ဖြစ်သွားခဲ့တယ်နော်။
ဒီနှစ် ဘယ်မှမလည်ပဲ အဆောင်မှာပဲ ခွေနေတဲ့ တို့ ပျင်းမှာ စိုးလို့  ဆိုပြီး နဂိုက စီစဉ်ထားတဲ့ သူငယ်ချင်းတွေနဲ့  သင်္ကြန်လည်ဖို့  အစီအစဉ်ကို ဖျက်ပြီး တို့ နားမှာ တနေကုန် အဖော် လုပ်ပေးတဲ့ ကိုကြီးကို တို့ ဘယ်လို ချစ်သွားမိမှန်း မသိဘူး။

“သင်္ကြန် ရက်ကလေး နှစ်ရက် သုံးရက်ပဲ သူငယ်ချင်းတွေနဲ့  ပျော်ရတာ လျှောက်လည်ပါ ကိုကြီးရယ်။” လို့  တို့ က ပြောပေမဲ့

“ကလေးနဲ့  နေရတာလောက် ပျော်စရာ ကောင်းတာ ရှိပါ့ဦးမလား ကလေးရဲ့” ဆိုတဲ့ ကိုကြီးရဲ့ စကားကို ကြည်နူးမ ဆုံး ဖြစ်ခဲ့ရတယ်။

မနက်ပိုင်းတည်းက ကိုကြီး လာရင် လမ်းထိပ်က အအေးဆိုင် လေးမှာ အကြာကြီး ထိုင် စကားပြော၊ ထမင်းစားချိန် ဆိုင်မှာ သွားစား၊ နေ့ လယ်ကျရင် အဓိပတိလမ်း အတိုင်းလျှောက်၊ ကျောက်ခုံလေးမှာထိုင်၊ တို့ က မုန့် တွေ တမျိုးပြီး တမျိုး စားရင်း စကားတွေ ထိုင်ပြောရင် ကိုကြီးက ပြုံးပြီး ကျေနပ်စွာ နားထောင်၊ ညနေ စောင်းရင် အဆောင်ကို လမ်းလျှောက်ပြီး ပြန်၊ ဒီလိုနဲ့  သင်္ကြန်ရက်တွေကို ပျော်ရွှင်စွာ ကုန်ဆုံး စေခဲ့တယ်။ ပြန်ပြီးတွေးရင် အမှတ်ရစရာတွေချည်းပါပဲ ကိုကြီးရယ်။ သင်္ကြန်ဆိုတာ (ကိုကြီးနဲ့  ဆုံတွေ့ ပြီး နောက်ပိုင်း) ဘယ်လိုမှ တို့  တစ်ယောက်ထဲ ဖြတ်ကျော်ဖို့  မလွယ်ပါဘူး။ သင်္ကြန်ရယ်၊ ကိုကြီးရယ်၊ တို့  ရယ်ဟာ ခွဲမရအောင် တစ်သားတည်း ကျသွား ခဲ့ပြီလေ။

စဉ်းစားရင်းနဲ့  မနှစ်က သင်္ကြန်ကို ပြန်ပြီး သတိရမိတယ်။ တို့  အမတွေက သင်္ကြန်ကို သူတို့ နဲ့  အတူ လိုက်ဖို့  ခေါ် ကြတယ်။ တို့  မလိုက်ချင်ပါဘူး။ သင်္ကြန်ဆိုတာကို တို့ က ကိုကြီးနှင့်ပဲ ဖြတ်ကျော်ချင်တာ။ မလိုက်ချင်ဘူးလို့  ငြင်းပေမဲ့ မရ ဘူး။ မေမေတို့ ကပါ လိုက်သွားဖို့  သဘောတူတာကြောင့် အမ ဖြစ်သူရဲ့ မလိုက်မနေရ အမိန့် ကို ကြောက်လို့  နာခံပြီး လိုက် ခဲ့ရပေမဲ့ မပျော်ခဲ့ဘူး။ ကိုကြီးကို ဒီအကြောင်း ပြောပြတော့ “ချောင်းသာကို ကလေးမှ မရောက်ဖူးတာ လိုက်သွားပါ”တဲ့လေ။ ကိုကြီးကိုလိုက်ဖို့  ခေါ်ပေမဲ့ သူ့ အဘွားရှိရာ တောင်ကြီးကို သွားရမှာမို့  မလိုက်နိုင်ခဲ့ဘူး။

တို့ က သင်္ကြန်ဆို ကိုကြီးနဲ့ ပဲ နေချင်တာလို့  သူ့ ကို ပြောပြတော့ ဒီနှစ်မရှိလည်း နောင်နှစ် တွေကျရင် တူတူ ဖြတ်ကျော်နိုင်မှာလို့  နှစ်သိမ့်တယ်။ တကယ်တမ်းကျတော့ ကိုကြီးက တို့ ထက် အရင်စောပြီး တောင်ကြီးကို ထွက်သွား ခဲ့တယ်နော်။ ချောင်းသာသွားတဲ့ လမ်းတလျှောက်မှာ ကိုယ့်ခံစားချက်နဲ့  ကိုယ်မို့  သူများတွေလို မပျော်နိုင်ဘူး။ အဲဒီတော့ အားလုံးရဲ့ နောက်ပြောင်စရာ ဖြစ်နေတာ့တာပေါ့။

သင်္ကြန်အကြိုနေ့  မနက်ပိုင်းတည်းက ရန်ကုန်က ထွက်ခွာခဲ့တာ ချောင်းသာ ကမ်းခြေ ဟိုတယ်ကို ရောက်တော့ နေ့ လယ်ပိုင်း ဖြစ်နေပြီ။ အားလုံးက အခန်းယူပြီးပြီ ဆိုရင်ပဲ ရေထဲကို ဆင်းဖို့  အဆင်သင့် ဖြစ်နေကြပြီ။ သူတို့ တွေ ထွက်သွား ပြီးတော့မှ တစ်ယောက်ထဲ စိတ်ဓါတ်ကျကျနဲ့  လမ်းလျှောက်ဖို့  ဟိုတယ်ရှေ့ ကိုအထွက် အခန်းရှေ့ က သဲပြင်ပေါ်မှာ ခရုသေး သေးလေးတွေနဲ့  ဖော်ထားတဲ့ စာကို ဖတ်ရင်း တစ်ကိုယ်လုံး တောင့်ကနဲ ဖြစ်သွားမိတယ်။ ရေးထားတာကိုလည်း ကြည့်အုံး။

“ခရုလေး ကိုကြီး ရောက်နေပြီ။”တဲ့

မဖြစ်နိုင်တာ၊ ကိုကြီးက တောင်ကြီး သွားနေတဲ့ဟာကို။ ဘယ်လိုလုပ်ပြီး ချောင်းသာကို ရောက်လာနိုင်မှာလဲ။ စောစောက ရုတ်တရက် ပျော်သွားမိတဲ့ အပျော်စိတ်ကလေးတောင် ဘယ်ရောက်သွားမှန်း မသိဘူး။ ရေသွားကူးကြတဲ့ အုပ်စု ကို တီးတိုး ကျိန်ဆဲမိတယ်။ တတ်လည်း တတ်နိုင်ကြတယ်။ ရေကူးစရာရှိ အေးအေးဆေးဆေး မသွားကြဘူး။ သူများကို နောက်သွားကြသေးတယ်။

ကိုကြိးကို သတိရစိတ်တွေ ပိုလာတယ်။ ရေကူးနေကြတဲ့ သူတို့ ကို ငေးကြည့်ရင်း ကိုကြီးသာ အနားမှာရှိရင် ဆိုတဲ့ အတွေးနဲ့  လွမ်းလွမ်းဆွေးဆွေး ဖြစ်နေတုန်း အေးကနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး စိုရွှဲစွာ ရေလောင်းချ ခံရတာကြောင့် စိတ် အနှောင့်ယှက် ဖြစ်စွာ လှည့်အကြည့်

“ဟင် ကိုကြီး”

“ခရုလေး”

အနားကို ရောက်နေတဲ့ ကိုကြီးကို ပျောက်သွားမှာ စိုးသည့်အလား တင်းကျပ်စွာ ဖက်ထားပြီးမှ သတိပြန်ရကာ သူ့ ကို တွန်းထုတ်လိုက်မိတယ်။

“ဘယ်လို ဖြစ်တာလဲ ခရုလေးရ။ အပြောင်းအလဲ မြန်လှချည်လား။”

“တော်ပြီ။ ကိုကြီးကို မုန်းတယ်။ ခရုကဖြင့် လွမ်းလို့  သေတော့မယ်။ အားလုံး ၀ိုင်းညာကြတယ်။ တောင်ကြီးကို သွား တဲ့သူက ဘယ်လိုလုပ်ပြီး ချောင်းသာ ရောက်လာရတာတုံး။ အခန်းဝက စာက ကိုကြီး လာရေးသွားတာလား။ ”

“အင်းပေါ့။ ခရုလေး အံ့အားသင့် ၀မ်းသာသွားအောင် ကိုကြီးက တမင်ပြော မထားတာ။ ကိုကြီးလည်း သင်္ကြန်မှာ ခရုလေးနှင့် ခွဲပြီး ဘယ်မှ မသွားနိုင်ပါဘူး ကလေးရယ်။ ”

“အတူတူပဲပေါ့ ကိုကြီးရဲ့”

ကိုယ့်ကို အမြဲတမ်း အလိုက်သိလွန်းသော ချစ်သူကို ပို၍ မြတ်နိုးရပြန်တယ်။ ထို သင်္ကြန်ကတော့ ထူးထူးခြားခြားနဲ့  အပျော်ဆုံး ဖြစ်ခဲ့ရတယ်။

x x x x x x x

သင်္ကြန်ကျရင် ခရုနားက ဘယ်ကိုမှ မသွားပါဘူး ဆိုတဲ့ ကိုကြီးရယ်။ ဒီနှစ်တော့ ခရု တစ်ယောက်ထဲ ထားခဲ့တယ် နော်။ လွင့်ပျံ့ လာသော သီချင်း အပိုင်းအစက ရင်ထဲက ဝေဒနာကို ထပ်မံ နှိုးဆွပြန်တယ်။
“ဘယ်ဆီမှာလဲ အချစ်ဆုံးသူ၊ အမြဲ တမ်းတ ညတိုင်းပဲ။ တစ်ကိုယ်ရေ ညများထဲ အိပ်မပျော်နိုင်တဲ့သူ”
ကိုကြီးရေ၊ တို့ ကတော့ ကိုကြီးကို တမ်းတရင်း ရူးသွပ်နေဆဲပါပဲ။ နားလည်မှုတွေနဲ့  ပြည့်ဝနေတဲ့ ချစ်သူနှစ်ဦးဟာ လာမဲ့ သင်္ကြန်မတိုင်ခင် (သို့ ) သင်္ကြန်အပြီးမှာ လက်ထပ်မယ်လို့  စီစဉ်ခဲ့ကြတယ်။ ကန့် ကွက်မဲ့သူ မရှိ အဆင်ပြေနေခဲ့တဲ့ တို့ ဘ၀ ခရီးဟာ ရှေ့ ဆက်ရမဲ့ အစီအစဉ်တွေနှင့် ပျော်ရွှင် နေခဲ့ကြတယ်။ အခြေအနေ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့  ထင်မထားခဲ့မိဘူး။

ကိုကြီးရဲ့ အမြွှာညီဟာ အမေရိကမှာ ရှိတဲ့ သူ့ အဒေါ်တွေဆီမှာ နေရင်း ကျောင်းနေတာကို အစထဲက တို့  သိထားခဲ့ တယ်။ တနေ့ မှာ ကိုကြီးရဲ့ အမြွှာညီဟာ ကျောက်ကပ်နဲ့  ပတ်သက်တဲ့ ရောဂါ ဖြစ်နေပြိး အခြေအနေ အတော် ဆိုးနေတယ် လို့  သတင်းရခဲ့တယ်။ အချိန်မီ ကျောက်ကပ်ကို အစားထိုး မလဲနိုင်ရင် အသက်အန္တရာယ် စိုးရိမ်ရတယ်တဲ့လေ။ ဒါကြောင့် ကိုကြီးဟာ သူနဲ့  အချင်းတစ်ခုထဲ မွေးဖွားခဲ့တဲ့ သူ့ ရဲ့ အမြွှာညီကို သူ့ ရဲ့ ကျောက်ကပ် တစ်လုံး အစားထိုးပေးဖို့  သဘောတူ ခဲ့တယ်။ ပထမ တစ်ခါ သူ နိုင်ငံခြား သွားချိန်ထဲက လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးသားတဲ့လေ။

တို့ နှစ်ယောက် လက်ထပ်ဖို့  အစီအစဉ်ကို ခေတ္တ ရွှေ့ ဆိုင်းပြီး ကိုကြီး အမေရိကားကို လိုက်သွားဖို့  ပြင်ဆင်ခဲ့တယ်။ တို့ ကတော့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကို ဘယ်လို လက်ခံ ရမယ်မှန်း မသိစွာ ကြောင်တောင်တောင် နိုင်နေ ဆဲ။ ကိုကြီးကို စိတ်လည်းမချနိုင်၊ ခွဲလည်းမခွဲနိုင်၊ တားဖို့ လည်း မသင့်တော်နဲ့  တစ်နေ့ တစ်နေ့  မျက်ရည်ပဲ ကျနေမိတယ်။

ကိုကြိးကတော့ မအားလပ်တဲ့ကြားက တို့ ကိုနှစ်သိမ့်ရင်း၊ သင်္ကြန်မှာ ပြန်လာနိုင်အောင် ကြိုးစားမဲ့ အကြေင်းနဲ့  တို့  ကို သိပ်ချစ်တဲ့ အကြောင်းတွေကို ထပ်တလဲလဲ ပြောနေခဲ့တယ်။ နောက်ဆုံးမှာတော့ ဘယ်လိုမှ မတတ်သာစွာနဲ့ ပဲ သင်္ကြန် ကျဖို့  သုံးလတိတိ လိုတဲ့နေ့ မှာ ကိုကြီး အမေရိကားကို ထွက်ခွာသွားတော့တယ်။ ဘာကြောင့်မှန်း မသိပဲ တို့ စိတ်တွေ လေးလံ နေခဲ့တယ်။ ဆေးဝါးတွေ ဘယ်လောက်ပဲ တိုးတက်တယ် ပြောပြော ကံကြမ္မာကိုတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး လေ။ ကိုကြီး ကျန်းမာပါစေကြောင်းနဲ့  အမြန်ဆုံး အန္တရာယ် ကင်းပါစေကြောင်း နေ့ တိုင်း ဆုတောင်းခဲ့ရတယ်။

ဘာလိုလိုနဲ့  သင်္ကြန်ကျဖို့  နီးကပ်လာခဲ့ပြီ။ ခွဲစိတ်မှု အောင်မြင်ကြောင်းနှင့် မကြာခင်မှာ ပြန်လာနိုင်အောင် ကြိုးစားနေကြောင်း တို့ ဆီကို ကိုကြီးက ဖုန်းဆက် ပြီး အကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ သင်္ကြန်နားနီးမှ အဆက်အသွယ် ထပ်မရတာကြောင့် ဘယ်နေ့ ပြန်ရောက်မယ်မှန်း အတိ အကျ မသိခဲ့ဘူး။ ဒီလိုနှင့် သင်္ကြန် ကျခဲ့ပြီ။ သူများတွေ သင်္ကြန်မှာ ပျော်နေကြတာကို ကြည့်ရင်း ရင်ထဲမှာ လွမ်းလွမ်းဆွတ် ဆွတ် ခံစား နေရတယ်။ လမ်းမပေါ်က ဖြတ်သွားတဲ့ သင်္ကြန်ကားတွေ အသံကြားရင် တို့  မခံစားနိုင်ဘူး ဖြစ်နေတယ်။ တို့ နှစ် ယောက်အတူ ဖြတ်ကျော်ဖူးတဲ့ သင်္ကြန်ပေါင်း ၅နှစ်ရှိခဲ့ပြီ။ တို့ နှစ်ယောက်ရဲ့ တွယ်တာမှုဟာလည်း ဖျက်မရအောင် ခိုင်မြဲနေခဲ့ ပြီ။

“လွမ်းတယ် ကိုကြီးရယ် ပြန်လာခဲ့ပါတော့။ နေ့ တိုင်း မျှော်ရလွန်းလို့  ခရုလည်း မောလှပြီ။”

ကိုကြီးကို တမ်းတရတာ နေ့ စဉ်နဲ့  အမျှပါပဲ။ ဒီနေ့  သင်္ကြန် အတက်နေ့ ။ ကိုကြီးကို လွမ်းဆွတ်မှုတွေကို ဘယ်လိုမှ မမျိုသိပ်နိုင်လွန်းစွာနဲ့  သင်္ကြန်ရေ ကြားထဲကပဲ ၇န်ကုန်တက္ကသိုလ်ထဲကို ထွက်လာမိပါတယ်။ ကိုကြီးနဲ့ အတူ သွားစဉ်က စကား တပြောပြောနဲ့  မောရမှန်းမသိ လျှောက်ခဲ့တဲ အဓိပတိလမ်းဟာ အခုတော့ သူမ တစ်ယောက်ထဲ လျှောက်တဲ့အခါ မောပန်း၊ ရှည်လျား လွန်းလိုက်တာ။

စာကြည့်တိုက်ရှေ့ က ထိုင်နေကျ အုတ်ခုံလေးပေါ် အရောက်မှာတော့ အုတ်ခုံပေါ်မှာ စကားပန်းလေးများဖြင့် ပုံဖော်ထားသော စာတန်းလေး၊ တို့  အသက်ရှု ရပ်လုမတတ် ခံစားလိုက်ရတယ်။

“ခရုလေး၊ ကိုကြီး ပြန်ရောက်နေပြီ” တဲ့။

ဝမ်းသာမှုတို့ က အတိုင်းဆမဲ့စွာ။ တို့ နှစ်ယောက်ထဲသာ သိနိုင်သော ဒီကိစ္စကို ဘယ်သူမှ မနောက်နိုင်ပါ။့
“ကိုကြီးရေ” လို့  ပါးစပ်ကလည်း ခေါ်ရင်း လိုက်ရှာပေမဲ့ မတွေ့ ဘူး။ နောက်ဆုံးမှာ မောမောနဲ့  ထိုင်ချလိုက်ပြီး ကျောက်ခုံပေါ် မျက်နှာအပ်ကာ ငိုနေလိုက်တော့တယ်။ မျှော်လင့်ထားတဲ့အတိုင်း သိပ်မကြာခင်မှာပဲ ပခုံးပေါ်ကို ရေအေးအေး များ စီးကျလာတယ်။

မော်ကြည့်လိုက်တဲ့အခါ တို့ ကို ရီဝေစွာ ငေးကြည့်နေသော ကိုကြီးရဲ့ မျက်ဝန်းများ ဘာကြောင့် အရည်ကြည် များ ရစ်ဝိုင်းပြီး မှိုင်းညှို့ နေရတာလဲ။ တို့ နားမလည်နိုင်ဘူး။

“ကိုကြီး၊ ခရုကို ပြန်တွေ့ ရတာ မပျော်ဘူးလားလို့ ။ မျက်နှာကြီးက ဘာဖြစ်နေတာလဲ။ နေမကောင်း သေးဘူးလား။”

“နေကောင်းပါတယ် ခရုလေးရယ်၊ ခရီး နည်းနည်း ပန်းလာလို့ ပါ။ ကလေးနဲ့  တွေ့ ရတာ ကိုကြီး မပျော်ပဲ နေပါ့ မလား။”

“ဒါဆိုရင်လည်း ပြီးရော။ ခရုက ကိုကြီး ပြန်မလာခင် အိပ်မက်ဆိုးတွေ မက်နေလို့  စိတ်ပူနေတာ”

“ဟုတ်လား။ ဘယ်တုန်းက မက်တာလဲဟင်”

ပြန်မေးလိုက်သော သူ့ အသံက အလောတကြီး နိုင်လှသည်။

“ဖြည်းဖြည်း မေးပါ ကိုကြီးရယ်။ ပြောပြမှာပေါ့။ မှတ်မှတ်ရရ သင်္ကြန်အကြိုနေ့ ညက ကိုကြီးကို ခရု အိပ်မက်တယ်။ ကိုကြီးကလေ အ၀တ်အစား အသစ်တွေ ၀တ်ထားပြီး အရမ်းကို လှနေတယ်။ ပြီးတော့ ကိုကြီးက ခရုကို လာနှုတ်ဆက်တာတဲ့။ ဟိုးအဝေးကြီးကို သွားရတော့မှာတဲ့။ ခရုက မခွဲနိုင်လို့  မသွားပါနဲ့ လို့  ငိုပြီး တားတာတောင် မရဘူး။ အတင်းကို ထွက်သွားခဲ့ တာ။ အိပ်မက်ထဲမှာ ၀မ်းနည်းလွန်းလို့  ငိုလိုက်ရတာ။ လန့် လည်းနိုးလာရော အပြင်မှာပါ ခရု တကယ် ငိုနေတာ သိလား။ ခေါင်းအုံး တစ်ခုလုံး စိုရွှဲ နေတာပဲ”

“အဲဒါ ဘယ်အချိန်လောက်ကလဲ။ ကလေး မှတ်မိလား။”

“မှတ်မိတယ်။ လန့် နိုးလာတော့ ရေသောက်ချင်တာနှင့် ထရင်း နာရီ ကြည့်လိုက်မိတာ။ ည ၁၁ နာရီ ခွဲတိတိပဲ။ အဲဒီ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ခွေးတွေကလည်း အရမ်းအူတော့ ကြောက်လိုက်တာ မပြောပါနဲ့ တော့။ ဒါကြောင့် ကိုကြီးကို စိတ်ပူနေမိတာ။ ခုတော့ ကိုကြီးလည်း ချောချောမောမောနဲ့  ပြန်ရောက်လာပြီ ဆိုတော့ တော်သေးတာပေါ့။ မဟုတ်ရင် ကိုကြီး မလာမချင်း စိတ်အေးနိုင်မှာ မဟုတ်ဘူး။ လက်ထပ်ချင်ပြီ ကိုကြီးရယ်။ ခရုတို့  အတူနေကြ ရအောင်။ ကိုကြိးကို ထပ်ပြီး မခွဲနိုင် တော့ဘူး။ ကိုကြီးနဲ့ သာ ခွဲရရင် ခရုသေမှာ။ ခုလို ခဏလေး ခွဲရတာတောင် မခွဲနိုင်ဘူး။ ကိုကြီးသာ အနားမှာ ရှိရင် ဘ၀တစ်ခု လုံး အေးချမ်းသွားပြီ။ ကိုကြီးရယ်၊ ခရုရယ်၊ သင်္ကြန်ရယ် ဘယ်တော့မှ မခွဲတော့ဘူးနော်။”

ပြောပြောဆိုဆို သူ့ ရင်ခွင်ထဲ တိုးဝင်လာသော သူမကို တင်းကျပ်စွာ ဖက်ထားမိသည်။ သူ့ ရင်ထဲမှာတော့ ဆို့ နင့် တုန်ယင် နေသည်။ ဆန်းကြယ် တိုက်ဆိုင်လွန်းလှသော စိတ်ချင်း ဆက်သွယ်မှုကို ခံစားမိချိန်မှာ ကျလာသော သူ့ မျက်ဝန်းမှ မျက်ရည် တစ်စက်သည် သူမ ပါးပြင်ပေါ်သို့  လွင့်စဉ်ကျ သွားတော့သည်။ သူမက အလန့် တကြား

“ကိုကြီး ငိုနေတာလားဟင်”

“မဟုတ်ပါဘူး ကလေးရယ်။ ကလေးနဲ့  အတူနေရတော့မှာမို့  ၀မ်းသာလွန်းလို့  ကျတဲ့ မျက်ရည်ပါ။ ဒီနေ့ ကစပြီး ကလေးဘ၀ တစ်ခုလုံးကို နွေးထွေး လုံခြုံအောင် စောင့်ရှောက် သွားမယ်လို့  ကိုကြီး တဘ၀စာလုံး အတွက် ကတိ ပေးပါ တယ်။ ”

မင်းရဲ့ ဘ၀ကလေးကို ထာဝရ ချမ်းမြေ့အောင် အတတ်နိုင်ဆုံး ကိုယ် ဖန်တီး ပေးမှာပါ။ မင်းရဲ့ စိတ်ထဲမှာ ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာ တစ်ခုကို တစ်သက်လုံး ကိုယ် ဘယ်တော့မှ မပြောပြတော့ဘူးလို့  ဆုံးဖြတ်ချက် အပြီး ချလိုက်ပါပြီ။ ဒါဟာ ကိုကြီးကို သိပ်ချစ်တတ်တဲ့ မင်းရဲ့ အချစ်နဲ့ ၊ မင်းကို သိပ်ချစ်တဲ့ ကိုယ့်ရဲ့ အမြွှာ အကိုတို့ ရဲ့ အချစ်ကို လေးစား ဂုဏ်ပြုလို့ ပါပဲ။

ဟုတ်တယ်။ ကိုယ်ဟာ မင်းရဲ့ အချစ်ဆုံး ကိုကြီး မဟုတ်ပဲ ကိုကြီးရဲ့ အမြွှာညီ ညီညီ ဆိုတာကို မင်း ဘယ်တော့မှ မသိစေရဘူး။ မင်းရဲ့ အချစ်ဆုံး ကိုကြီး၊ ကိုယ့်ရဲ့ အချစ်ဆုံး အကိုဟာ မင်း သူ့ ကို အိပ်မက်မက်တဲ့ သင်္ကြန် အကြိုနေ့ ည ၁၁နာရီခွဲ အချိန်မှာပဲ ကွယ်လွန် သွားခဲ့တာကို မင်း သိမယ်ဆိုရင်
အံ့သြစရာ ကောင်းလွန်းစွာပဲ မင်းကို သူ လာနှုတ်ဆက်တယ်လို့  မင်း အိပ်မက် မက်နေတဲ့ အချိန်မှာ ကိုကိုဟာ မင်းနာမည်ကို ရေရွတ် တမ်းတရင်း ကွယ်လွန်သွားခဲ့တာဟာ ပြင်းထန်တဲ့ အချစ်စိတ်ကြောင့်လား၊ အင်အား ကြီးမားတဲ့ မသိစိတ်ရဲ့ စွမ်းအားကြောင့်လား။ မဝေခွဲနိုင်ခဲ့ဘူး။

x x x x x x x

ကြေကွဲခြင်း နိဂုံး

ကျောက်ကပ် အစားထိုး ပေးဖို့  ရန်ကုန်က လာတဲ့ ကိုကိုဟာ သူ့ ရဲ့ အသက်ကို အချိန်မီ ကယ်တင် ပေးနိုင်ခဲ့လို့  သူ အသက် ချမ်းသာရာကို ရခဲ့ပေမဲ့ ကိုကို့ ရဲ့ အသက်ကိုတော့ သူ ပြန်မကယ်နိုင်ခဲ့ဘူး။
ကိုကိုက သူ့ ချစ်သူ အကြောင်းကို အမြဲတမ်း တဖွဖွ ပြောတတ်လွန်းလို့  ခရုလေး ဆိုတဲ့ နာမည်ရယ်၊ သူတို့  နှစ် ယောက်ရဲ့ ရည်းစားဘ၀ အကြောင်းတွေရယ်ကို အစ အဆုံး သိနေခဲ့တာ။ သူ့ ချစ်သူရဲ့ ဓါတ်ပုံကို ကိုယ်နဲ့  မကွာတမ်း ဆောင်ထားတတ်တဲ့ ကိုကိုရဲ့ အကျင့်ကြောင့် သူ့ ချစ်သူကို ဓါတ်ပုံမှ တဆင့် ရင်းနှီး ကျွမ်းဝင်နေခဲ့တာ။ သင်္ကြန်ဆိုတာ သူတို့  နှစ်ယောက်ရဲ့ အထိမ်းအမှတ်မို့ လို့  သူ မရှိရင် သူ့ ချစ်သူ တစ်ယောက်ထဲ အားငယ်နေမှာလို့  ပြောတတ်လွန်းလို့  သူတောင်မှ အဖြစ်သည်းရန်ကောလို့  စနေခဲ့တာ။ ကိုကိုက သင်္ကြန် မရောက်ခင် နှစ်ရက်အလိုမှာ ပြန်ဖို့  ပြင်ဆင်ထားခဲ့တာ။ နေပါအုံးလို့  သူတို့  ဘယ်လို တားတား မရခဲ့။ ပြန်ရမှာမို့  သိပ်ပျော်နေတဲ့ ကိုကိုဟာ ကံကြမ္မာရဲ့ ထင်မှတ် မထားတဲ့ ရက်စက်မှုကို ခံခဲ့ရ တယ်။ ရန်ကုန်ကို ပြန်ဖို့  လေယာဉ်ကွင်းကို အလာ လမ်းမှာ မမျှော်လင့်တဲ့ ကားတိုက်မှုကြောင့် သင်္ကြန်အမှီ ပြန်ချင်တဲ့ သူ့  စိတ်ကူးတွေ ပျက်စီးခဲ့ရတယ်။

ကိုကို့ မှာ ထိခိုက် ဒဏ်ရာတွေ ပြင်းထန်နေတဲ့ ကြားက သူရဲ့ ချစ်သူ အတွက် စဉ်းစားပြီး စီစဉ်ပေးခဲ့တာ။ ကိုယ့်ကို လည်း ကတိ တစ်ခုကို အတန်တန် တောင်းပြီး သူဖြစ်ချင်တာတွေကို မှာကြားခဲ့တာ။ ကိုကို့ အတွက် ၀မ်းနည်း နာကျင်နေတဲ့ ကိုယ်ဟာ ကိုကို ဖြစ်စေချင်တာ မှန်သမျှ လိုက်လုပ်ပေးဖို့  အဆင်သင့် ရှိနေခဲ့တယ်။ ကိုယ်ဟာ ကိုကို့ အစား မင်းအနားကို ရောက်ဖို့  အကြောင်းဖန် လာတော့တာပါပဲ။ အချင်းတစ်ခုထဲက မွေးဖွားလာတဲ့ ရုပ်အရမ်းတူတဲ့ အမြွှာညီ အကို နှစ်ယောက် ကို မိဘတွေတောင် ရုတ်တရက် မခွဲခြားနိုင်ခဲ့တာ။ တခါမှ ကိုယ့်ကို မမြင်ဘူးတဲ့ ကိုကို့ ချစ်သူဟာ ဘယ်လိုမှ သံသယ ၀င်နိုင် စရာ မရှိပါ။ နောက်ဆုံး အချိန်ထိ ချစ်သူ နာမည်ကို ရေရွတ်သွားရင်း သေဆုံးသွားတဲ့ ကိုကိုရဲ့ စွဲလမ်းမှုကို ဘယ်လိုမှ ဥပေက္ခာ မပြုနိုင်ခဲ့ပါ။ ကိုယ့်ဆီကိုသာ ကိုကို ရောက်မလာခဲ့ရရင် ခုလို အဖြစ်ဆိုးမျိုး ကိုကိုတို့  ချစ်သူ နှစ်ဦးကြားမှာ ကြုံလာနိုင်စရာ မရှိ တာမို့  တွေးမိတိုင်းမှာတော့ ၀မ်းနည်း နာကျင် ရပါတယ်။

သူရဲ့ သေဆုံးမှုကို သူ့ ချစ်သူအား မသိစေချင်သော ကိုကိုဟာ ကိုယ့်ကို ခရုထံသို့  ကိုကြီးအဖြစ် သွားရောက်ဖို့ နဲ့  သူ့ ချစ်သူကို လက်ထပ်ပြီး တသက်လုံး ကြင်နာစွာ စောင့်ရှောက်သွားဖို့  တောင်းပန်ခဲ့တယ်။ ကိုယ်တိုင်ကလည်း ဒီဇာတ်လမ်း ကိုသီထားပြီးသားမို့  ဟန်ဆောင်ဖို့  သိပ် မခဲယဉ်းခဲ့ဘူး။ သူတို့ အကြောင်းကို ဒိုင်ယာရီ အမြဲ ရေးတတ်ခဲ့သော ကိုကိုကြောင့် လည်း ခရု မရိပ်မိစေခဲ့ပဲ အဆင်ပြေစွာ သရုပ်ဆောင်နိုင်ခဲ့တယ်။
ရန်ကုန်ရောက်တော့လည်း ကိုကြီးအပေါ် အရမ်းချစ်တဲ့ သူမအကြောင်းကို သိခဲ့ရတာမို့  သနားဂရုဏာသက်စွာနဲ့  ညီမလေး တစ်ယောက်လိုရော၊ ချစ်သူ တစ်ယောက်လိုပါ အပြီးတိုင် စောင့်ရှောက် သွားဖို့  ဆုံးဖြတ်ထားတဲ့ သူ့ စိတ်ကူးတွေ ပိုမို ခိုင်မာခဲ့ပါတယ်။

သူတို့  မကြာခင်မှာပဲ လက်ထပ်ဖြစ်ခဲ့တယ်။ လက်ထပ်ပွဲမှာ ကိုကို့ ကို သတိရလွန်းစွာနဲ့  သူ ကြေကြေကွဲကွဲ မျက်ရည် ကျတာကို သူမကတော့ ၀မ်းသာလွန်းလို့  ကျတဲ့ မျက်ရည်လို့  ထင်နေခဲ့တာ။ ရှိပါစေတော့လေ။ ဘာမှ မသိတဲ့ သူမ ပျော်ရွှင်နိုင်ပါစေ။

သူမက သူ့ ကို သံသယ ကင်းစွာဖြင့် ချစ်ခင် ကြင်နာလေတိုင်း၊ သင်္ကြန်တိုင်းမှာ သူမတို့ နှစ်ဦးရဲ့ ချစ်သူဘ၀က ကြည်နူးစရာ အဖြစ်အပျက်များကို သတိတရ ပြန်ပြောလေတိုင်း သူ့ မှာတော့ သင်္ကြန်မှာ သေဆုံးသွားတဲ့ ကိုကို့ ကို သတိရ မိပါတယ်။ သင်္ကြန်ကို အရမ်းချစ်သော သူမဟာ သူမရဲ့ အချစ်ဆုံး ကိုကြီးကို အဲဒီ သင်္ကြန်ရက်တွေ အတွင်းမှာပဲ အပြီးတိုင် ဆုံးရှုံးလိုက်ရကြောင်းကို သိများ သိခဲ့ပါရင် . . . . .

မေဇူး

(၂၀၀၀ ခုနှစ်၊ ဧပြီလ၊ အပျိုစင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: