အတ္တ တံခါးဝ

လူတစ်ယောက်ကို ဘယ်လောက်ပဲ အစွမ်းကုန် ချစ်ချစ်၊ အဲဒီအချစ်ဟာ ကိုယ့်ကို ကိုယ်ချစ်တဲ့ အချစ် လောက် မပြင်းထန်ဘူး ဆိုတာကို မကြာခင်ကမှ သူမ သိခဲ့ရသည်။ သူများတွေ ပြောတာကို ကြား ဖူးပေမဲ့ မယုံကြည်နိုင်ခဲ့။ အခုလို ကိုယ်တိုင်ခံစားရချိန်ကျမှ ယုံကြည်လက်ခံ လာနိုင်တော့သည်။ ဟိုးအရင်က သူမ ရဲ့ ဘ၀မှာ အချစ်ဆုံး ချစ်သူ တစ်ယောက်ပဲ ရှိနိုင်မည်ဟု သူမ ယူဆခဲ့သည်။ ထိုသူကို အဆုံးမဲ့ ချစ်ခြင်းဖြင့် ချစ်ခဲ့သည်။ သူသာလျှင် သူမ ဘ၀၊ သူမ ကမ္ဘာဟု ကြည်ကြည်နူးနူး လက်ခံခဲ့ပြန်သည်။ သူနှင့်သာ လက်တွဲ ခွင့် ရခဲ့လျှင် သူမ ဘ၀ ပြီးပြည့်စုံပြီဟု ထင်မှတ်ခဲ့သည်။ ခုတော့ မမျှော်လင့်သော အကြောင်းအရာ တစ်ခုကို အခြေခံပြီး သူမကိုယ် သူမ သိပ်ချစ်ကြောင်း သိခွင့်ရခဲ့သည်။

သူမ၏ စိတ်အစွဲအလမ်း ကြီးမားမှု ၊ တွေဝေ ပျော့ညံ့တတ်မှုတို့ က ဒီအဖြစ်အပျက်မှာ အခြေခံခဲ့သည်။ အကယ်၍ သူမသာ သူမချစ်သူနှင့် နီးစပ်ဖို့ အရေး၊ သူမတို့ ဘ၀ ရှေ့ ရေးကို တွက်ချက်ပေးဖို့  ဗေဒင် သွား မမေးမိဘူးဆိုလျှင် ဒီလို အခြေအနေတွေ ပြောင်းလဲလာနိုင်စရာ အကြောင်းရှိမည်မထင်ပေ။ မူလက စီစဉ် ထားသည့် အတိုင်း အဆင်ပြေ ချောမွေ့ နေသော လမ်းကို ဆက်၍ လျှောက်လှမ်းရုံသာ ရှိသည်။ ခုတော့ ဖြစ်ချင်တာ မဖြစ်၍ မဖြစ်ချင်တာ ဖြစ်ခဲ့ရပြီ။ သူမသည် ခေတ်ပညာတတ် မိန်းကလေးမို့  ဗေဒင်၊ လက္ခဏာ အယူအဆများကို အယုံအကြည် မရှိခဲ့ပေ။ သူမရဲ့ မိခင်ကတော့ သူမနှင့် ဆန့် ကျင်စွာ ဗေဒင် လက္ခဏာ များကို အလွန်အမင်း ယုံကြည်သူ ဖြစ်သည်။ သူမ မိခင်၏ ဗေဒင်မေးခြင်း၊ ဗေဒင်ဆရာ ခိုင်းသမျှ ယတြာ လိုက်ချေခြင်းတို့ ကို ဖေဖေရော သူမပါ မနှစ်သက်ပေ။ ဒါပေမဲ့ မေမေကတော့ ၀ါသနာအရ သူမတို့ သိအောင် တစ်မျိုး၊ မသိအောင် တစ်မျိုး လုပ်မြဲပင် ဖြစ်သည်။

ဗေဒင်ကို လုံးဝ မယုံကြည်တတ်သော သူမဘ၀တွင် ထိုဗေဒင်ဆရာ၏ ဟောပြောချက်သည် ပထမအကြိမ် တိုက်ဆိုင်စွာ မှန်ကန်ခဲ့လေသည်။ ( သူမကတော့ ဒါဟာ တိုက်ဆိုင်မှုဟု ပေါ့ဆစွာ ယူဆ ခဲ့ပေမဲ့ မေမေက တော့ ဗေဒင်ဆရာကို ပိုမို ယုံကြည်သွားခဲ့သည်။) ပွင့်လင်းစွာ ပေါင်းသင်းတတ်သော သူမတို့ မိသားစုတွင် တစ်ဦးတည်းသော သမီးဖြစ်သူ သူမ၏ ချစ်သူကို ဆွေမျိုးအသိုင်းအ၀ိုင်း အားလုံးက လက်ခံနိုင်သော အနေ အထားရှိသူ တစ်ယောက် အဖြစ် အသိအမှတ် ပြုခဲ့ကြသည်။ သူမတို့ ချစ်ခရီးသည် ချောမွေ့  အဆင်ပြေစွာ။ သူမ၏ ချစ်သူသည် သူမထက် 10 နှစ်ကျော်ကြီးကာ အင်ဂျင်နီယာဘွဲ့ ရ၊ ဌာနကြီးတစ်ခုမှ အရာရှိ တစ်ဦး ဖြစ်သည်။ သူမကတော့ တက္ကသိုလ် ပထမနှစ်တက်နေဆဲမို့  အသက်နှစ်ဆယ်ပင် မပြည့်တတ်သေး။

ဒါကြောင့်ပဲ သူမ ဘွဲ့ ရမှ လက်ထပ်ရမည်ဟူသော အချက်တစ်ခုကိုသာ သူမ မိဘများဘက်မှ သတ်မှတ်ခဲ့ ကြသည်။ သူမ၏ ချစ်သူ ကိုကိုကြီးက ဖြစ်နိုင်လျှင် အမြန်ဆုံး လက်ထပ်ချင်ပေမဲ့ သူမကတော့ လွတ်လွတ် လပ်လပ် နေလိုသေးတာမို့  မေမေတို့  အစီအစဉ်ကို သဘောကျခဲ့သည်။ နေ့ စဉ်နေ့ တိုင်း တွေ့ ခွင့် ရနေ သော၊ အားရင် အားသလို သူမကို ကျောင်းလိုက်ပို့ ၊ လိုက်ကြို ပေးတတ်သော ကိုကိုကြီးသည် သူမနှင့် ခွဲခွာပြီး ခရီးဝေးသွားလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပါ။ အဲဒီ အကြောင်းကို ပထမဦးဆုံး ပြောလာသူကတော့ သူမရဲ့ မိခင်ပင် ဖြစ်သည်။ ထိုနေ့ က ဗေဒင်ဆရာဆီမှ ပြန်လာသော မေမေ့ထံမှ ထိုစကားဆန်းကို ကြားရ ခြင်းဖြစ်သည်။ သူမကို မေမေ ပြောလာတော့ သူမက ရယ်မော၍သာ နေမိသည်။ မေမေကတော့ သူ့ စကား ကို အလေးအနက်မထားသော သူမကို ဒေါပွနေ သည်။

“မဖြစ်နိုင်ပါဘူး မေမေရယ်။ ကိုကိုကြီးက ရန်ကုန်က တစ်ဖ၀ါးမှ ခွာမှာ မဟုတ်ဘူး။ သူ့ ဌာနမှာလဲ သူ့ ကိုပဲ အားကိုးနေရတာ သူ့ ကို နယ်လွှတ်မှာ မဟုတ်ပါဘူး။”

“အေးပါ၊ မယုံရင်လဲနေ။ ဆရာကတော့ တစ်ပါတ်အတွင်း သိရမယ် ပြောတယ်။ တကယ်ဟုတ် နေမှ လာ မငိုနဲ့ ။ မသွားရအောင် လုပ်လို့ မရဘူလား ဆိုတော့ မရဘူးတဲ့။ ကောင်းဖို့ သွားရမှာမို့  သွားပါစေတဲ့။ ယတြာ ချေလို့ မရဘူးဆိုတော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူးနော်။”

သူ ပြောချင်ရာပြောပြီး ထွက်သွားသော မေမေ့ ကျောပြင်ကိုကြည့်ရင်း သူမ တစ်ယောက်ထဲ ပြုံးမိ သည်။ သူမ ကိုယ်တိုင် အလေးအနက် မထားတာရော၊ ကိုကိုကြီး ကလည်း ဗေဒင် အယုံအကြည် မရှိတာရောတို့  ကြောင့် ကိုကိုကြီးကိုပင် ထိုအကြောင်း ပြန်မပြောပြဖြစ်ခဲ့ပေ။ လေးရက်မြောက်နေ့ မှာ ထူးခြားမှုကို စတင် တွေ့ ခဲ့ရသည်။ သူမ ကျောင်းဆင်းချိန်တိုင်း ရုံးချိန်နှင့် တိုက်နေ၍ ဘယ်တော့မှ ကျောင်း လာကြိုလေ့ မရှိ သော ကိုကိုကြီးသည် ယနေ့ ကျောင်းဆင်းချိန်မှာ ကျောင်းဝင်းဝမှာ လာစောင့်နေတာမို့  အံ့သြသွားမိသည်။ ပြောစရာရှိလို့  တနေရာရာ သွားရအောင် ဆိုကာ တော်ဝင်နှင်းဆီခြံသို့  ထွက်လာခဲ့ကြသည်။ ကိုကိုကြီး၏ တလမ်းလုံး တိတ်ဆိတ်နေမှုကို နားမလည်နိုင်။ ခါတိုင်းဆို ဆူညံစွာ သူမကို စနောက်နေကျ။

လူရှင်းသော စားပွဲဝိုင်းတစ်ခုမှာ ထိုင်နေတာတောင် ဘာစကားမှ ထွက်မလာတာမို့ စိတ်မရှည်နိုင်တော့။ ကိုကိုကြီးလက်ကိုကိုင်လှုပ်ကာ

“ကိုကိုကြီး ဘာဖြစ်နေတာလ။ဲ ပြောစရာရှိရင်ပြေလေ”ဆို တော့ သူ့ ထံမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ် လာခဲ့သည်။

“ကလေးကို ကိုကိုကြီး ပြောမထွက်ဘူးကွာ။ ကိုကိုကြီး ကိုယ်တိုင်လဲ စိတ်ထိခိုက်နေမိတယ်။ ပျော်စရာ ကိစ္စဖြစ်ပေမဲ့ အပြည့်အ၀ မပျော်နိုင်ဘူး။ ကလေးကို ထားခဲ့ရမှာ စိတ်မချဘူး။”

ပဟေဠိဆန်သော ကိုကိုကြီး၏ စကားများကို သူမ နားမလည်နိုင်ခဲ့။ သူမ ဆံပင်တွေကို သပ်တင်ရင်း ကိုကိုကြီး ဆက်ပြောသည့်အကြောင်းများက မယုံကြည်နိုင်စရာ။

“ကိုကိုကြီး အင်္ဂလန်ကို ပညာတော်သင် 2 နှစ်သွားရမယ်။ မသွားလို့ မရဘူး။ ကိုကိုကြီး တစ်ယောက်ကိုပဲ အရွေးခံရတာ။”

ကိုကိုကြီး စကားအဆုံးမှာ မကြာခင်လေးကမှ မေမေ ပြောခဲ့သော စကားများကို ပြန်ကြားယောင် လာမိ သည်။ တိုက်ဆိုင်စွာပဲ အခု ဖြစ်ပျက်ခဲ့ပြီ။ မေမေသိရင်တော့ သူ့ စကားကို မယုံကြည်သော သူမကို ဘယ်နှယ့် ရှိစ ဟု ပြောမှာ သေချာသည်။ ကိုကိုကြီးအတွက် သူမ ၀မ်းမသာနိုင်ခဲ့။ ကိုကိုကြီးနှင့် ဒီလောက် အကြာကြီး ခွဲနေဖို့ ဆိုတာ သူမ အိပ်မက်တောင် မမက်ဘူးခဲ့။ အခုလို ရုတ်တရက်ဆိုတော့ သူမ ဘယ်လို ရင်ဆိုင်ရမည် မသိ။

နောက်ဆုံးတော့ သူမကို စိတ်မချစွာနှင့်ပင် ကိုကိုကြီး အင်္ဂလန်သို့  ထွက်ခွာသွားခဲ့တော့သည်။ နှစ်ယောက် အတူရှိနေရာမှ တစ်ယောက်ထဲ အထီးကျန်ဆန်စွာ ကျန်ရစ်ရခြင်းကို ခါးသက်စွာ သူမခံစား ခဲ့ရပြီး သတိရ တမ်းတစွာဖြင့် ကိုကိုကြီးဆီ နေ့ တိုင်းနီးပါး စာရေးဖြစ်ခဲ့သည်။ ကိုကိုကြီးကလည်း မအား လပ်သည့်ကြား ကပင် သူမကို လွမ်းဆွတ်ရခြင်း အကြောင်းများ၊ နိုင်ငံခြားမှ သူ့ အတွေ့ အကြုံများကို အနည်းဆုံး တစ်ပါတ် တစ်ခါတော့ စာရေးပြီး ပြောပြတတ်သည်။

ဒုတိယနှစ်ရောက်ချိန်မှာတော့ သူငယ်ချင်းတွေ အများကြီးရလာသလို ဂုဏ်ထူးတန်းဝင်ခွင့် ရအောင် စာကြိုးစားရတာနှင့် အိမ်ပြန်ရောက်တော့လည်း ပင်ပန်းတာရယ်၊ စာကျက်ရတာရယ် ပေါင်းပြီး အစောကြီး အိပ်ပျော်တတ်တာမို့  ကိုကိုကြီးဆီ အရင်လို စာ ခဏ ခဏ မရေးနိုင်ခဲ့။ ကျောင်းပိတ်ရက်မှပဲ သူမရဲ့  လှုပ်ရှား မှုများကို ပြောပြရင်း စာရှည်ရှည် ရေးရသည်။ ကိုကိုကြီးကတော့ ထုံးစံအတိုင်း စာရေး မပျက်ခဲ့။ ပထမ အကြိမ်က တိုက်ဆိုင်မှုဟုသာ သတ်မှတ်ပြီး မေ့ပျောက်ထားသော ဗေဒင်ဆရာ၏ ဟော ပြောချက်သည် ဒုတိယအကြိမ် သူမနှင့် လာရောက် ပတ်သက်ပြန်လေသည်။ သူမတို့ သူငယ်ချင်းတွေ စုပြီး ရူပဗေဒ အသင်း လိုက် ခရီးသွားခါနီးတွင် ဖြစ်သည်။ မေမေသည်လည်း သူမ ပုဂံလိုက်ပါမည့် ခရီးစဉ် ကို သိထားပြီး ခွင့်ပြု ထားပြီးသား ဖြစ်သည်။ သူမ ခရီးသွားရန် လိုအပ်သည်များကို လိုက်လံ ၀ယ်ခြမ်းပြီး အပြန်တွင် ဗေဒင်ဆရာ ထံ မေမေက လမ်းကြုံဝင်လေသည်။

ဗေဒင်ဆရာထံ ၀င်တာကို သူမက သိပ်မကျေနပ်ပေမဲ့ ဘာမှ မပြောတော့ပါ။ သူမနှင့် မပါတ်သက် လျှင် ပြီးရောဟု သူမက ခံယူထားပေမဲ့ ဗေဒင်ဆရာက သူမနှင့် ပါတ်သက်ပြီး ပြောလာတော့ စိတ်ဆိုးရ သည်။
“သူ သွားမဲ့ ခရီးကို တတ်နိုင်ရင် မလွှတ်ပါနှင့် အမကြီး။ သူ့ မှာ အန္တရာယ်ဖြစ်ကိန်း မြင်နေတယ်။”

ထိုသူ ဘာတွေ ဆက်ပြောလဲ သူမ မသိတော့ပါ။ သူမ ကိုယ်ရေးကိုယ်တာကို လိုက်လံ စွက်ဖက်သော ထိုလူကို စိတ်ထဲမှ မကျေနပ် ရေရွတ်ရင်း မေမေ့ကိုပင် မစောင့်ပဲ အိမ်ကို သူမပြန်လာခဲ့တော့သည်။ အိမ် ပြန်ရောက်သည်နှင့် သူမကို ခရီးသွားခွင့် မပြုဟု မေမေက တားမြစ်သည်။ နေ့ လည်က သူမ အပြုအမူ အတွက် တဖက်သားကို အားနာဖို့  ကောင်းကြောင်း ပြောပြီး သူမကို အပြစ်တင်သည်။

သူမကတော့ ဘာမဟုတ်တဲ့ လူတစ်ယောက်အတွက် သူမ ခရီးစဉ် အပျက်မခံနိုင်ဟု တင်ပြရင်း ခရီးသွားဖို့  ဇွတ်စီစဉ်သည်။ ဖေဖေကလည်း သူမအဆိုပြုချက်ကို ထောက်ခံတာမို့  ခရီးထွက်ခွင့်ကို သူမ ရခဲ့သည်။ လမ်း ခရီးတလျှောက်လုံး ထိုသူ့ စကားက စိတ်အနှောင့်အယှက် ဖြစ်စေတာမို့  ပတ်ဝန်းကျင် အသစ်တွင် ကြည်နူး ဖို့ နှင့် ကိုကိုကြီးကို သတိရဖို့ ပင် သူမ မေ့လျော့နေမိသည်။ ဗေဒင်မမှန်ကြောင်း သက်သေပြနိုင်ရန် သူမ ကိုယ်သူမ အသွားအလာ အနေအထိုင် ဆင်ခြင်သတိ ထားခဲ့သည်။ သူမတို့  ပုဂံမှ မပြန်ခင် တညနေတွင် မြင်းလှည်းမစီးဖူးသော သူမတို့  သူငယ်ချင်းတစ်စု မြင်းလှည်းဖြင့် ပုဂံရှုခင်း ကြည့်ရန်ထွက်လာခဲ့ကြသည်။ မြင်းလှည်း အနောက်ဖျားမှာ ခြေတွဲလောင်းချ ထိုင်ပြီး စီးရသည့် အရသာကို သူမ သဘောကျမဆုံးခဲ့။

အပြန်လမ်းတွင် သူမတို့ စီးလာသော မြင်းသည် သခင်စေခိုင်းရာသို့  ကောင်းကောင်းမသွားချင် တော့ပေ။ ပေကတ်ကတ်နှင့် ရပ်လိုက်၊ သွားလိုက် လုပ်နေ သည်။ သူမတို့ လည်း ကြောက်ကြောက်နှင့် ဘာလုပ်ရမှန်း မသိပေ။ သခင်၏ ကြမ်းတမ်းသော ရိုက်ချက် ကြောင့် မြင်းသည် နာကျင်စွာ အော်ရင်း ကဆုန်ပေါက် ပြေး လိုက်ရာ မြင်းလှည်းအဖျားတွင် ထိုင်နေသော သူမ လွင့်ကျကာ ကတ္တရာလမ်းနှင့် မိတ်ဆက်သွားတော့သည်။ သူငယ်ချင်းများ၏ ထိတ်လန့် တကြား အော်သံကို နောက်ဆုံး ကြားလိုက်ရ ရင်းသူမအသိတို့  ကင်းမဲ့သွားရ တော့သည်။

သတိရလာတော့ ညောင်ဦးဆေးရုံသို့ သူမ ရောက်နေခဲ့ပြီ ဖြစ်သည်။ မြင်းလှည်းပေါ်မှ ပြုတ်ကျ သည့် အရှိန်ပြင်းသဖြင့် မျက်နှာနှင့် ခေါင်းမှာ ဒဏ်ရာ ရခဲ့သည်။ တညလုံး သတိမရပဲ မနက်မိုးလင်းမှ သတိရခဲ့တာ ဖြစ်သည်။ ညပိုင်း ရန်ကုန် ပြန်ကြမည့် အစီအစဉ်သည် သူမကြောင့် ပျက်သွားရတော့သည်။ နောက်နေ့  မနက်စောစောမှာ ကျောင်းသားတွေ ပြန်ကြပေမဲ့ သူမ ပြန်လိုက်ခွင့် မရသေးပေ။ သူမနှင့်အတူ ဆရာမ တစ်ယောက်၊ သူငယ်ချင်းနှစ်ယောက် ကျန်ရစ်ခဲ့သည်။ သူမအိမ်ကို အကြောင်းကြားထားပြီမို့  မကြာခင် ရောက်လာတော့မည်။

မေမေကတော့ သူမစကားနားမထောင်ပဲ ထွက်သွား၍ ဖြစ်ရသည်ဟု တဖွဖွ ပြောမဆုံးပေ။ သူမကို ကြည့် ပြီး စိုးရိမ်စွာ ငိုကြွေးနေပြန်သည်။ သူမ မေ့ထားသော ဗေဒင်ဆရာ၏ ဟောပြောချက်သည် ဒုတိယမြောက် တိုက်ဆိုင်စွာ မှန်ကန်ခဲ့ပြန်ပြီ ဖြစ်သည်။ သူမကို သွေးထွက်သံယို ဖြစ်ကိန်းမြင်လို့  မသွား ခိုင်းခဲ့တာဟု မေမေက ရှင်းပြသည်။

သူမသည် ထိုအချိန်မှစ၍ ဗေဒင်ဆရာကို ယုံကြည်သည်မဟုတ်ပေမဲ့ သူ့ ရဲ့ ဟောပြောချက်များ မှန်ကန် တတ်ကြောင်းကိုတော့ လက်ခံခဲ့တော့သည်။ သူမ ပြန်လည် ကျန်းမာလာအောင် တစ်လ ကျော်လောက် ဆေးကုသခဲ့ရသည်။ ဂုဏ်ထူးတန်း ၀င်ချင်သော သူမ ရည်ရွယ်ချက်သည်လည်း ကျန်းမာရေးကြောင့် ပျက် မတတ် ဖြစ်ခဲ့ရသည်။ သူမက ကြိုးစားရန် အားမလျော့သေးသော်လည်း မေမေက မတိုက် တွန်းတော့ ပေ။ သူမ ဂုဏ်ထူးတန်း တက်ခွင့်မရနိုင်ဟု ဗေဒင်ဆရာက ပြောသည်တဲ့။ ဒီတခါတော့ သူမ စိတ်မဆိုးတော့ပါ။ မေမေ့ရဲ့ ယုံကြည်ချက် မှားယွင်းကြောင်း သက်သေပြဖို့  သူမ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ ကံကြမ္မာက သူမ ဘက်မှာ ရှိမနေခဲ့။ အာရုံစူးစိုက်ပြီး စာကျက်တိုင်း မူး မူးနေတတ်သော ခေါင်းကြောင့် စိတ်သွားတိုင်း ကိုယ် မပါခဲ့။ ထိုနှစ်က သူမရိုးရိုးပဲ စာမေးပွဲ အောင်ခဲ့သည်။ ကိုကိုကြီးကတော့ ကျန်းမာရေးထက် ဘာမှ ပိုအရေး မကြီးကြောင်း၊ သူမ အတွက် သူ စိုးရိမ်နေကြောင်း၊ သူ ပြန်လာရန် 6လ ခန့် သာ လိုတော့ကြောင်း၊ ပြန်လာ တာနှင့် လက်ထပ်တော့မည့်အကြောင်း၊ ကျောင်း ပြီးအောင် သူ မစောင့်နိုင်တော့ကြောင်းတို့ ကို စာတိုင်းမှာ ထည့်ရေးလေ့ရှိသည်။

မေမေတို့  ကိုယ်တိုင်ကလည်း ကိုကိုကြီး ပြန်လာလျှင် လက်ထပ်ချင်သည် ဆိုသောကိစ္စကို ခွင့်ပြု လိုက်ပြီ ဖြစ်သည်။ သူမကိုယ်တိုင်ကလည်း “ကိုကိုကြီးကို လွမ်းလှပြီ၊ မြန်မြန်ပြန်လာပါတော့”ဟု ချွဲနွဲ့ စွာ စာပြန်ရေး မိသည်။ ဒီအချိန်ထိ ကိုကိုကြီးကို မြတ်နိုးတွယ်တာ ချစ်ခင်ဆဲပင် ဖြစ်သည်။ သူမဘက်က ဘာမှ ပြောင်းလဲ ဖောက်ပြားခြင်း မရှိခဲ့တာကို ကျိန်တွယ်ပြီး ပြောရဲပါသည်။ ကိုကိုကြီးက မင်္ဂလာဝတ်စုံကို နိုင်ငံခြားမှ ၀ယ်လာ မည်။ ဒီမှာ မချုပ်ပါနှင့်ဦး၊ စိတ်တိုင်းမကျမှ ချုပ်ချင်ချုပ်ပါတဲ့။ သူမကလည်း လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကို ၀ယ်ယူ စုဆောင်းနေခဲ့သည်။ သူမတို့  နှစ်ယောက်စလုံး မင်္ဂလာပွဲ အတွက် ကြည်နူးဖွယ် စိတ်ကူးများဖြင့် စီစဉ်နေခဲ့ကြသည်။ ကိုကိုကြီး ပြန်လာ ရန် တဖြည်းဖြည်းနီးကပ်လာပြီမို့  သူမ ပျော်ရွှင် နေမိသည်။
မေမေသည် သူမတို့  မင်္ဂလာရက် သတ်မှတ်ရန် ကိစ္စကို ဗေဒင်ဆရာအား သွားမေးရန် မမေ့ခဲ့ပါ။ ဒီတစ်ခါမှာတော့ သူမက လိုလိုလားလားပဲ မေမေနှင့်အတူ ဗေဒင်ဆရာဆီ လိုက်ပါလာခဲ့တာ ဖြစ်သည်။ သူမ ဘ၀တွင် တိုက်ဆိုင်စွာပင် ထိုဗေဒင်ဆရာ၏ ဟောပြောချက်များ မှန်ကန်ခဲ့တာ သုံးကြိမ်ရှိခဲ့ပြီမို့  ဒီတခါတော့ ယုံကြည်စွာပင် လိုက်လာခဲ့မိတာဖြစ်သည်။ ဒီတခါလည်း သူမကို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပြန်ပေ။

“ ဒီနှစ်ထဲမှာ သမီး လက်ထပ်ဖို့  လုံးဝ မဖြစ်နိုင်ဘူး။ သမီးအတွက် အနှောင့်အယှက်တွေ ရှိတယ်။ ဖြစ်နိုင်ရင် နောက်ထပ် 5 နှစ်၊ သမီး အသက် 27 နှစ် အရွယ်ကျမှ အိမ်ထောင်ပြုပါ။ အခုချိန်မှာ သူ့ ကို ယူရင် သမီး တို့ နှစ်ယောက်ကွဲလိမ့်မယ်။ ရှင်ကွဲ မဟုတ်ဘူး သေကွဲ ကွဲရမှာ။ အဲဒီလို ဖြစ်မှာက သူ မဟုတ် ဘူး။ သမီး ဖြစ်မှာ၊ လက်ထပ်ပြီး မကြာခင်မှာ သမီးက သူ့ ကို ထားခဲ့ရမှာ။ “

မေမေရော သူမပါ မျက်နှာမှာ သွေးတစ်စက်မှ မရှိတော့။ သူမ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင် လာသည်။ ကြောက်ရွံ့ တာလား၊ ဒေါသ ထွက်တာလား၊ ကြေကွဲ ၀မ်းနည်းတာလား၊ ကိုယ်တိုင်တောင် မခွဲခြား တတ်တော့ပါ။ သူမရဲ့ မျှော်လင့်ခြင်းတွေ တစစီ ဆွဲယူ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီ။

“ သမီးရဲ့  အိမ်ထောင်ရေးဟာ အခု အသက်အရွယ်ကနေ ရှေ့ 5နှစ် အထိ ဒီအတိုင်းပဲ။ 27 နှစ် အရွယ် ကျော်သွားရင်တော့ ပြသနာမရှိတော့ဘူး။ ပြန်ကောင်းသွားပြီ။ ဒီတော့ အဲဒီအချိန်ထိ စောင့်ပါလို့ ပဲ အလေး အနက် မှာချင်ပါတယ်။ ”

အသံတို့ သည် မကြားတစ်ချက်၊ ကြားတစ်ချက်။ အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းပင် သူမ မသိ။ သူမသည် အဲဒီနေ့ မှစ၍ တွေဝေခြင်းနှင့် စတင်မိတ်ဖွဲ့ ခဲ့ပြီ။ တကယ်လို့  ဒီတခါလည်းဗေဒင်ဆရာရဲ့ဟောပြော ချက်ဟာ တိုက်ဆိုင်စွာနှင့် မှန်နေခဲ့မယ်ဆိုရင် သူမ ဆက်မတွေးရဲပါ။ လူတစ်ယောက်ကို လက်ထပ်ဖို့ အတွက် ကိုယ့် အသက်ကို အလောင်းအစား လုပ်ရမှာကိုတော့ သူမ မလုပ်ဝံ့။ သူမ ခုချိန်ထိ ကိုကိုကြီးကို ချစ်ပါသည်။ ကိုကိုကြီးနဲ့  လက်ထပ်ခွင့်ကိုလည်း ရချင်ပါသည်။ ဒါပေမဲ့ . . . . ဒါပေမဲ့ ပေါ့လေ။ ဒီမှာတင်ပဲ သူမ မထင်မှတ် ထားသော အရာတစ်ခုကို အံ့သြစွာနှင့်ပင် ပြက်ပြက်ထင်ထင် သိခွင့်ရ လိုက်သည်။ သူမသည် ကိုကိုကြီးကို လက်ထပ်ရန်အတွက် သူမ အသက်ကို ဘယ်နည်းနှင့်မှ မစွန့် နိုင်သည်မှာ သေချာ သည်။ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာ ရှိသေးပေမဲ့ ဖြစ်ခဲ့သည် ရှိသော် ဆိုသော အတွေးကို သူမ ဆက်မတွေးရဲပါ။

လူတစ်ယောက်ကို ဘယ်လောက်ပဲ အစွမ်းကုန် ချစ်ချစ် ထိုအချစ်သည် မိမိ ကိုယ်ကို ချစ်သော အချစ်ထက် မပိုကြောင်း သူမ လက်တွေ့ သိခဲ့ရသည်။ ကိုကိုကြီးကို မြတ်မြတ်နိုးနိုး ချစ်ပေမဲ့ သူမ အသက် အသေမခံရဲ ခြင်းသည် သူမရဲ့ အတ္တဖြစ်သလို၊ သူမကိုယ် သူမ ချစ်ခြင်းလည်း ဖြစ်သည်။ ထိုချစ်ခြင်းသည် ကိုကိုကြီးကို ချစ်သော အချစ်ထက် ပိုကြောင်း တဖြည်းဖြည်းသိလာရတော့ တုန်လှုပ်စွာ ခံစားမိသည်။

အချိန်ဆိုတာ ရပ်တန့် ထား၍ မရတော့လည်း ကိုကိုကြီး ပြန်လာမဲ့နေ့ သို့  ရောက်ရှိလာခဲ့တော့ သည်။ ကိုကိုကြီးကို သွားကြိုဖို့  သူမ တက်ကြွခြင်း မရှိသလို မေမေကလည်း ကိုကိုကြီးနှင့် မပေးစားနိုင် တော့ပါတဲ့။ ဖေဖေ ကိုယ်တိုင်ကလည်း အယုံအကြည် မရှိပေမဲ့ တိုက်ဆိုင်စွာဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကြုံ ခဲ့တာက တစ်ကြောင်း၊ တစ်ဦးတည်းသော သမီးကို ဘယ်နည်းနှင့်မှ အဆုံးအရှုံး မခံနိုင်တာကတကြောင်း မို့  မေမေ့စကားကို ဆန့် ကျင်ပြီး တိုက်တွန်းဝံ့ဟန် မရှိပေ။ သူမကတော့ ခံစားရမှုများ စွာဖြင့် သိသာစွာ ပိန်ကျ သွားခဲ့သည်။

ညကတော့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချခဲ့ပြီမို့  အနည်းငယ် တည်ငြိမ်နေပြီ ဖြစ်သည်။ လေဆိပ် မှာ ကိုကိုကြီးနှင့် တွေ့ တော့လည်း သိပ်ပြုံးပြုံးရွှင်ရွှင် ရှိမနေခဲ့တာကို သူကတော့ နေမကောင်းသေးလို့ ပဲ ထင်နေခဲ့သည်။ ခွင့်လွှတ်ပါတော့ ကိုကိုကြီးရယ် – စိတ်ထဲမှ သူမ တောင်းပန်နေမိသည်။

“ညနေ အိမ်လာမယ်” လို့  ကိုကိုကြီးက ပြောတော့ ကိုကိုကြီးကို အသင့်ရေးလာသော စာလေး ထုတ်ပေး မိသည်။ ကိုကိုကြီးကတော့ နားမလည်နိုင်ပဲ

“မိကဲလေး လူကိုယ်တိုင် ပြောရင်လည်း ရသားနဲ့ ” ဟု သူမ ခေါင်းကို အသာပုတ်ရင်း ကြည်ကြည် နူးနူး ပြောသည်။ ကိုကိုကြီး မျက်နှာကို ငေးမောရင်း ရင်ထဲမှာ ပူလောင်လာမိသည်။ ကိုယ့်ကိုကိုယ် သတိ မပြုနိုင် ခင်မှာပဲ သူမ မြတ်နိုးခဲ့ရဖူးသော ကိုကိုကြီး၏ မေးစေ့ကလေးကို အသာနမ်းလိုက်မိသည်။ ကိုကိုကြီးမှာ ကား မောင်းနေတာမို့  ရုတ်တရက် အံ့သြသွားပြီးမှ သူမရဲ့ နဖူးလေးကို ညင်သာစွာ တစ်ချက်နမ်း လိုက်သည်။ ဒါ သူမတို့ ရဲ့ အသန့် စင်ဆုံး ချစ်ခရီး နှုတ်ဆက်ပွဲ ဆိုတာ သိနေသော သူမက ပါးပြင်ပေါ် ကျလာသော မျက်ရည် စက်များကို ကိုကိုကြီး မမြင်အောင် သုတ်လိုက်ရသည်။

သိပ်ချစ်တဲ့ သူမတို့  ချစ်သူနှစ်ယောက်ရဲ့  နိဂုံးဟာ ဒါပဲလား။ သူမကို အိမ်ပြန်ပို့ ပေးပြီး ကိုကိုကြီး အိမ် ပြန်သွားခဲ့သည်။ အတားအဆီး ကင်းမဲ့သော မျက်ရည်တို့ က စမ်းရေနှယ် တသွင်သွင် စီးလျှက်။ နောက်ကား တစ်စီးနှင့် ပြန်လာသော ဖေဖေနှင့် မေမေတို့ ၏ အကြည့်က သူမကို နားလည်သည့်အလား ကြင်နာစွာ၊ ထို့ နောက် ဧည့်ခန်းထဲမှ တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြသည်။ ဧည့်ခန်းထဲတွင် သူမ ရှိုက်သံတို သာကြီးစိုး လျက်။

တွေဝေ ပျော့ညံ့သူအဖြစ် နာကြည်း အပြစ်တင်လိုက်ပါတော့ ကိုကိုကြီးရယ်။ နာကြည်း မုန်းမေ့ သွားနိုင် ပါစေတော့။ အခုချိန်ဆို ကိုကိုကြီး စာဖတ်နေလောက်ပြီ။ ညက အခေါက်ခေါက် အခါခါရေးပြီးမှ အဆုံးသတ်နိုင်ခဲ့သော စာကို ပြန်လည် မြင်ယောင်လာသည်။

ချစ်သောကိုကိုကြီး

အရာဝတ္ထုတစ်ခုကို စွန့် လွှတ်ရမယ်ဆိုတော့မှ အဲဒီ ပစ္စည်းတစ်ခုအပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ တွယ်ငြိမှု ကို ပိုပြီး သိလာရပါတယ်။ အခုလည်း ကိုကိုကြီးကို စွန့် လွှတ်ရမယ်ဆိုတော့မှ ကိုကိုကြီးကို ကလေး ဘယ်လောက် ချစ်လဲဆိုတာ တုန်လှုပ်စွာနဲ့  သိခဲ့ရပါတယ်။ ဒါပေမဲ့ ကိုကိုကြီးရယ် ဘယ်လိုမှ ဖြေသိမ့်လို့  မရတော့ပါဘူး။ ကလေးကို ခွင့်လွှတ်လိုက်ပါတော့။ ကလေးရဲ့  တွေဝေ ပျော့ ညံ့တဲ့စိတ်တွေက ကလေး ကို အနိုင်ယူသွားခဲ့ပြီ။ ကိုကိုကြီး ကလေးကို မေ့ပစ်လိုက်ပါတော့။ ကိုကိုကြီးရဲ့ အချစ်နဲ့  မထိုက်တန် လောက်အောင်ပဲ ကလေး အတ္တကြီးခဲ့မိပါတယ်။

ကိုကိုကြီးကို မချစ်လို့ မဟုတ်ပဲ ချစ်လျက်နဲ့  ခွဲခွာခဲ့တာပါ။ ကလေးကိုယ်ကလေး ချစ်သလောက် ကိုကို ကြီး ကို မချစ်နိုင်ဘူးလို့ သိလာခဲ့ရတယ်။ ကိုကိုကြီးကို လက်ထပ်ရင် ကလေးဟာ ကိုကိုကြီးနဲ့ သေကွဲ ကွဲ ရမယ်တဲ့လေ။ ကလေးလေ ကိုယ့်အသက်ကို လောင်းကြေး ထပ်ပြီး ကိုကိုကြီးကို လက်မထပ်ဝံ့ဘူး၊ မျက်စိ မှိတ်ပြီးမစွန့် စားရဲ ခဲ့ဘူး။ ကလေးရဲ့ သတ္တိမရှိမှု၊ အတ္တကြီးမှုတွေကြောင့် ပါပဲ။ ကိုကိုကြီး လက်ခံနိုင်မှာမဟုတ် တဲ့ ဗေဒင်ဆရာရဲ့ ဟောပြောမှု၊ ဘာမဟုတ်တဲ့ အကြောင်းပြချက် တစ်ခုနှင့် ကိုကိုကြီးကို နောက်ထပ် အချိန် တွေ အကြာကြီး မစောင့်ခိုင်းချင်တော့ပါဘူး။

အခုဆို ကိုကိုကြီးလည်း အသက် 35 နှစ်ဆိုတော့ လက်ထပ်သင့်တဲ့ အရွယ်ရောက်နေပါပြီ။ ကိုကိုကြီး အတွက် သင့်လျော်မဲ့ ဂုဏ်ဒြပ်တူ၊ ရုပ်ရည် ချောမောလှပတဲ့ မိန်းကလေးတွေ အများကြီး ရှိပါတယ်။ ဘာ မဟုတ်တဲ့ မိန်းကလေး တစ်ယောက်အတွက် ကိုကိုကြီးကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ကလေး ခရီးထွက်သွားပါပြီ။ လိုက်မရှာပါနှင့်။ ကျောင်းဖွင့်မှ ပြန်လာခဲ့ပါမယ်။

ကိုကိုကြီးကို လက်မထပ်ဖြစ်ရခြင်း အကြောင်းအရင်းကို ပြည့်ပြည့်စုံစုံ သိချင်ရင် မေမေ့ကို မေးနိုင်ပါ တယ်။ လွန်တာရှိရင် ၀န္ဒာမိပါ ကိုကိုကြီး။

နှုတ်ဆက်ခဲ့ပါတယ်။ နားလည် ခွင့်လွှတ်နိုင်ပါစေ။

တစ်ခါတုန်းက
ကလေး

သူမကိုယ် သူမ ပြန်လည် သတိထားမိချိန်တွင် သူမသည် အတ္တတံခါးဝ သို့ ရောက်ရှိနေခဲ့ ပြီဖြစ် သည်။ မိမိကိုယ်မိမိ ချစ်ခြင်း၏ အတ္တသည် ကိုကိုကြီး၏ ဘ၀ထဲမှ ထွက်ခွာသွားနိုင်ဖို့  အင်အားများ ဖြစ်ထွန်းစေ ခဲ့သည်။ ထိုအတ္တကပဲ သူမကို အဝေးသို့  တွန်းထုတ်ခဲ့တာဖြစ်သည်။

ခုချိန်မှာတော့ သူမ ရောက်ရှိနေသော အတ္တတံခါးဝမှ ပြန်လှည့်ဝင်ရန် စိတ်ကူးမရှိတော့ပါ။ သာ၍ ဝေးရာဆီသို့ သာ သူမ သွားရပါတော့မည်။

မေဇူး

( ၁၉၉၆ ခုနှစ်၊ ဇွန်လ၊ အပျိုစင် မဂ္ဂဇင်း)

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: