စိတ်ကူးအိမ်

ဖူးငုံ အင်ဂျင်နီယာ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်လေးတစ်လုံးကို ဖူးငုံ စိတ်ကူးနှင့် တည်ဆောက်နေမိတယ်။ အေးချမ်း တိတ်ဆိတ်တဲ့ ခြံဝင်းလေး တစ်ခုထဲမှာ အိမ်ကလေး တစ်လုံး ပါမယ်။ အိမ်ရှေ့ မြေကွက်လပ်မှာ ဖူးငုံရဲ့အစွမ်းအစနဲ့  စိုက်ပျိုးထားတဲ့ နှင်းဆီ ပန်းခင်းလေး ရှိနေမယ်။ အိမ်ဘေး ဘက် အိပ်ခန်းရဲ့ ခေါင်းရင်းမှာ ရနံ့ မွှေးကြိုင်စွာနှင့် ပွင့်တတ်တဲ့ စံပယ် ပန်းရုံကလေး ရှိမယ်။ ညဘက် ပြတင်း ပေါက်ဖွင့်လိုက်ရင် တိုးဝင်လာတဲ့ လေပြည် ညှင်းနှင့်အတူ လတ်ဆတ်တဲ့ စံပယ်ပန်း ရနံ့ လေးတွေ ရောပါလာ လိမ့်မယ်။

နောက်ပြီး လသာတဲ့ညမျိုးမှာ အပြင်ထွက်ထိုင်ပြီး လရောင်ကို ခံစားနိုင်ဖို့  ကွပ်ပျစ်ကလေး တစ် လုံးကလည်း ရှိနေရမယ်။ ဖူးငုံက လသာတဲ့ညမှာ လမင်းကြီးကို မော့ကြည့်ရတဲ့ အရသာကို သိပ်ကြိုက် တယ်လေ။ အိမ်ရယ်၊ အိမ်ရဲ့ ပတ်ဝန်းကျင်မှာ ရှိရမဲ့ အရာတွေရယ် ပြီးရင် မရှိမဖြစ် လိုအပ်တာကတော့ ဒီအိမ်ကလေးကို ဦးစီးမဲ့ အိမ်ထောင် ဦးစီး တစ်ယောက်ပေါ့။

သူက ဖူးငုံ သိပ်ချစ်ရမဲ့သူ၊ မြတ်မြတ်နိုးနိုးနဲ့  ‘မောင်’လို့  တမ်းတမ်းတတ ခေါ်ရ မဲ့သူပေါ့။ သူ ကလည်း ဖူးငုံကို သိပ်ချစ်ပြီး အလိုလိုက်သူ တစ်ယောက် ဖြစ်ရမယ်လေ။ မနက်မိုးလင်းရင် ဖူးငုံက အစောကြီး ထပြီး ထမင်းချက်မယ်။ မနက်စာ အတွက် စီစဉ် မယ်။ ဖူးငုံ ချက်ပြုတ်ပြီးလို့ မှ မောင်က အိပ်ရာ မထသေးဘူးဆိုရင် ဆက်အိပ်လို့ မရအောင် နှောင့်ယှက်ပြီး နှိုးရမယ်။ ဥပမာ – ယားအောင် ကလိ ထိုးတာမျိုးပေါ့။ မနက် စာကို နှစ်ယောက်အတူ စားပြီးရင် မောင် ရုံးသွားဖို့  ပြင်ဆင် ပေးမယ်။

သူ ရုံးသွားနေချိန်မှာ အိမ်မှုကိစ္စ အစုံအလင်လုပ်ပြီး ရေချိုး၊ အ၀တ်လျှော်မယ်။ အားလပ်ပြီ ဆိုရင် တော့ ဖူးငုံဝါသနာပါတဲ့ စာရေးခြင်း အလုပ်ကို လုပ်မှာပေါ့။ ညနေ သူ ရုံးက ပြန်ချိန်ကို ဆီးကြိုရင်း သူ ရေချိုးပြီးချိန် အဆင်သင့် ထမင်းစားနိုင်အောင် ပြင်ဆင် ပေးမယ်။ ထမင်းစားပြီးရင်တော့ ခြံထဲမှာ လမ်းလျှောက်ရင်း ဖူးငုံရဲ့  ပန်းပင်လေးတွေ အကြောင်း ပြောကြမယ်။

နေ့ လယ်က ရေးဖြစ်တဲ့ ၀တ္ထု အကြောင်း ပြန်ပြောပြမယ်။ ညဘက် ဖူးငုံ စာရေးရင် သူက စာဖတ်ပြီး စောင့်ပေးမယ်။ ဒါမှမဟုတ် ဖူးငုံ ရေးထားတဲ့ စာမူလေးတေကို တိတ်ဆိတ်စွာ ဖတ်ရင်း ဖူးငုံ စာရေးပြီးတဲ့ အချိန်အထိ စောင့်မယ်။ ဖူးငုံ ရေးထားတဲ့ စာတွေအပေါ် သူ့ ရဲ့ အမြင်ကို ဝေဖန်မယ်။ ဖူးငုံ ကလည်း ပြန်လည်ငြင်းခုန်ရင်း ချေပမယ်။ နောက်ဆုံးမှာတော့ ဘယ်လို ပြင်ရင်ကောင်းမလဲ ဆိုတာ ဆွေးနွေးရင်း ငြိမ်းချမ်းရေး ပြန်ရလာလိမ့်မယ်။ ဒါဟာ ဖူးငုံရဲ့ တစ်နေ့ တာ အစီအစဉ်လေးပေါ့။

မိသားစု စီမံကိန်း အနေနဲ့  မောင်နဲ့ တူတဲ့ သားလေးတစ်ယောက်ရယ်၊ ဖူးငုံနဲ့ တူတဲ့ သမီးလေး တစ်ယောက်ရယ် မွေးဖွားချင်ပါတယ်။ ပျော်ရွှင် စည်းရုံးတဲ့ မိသားစုလေး တစ်ခု တည်ဆောက်ကြမယ်။ ဒီအိမ်လေးဟာ ဖူးငုံရဲ့ စိတ်ကူးအိပ်မက်တွေထဲမှာ စိုးမိုးနေတဲ့ စိတ်ကူးအိမ်လေးပေါ့ကွယ်။

x x x x x x x x x x x

မိသားစု ဘ၀လေးကို ဘာကြောင့် လိုချင် တမ်းတ ရသလဲဆိုတော့ ဖူးငုံဟာ ငယ်စဉ်ထဲက မိဘမဲ့ တစ်ကောင်ကြွက် ဖြစ်ခဲ့လို့ ပေါ့။ အပျိုကြီး အဒေါ် နှစ်ယောက်ရဲ့ ပြုစု ပျိုးထောင်မှုနဲ့  ဖူးငုံ လူလားမြောက် ခဲ့ရတာ ဖူးငုံ ဆယ်တန်း အောင်တဲ့နှစ်မှာပဲ အဒေါ် တစ်ယောက် ဆုံးပါး သွားခဲ့ပြန်တယ်။ အသက် ကြီးလာပြီ ဖြစ်တဲ့ အဒေါ်ကို ဒုက္ခ မပေး သင့်တော့ဘူးလို့ ယူဆတာကြောင့် ဖူးငုံ နေထိုင်ရာ နယ်မြို့ လေး ကနေ အဒေါ် မိတ်ဆွေရဲ့ ဆက်သွယ်ပေးမှုနဲ့  ရန်ကုန်ကို ပြောင်းလာဖြစ်ခဲ့ပါတယ်။

အဆောင် တစ်ခုမှာ နေပြီး ဖူးငုံရဲ့ ဘ၀ကို ကိုယ်ပိုင် အစွမ်းအစနဲ့  စတင် ရုန်းကန် ခဲ့ပါတယ်။ နိုင်ငံခြား ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်ရင်း အားလပ်ချိန်မှာ ကိုယ့်အတွက် အကျိုးရှိမဲ့ သင်တန်းတွေ တက်ခဲ့ တယ်။ တက္ကသိုလ်တွေ ဖွင့်ချိန်မှာတော့ အဝေးသင် တက္ကသိုလ်ကိုပဲ ရွေးချယ်ခဲ့တယ်။ ကိုယ့်ဘ၀ကိုယ် ထိန်းကျောင်းရင်း ဖူးငုံရဲ့ဘ၀မှာ နာမည်ပျက် မရှိအောင် ကြိုးစားပြီးနေခဲ့ပါတယ်။ ဘယ်လောက်ပဲ အဆင်ပြေအောင် နေတယ် ဆိုပေမဲ့ အဆောင်မှာ အထီးကျန် ဆန်စွာနေရတိုင်း မိသားစု အသိုက်အ၀ိုင်းလေးကို ဖုးငုံ တမ်းတ လွမ်းဆွတ်မိတယ်။

နောက်ဆုံးမှာတော့ ထွက်ပေါက် တစ်ခုအနေနဲ့  ဖူးငုံ စာရေးဖြစ်ခဲ့တယ်။ ၀ါသနာပါရာ အလုပ်မှာ အာရုံ စိုက်ရင်း အားလပ်ချိန် တွေကို ကုန်ဆုံးစေခဲ့တယ်။ ကိုယ်ရေးထားတဲ့ ၀တ္ထုလေးတွေကို တစိမ့်စိမ့် ပြန်ဖတ်ကြည့်ရင်း ရလာတဲ့ ကြည်နူးမှုကို နှစ်သက် လာမိတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ကိုယ်ရဲ့ ခံစားချက် ၀ိဥာဉ်လေးတွေကို ပုံနှိပ် စာလုံးတွေ အဖြစ် ပါလာတဲ့အခါ မျှဝေ ခံစားမဲ့သူ ကင်းမဲ့စွာနဲ့  တစ်ယောက်ထဲ ပျော်ရွှင်ခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ဘ၀ကို အားပေးကူညီ နှစ်သိမ့်ပေးမဲ့ အဖော်မွန် တစ်ယောက်ကို တောင့်တ မိလာတယ်။ ဒါနှင့် ဖူးငုံရဲ့ စိတ်ကူး အိမ်ကလေး စတင် သန္ဓေတည် မွေးဖွား လာတာပဲ ဆိုပါတော့လေ။

ဖူးငုံရဲ့ ဘ၀မှာ မရရှိခဲ့တဲ့ ချစ်ခြင်း မေတ္တောတွေကို တစ်စုံ တစ်ယောက်အတွက် ဖူးငုံ ပေးဆပ်ချင် နေမိတယ်။ တစ်နေ့ မှာတော့ ဖူးငုံရဲ့ ဘ၀ထဲကို လူတစ်ယောက် ၀င်ရောက် လာခဲ့တယ်။ သာမာန် ၀င်ရောက် လာတာ မဟုတ်ပဲ အိပ်ပျော်နေတဲ့ နှလုံးသားကို ရိုက်ပုတ် နှိုးဆွပြီးတော့ တည်ငြိမ်မှု ကင်းမဲ့ အောင်လုပ်ခဲ့တယ်။ တစ်နှစ်ဆိုတဲ့ အချိန်တိုတို အတွင်းမှာပဲ ဖူးငုံ သူ့ ကို စွဲနစ်စွာ ချစ် သွားမိခဲ့တယ်။ မြတ်မြတ်နိုးနိုးနဲ့  ‘မောင်’ လို့ လည်း ခေါ်ခဲ့မိတယ်။ သူ့ ကို ချစ်တာ သူ့ ရဲ့ ရာထူး၊ ဂုဏ်အရှိန်အ၀ါတွေ ကြောင့်လည်း မဟုတ်ဘူး။ ချမ်းသာတဲ့ မိသားစုက ပေါက်ဖွား လာတာကြောင့်လည်း မဟုတ်ရပါဘူး။ ချောမော ခန့် ညားတဲ့ သူ့ ရုပ်သွင် ကြောင့်လည်း မဟုတ်ခဲ့ဘူး။

ဖူးငုံ လိုချင် တောင့်တခဲ့တဲ့ စိတ်ကူး အိမ်ကလေးကို သူနဲ့ အတူ ယှဉ်တွဲ တည်ဆောက် ချင်လို့ ပဲ။ သူ့ မျက်နှာကို ကြည့်ပြီး သူ့ ဦးဆောင်မှု နောက်ကို လိုက်ချင်မိတယ်။ ဒါဟာ ကိုယ့်မာနနဲ့ ကိုယ် ဘ၀ တစ်ခု တည်ဆောက် နေတဲ့ မိန်းမ တစ်ယောက်ရဲ့ ကျဆုံးခြင်း ဆိုတာ သိပေမဲ့ ပြင်ဖို့  ဖူးငုံ မစဉ်းစား ခဲ့မိဘူး။ အမှား အမှန်ကို ချင့်ချိန် ဝေဖန်ပြီး ကိုယ့်ကိုကိုယ် ဆုံးမ နေရတဲ့ ဘ၀ကနေ ကိုယ်နှစ်သက်တဲ့ လူတစ်ယောက်ရဲ့ ကိုယ့်အပေါ် စိုးရိမ်စွာနှင့် ဆုံးမ ပဲ့ပြင်မှုကို ခံယူချင်မိတယ် ဆိုရင် ဖူးငုံကို ရူးနေပြီလို့  ဆိုကြမလားပဲ။ ဒါပေမဲ့ ဒါဟာ မေတ္တာ ငတ်မွတ်နေသူ တစ်ဦးရဲ့ ခံစားချက်လို့  စာနာ နားလည်ပေး စေချင်ပါတယ်။

ထင်ထားတာတွေ ဖြစ်မလာတတ်သလို၊ မထင်ထားတာတွေ ဖြစ်လာတတ်တာပဲ။ တနေ့ မှာ မောင်က ဖူးငုံကို သူ့ ရဲ့ မိဘတွေနဲ့  ဆုံတွေ့ စေခဲ့တယ်။ အရာရာမှာ ရဲဝံ့နိုင်ခဲ့သမျှ ဒီတခါမှာတော့ တုန် ယင်နေမိတယ်။ ဆင်းရဲ ချမ်းသာ မခွဲခြား တတ်ပါဘူးဆိုတဲ့ နိဒါန်းစကားက ဖူးငုံရဲ့ ရင်အပူကို ခေတ္တမျှ ငြိမ်းအေး သွားစေပေမဲ့ တာရှည် မခံခဲ့ပါဘူး။ အပြုံးမပျက် မေးနေတဲ့ မေးခွန်းတွေရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်ပေါင်းများစွာ တွယ်ငြိနေတယ်ဆိုတာ ဖူးငုံ ရိပ်မိ လာတယ်။ နှုတ်ခမ်းဖျားက စကားတွေ ချိုသာသလောက် မျက်ဝန်းမှ အကြည့်များက အထင်သေးခြင်းများ ပေါင်းစပ်နေသော အေးစက်စက် အကြည့်စိမ်းများ။

ဖူးငုံ နှုတ်ခမ်းတွေ ဖြတ်ကနဲ တွန့် သွားတယ်။ ဖူးငုံ မကျေနပ်တာတွေ့ တိုင်း မထီတရီ ပြုံးတတ် တဲ့ မဲ့ပြုံး ဆိုတာ မောင် သိမှာပါ။ သိလို့ ပဲ ချက်ချင်း မျက်နှာပျက်သွားပြီး စကားလမ်းကြောင်း ပြောင်းဖို့  ကြိုးစားတယ်။ ကျေးဇူးတင်ပါတယ် မောင်။ ဒါပေမဲ့ မောင့် အသိုင်းအ၀ိုင်းရဲ့ ဖူးငုံ အပေါ်ထားတဲ့ သဘော ထားကို ဘယ်သူမှ ပြောစရာ မလိုပဲ အလိုလို သိလိုက်ပါပြီ။ အပြန်လမ်း တစ်လျှောက်မှာ ဆုပ်ကိုင်လာ တဲ့ မောင့်လက်ကို အရင်လို နွေးထွေးတယ်လို့  ဖူးငုံ မထင်မိတော့ဘူး။

မောင်နှင့် ဖူးငုံကြားမှာ မမြင်နိုင်တဲ့ အလွှာတစ်ခု စတင် ခြားနားစ ပြုလာခဲ့ပြီ။ မကြာခင်မှာပဲ အဲဒီ ခြားနားခြင်း အလွှာဟာ သိသိသာသာပဲ ဖူးငုံတို့ နှစ်ယောက်ကို စတင်ခွဲခြား လာပါတော့မယ်။ မောင်ကတော့ သူက အဓိကပါလို့  ပြောလာတယ်။ သူက ဖူးငုံကို လေးလေး နက်နက် ချစ်ရင်၊ လက်ထပ်ရဲရင် ကျေနပ်ပြီ မဟုတ်လားတဲ့။ ဟင့်အင်း။ ဖူးငုံ ယောကျာ်း တစ်ယောက်ကို သူ့ မိဘ အသိုင်းအ၀ိုင်းက သဘောတူ အသိမှတ်မပြုပဲ လက်မထပ်နိုင်ဘူး။ မိဘ သဘောမတူလို့  ခိုးရာ လိုက်ပြေးတာ မျိုးလည်း ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။

အဆောင်မှာ နေတဲ့ မိန်းကလေး တစ်ယောက်မှာလည်း ရှိသင့်ရှိထိုက်တဲ့ မာန အပြည့်နဲ့ ပဲလေ။ အဆောင်မှာနေတိုင်း လွတ်လပ် ပျက်စီးနေတာ မဟုတ်ပါဘူး။ မိဘရဲ့ အရိပ်အောက်မှာနေပြီး လွတ်လပ် ပျက်စီးနေတဲ့သူတွေလည်း ရှိပါတယ်။ ကိုယ့်ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးပမ်းရင်း အခက် အခဲ အမျိုးမျိုးကြောင့် မဖြစ်မနေ အဆောင် နေရသူတွေ အများကြီးပါ။ အားလုံးကို သိမ်းကျုံးပြီး အထင် သေးတဲ့ လေသံ၊ အထင်သေးတဲ့ အကြည့်တွေနဲ့  မောင့်အိမ်က ပြောသွားခဲ့တယ်။

မောင့် မိဘတွေကို အပြစ်မတင်လိုပါဘူး။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို အကောင်းဆုံး ဖြစ်စေ ချင်တဲ့ ဆန္ဒ ရှိတာကို ဖူးငုံ နားလည်ပါတယ်။ နောက်ပြီး ဖူးငုံ ၀ါသနာပါတဲ့ စာရေးခြင်းကိုလည်း ထိခိုက်စွာ ပြောခဲ့သည်ပဲလေ။ ဖူးငုံ နေမကောင်းလို့  မောင့်ဆီ ဖုန်းဆက်ဖြစ်တဲ့ နေ့ တနေ့ ဟာ မောင် နှင့် ဖူးငုံအတွက် ကံဆိုးခြင်းကို သယ်ဆောင်လာခြင်းရဲ့ အစပေါ့။

မောင့်နာမည် မေးတော့ မရှိဘူး အပြင်သွားတယ်တဲ့။ ဘယ်သူ ဆက်တယ်လို့  ပြောလိုက်ရမလဲ ဆိုတဲ့ အမေးကြောင့်

“ပွင့်ဖူးငုံလို့  ပြောပေးပါ မမ”

“အားတာနဲ့  ဖုန်းဆက်နေကြတာပဲ၊ ဘယ်ကဟာတွေမှန်း မသိဘူး။ ရှုပ်ရှုပ်ယှက်ယှက်၊ ညီညီ့ကို မိန်းမပေးစားဖို့  မေမေ့ကို အမြန်ဆုံး စီစဉ်ခိုင်းမှပဲ”

ဖူးငုံ နားနဲ့  ဆတ်ဆတ် ကြားလိုက်ရတဲ့ မောင့်မမရဲ့ စကားသံ။ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ် တဲ့ စကားလုံးများ။ အဲဒီ နောက်ပိုင်းကစလို့  မောင့် ဘ၀ထဲဝင်ဖို့  ဖူးငုံ မကြိုးစားတော့ပါဘူး။ မကြာခင်မှာပဲ မောင့်ကို အိမ်က လက်ထပ် ပေးတော့မယ်ဆိုတာ သိလာရတယ်။ မောင်က ဖူးငုံကို ခိုးပြေးမယ် ပြောပေမဲ့ ဖူးငုံ လက်မခံခဲ့ပေ။

မောင့်ကို ဖူးငုံရဲ့ စိတ်ကူး အိမ်လေးအကြောင်း ပြောပြဖူးတာမို့  မောင်က သူနှင့် လက်ထပ်ပြီးရင် အဲဒီလို အိမ်လေးမျိုးနဲ့  ဖူးငုံ နေချင်တဲ့ ဘ၀လေး လက်တွေ့ နေစေရမယ်လို့  ပြောတယ်။ မောင်နဲ့ ဖူးငုံ ဘ၀ မှာ ဒီလိုအိမ်ကလေး ရှိလာနိုင်စရာ အကြောင်း မရှိတော့ပါဘူး။ ပိုက်ဆံ ချမ်းသာလို့  မောင့်ကို ယူ တာလို့  မောင့်အသိုင်းအ၀ိုင်းက စွပ်စွဲတာ ကိုလည်း ဖူးငုံ မခံနိုင်ပါဘူး။ ဖူးငုံနဲ့  လက်တွဲပြီး မောင် ဆင်းရဲ ပင်ပန်းခြင်း၊ စိတ်ညစ်ခြင်းတို့ ကို မျှဝေ မခံစား စေလိုတာကြောင့် ဖူးငုံ အလုပ်ထွက်၍ နယ်မြို့ လေးကို ပြန်ပြီး ခြေရာ ဖျောက်ခဲ့ပါတယ်။ ဖူးငုံရှိရာ မောင်လိုက်လာပေမဲ့ ဖူးငုံ အတွေ့ မခံခဲ့ပါ။

မောင့်အိမ်က စီစဉ်တဲ့သူနဲ့ လည်း မောင် လက်မထပ်ဖြစ်ခဲ့ပါဘူး။ နောက်တစ်နှစ်ကျော် အကြာ လောက်မှာမှ မောင် လက်ထပ်သွားတဲ့ သတင်းကို ဖူးငုံ ကြားခဲ့ရပါတယ်။ မောင်ရဲ့ ဇနီးလောင်းက ဆရာ ၀န်ဆိုတာ သတင်းစာ ဖတ်ရင်း သိခွင့်ရခဲ့တယ်။

x x x x x x x x x x x x

အဖြစ်အပျက်တို့ က ကြာမြင့်ခဲ့ပါပြီ။ ဆယ်စုနှစ်ရဲ့ တ၀က်ကျိုး ၅ နှစ်ကျော်လို့  ၆ နှစ်တောင် ပြည့်ခဲ့ ပြီ။ တနေ့  ဆူးလေ ဘုရားက အဆင်းမှာ မမျှော်လင့်ပဲ မောင့်ကို ဖူးငုံ တွေ့ လိုက်ရတယ်။ သူ လည်းအံ့သြ သွားပုံပါ။

“ဖူးငုံ ဘယ်မှာနေတာလဲ”

“၃၅ လမ်းထဲမှာ”

“လိပ်စာပေးထားပါအုံး။ လမ်းကြုံရင် ၀င်လည်ရအောင်”

“အမှတ် . . .၊ တတိယထပ်၊ ညာဘက်၊ ၃၅ လမ်းပါ။”

“ဖူးငုံ အခု ဘာလုပ်နေလဲ။ စာရေးသေးလား”

“ဟင်အင်း၊ ဖူးငုံ အခု စိန်တို့ ကျောက်တို့  ပွဲစားလုပ်တယ်”

“သားသမီးရော ဘယ်နှစ်ယောက်ရပြီလဲ”

“တစ်ယောက်မှ မရှိသေးပါဘူး”

ဖူးငှုံဆီက အဖြေစကား တစ်ခွန်း ထွက်လာတိုင်း ပြောင်းလဲသွားတဲ့ သူ့ မျက်နှာပေါ်က အံ့သြ ထူးဆန်းရိပ်တွေကို လျစ်လျူရှုပြီး စကားတွေ ဆက်ပြော ခဲ့ရပါတယ်။ ဖူးငုံ ကျောခိုင်း ထွက်လာချိန်မှာ သူ မျက်စိ တဆုံး လိုက်ကြည့်နေမယ် ဆိုတာ လှည့်မကြည့်ပဲ သိနေပြန်ပါတယ်။

နယ်ပြန်လာပြီး ဖူးငုံ ကျောင်းဆရာမ ၀င်လုပ်ခဲ့တာ၊ ထိုမြို့ လေးကို အရောင်းအ၀ယ် ကိစ္စဖြင့် အမြဲ လာသော ကုန်သည် ဦးအောင်ကျော်နှင့် ဖူးငူံကို အဒေါ်က လက်ထပ် စေချင်ခဲ့တာ၊ အသက်ကြီးပြီ ဖြစ်တဲ့ အဒေါ်ကို စိတ်မဆင်းရဲ စေချင်တာကြောင့် ဖူးငုံ ဦးအောင်ကျော်ကို လက်ထပ်ခဲ့တာ၊ လက်ထပ် ပြီး မကြာခင် မှာ အဒေါ် ဆုံးပါးသွားတာမို့  အလုပ်ထွက်ပြီး ခင်ပွန်းသည်နှင့်အတူ ရန်ကုန်ကို အပြီး ပြောင်းခဲ့တာ စသည် တို့ ကို ပြန်လည်ပြီး တွေးလာဖြစ်ပါတယ်။

“ကိုကြီး”ဟု ခင်ပွန်းသည်ကို ဖူးငုံ ခေါ်ဝေါ်ခဲ့ပါတယ်။ စာရေးခြင်း အလုပ်ကို မလုပ်ဖြစ်တော့ပဲ စီးပွား ရေး လောကထဲကို ခြေစုံပစ်ဝင်ခဲ့တာ မောင် သိနိုင်မည်မထင်ပါ။ မောင်ကို ပြောခဲ့ဖူးသော စိတ်ကူး အိမ်လေး သည်လည်း အဝေးသို့  ပြေးလွင့်ခဲ့တာ ကြာလေပြီ။ မောင် နောက်ဆုံး ပြောသွားသော စကား များကို ဖူးငုံ စဉ်းစားနေမိတယ်။

“ကိုယ် အခု ကိုးမိုင်ဘက်မှာ ခြံဝယ်ထားတယ်။ တနေ့ လောက် လာခဲ့စေချင်တယ်။ ဖူးငုံ ပြောခဲ့ ဖူးတဲ့ အိမ်လေးအတိုင်း ဆိုတာ ဟိုရောက်ရင် ဖူးငုံ တွေ့ ရလိမ့်မယ်။”

“ကိုယ့်မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ သားက ကိုယ်နဲ့ တူပေမဲ့ သမီးက ကိုယ့် အမျိုးသမီးနှင့် မတူဘူး။ ဖူးငုံတို့ လို မျက်နှာပေါက်မျိုး”

“ကိုယ့် အမျိုးသမီးက စာရေးဆရာမလေ။ . . . . . . . . (ဆေးတက္ကသိုလ်)ဆိုတာ သူပေါ့”

အို ဘယ်လောက်များ ထူးဆန်းလိုက်ပါသလဲ။ သူ့ အမျိုးသမီးဟာ ဒီနေ့  လူငယ်တွေရဲ့ နှုတ်ဖျား မှာ ရေပန်းစား နေတဲ့ နာမည်ကြီး စာရေးဆရာ တစ်ယောက်ပါလား။ သူ့ စကားများကို နားထောင်ရင်း ဖူးငုံ ရင်ထဲမှာ နာကျင် လာမိတယ်။ သူ့ အမျိုးသမီး စာရေးနေချိန်မှာ အနားမှာ စောင့်ရင်း မျှဝေခံစား ပေးမဲ့ သူ့ ရုပ် သွင် ကိုလည်း ပြန်လည် မြင်ယောင်လာပါတယ်။ သူနှင့် လက်ထပ်ခွင့်ရတဲ့ အမျိုးသမီးဟာ သိပ်ကိုကံကောင်း သူ ဖြစ်မှာပါ။ စာနာ နားလည်ပြီး စိတ်သဘောထား ဖြူစင်တဲ့သူ့ ကို ပိုင်ဆိုင်ခွင့်ရ လို့ လေ။

ဖူးငုံကတော့ ခင်ပွန်းသည်ရှိရာ ရန်ကုန်ကို လိုက်ပါ လာပြီးနောက်မှာတော့ မောင့်ကို မေ့နိုင်အောင် အချိန် အတော်ကြာ ကြိုးစားခဲ့ရတာ။ ကံကောင်းစွာပဲ နှစ်အတော်ကြာ မောင်နှင့် မဆုံတွေ့  ဖြစ်ခဲ့ပါ။ ဖူးငုံ ၀တ္ထုတွေ ရေးဖြစ်တိုင်း မောင့်ကို ပိုပြီး သတိရ လွမ်းဆွတ်မိတာ၊ ၀တ္ထုလေးတွေကို ဝေဖန် ပြုပြင်ပေးမဲ့သူ မရှိတော့တာ၊ ဖူးငုံရဲ့ ခင်ပွန်းသည် ကလည်း စီးပွားရေးကိုသာ စိတ်ဝင်စားပြီး အနုပညာကို မခံစားတတ် တာ တွေကြောင့် နောက်ဆုံးမှာ အသွင်မတူ အိမ်သူမဖြစ် ဆိုတဲ့ စကားအတိုင်း စီးပွားရေးဘက်ကို လိုင်းပြောင်းခဲ့တာ၊ အခုတော့ ကျင့်သားရနေပါပြီ။

ဖူးငုံ မောင့်အကြောင်း တွေးနေချိန်မှာ ခံစားမှုတစ်ခု ဖြစ်ခဲ့တယ်။ အဲဒါဟာ သူ့ ကို လက်မထပ်ခဲ့မိ ခြင်းအတွက် နောင်တရပြီး နာကျင်ခြင်းလား။ ဖူးငုံ သိပ်တောင့်တခဲ့ရတဲ့ စိတ်ကူးအိမ်လေးမှာ အိမ်ရှင်မ ဖြစ်ခွင့်မရတဲ့အတွက် ထိခိုက် နာကြည်းခြင်းလား။

ဖူးငုံ မစဉ်းစားတတ်တော့ပါ။

မေဇူး

(၁၉၉၅ ခုနှစ်၊ မေလ၊ အပျိုစင်မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: