စတုတ္ထမြောက် အိမ်မက်

အခုချိန်ဆိုရင် အပူအပင် ကင်းမဲ့စွာနဲ့  ကိုကို အိပ်ပျော် နေလောက်ပြီပေါ့၊၊ ကိုကိုရဲ့ အိပ်မက် ကမ္ဘာထဲကိုတောင် ကျွန်မ ၀င်ခွင့် မရခဲ့ဘူးနော်။ ဘာဖြစ်လို့ လဲဆိုတော့ ကိုကိုဟာ ငယ်စဉ်ထဲက အိပ်မက် မက်မက်လေ့ သိပ်မရှိခဲ့သူ တစ်ယောက် ဖြစ်နေလို့ ပေါ့။ ဘယ်လောက်များ ထူးဆန်းလိုက် လဲနော်၊၊
သူ့ ဘ၀မှာ အိပ်မက်ဆိုလို့  နှစ်ခါပဲ မက်ဖူးတယ်တဲ့။ ကိုကို ပြန်ပြောပြလို့  သိရတော့ ကျွန်မ အံ့သြမိတယ်။ ထူးဆန်းတာက နှစ်ခါပဲ မက်ဖူးတဲ့ သူ့ အိပ်မက်တွေဟာ မကြာခင်မှာပဲ အပြင်မှာ ထပ်တူ ထပ်မျှ ဖြစ်လာခဲ့တယ်ဆိုပဲ၊၊

ပထမ အိပ်မက်က ကိုကို့ အမေ ကားမှောက်ပြီး ဆုံးသွားတယ်တဲ့၊၊ ဒုတိယ အိပ်မက်ကတော့ ကိုကိုတို့  အိမ် မီးလောင်တယ်တဲ့၊၊ အိပ်မက်မက်ရင် အိပ်မက်အတိုင်း ဖြစ်တတ်တယ်ဆိုတဲ့ အစွဲဟာ ကိုကို့ ရင်ထဲမှာ ကိန်းအောာင်းနေပြီ။ ဒါတွေဟာ ကျွန်မနဲ့  မတွေ့ ခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တွေပဲ။ ကျွန်မက ဒါဟာတိုက်ဆိုင်မှုလို့  ဖြေသိမ့်ပေမဲ့ ကိုကိုကတော့ အဲဒီလို မထင်ခဲ့ဘူး။

ကျွန်မနဲ့ ကိုကို ချစ်သူဖြစ်စမှာ ကျွန်မက

`ကိုကို ငယ်လေးအကြောင်းကို တစ်ခါမှ အိပ်မက် မ မက်ဖူးဘူးနော်။ တစ်ခါလောက် အိပ်မက်မက်ရင် ကောင်းမယ်၊၊ ဘယ်လို အကြောင်းအရာမျိုး မက်လဲဆိုတာ ငယ်လေး သိချင်လို့ ။ ငယ်လေးဆို ကိုကိုနဲ့  လျှောက်လည်တယ်လို့  ခဏ ခဏ အိပ်မက် မက်တယ်။`

စကား အဆုံးမှာ ပြောင်းလဲသွားသော သူ့ မျက်နှာကြောင့် ကျွန်မ လန့် သွားမိတယ်။

`နောက်ဆိုရင် အိပ်မက်မက်ဖို့  ဘယ်တော့မှ မပြောနဲ့ ။`

ကိုကိုရဲ့ ဒေါသတကြီး တုံ့ ပြန်မှုဟာ ကျွန်မ ရင်ကို နာကျင်စေတယ်။ နောက်ပိုင်းမှာ ကိုကို ပြောပြလို့  သူ့ စိတ်အစွဲအလမ်းကို သိရပြီး သူ့ အပေါ် နားလည်ခဲ့ရတယ်။ အခုတော့ ကိုကိုရဲ့  စိတ် အစွဲကြောင့်ပဲ မကြာခင်မှာ ကြေကွဲစရာတွေ ကြုံတွေ့ ရတော့မယ်။ ကိုကို့ မှာ ကျွန်မနဲ့  ပတ်သက်လို့ အိပ်မက် ထပ်မက်ခဲ့ ပြန်ပြီလေ။

အမှောင်ထုတွေ သိပ်သည်းနေတဲ့ညမှာ ကျွန်မ တစ်ယောက်ထဲ အတွေးတွေနဲ့  တည်ငြိမ်မှု ကင်းမဲ့နေတယ်။ အိမ်ခေါင်မိုး သွပ်ပြားပေါ် ဆူညံစွာ ကျနေတဲ့ မိုးရေစက်တွေရယ်၊ ခေါင်းအုံးပေါ်ကို ကျနေတဲ့ မျက်ရည်စက်တွေရယ် ဘယ်သူနိုင်မလဲ ပြိုင်နေ ကြတယ်။ ကျွန်မ မငိုချင်ပါဘူး။ ဒါပေမဲ့ မျက်ဝန်း နှစ်ဖက်က ပူနွေးစွာ စီးကျနေတဲ့ အရာတွေဟာ မျက်ရည်စက်တွေ ဖြစ်နေလေတော့ ကျွန်မ ဘာများတတ်နိုင်မှာတဲ့လဲ။

အိပ်ဆေး သောက်ပြီး အိပ်လို့ မရတဲ့ လူတစ်ယောက်ကို နှိပ်စက်နေတာကတော့ အတွေးတွေ ပါပဲ။ မကြာခင်မှာ ကျရောက် လာတော့မယ့် အနာဂတ် တစ်ခုရဲ့ နိဂုံးကို မြင်နေရပြီ။ အဲဒီ အချိန်မှာ ရရှိ နိုင်တော့မှာ မဟုတ်တဲ့ ကိုကို့ ရဲ့ နှစ်သိမ့် ချော့မော့မဲ့ စကားသံ၊ ကြင်နာ ယုယစွာ မျက်ရည်သုတ် ပေး မဲ့ လက်အစုံကို ကျွန်မ ကြိုတင် လွမ်းမော နေမိတယ်ဆိုရင် ရယ်နေမှာလား ကိုကိုရယ်။

ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ကိုကို့  မျက်နှာကို ငေးမောခွင့်၊ ကိုကို့ အနားမှာ ချွဲနွဲ့ ပြီး ဆိုးနေ ခွင့်၊ ကိုကိုရဲ့ လက်ကို မှီတွဲရင်း အတူ လျှောက်လှမ်းခွင့်တို့ ကို ဘယ် ကာလအထိပဲ ရနိုင်တော့မှာလဲ။ ဘယ်အချိန်မှာ ဒါတွေ အားလုံးကို လက်လွှတ် ဆုံးရှုံးရမလဲဆိုတာ အစက မတွေးခဲ့မိပေမဲ့ အခုတော့ ကိုကို့ ကြောင့် တွေးနေရပြီ။

ဘာပဲဖြစ်ဖြစ်လေ ကျွန်မက ကိုကိုနဲ့  ပါတ်သက်လာရင် ကိုကို့ ရဲ့ ပျော်ရွှင် စိတ်ချမ်းသာမှုကို ဦးစားပေးသူပါ။ ကိုကို့ ကို တွေဝေ ပျော့ညံ့သူလို့  မစွပ်စွဲရက်ပေမဲ့ ဖန်လာတဲ့ ကံကြမ္မာကိုတော့ ရင်နာ မိပါတယ်။ ဒါပေမဲ့ ဘာ တတ်နိုင်မှာတဲ့လဲ။ ကိုကိုဆိုတဲ့ ကျွန်မ သိပ်ချစ်ရတဲ့ ချစ်သူကတောင် ကျွန်မကို လက်ထပ်ဖို့  စီစဉ်ပြီးခါမှ ကျွန်မဘ၀ထဲဝင်ဖို့  စိတ်မကူးတော့ပဲ ရှောင်ဖယ်ဖို့  ကြိုးစားနေပြီမို့  ကျွန်မက ကိုကိုထက် ပိုပြီး ပြတ်သားကြောင်း ပြနိုင်ရတော့မှာပေါ့။

နောက်ဆုံးအနေနဲ့  ကိုကို သေချာ စွဲမြဲစွာ မှတ်ထားဖို့ ကတော့ကျွန်မက ကျောခိုင်းပြီးရင် ဘယ်တော့မှ ပြန် လှည့်ကြည့်လေ့ မရှိဘူး ဆိုတာကိုပါပဲ။

x x x x x x x x x x x x

သူဟာ တွေဝေ တတ်တဲ့သူ တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူမနဲ့  လက်ထပ်ဖို့ ကို အနည်းငယ် တုံ့ ဆိုင်းသလို ဖြစ်ခဲ့မိတာ ကိုတော့ သူ ၀န်ခံပါတယ်။ ဒါဟာ သူမကို မချစ်လို့  မဟုတ်ပါ ဘူး။ လက်ထပ်ဖို့  မရည်ရွယ်ပဲ အပျော် သက်သက် တွဲခဲ့တာမျိုး မဟုတ်ဘူးဆိုတာကိုလည်း ကျိန်တွယ် ပြီး ပြောရဲပါတယ်။ သူ့ ဘ၀မှာ ‘ငယ်ငယ်ချစ်’ ဆိုတဲ့ သူမတစ်ယောက်ကိုပဲ စတင်ချစ်ခဲ့ပြီး ဒီနေ့  ဒီအချိန်ထိ စွဲစွဲ လမ်းလမ်း မြတ်မြတ် နိုးနိုး ချစ်နေခဲ့တာကို ‘ငယ်လေး’ လို့  သူခေါ်တဲ့ သူမ သိအောင် ပြောပြချင်ပေမဲ့ သူမက လက်မခံ ခဲ့ပေ။

‘ကိုကို’ လို့  ချွဲ့နွဲ့ စွာ ခေါ်တတ်တဲ့ သူမရဲ့ အသံကို သူ့ ဘ၀ နောက်ဆုံး အချိန်ထိ ကြားချင်ပါ တယ်။ လူကြီး မိဘတွေ သဘော မတူကြတာကို သူမကို ချစ်တာ တစ်ခုထဲနဲ့  စွန့် လွှတ်ဖို့  သူ ၀န်မ လေးခဲ့ပါဘူး၊၊ သူ မြတ်နိုးတဲ့ သူမနဲ့  ဘ၀ တစ်သက်တာ အတူ လျှောက်လှမ်းခွင့်ဟာ သူ့ ဘ၀ရဲ့  အလိုချင်ဆုံး ဆန္ဒပါပဲ။

ဒါဆို ဘာများ အဆင်မပြေတာ ရှိလဲလို့  မေးကြတယ်။ အဆင်မပြေမှုကို ဖြစ်ပေါ်စေတဲ့ အဆိုး ရွားဆုံး အချက်ကတော့ သူ့ ရဲ့  စိတ် အစွဲအလမ်း ကြီးမားခြင်းပါပဲ။ သူ အိပ်မက် မက်လေ့မရှိသလို မက်သော အိပ်မက်တိုင်းဟာလဲ ဆိုးရွားစွာနဲ့  အပြင်မှာ လိုက်၍ ဖြစ်ပျက် တတ်စမြဲ။

ပထမအကြိမ်တုန်းက တိုက်ဆိုင်တယ်လို့  အမှတ်တမဲ့ သဘောထား နိုင်ပေမဲ့ ဒုတိယ အကြိမ်မြောက် အိပ်မက် အတိုင်း အပြင်မှာ ဖြစ်လာချိန်မှာတော့ သူ အရမ်းကို တုန်လှုပ် သွားခဲ့ပြီ။ နောက်ပိုင်း မှာ အိပ်မက် မက်မှာကို သူ သိပ်ကြောက် ခဲ့မိတယ်။ ညအိပ်ရာ ၀င်တိုင်း အိပ်မက် မမက်ပါစေနဲ့ လို့  ဆုတောင်းရတာလဲ သူ့ ရဲ့  ဒုက္ခတစ်မျိုးပါပဲ။

သူ့ အသက်တွေ တဖြည်းဖြည်း ကြီးရင့်လာခဲ့ပေမဲ့ ငယ်စဉ်ထဲက စွဲမြဲနေတဲ့ အစွဲက မပျောက်ခဲ့ ဘူး။ အိပ်မက် မမက်တော့တာ 10 နှစ် ကျော်လာပြီဆိုတော့ သူ့ စိတ်တွေ အနည်းငယ်တော့ အေးချမ်း နေမိပါတယ်။ မနှစ်တုန်းက သူမနဲ့  ဆုံတွေ့ ပြီး ချစ်သူ ဖြစ်ခဲ့ ကြတယ်။ သူ့ ထက် 5နှစ် လောက်ငယ်ပြီး ကလေး တစ်ယောက်လို ဆိုးနွဲ့ တတ်ပြီး ရိုးသား ပွင့်လင်းတဲ့ သူမကို သိပ်ချစ် သွားမိခဲ့တယ်။

သူမကတော့ သူ့ ကို မကြာ ခဏဆိုသလို သူမရဲ့  အိပ်မက်တွေ အကြောင်း၊ သူမ အိပ်မက်တွေ မှာ သူပါဝင်တဲ့ အကြောင်းတွေကို မကြာခဏ ပြန်ပြော ပြလေ့ရှိတယ်။ သူမ ပြောတာတွေ နားထောင် ရင်း မေ့ပျောက် ထားတဲ့ အကြောင်းအရာ တစ်ခုဟာ သူ့ အတွေးထဲကို ပြန်လည် နေရာယူခဲ့ပြီ။

‘ငယ်လေး’ ကို အိပ်မက် မက်ဖူးလား ဆိုတဲ့ သူမရဲ့  အမေးကို တုန်လှုပ်စွာနဲ့  သူ ဟန့် တားခဲ့ မိတယ်။ သူမနဲ့ ပတ်သက်ပြီး ဆိုးရွား ပြီးတဲ့ အိပ်မက် မက်လာမှာကို သူ ကြောက်လာခဲ့မိတယ်။ သူမရဲ့  ကြည်နူးစရာ အိပ်မက်လေးတွေ ပြန်ပြောပြတာကို နားထောင်ရတိုင်း သူပါ ရောပြီး ပျော်ရွှင် မိပါတယ်။

တစ်နေ့ မှာတော့ သူမက အိပ်မက်ထဲကလို သူနဲ့ အတူ ဘုရားသွားချင်တယ်လို့  ပူဆာတယ်။ မသွားပါနဲ့ လို့  ပိတ်ပင် ကောင်းတဲ့ နေရာ မဟုတ်တာကြောင့် လိုက်ပို့ ပေးခဲ့ရပေမဲ့ သူ့ စိတ်တွေ မကြည် လင်ခဲ့ဘူး။ ဘုရား ရှိခိုးပြီးတဲ့အခါ ရွှေဆိုင်းလှူရာမှာ သူနဲ့ သူမတို့  နှစ်ယောက် နာမည်ရေးပြီး လှူဖြစ်ခဲ့ တယ်။ အပြန်ခရီးမှာ အလှူ လက်ခံ စာရွက်လေးပေါ်က နာမည်လေး ကြည့်ပြီး ကြည်နူး နေမိတဲ့သူဟာ သူမရဲ့  စကားသံကြောင့် တုန်လှုပ် သွားမိပါတယ်။ သူမ ညက အိပ်မက်ထဲမှာ ခုလို ရွှေဆိုင်းသွားလှူ တယ်တဲ့။ အိပ်မက် အတိုင်းလုပ်ရလို့  ပျော်လိုက်တာတဲ့လေ။

သူမရဲ့  စကားသံ အဆုံးမှာ စိတ္တလို စွဲကပ်နေတဲ့ သူရဲ့  အိပ်မက် အစွဲအကြောင်းကို ပြောပြမိပါ တယ်။ သူမကတော့ တိုက်ဆိုင်တာကို စိတ်မစွဲဖို့  ပြောပေမဲ့ သူကတော့ လက်မခံနိုင်ခဲ့။ သူ ဆုတောင်း မပြည့်ခဲ့ပါဘူး။ သူ့  ဘ၀ရဲ့ တတိယ အိပ်မက် မက်ခဲ့ပြန်ပြီ။ သူမ နဲ့ ပါတ်သက်တဲ့ ပထမ အိပ်မက်ပေါ့။ သူမ အရေးပေါ် ဆေးရုံတက်ပြီး ခွဲစိတ် ကုသရတယ်တဲ့။ နောက်နေ့ မှာ သူမကို စိုးရိမ်စွာ ပြောပြတော့ သူမက ညင်သာစွာ ပြုံးတယ်။ ပြီးတော့ သူ့ ကိုလဲ အားပေး နှစ်သိမ့်တယ်။

‘ကိုကိုရယ် ငယ်လေးမှာ ရောဂါဆိုလို့  ဘာမှ မရှိတာ ကိုကိုလည်း အသိပဲ။ နေကောင်း လိုက်တာမှ ဒေါင်ဒေါင် ကိုမြည်လို့ ။ ခွဲစိတ်ဖို့  မပြောနဲ့  ဓါးထိဖို့ တောင်မဖြစ်နိုင်ဘူး။ ဒီတစ်ခါတော့ ကိုကို့ ရဲ့  အိပ်မက်က မှားလိမ့်မယ်။ စိတ်ချနေ။’

သူမက ဘယ်လိုပဲပြောပြော သူ စိတ်မချနိုင်ခဲ့။ သူ ကိုယ်တိုင်ကလည်း သူ့ အိပ်မက်ကို မှားစေ ချင်ခဲ့ပါသည်။ နေ့ တိုင်း သူမ မျက်နှာကို အရိပ်လို ကြည့်ကာ နေကောင်းရဲ့ လား၊ ဘယ်လိုနေလဲ၊ ဘာ ဖြစ်သေးလဲ စိုးရိမ်တကြီး မေးနေမိပါတယ်။ တစ်ပါတ် ကျော်အထိ ဘာမှ မဖြစ်တော့ ဒီတစ်ခါတော့ အိပ်မက်လွဲ ပြီ။ အရင်ဟာတွေက တိုက်ဆိုင်သွားလို့  ဖြစ်မှာပါလို့  သူ့ စိတ်ကိုသူ ဖြေတွေး တွေးကြည့် မိပါတယ်။

10 ရက်မြောက်နေ့ မှာ သူနဲ့ အတူ လမ်းသွားရင်း သူမ ဗိုက်အရမ်းအောင့်ကာ လမ်းဆက် မလျှောက် နိုင်တော့။ သူ စိုးရိမ်စွာနဲ့  ဆေးခန်းကို တန်းလာခဲ့တယ်။ ကံဆိုးစွာနဲ့ ပဲ နောက်နေ့ မှာ သူမကို ဆေးရုံတင် လိုက်ရတယ်။ သူ့ ရဲ့  အိပ်မက် အတိုင်းပဲ သူမ ဗိုက်ခွဲရတယ်။ အူအတက်ရောင်လို့  ခွဲပြီး ဖြတ်ထုတ်ရတာ။ ခေတ်မှီ ဆေးဝါး ကရိယာတွေကြောင့် သူမ ပြန်လည် ကျန်းမာလာခဲ့ပေမဲ့ သူ စိတ်မချမ်းသာနိုင်ခဲ့။ သူ့ ရဲ့  တတိယ အိပ်မက်ဟာလဲ မှန်သွားခဲ့ပြန်ပြီ။

သူ့ ဘ၀အတွက် နောက်ထပ် ဆိုးရွားတဲ့ အိပ်မက်မှာစိုးလို့  သူ့ မှာ ညရောက်မှာ၊ အိပ်ရမှာကို ကြောက်ရွံ့ နေမိတယ်။ ကံကောင်းစွာနဲ့ ပဲ အိပ်မက် ထပ်မမက် တော့ပြန်ဘူး။ မနက် မိုးလင်းလို့  ညက အိပ်မက် မမက်ဘူးဆိုတာ သိရရင် ခံစားရတဲ့ စိတ်ချမ်းသာမှုဟာ သူ့ အတွက်တော့ ပြောမပြတတ်နိုင် အောင်ပါပဲ။

သူမနဲ့  ချစ်သူ ဖြစ်ခဲ့တာလည်း 1 နှစ်ကျော်ခဲ့ပြီ။ သူမလဲ ကျောင်းပြီးပြီမို့  သူတို့  လက်ထပ်ဖို့  စီိစဉ် ခဲ့တယ်။ အနည်းငယ် ဆင်းရဲတာက လွဲလို့  အပြစ်ပြောစရာ မရှိတဲ့ သူမကို နောက်ဆုံးမှာတော့ သူ့  အသိုင်းအ၀ိုင်းက လက်ခံခဲ့တယ်။ လက်ထပ်ဖို့  ရက်ရွေးပြီးခါမှ ရက်စက်ခြင်းနဲ့  စတင် ထိုးဖောက် လာခဲ့တာကတော့ သူ့ ရဲ့  အိပ်မက်ပေါ့။ စတုတ္ထမြောက် အဆိုးရွားဆုံး အိပ်မက်ပေါ့လေ။ သူမနဲ့  သူ လက်ထပ်ပြီး မကြာခင်မှာ သူမ သေဆုံး သွားခဲ့တယ်တဲ့။

ဒီအိပ်မက်ကို ဆန့် ကျင်ပြီး ကံကြမ္မာကို စိန်ခေါ်ပြီး သူမကို သူ ဘယ်လို လက်ထပ်ရဲပါ့မလဲ။ သူ မက်ခဲ့တဲ့ အိပ်မက်တိုင်းဟာလည်း မှန်ခဲ့တယ်။ အဲဒါကို သိရက်နဲ့  သူမကို သူ လက်ထပ် ရက်ပါ့မလား။ အိပ်မက် ထဲကအတိုင်း သူမ သေဆုံး သွားခဲ့ရင် သူပဲ ရင်ကွဲမှာ။ တကယ်လို့  သူ သေဆုံး သွားတယ်လို့  မက်ခဲ့ရင်တောင် သူမကို လက်ထပ် ရဲပါတယ်။ သူ့ ရဲ့ အသက်ထက် သစ္စာတရား၊ ကတိစကားတွေကို တန်ဖိုးထား မြတ်နိုးလို့ ပါ။

အိပ်မက် ဆိုတာကလဲ အကောင်အထည်နဲ့  သက်သေပြလို့ ရတဲ့အရာ မဟုတ်လေတော့ သူမ စွပ်စွဲသမျှ သူ ခံယူရုံပေါ့။ တွေဝေ ပျော့ညံ့တဲ့ ယောကျာ်းတစ်ယောက်အဖြစ် သူ့ ကို သူမ မြင်သွားခဲ့ပြီ။ သူမ စိတ်မှာ နာကြည်းမှုတွေ စွဲထင်သွားခဲ့ပြီ။ သူ ဘာလုပ်သင့်သလဲ။ သူမရဲ့ အပြစ်တင်မှုကို ခံယူရင်း သူမကို သူ လက်မထပ်ပဲ နေရမှာလား။ ဒါဆိုရင် သူ့ ရဲ့ အိပ်မက်ဟာ မမှန်နိုင်တော့ဘူးပေါ့။

ဒါမှမဟုတ် သူ့ ရဲ့ အိပ်မက်ကို မဖြစ်နိုင်ပါဘူးလို့  ဆန့် ကျင်ပြီး သူမကို လက်ထပ်ရမှာလား။ သူ မဝေခွဲ နိုင်တော့ပါဘူး။ လက်ထပ် လိုက်ပြီးမှ အိပ်မက်ထဲကအတိုင်း အပြင်မှာ သူမ သေဆုံးသွားခဲ့ပါရင် ….
သူမတွေးဝံ့တော့ပါ။

1994 ခုနှစ်၊ နိုဝင်ဘာလ၊ သပြေတေးမဂ္ဂဇင်း

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: