သက်မဲ့ဆူး၏ နှောင်ဖွဲ့ ခြင်း

လူ တစ်ယောက်ဟာ သက်မဲ့ မှဲ့ လေးတစ်လုံးကို ဂရုစိုက် ကြောက်ရွံ့ နေရမှာတဲ့လား။ ကိုယ် ဖန်တီး ရယူခဲ့တာ မဟုတ်ပဲ သဘာဝတရားက ဖန်တီးပေးထားတဲ အရာတစ်ခု အတွက် ဘာများတတ်နိုင် မှာတဲ့လဲ။ သူမရဲ့ ညာဘက် မျက်ဝန်း အောက်တည့်တည့်မှာ ရှိတဲ ထင်ရှား မည်းနက်တဲ့ မှဲ့ တစ်လုံး ရှိနေ ခြင်းကို လူတွေက မကောင်းဘူးလို့  ယူဆကြတယ်။ ကိုယ့်ရဲ့ ချစ်သူ၊ ကိုယ်နဲ့ ယူမဲ့ ယောကျာ်းကို ထိခိုက် တတ်တယ်တဲ့လေ။

“မေပန်းဖူး” ဆိုတဲ့ သူမ ကိုယ်တိုင်ကလည်း ဒါကို အယုံအကြည်ခဲ့။ သူမနဲ့  ဆန့် ကျင်စွာ ပတ်ဝန်း ကျင်နဲ့  သူမရဲ့ ဆွေမျိုး အသိုင်းအ၀ိုင်း တွေကတော့ စွဲမြဲစွာ ယုံကြည် နေကြပြန်တယ်။ ကလေး ဘ၀ထဲက သူမ မျက်နှာမှ တစ်ခုတည်းသော မှဲ့ နက်လေးကို မြင်တိုင်း လူတွေက အဲဒီလိုမျိုး ပြောတတ် ကြတာကို ကြားရဖန်များလာတော့ သူမ စိတ်ပျက်မိသည်။ အရွယ် ရောက်လာတော့လည်း စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်မိတာကလွဲလို့  ဘာမှ ထူးပြီး မခံစားရတော့ပါ။

သူမ ကိုယ်တိုင် မေ့လျော့ ထားခဲ့သော မှဲ့ နက်လေးသည် သူမဘ၀ တည်ငြိမ်နေချိန်ကြမှ သူမကို ရိုက်ခတ်ကာ ပြောင်းလဲ စေခဲ့တော့သည်။ နောက်ဆုံးမှာတော့ သူမ ကိုယ်တိုင် ထိုမှဲ့ နက်လေးကို နာကြည်း မုန်းတီးခဲ့လေပြီ။

မေပန်းဖူး ဘ၀မှာ မပြည့်စုံခြင်း ဆိုတာ ကြားဖူး နားဝပင် မရှိခဲ့ပါ။ ရှားပါးသော ဆွေမျိုး အသိုင်း အ၀ိုင်း အလယ်မှာ ဦးစားပေး အဆင့်တစ် နေရာမှာ ရှိနေခဲ့သည်။ လိုတရနေသော ဘ၀မှာ ငွေကို ရေလို သုံးပြီး အလှဆုံး ပြင်ဆင်ကာ ကိုယ်တိုင် ကားမောင်းပြီး ပျော်ပျော် နေတတ်သော သူမ အနားမှာ ချစ်ခင် သူတွေ ၀ိုင်းဝိုင်းလည် နေခဲ့သည်။ ချောမော လှပသော သူမ မျက်နှာပေါ်က မှဲ့ နက်ကလေး ကပင် သူမ အလှကို ထူးခြားစေခဲ့သည်။

ထိုမှဲ့ လေးကို ပတ်ဝန်းကျင် (အထူးသဖြင့် မိန်းကလေးများ) က မကောင်း ကြောင်း ပြောကြပေမဲ့ အယူမသည်းတတ်သော ယောကျာ်းလေးများကတော့ ထိုမှဲ့ လေးကိုပင် စွဲလမ်းရပါ သည်တဲ့။
သူမကတော့ သူမ၏ မှဲ့ အတွက် ထူးထူး ထွေထွေ ခံစားချက် မရှိပေ။ ကိုယ်နှင့် ပတ်သက်သော ယောကျာ်းတွေကို ထိခိုက် တတ်သည် ဆိုသော အယူအဆကို မှန် မမှန် စမ်းသပ်ကြည့်ချင်စိတ်နှင့် ရည်းစားများစွာ သူမ ထားဖြစ်ခဲ့သည်။

ငယ်ချစ်ဦးကို တစ်သက်မမေ့ဘူးလို့  ပြောကြပေမဲ့ သူမကတော့ ပထမဦးဆုံး အချစ်ဦး နှင့်ပတ် သက်၍ ဘာမှ မခံစားခဲ့ရပါ။ သူ့ ကို အမှန်တကယ် မချစ်ခဲ့လို့ ပဲ ဖြစ်မည် ထင်သည်။ သူမနဲ့  လမ်းခွဲပြီး မကြာခင်မှာပဲ သူ တပ်မတော်ထဲ ၀င်သွားခဲ့သည်။ သူနဲ့  ဝေးကွာပြီး နောက်ပိုင်း သူမ ရည်းစားတွေ ထပ်ထားခဲ့ပြန်သည်။ သူမနှင့် တွဲသွား တွဲလာ လုပ်ရုံကလွဲပြီး ထိုယောကျာ်းများကို သူမ ဘာအခွင့်အရေး မှ မပေးခဲ့ပါ။ အကြောင်းပြချက် မရှိပဲ သူမကသာ စတင် စွန့် ခွာ ခဲ့တာ ဖြစ်သည်။

ထိုသူများမှာ သူမနှင့် ပတ်သက်၍ ဘာမှ ထိခိုက်မှု မရှိကြောင်း သိလာရချိန်မှာတော့ ချစ်တမ်း ကစားနေခြင်းကို သူမ ရပ်လိုက်တော့သည်။ သူမရဲ့ မှဲ့ နှင့် ပတ်သက်၍ ပြောနေကြတာကို အစထဲက ယုံကြည်ခဲ့တာ မဟုတ်ပေ။ အဓိပ္ပါယ် မရှိ ပြောနေခြင်းဟုသာ ကောက်ချက်ချခဲ့သည်။ ရယ်စရာ အဖြစ်ပင် သူငယ်ချင်းများကို ပြန်ပြောပြခဲ့သည်။

“နင် မချစ်ပဲနဲ့  ဘာလို့  ရည်းစားတွေ အများကြီး ထားရတာလဲ ပန်းဖူးရယ်”

သူငယ်ချင်းများက သူမ ရည်းစားများခြင်းကို အပြစ်တင်စွာ ပြောကြသည်။

“ဒါကတော့ ငါ့ ခံယူချက်နဲ့  ငါပေါ့ဟာ။ နင်တို့ ပဲ ပြောကြတယ်လေ။ ငါ့မှာရှိတဲ့ မျက်ရည်ခံမှဲ့ က ကိုယ့်ချစ်သူ၊ ကိုယ်နဲ့ ယူမဲ့သူကို ခိုက်တတ်တယ်ဆို။ ဟုတ်နေခဲ့ရင် ငါ ခံစားရပြီပေါ့။ ဒါကြောင့် ငါ တကယ် မချစ်တဲ့သူတွေနဲ့  မှန်မမှန် စမ်းသပ်ကြည့်ခဲ့တာ။ ကြည့်လေ. . သူတို့ ဘာမှ မဖြစ်ကြဘူး။ ငါ့အတွက် စိတ်ချ သွားရတာပေါ့။”

သူမ မှာတော့ ခိုင်လုံသော အကြောင်းပြချက် ရှိခဲ့ပါသည်။

“နင့် စမ်းသပ်မှုကလည်း မဟန်လိုက်တာ ပန်းဖူးရယ်”

“မကောင်းမှန်းတော့ ငါလည်း သိပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ငယ်ငယ်ထဲ က ရင်ထဲကို ရောက်နေတဲ့ အစွဲတစ်ခုဟာ မဟုတ်ပါလား ဆိုတာ သေချာသွားတာပေါ့။ မယုံကြည်ပေမဲ့ ပတ်ဝန်းကျင်က ပြောကြဖန်များလာတော့ ရင်ထဲ ထင့်နေရတာ။ အခုတော့ ငါ လွတ်မြောက်ပါပြီ။”

“နင်ရဲ့ မှဲ့ ကို ဖျက်လိုက်ပါလား၊ အခုခေတ်မှာ အလွယ်တကူ ဖျက်လို့ ရနေတာပဲ”

“ဘာလို့  ဖျက်ရမှာလဲ။ အမေမွေးထားတဲ့ ရှိပါစေ။ မရေရာတဲ့ အယူအဆ တစ်ခုကို ငါက ဘာလို့  ကြိုတင်ကြောက်ရွံ့ ပြီး အရှုံးပေး ရမှာလဲ။”

“နင့် ခံယူချက်က တစ်မျိုးပဲဟာ”

“ဆိုပါတော့ဟာ”

“နင် တကယ် ချစ်တဲ့သူနဲ့  တွေ့ ရင်ရော လက်ထပ်မှာလား”

“လက်ထပ် မှာပေါ့။ ဒါပေမဲ့ ငါ့ ချစ်သူက ငါ့ထက် အသက် ကြီးရမယ်။ ထက်မြက်ရမယ်။ အရာရာ မှာ ငါ့ အပေါ် ဦးဆောင်နိုင်စွမ်းရှိရမယ်။ ငါက သူ့ ရဲ့ စီမံမှု အောက်မှာ ငါ့ ဘ၀ကို ရှင်သန်ချင်တာ။ ”

သူမရဲ့ စိတ်ကူးထဲက ချစ်သူ ပုံစံဟာ ဒါပါပဲ။ ချမ်းသာဖို့ ၊ ရုပ်ချောဖို့  မလိုဘူး။ သူမလို ခပ်ဆိုးဆိုး ကောင်မလေး တစ်ယောက်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ပုံစံ ပြောင်းနိုင်စွမ်း ရှိရင် တော်ပြီ။

x x x x x x x x x x x x

သူမ ရည်းစားလည်း ထပ်မထားတော့ သလို မှဲ့ လေး အကြောင်းကိုလည်း မေ့နေချိန်မှာမှ သူမထံ ကို ရှေ့ ပြေး နမိတ်ဆိုး တစ်ခု ရောက်ရှိ လာခဲ့သည်။ သူမရဲ့ ရည်းစားဦး ကိုသန့် ဇင် တစ်ယောက် ရှေ့ တန်း တိုက်ပွဲ တွင် ကျဆုံးသွားပြီ ဆိုသော သတင်းပင် ဖြစ်သည်။ မိတ်ဆွေ တစ်ယောက် ဆုံးပါးသွားလို့  စိတ်မကောင်း ဖြစ်ရုံကလွဲပြီး ထူးထူးခြားခြား ထိထိခိုက်ခိုက် မခံစားခဲ့ရပါ။

နောက်ထပ် ၃လ အကြာမှာ သူမရဲ့ တတိယမြောက် ရည်းစားဖြစ်ခဲ့သူ ဖြိုးအာကာနှင့် မြို့ ထဲ စတိုး ဆိုင်တစ်ခုမှာ မမျှော်လင့်ပဲ ပြန်ဆုံ တွေ့ ရသည်။ အဆင်သင့် ပါလာတဲ့ သူ့ ရဲ့ မင်္ဂလာဆောင် ဖိတ်စာကို ပေးရင်း သူမကို မင်္ဂလာ ဆောင် လာဖြစ်အောင် လာဖို့  သူ ပြောသည်။ နောက်ပြီး သူမကို ခုချိန်ထိ တစ်ယောက် ထဲလား၊ မပြောင်းလဲ သေးဖူးလားလို့  မေးတာကြောင့် တစ်ယောက်ထဲပဲ ပိုကောင်းပါတယ် လို့  ပြန်ပြောရင်း နှစ်ယောက် အတူ ရိုးသားစွာ ရယ်မော မိခဲ့သေးသည်။ သူမတို့  နှစ်ယောက် ပြန်လည် ဆုံတွေ့ ချိန်မှာ မိတ်ဆွေ အနေနှင့် ရိုးသားစွာ စကားပြော ဖြစ်ခဲ့ကြတာကို သူမ ကျိန်တွယ် ပြောဝံ့ပါသည်။

သူမနှင့် လမ်းခွဲပြီး ထွက်ခွာသွားတဲ့ ဖြိုးအာကာ တစ်ယောက် လမ်းဖြတ်ကူးရင်း သူမ မျက်စိရှေ့  မှာပဲ ကားတိုက် ခံလိုက်ရခြင်းဟာ သူမအတွက် ဒုတိယအကြိမ် ကံဆိုးခြင်းဆိုတာ သူမ လုံးဝ မသိခဲ့ပါ။ ကျောခိုင်း လှည့်ထွက်သွားတဲ့ တဒင်္ဂ အတွင်းမှာပဲ ဆိုးရွားတဲ့ ကံကြမ္မာဟာ ဖြိုးအာကာ အပေါ် သက်ရောက် စေခဲ့ပြီ။ အနားကို အပြေးသွားရင်း ပတ်ဝန်းကျင်မှ လူအချို့ ရဲ့ အကူအညီနဲ့  သူ့ ကို ဆေးရုံ ပို့ ပေးခဲ့သည်။ အနီးနား ၀န်းကျင်မှာ သူနှင့် သိသူမှာ သူမ တစ်ယောက်သာ ရှိတာမို့  ဆေးရုံကို ပို့ ပေးခဲ့ မိတာ သူမ မှားသလား။ သူမ မတွေးတတ်ပါ။

ဆေးရုံ ရောက်တော့ ဖြိုးအာကာ အသက် မရှိတော့။ သူ့ မိဘတွေထံ ဖုန်းဆက် အကြောင်းကြား ရပြန်သည်။ သူတို့  ရောက်လာချိန်မှာတော့ သူမ တာဝန်ကျေပြီ။ ပြန်ဖို့  နှုတ်ဆက်ချိန်မှာ အခုမှ သတိတရ မော့ကြည့်လာသော မျက်ဝန်းများ၊ သူမကို မှတ်မိ သွားချိန်မှာ ထိုမျက်ဝန်းများ ဘာကြောင့် အရောင် ပြောင်းလဲသွားရလဲ ဆိုတာ သူမ နားမလည်ပါ။

အငို မျက်ဝန်းနှင့် မိန်းကလေး တစ်ဦး သူမ အနား ရောက်လာခဲ့သည်။ ဂရုဏာသက်စွာ ငေးကြည့် နေမိစဉ်မှာပဲ

“ရှင်က ကိုကို့ ကို လက်ထပ်ခါနီးမှ ပြန်ပြီး မြူဆွယ်နေတာကိုး။ မုန်းတယ်။ ရှင့်ကို ကျွန်မ အရမ်း မုန်းတယ်။ ကိုကို သေရတာ ရှင့်ကြောင့်”

မထင်မှတ်ထားတဲ့ စွပ်စွဲချက်ရဲ့ အဆုံး သူမရဲ့ ညာဖက် ပါးပြင်ကို အရှိန်ပြင်းစွာ ထိခတ် သွားတဲ့ ရိုက်ချက်။ စိတ်လိုက် မာန်ပါ ပြန်ရိုက်ဖို့  ရွယ်လိုက်မိတဲ့ လက်ကို လေထဲမှာပဲ ရပ်တန့် ပြီး သူမတို့ အနားမှ အဝေးဆုံး သို့ သာ ပြေးထွက်လာမိသည်။

အသိမဲ့စွာ ပြေးထွက်လာသော သူမဟာ ဆေးရုံ အပြင်ဘက် ကားလမ်းမပေါ် အရောက် အော်ဟစ်သံ၊ ကားဘရိတ်သံနှင့် အတူ နာကျင်မှုကိုသာ နောက်ဆုံး ခံစားလိုက်ရတော့သည်။ ပြန်သတိရ လာချိန်မှာတော့ သူမနှင့် မရင်းနှီးသော ပတ်ဝန်းကျင် တစ်ခုမှ ကုတင် တစ်ခုပေါ် ရောက်ရှိ နေခဲ့သည်။ သူမ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။ မျက်လုံးများကို ဖွင့်ကြည့်ချိန်မှာတော့ စိုးရိမ်တကြီး စိုက်ကြည့်နေသော သူမ မသိသော ချာတိတ် တစ်ယောက်ကို တွေ့ ရသည်။ ရုတ်တရက် ထလိုက်စဉ် မူးနောက်သွားတာ ကြောင့် ပြန်လှဲ ချလိုက်ရသည်။

“မထပါနဲ့ အုံး မမရယ်။ မမရဲ့ အိမ်ကို အကြောင်းကြားပေးပါ့မယ်။ မမ ဆေးရုံဝင်းထဲက ပြေးထွက် လာပြီး ကျွန်တော့် ကားကို ၀င်တိုးတာ။ ဒဏ်ရာ ကြီးကြီးမားမားတော့ မရပါဘူး။ လန့် ပြီး သတိလစ်သွား တာပါ။ ကျွန်တော့် အိမ်ကို ခေါ်လာပြီး ဆရာဝန် ပြထားပါတယ်။ ခဏနေရင် သက်သာသွားမှာပါ”

အိမ်ကို ဖုန်းဆက် အကြောင်းကြား ခိုင်းပြီ့း မကြာခင်မှာပဲ အိမ်မှ လိုက်လာကြသည်။ ခြေထောက် ကောင်းကောင်း မထောက်နိုင်တာက လွဲပြီး သူမမှာ ဘာ ဒဏ်ရာမှ မရှိပါ။ စိတ်ထိခိုက်လွန်းပြီး သတိမေ့ သွားခြင်းသာ ဖြစ်သည်။ အဲဒီနောက်မှာတော့ ဖြစ်ခဲ့သည့် အကြောင်းအရာများ အတွက် သူမ စိတ်ထိခိုက် စွာ အိမ်တွင်း ပုန်းနေမိသည်။

ဖြိုးအာကာနှင့် ပတ်သက်ပြီး ကြားရသည်ကတော့ သူသည် သူမကို အလွန် ချစ်၍ သူမရဲ့ မှဲ့  နက် ကလေးကို စွဲလမ်းခဲ့သည်တဲ့။ သူ့ မိဘတွေက ထိုမှဲ့ သည် ခိုက်တတ်သည်ဟု ဆိုကာ သူမနှင့် သဘော မတူသော်လည်း သူက နောက်မဆုတ်ခဲ့။

သူမက သူ့ ကို ပစ်ခွာသွားတော့လည်း သူမကို တမ်းတလျက် ရှိနေဆဲပင် ဖြစ်သည်။ ယခု မိန်းကလေးကို မိဘတွေ စီစဉ်၍ ယူရသော်လည်း မချစ်ခဲ့ပါ။ သူမနှင့် ပတ်သက်ပြီး ဒိုင်ယာရီထဲ ရေးထားးသမျှကို သူနှင့် လက်ထပ်မည့် မိန်းကလေးက တွေ့ ရှိကာ ဖြိုးအာကာ သေဆုံးမှုသည် သူမ ပရောဂ မကင်းသလို ပြောဆိုနေခဲ့သည်။ ပတ်ဝန်းကျင်ကလည်း သူမ နှင့် ပြန်ဆုံစည်းမိ၍ အခုလို အဖြစ်ဆိုးမျိုး ကြုံတွေ့ ရတာ ဖြစ်ကြောင်း ပြောနေကြတာ သူမ ဘာမှ မကြား ချင်တော့ပါ။

သူမရဲ့ မှဲ့ နှင့် ပတ်သက်၍ ပတ်ဝန်းကျင်၏ အယူသည်းမှုကို နားမလည်နိုင်အောင် ဖြစ်ရသည်။ ကိုသန့် ဇင် ဆုံးပါးသွားစဉ်ကရော သည်လိုပဲ ပြောကြသလား ဆိုသော အတွေးများနှင့်အတူ သူမ တစ်ယောက်ထဲ ချာချာလည် နေခဲ့သည်။

x x x x x x x x x x x x

“ချာတိတ်” လို့  သူမ နာမည် ပေးထားသော နေမျိုးနိုင် ကတော့ မကြာခဏ ဆိုသလို သူမ အိမ် သို့ ရောက်ရှိ လာတတ်သည်။ မိဘချင်း တိုက်ဆိုင်စွာ ငယ်သူငယ်ချင်းများ ဖြစ်နေခြင်းကလည်း သူမတို့  ရင်းနှီးမှုကို ပိုမို မြန်ဆန် သွားစေခဲ့သည်။

အယူ မသည်းတတ်သော သူ့ မိဘများက သူမကို သမီးအဖြစ် လိုချင်ပါသည်ဟု ကမ်းလှမ်းလာ ကြသည်။ ငြင်းစရာ မရှိသော အခြေအနေမှာ သူမတို့  နှစ်ယောက်ကို စေ့စပ် ပေးခဲ့ကြသည်။ နေမျိုးနိုင် ရဲ့စွဲလမ်းမှု အရိပ်အမြွက်များကို ခံစားရပေမဲ့ ချစ်ရမှာ သူမ ကြောက်လန့် နေခဲ့သည်။ မယုံပေမဲ့ တိုက်ဆိုင် စွာ ဖြစ်ပျက်ခဲ့သော ကိစ္စကလည်း ပူပူနွေးနွေးပင် ရှိနေတော့ သူ့ ကို ပြန်ချစ်ဖို့  မစဉ်းစားရဲပေ။ သံယော ဇဉ်တော့ ရှိနေခဲ့သည်။ ဒါပေမဲ့ သူမ စိတ်ကူးထဲမှ ချစ်သူ ပုံစံနှင့်တော့ တခြားစီ ဖြစ်လို့ နေခဲ့သည်။

“မမ”ဟု နှုတ်ဖျားက မချတမ်း ခေါ်နေတတ်သော၊ သူမ မျက်နှာ ညှိုးနေလျှင် မနေတတ်အောင် ပျာယာခတ် နေတတ်သော၊ အရာရာကို သူမကို တိုင်ပင်ပြီး သူမ ခွင့်ပြုမှ လုပ်တတ်သော၊ ကောင်လေး တစ်ယောက် သည် သူမ ဘ၀ကို ဘာများ ဦးဆောင်နိုင်မှာတဲ့လဲ။

ဒါပေမဲ့ သူမထက် ၄နှစ်ခန့် ငယ်သော၊ လိမ္မာသော၊ ရိုးသား သန့် စင်သော၊ “ချာတိတ်” လို့ ခေါ် လျှင် စိတ်ဆိုးသော၊ “မောင်”လို့ ခေါ်မှ သဘောကျတတ်သော ထိုကောင်လေးကို တဖြည်းဖြည်းနှင့် သူမ သိပ်ချစ်လာမိတော့သည်။ နည်းနည်းပါးပါး ပင်ပန်းရုံဖြင့် မျက်နှာလေး ဖြူဖျော့ နေတတ်သော သူ့ ကို သူမ က စိုးရိမ်တကြီး မေးတိုင်း

“မောင် ဘာမှ မဖြစ်ပါဘူး မမရာ၊ တခါတလေ ခေါင်းမူးပြီး အားနည်းတတ်တာပါ”

ဒီစကား တစ်ခွန်းကိုသာ သူ အမြဲ ပြောခဲ့သည်။ အမြဲတမ်းလည်း ဖြစ်မနေတတ်။ တခါတရံသာ။ သီတင်း ကျွတ်လျှင် လက်ထပ်ဖို့  ရက်သတ်မှတ် ပြီးချိန်မှာတော့ အတိတ်က အကြောင်းများကို ပြန်ပြော ပြဖို့  သူမ ကြိုးစားခဲ့သည်။ သူမ စကားစ ရုံပင်ရှိသေးသည်။ သူက . . .

“ဒီအကြောင်းတွေ မောင် အားလုံး သိပြီးသား မမ။ မမကို ဆေးရုံရှေ့ မှာ တွေ့ ပြီးထဲက မမမှာ အကြောင်း တစ်စုံတစ်ရာ ရှိမယ်ဆိုတာ သိတယ်။ အားလုံး စုံစမ်းပြီးခဲ့ပြီ။ ဒါတွေကို မေ့လိုက်ပါတော့ မမရယ်။ မောင် အယူမသည်းတတ်ပါဘူး။”

သူမ ၀မ်းသာ ၀မ်းနည်း ခံစားရပြီး ဘာပြန်ပြောရမယ်မှန်း မသိပေ။

“မမကို စတွေ့ ထဲက ဟောဒီမှဲ့ နက်လေးကို ချစ်ခဲ့တာ”

“မချစ်နဲ့ ”

သူမ ထိတ်လန့် တကြီး အော်လိုက်မိသည်။ မချစ်ပါနဲ့ ။ မချစ်ကြပါနဲ့ ။ မှဲ့ ကို ဖျက်ပစ်မည့် သူမ စိတ်ကူးကို မောင်က လက်မခံခဲ့ပါ။ သည်လိုနဲ့  ဒီအတိုင်း ထားလိုက်တော့သည်။

x x x x x x x x x x x

သူမတို့  ဘ၀မှာ အဆင်မပြေမှု ဆိုတာ မရှိခဲ့ပါ။ ခန်းဝင် ပစ္စည်းလေးတွေ စုဆောင်းရင်း၊ ကြိုတင် ပြင်ဆင် မှုတွေ ပြုလုပ်နေကြသည်။ မောင်ကလည်း ညနေပိုင်းတွင် Diploma သင်တန်း တစ်ခု တက်နေ ခဲ့သည်။ မင်္ဂလာပွဲ အတွက် နိုင်ငံခြားမှ မောင့် အမျိုးတွေ ရောက်ရှိ လာသဖြင့် ဒီနေ့  တစ်နေ့ လုံး မောင် မအားလပ်ပေ။ သူတို့ ကို လေဆိပ်မှာ သွားကြို၊ သူတို့  သွားချင်သော နေရာတွေ လိုက်ပို့ နှင့် တနေကုန် ပင်ပန်းနေသည်။ ညနေ သူမဆီ ရောက်လာတော့

“မောင် ဒီနေ့  သင်တန်းရှိတယ် မဟုတ်လား။ ဘာလို့ မသွားတာလဲ။”

“ဒီနေ့  ပင်ပန်းလို့  မသွားတော့ဘူး။ မမနဲ့  စကား ပြောပြီးရင် အိမ် ပြန်နားတော့မယ်။”

“ဟိတ် . . မပျင်းရဘူးလေ။ မနက်ဖြန် သင်တန်းမှာစာမေးပွဲ အစမ်း ဖြေရမှာဆို။ ဒီနေ့  ကျောင်း တက်မှ ဖြစ်မှာပေါ့ မောင်ရဲ့။ သွားပါကွာ။ လိမ္မာပါတယ်။ ကျောင်းဆင်းရင် မမကို ၀င်ခေါ်။ မောင်တို့ အိမ် မမ လိုက်ပြီး ဧည့်သည် လိုက်တွေ့ မယ်။”

“မမ သွားခိုင်းလို့ သာ သွားရတာ။ မောင် မသွားချင်ဘူး။”

မထချင်၊ ထချင်နှင့် ထပြီး သူမ လက်ကို ထိရုံလေး နမ်းကာ မောင် ထွက်သွားခဲ့သည်။ ကြိုတင် သိမြင် နိုင်စွမ်းအားသာ သူမမှာ ရှိနေခဲ့ရင် သည်လို တိုက်တွန်းမိမည် မထင်ပါ။ သူမ အိမ်ထဲမှာ စာထိုင် ဖတ်နေစဉ် ဖုန်းမြည်လာခဲ့သည်။

“မမ .. မောင် ခေါင်း အရမ်း မူးနေတယ်။ ပြည်လမ်း ( . .) နားကို လိုက်ခဲ့ပါနော်။”

ပြောပြီး ဖုန်း ကျသွားသည်။ သူ ခေါင်းမူးတတ်မှန်း သိရက်နှင့် သူမ အတင်း လွှတ်မိပါလား။ သူမ စိုးရိမ်စွာနဲ့  သူ့  အိမ်ကို အကြောင်းကြားကာ လိုက်လာတော့ သူပြောတဲ့ နေရာမှာပဲ ကားကို တွေ့ ရ သည်။ ကား လက်ကိုင်ခွေပေါ် မှောက်အိပ်နေတာကြောင့် အသာ လှုပ်နှိုးလိုက်တဲ့ အခါ ဘေးကို ခွေလဲ ကျသွားတော့သည်။ အို.. .. သူ သတိလစ်နေတာပါလား။ ကားမောင်းသူ နေရာတွင် ၀င်ထိုင်ရင်း ဆေးရုံ သို့  အတင်း မောင်းထွက်ခဲ့တော့သည်။

ဆေးရုံမှ တာဝန်ကျ ဆရာဝန်က စမ်းသပ်ပြီး

“ညီမလေး စိတ်ခိုင်ခိုင် ထားပါ။ သူ လွန်ခဲ့တဲ့ နာရီဝက် အတွင်းကပဲ Heart Attack နဲ့  ဆုံးသွား ခဲ့ပါပြီ။”

“ရှင်”

လွန်ခဲ့သော နာရီဝက်က သူမဆီကို မောင် ဖုန်းဆက် ခဲ့သေးသည်။ ဒါဆိုရင် ဖုန်းပြော အပြီးမှာပဲ

“မောင်”

မောင့်ရဲ့ ကုတင်ဘေးမှာ သူမ ခွေကနဲ လဲကျ သွားတော့သည်။

x x x x x x x x x x x x

ကမ်းခြေမှ လှိုင်းပုတ်သံတို့ ကို စည်းချက်မှန်မှန် ကြားနေရသည်။ ဒါပေမဲ့ သူမ ရင်ထဲမှ ပေါက်ကွဲ နေသံ လောက် မဆူညံပေ။ ဒီနေ့  ဆိုရင် မောင် ဆုံးပါး သွားခဲ့တာ (၂) နှစ် ပြည့်ခဲ့ပြီ။ တစ်နေ့ မှ မေ့ မရခဲ့ ပါ မောင်။ မောင် မရှိမှ မောင့်ကို ဘယ်လောက် အထိ နက်ရှိုင်းစွာ ချစ်ခဲ့မိတယ် ဆိုတာ သိခဲ့ ရပါတယ် မောင်။

မောင့် မှာ မွေးရာပါ နှလုံးရောဂါ ရှိကြောင်း သူမ လုံးဝ မသိခဲ့ပါ။ မောင်ကလည်း တစ်ခါမှ ပြောမပြ ခဲ့ပါ။ သူများတွေ ပြောသည် ဖြစ်စေ၊ မပြောသည် ဖြစ်စေ၊ သူမကတော့ မောင် သေဆုံးရခြင်းကို သူမ ပရောဂ မကင်းလို့  မှတ်ယူခဲ့ပါသည်။ ချစ်သော မောင် တစ်ယောက် သူမကို ခွင့်လွှတ် နိုင်ပါ့မလား။

မှန်ကြည့်လေတိုင်း ပါးပြင်ထက်မှ မှဲ့ နက်လေးကို မြင်တိုင်း မောင့် မျက်နှာကို မြင်ယောင်မိသည်။ ပြီးတော့ ကိုသန့် ဇင် နှင့် ဖြိုးအာကာ တို့ ရဲ့ ပုံရိပ်တွေ၊ ပတ်ဝန်းကျင်၏ စွပ်စွဲသံများ၊ သူမကြောင့် ဖြစ်ရတာ ရယ်လို့  ထိုးတတ်သော လက်ညှိုးများ၊

မှန်ကို ရိုက်ခွဲမိသည်က အကြိမ်ကြိမ်. . . .

မခံစားနိုင်တော့သည့် အဆုံးမှာတော့ မျက်နှာပေါ်မှ မှဲ့ ကို သူမ ဖျက်ပစ်ခဲ့ပါသည်။ ထို မှဲ့ နှင့် ပတ် သက်၍ နောက်ထပ် အကျိုးဆက်များကို ထပ်မံ မခံစားချင်တော့ပါ။ ထူးခြား အံ့သြဖွယ် ကောင်းတာက ဖျက်လိုက်တဲ့ ညာဘက်က မှဲ့ ရဲ့ နေရာအတိုင်း ဘယ်ဘက် ပါးပြင်ပေါ်မှာ မျက်ရည်ခံမှဲ့  တစ်လုံး နောက် ထပ်ပေါ်လာခြင်း ပင် ဖြစ်သည်။

ဒီတစ်ခါတော့ မဖျက်လိုတော့ပါ။ ဘယ်သူ့ ကိုမှ မောင့်လို ထပ်ချစ်နိုင်တော့မှာ မဟုတ်သလို၊ ဘယ်သူ့ ကိုမှလည်း လက်မထပ်လိုတော့ပါ။ သူမကြောင့် ဘယ်သူ့ ကိုမှ ထပ်မံ မထိခိုက် စေလိုတော့ပေ။ အမှန် တကယ် ထိခိုက်တာလား၊ တိုက်ဆိုင်တာလား မပြောတတ်ပေမဲ့ သူမ သိပ်ကြောက် သွားခဲ့ပါပြီ။ သူမ၏ ချစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းများ အားလုံးသည် မောင်နှင့် အတူ သေဆုံး သွားခဲ့ပါပြီ။

သောင်ပြင်မှာ သူမ ရေးထားတဲ့ “မောင်” ဆိုတဲ့ စာလုံးပေါ် ရေများ ဖုံးလွှမ်းပြီး ပျက်သွားခဲ့ပေမဲ့ သူမ နှလုံးသားပေါ်မှာ ရေးထိုးထားတဲ့ မောင့် ပုံရိပ်ကတော့ သူမ အသက်ရှင် နေသေးသရွေ့  ရှင်သန်နေ အုံးမှာပင်။

သူမ၏ ဘယ်ဘက် ပါးပြင်မှ မှဲ့ နက်လေးသည်လည်း. . . . . . . .

x x x x x x x x x x x x

သက်မဲ့ မှဲ့ တစ်လုံး၏ လွှမ်းမိုး ခြောက်လှန့် မှုဒဏ်ကို သက်ရှိ သူမက ခုခံရန် အင်အားမဲ့စွာ ရှုံးနိမ့် ခံစား ခဲ့ရသည်။ ဒါပေမဲ့ သူမ နာကြည်း မုန်းတီးနေသော ထိုမှဲ့ သည် သူမနှင့် အတူတကွ ရှင်သန် တည်ရှိ နေအုံးမှာကတော့ သူမ၏ ၀ဋ်ကြွေးပင် ဖြစ်မည်ဟု . . . . .

မေဇူး

(1994 ခုနှစ်၊ အောက်တိုဘာလ၊ ဖက်ရှင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: