အနှိုင်းမဲ့ ကထိန်အလှူ

ကထိန်လုပ်ခဲ့တာ ဒီနှစ်နဲ့ ပါဆို ၂နှစ်ရှိခဲ့ပါပြီ။ ပထမ တစ်နှစ်ကတော့ စမ်းချောင်းထဲက မနောယမ ပရဟိတ ကျောင်းလေးမှာ စုပေါင်း ဘုံကထိန်ခင်းကြတာပါ။ တခြားအလှူရှင်တွေရော မနောမယ ကျောင်းသားတွေ ရော ၀ိုင်းပြီး ခင်းကြတဲ့ မဟာဘုံကထိန်မှာ MMG ကပါ ရောပြီး ခင်းတာပါ။ အဲဒီအလှူမှာ ကြက်ဆီထမင်းနဲ့  တည်ခင်းဧည့်ခံခဲ့ပါတယ်။

ခု ဒုတိယတစ်ခေါက်ကတော့ စိတ္တသုခကျောင်းတိုက်၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့  နယ်က ကျောင်းလေးမှာ ခင်းတာပါ။ MMG ရဲ့ထုံးစံအတိုင်း ကြက်ဆီထမင်းနဲ့ ပဲပေါ့။ ဒီနှစ် လှူရတာ က ပိုပြီး ကြည်နူးပီတိ ဖြစ်ရပါတယ်။ ဘာလို့ လဲဆို တော့ ဒီကထိန်က MMG တစ်ခုထဲရဲ့  ကိုယ်ပိုင် ကထိန် ဖြစ်သလို နွမ်းပါးပြီး ကထိန်မရသေးတဲ့ ဘုန်းကြီးကျောင်းလေးကို လှူခွင့်ရ တာမို့ ပါ။

ဒီကျောင်းလေးဟာလွန်ခဲ့တဲ့ ၂နှစ် နာဂစ်မုန်တိုင်းကြောင့် ကျောင်းပြိုပြီး ပျက်စီးသွားချိန်ထဲကနေ ယခုနှစ် ကျွန်မတို့ မလှူခင်အထိ ၂ နှစ်စလုံးမှာ ကထိန် မခင်းခဲ့ရတဲ့ ကျောင်းလေးဖြစ်နေလို့ ပါပဲ။ နောက်ပြီး ကျောင်း လေးဟာ နာဂစ်တုံးက ပျက်စီးသွားခဲ့ပြီး ခုမှ ကျောင်းကို ပြန်လည် တည်ဆောက်နေရတဲ့ ဆောက်လက်စ တန်းလန်းနဲ့ချို့ တဲ့တဲ့ ကျောင်းလေးလည်း ဖြစ်နေလို့ ပါပဲ။

ဒီနှစ် ကထိန်ခင်းမယ်လို့  ရည်ရွယ်ကြထဲက အမှန်တကယ် လိုအပ်နေတဲ့ ဆင်းရဲတဲ့ ကျောင်းလေးကိုပဲ ရှာပြီး လှူရအောင်လို့  တိုင်ပင်ခဲ့ကြပါတယ်။ ခုတော့ အမှန်တကယ် လိုအပ်နေတဲ့ ကထိန်မရတဲ့ ကျောင်းလေးမှာ MMG ပိုင် ကထိန်လေး ခင်းနိုင်ခဲ့ပါပြီ။ ဒါအပြင် ဒီကျောင်းလေးဟာ ပရဟိတ ကျောင်းလေးလည်းဖြစ်တယ် ဆိုတာ နောက်တော့မှ သိခဲ့ရပါတယ်။ ပရဟိတ ကျောင်းတွေနဲ့  ကျွန်မတို့ တွေနဲ့ ပတ်သက် တိုက်ဆိုင်တတ် တာကို ပြန်ပြောရင်း ထပ်ဆင့် ကြည်နူးရပြန်ပါတယ်။

ဒီနေရာမှာ ကထိန်အလှူနဲ့  ပတ်သက်ပြီး ပြောချင်တာကတော့ ကျွန်မတို့ မြန်မာတွေဟာ ၁၂လ ရာသီပတ် လုံးမှာ ပွဲတော်တွေ အလှူတွေ ကျင်းပလေ့ ပြုလုပ်လေ့ရှိပါတယ်။ ကျွန်မတို့ ဟာ အခြားအလှူတွေ လုပ်တိုင်း မှာ ကိုယ်ရဲ့ အကျိုးအတွက် အတိအကျကြီး မျှော်ကိုးတာမျိုး မဟုတ်ရင်တောင် အနည်းနဲ့  အများတော့ မျှော်လင့်ချက်တွေနဲ့  ပါဝင် လှူဒါန်းတတ်ပါတယ်။

ဥပမာ ရေလှူရင် အေးချမ်းတယ်။ ရေအကျိုး ၁၀ ပါးရတယ် ဆိုတာမျိုး၊ ထီးလှူရင် အရိပ်ရတယ်ဆိုတာမျိုး၊
ဖိနပ်လှူရင် လိုရာခရီးကို အလွယ်တကူ ရောက် စေတယ်ဆိုတာမျိုး စတဲ့ မျှော်လင့်ချက်ပါတဲ့ အလှူမျိုးပေါ့။
ဒီနေရာမှာ ကထိန်အလှူကတော့ ချွင်းချက်အနေနဲ့  ကိုယ့်အကျိုးမပါပဲ သူများအကျိုးအတွက် … အတိအကျ
ပြောရရင် ရဟန်း သံဃာတွေကို ကထိန် အာနိသင်အကျိုး ခံစားရစေဖို့ လှူဒါန်းချင်းသာ ဖြစ်ပါတယ်။

ဒါကြောင့်မို့  ကိုယ့်အကျိုးထက် သူ့ အကျိုးကို ရစေဖို့  လှူဒါန်းရတာမို့ ပိုပြီး မွန်မြတ်တယ်လို့  ထင်ပါတယ်။ အရှင်ဆန္ဒာဓိကရဲ့ အနှိုင်းမဲ့အလှူဆိုတဲ့ စာအုပ်ထဲမှာလည်း ကထိန်အလှူကို အမြတ်ဆုံးလို့  ပြောပြထား ပါတယ်။

ကထိန်အာနိသိသင် -၅-ပါး

ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန် အကျိုး-၅-ပါး ရှိပါတယ်။

၁။ အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာ အိမ်သို့ သွားနိုင် ခြင်း၊

၂။ အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သော သင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊

၃။ ယာဝ ဒတ္ထစီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ ထားနိုင်ခြင်း၊

၎။ ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းရှိသောဆွမ်းဘောဇဉ်ကို စားနိုင်ခြင်း၊

မှတ်ချက်။ ။ပုံမှန်အရဆိုလျှင် ရဟန်းသံဃာများကို ဆွမ်းစားပင့်လျှင်“ ဒကာ+ဒကာမတို့က တပည့်တော်တို့ အိမ်“ ဆွမ်းဘုဉ်းပေး ကြွပါဘုရား၊ မုန့်တီ ဆွမ်းဘုဉ်ပေး ကြွပါဘုရား”စသည်ဖြင့် မိမိ ကပ်လှူမည့် စားဖွယ် နောက်ဝယ် “ဆွမ်း”ဟူသော စကားလုံးထည့်ပြီး ပင့်ဖိတ်မှ ရဟန်းတော်များ ဒကာ+ဒကာမများ ပင့်ဖိတ်၍ ကပ်လှူသော ဆွမ်းခဲဖွယ်များဘုဉ်းပေးကောင်းသည်။

ဒါပေမယ့် ဘုရားရှင် ခွင့်ပြုလိုက်သော ကထိန်ကြောင့် ကထိန် အကျိုးခံစားခွင့်ရသော ရဟန်းတော်များ စားဖွယ် နောက်ဝယ် “ဆွမ်း”ဟူသော စကားလုံးမပါဘဲ ဖိတ်မာန်၍ လှူဒါန်းကလည်း ဘုဉ်းပေးကောင်းသည်။

၅။ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်းသံဃာအား လှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနု မောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း၊

မှတ်ချက်။ ။ ဒကာ+ဒကာမများက ကထိန် အာနိသင်ရသော ရဟန်းတော်များအား ဤအကျိုး၅ပါး ခံစားရ အောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။

ရဟန်းတော်များ အကျိုး၅ပါး ရရှိသလို ဒကာ+ဒကာမများလည်း အန္တရာယ်ကင်းစွာ ခရီးသွား နိုင်ခြင်း၊ အဆိပ်အတောက် မခံစားရခြင်း စသည့် အကျိုးများရရှိနိုင်ပါသည်။ (ကထိန် အကျိုး ၅ပါးကို MMG တွင် တင်ထားသော ကိုစိုင်းခွန်နော်၏ “ကထိန်ဆိုသည်မှာ” ဆောင်းပါးမှ ထုတ်နှုတ် ထားပါသည်။)

ကထိန်ခင်းဖို့ ကျောင်းလေးကို ရှာဖွေပြီးချိန်မှာ MMG မှာ တင်ပြီး ကထိန်ခင်းမဲ့အကြောင်း တင်ပြခဲ့ပါတယ်။
မိမိ တတ်နိုင်သလောက် စေတနာ သဒ္ဒါတရား နည်း၊ များ မဆို ပါဝင် လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။
အလှူရှင်တွေဆီက ရရှိတဲ့ ပစ္စည်းတွေရယ်၊ အဖွဲ့ ဝင်တွေဆီက ထည့်ဝင်တဲ့ အလှူငွေတွေရယ်နဲ့  ကထိန်ကို ဖြစ်မြောက်အောင် စီစဉ်ခဲ့တာပါ။ လုပ်အား နိုင်သူက လုပ်အား၊ ငွေအားနိုင်သူ ငွေအားနဲ့  တတ်နိုင်သလောက် ကိုယ် တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်း ကူညီခဲ့ကြပါတယ်။

ရန်ကုန်မှာ နေတဲ့ MMG အဖွဲ့ ဝင်တွေရော၊ MMG မဟုတ်တဲ့ အခြား ခင်မင်ရာ Multiply အဖွဲ့ ဝင်တွေကိုပါ ဖိတ်ခေါ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လူများများနဲ့  တက်ညီ လက်ညီ စည်ကားစေချင်တာပါ။ မဟုတ် ရင် တခါလာလည်း ဒီမျက်နှာ၊ နှစ်ခါလာလည်း ဒီမျက်နှာတွေချည်းပဲ ဖြစ်နေလို့  ဓာတ်ပုံ အရိုက်ခံရတာ တောင် နဲနဲ လန့်  လာပါတယ်။ တော်ကြာ ကျွန်မတို့ တွေချည်းပဲ လုပ်နေကြတယ်လို့  ပြောမှာစိုးလို့ ပါ။
နယ်က လူတွေ မလာနိုင်တာကို ဘာမှ မပြောလိုပေမဲ့ ရန်ကုန်က လူတွေကိုတော့ လာစေချင်၊ ပါစေချင် ပါတယ်။

တစ်ခုခု ပွဲလုပ်တိုင်း မျက်နှာသစ်လေးတွေ တွေ့ ရမလား။လူဟောင်းတွေထဲက ဘယ်သူများ ထပ်ရောက် လာမလဲရယ်လို့  မျှော်ရတာ လည်ပင်းတောင် ညောင်ရေအိုး ဖြစ်ပေါ့ရှင်။ ကျွန်မဆို ရုံးက ကလေးမတွေကို Email address ရှိတယ် ဆိုတာနဲ့  Multi Account ဖွင့်ပေး MMG ထဲဝင်ခိုင်းနဲ့ လူအင်အားတောင့်အောင် ကိုယ် တတ်နိုင်တဲ့ဘက်က ဖြည့်တင်းနေပါတယ်။

ကျွန်မတို့  လူကြီးတွေထက်စာရင် လူငယ်လေးတွေပါတော့ ပွဲလည်း ပိုစည်တာပေါ့။ လာချင်သူလည်း ပိုများ အောင်လို့ လေ။ ဒီနှစ်မှာ မှတ်မှတ်ရရ မနှစ် ကထိန်ပွဲပြီးတဲ့ ညနေကတင် ပြင်ဦးလွင်ကို အလုပ်ကိစ္စနဲ့ 
ခရီးထွက်သွားတဲ့ ညီမငယ် မဉ္ဖူတစ်ယောက် ကထိန်မတိုင်ခင်နေ့ မှာ ရန်ကုန်ကို ပြန်ရောက်လာတာပါပဲ။ ကျွန်မ တော်တော်လေး ပျော်ပြီး တော်တော်လေးလည်းအားရှိသွား ပါတယ်။ မဟုတ်ရင် မအားလပ်တဲ့သူတွေ များတဲ့ MMG အဖွဲ့ မှာဘယ်တော့မှ ရုံးအလုပ်တွေနဲ့  မအားတဲ့ ကျွန်မကသာလျှင် အအားဆုံးလိုဖြစ်နေလို့  လေ။ (ကိုယ့်ကိုကိုယ် တော်တော် မအားဘူးထင်ထားတာ ကိုယ့်ထက် အလုပ် မအားသူက များသား)

ကျွန်မတို့  ရုံးက တန်ဆောင်မုန်း လပြည့်နေ့ တိုင်း စတုဒီသာ ကျွေးပါတယ်။ နှစ်တိုင်း လပြည့်နေ့ ဆို ကျွန်မ တို့  မအားပါဘူး။ ကျွေးရင်လည်းရုံးဝန်ထမ်းတွေရော၊ ဧည့်သည်တွေရော၊ စတုဒီသာကျွေးတာပါ ပေါင်းရင် လူ ၄၀၀၀စာလောက် ချက်ပြုတ် ကျွေးမွေး ဧည့်ခံရတာပါ။ ဒီတော့ အတော် ပင်ပန်းပါတယ်။

ကျွေးတော့လည်း ကိုယ်ပိုင်လုပ် Hand Mate များကို ကျွေးချင်တဲ့ ဆန္ဒကလည်း MMG ကဲ့သို့ ပင် ရှိတာ ကြောင့် တော်တော်လေးလည်း ချက်ရ ပြုတ်ရပါတယ်။ ကျွေးရင်လည်း အဓိကဟင်းတင် ၄-၅ မျိုးဆိုတော့ ပြန်ပြောရတာတောင် တော်တော်မောပါတယ်။

ကြက်သားဆီပြန်၊ ချည်ရည်ဟင်းနဲ့ ငပိကျော်လောက်သာ ဘုန်းကြီးကျောင်း အပ်ပြီး ကျန်တဲ့ အချိုပွဲမှအစ ငါးပေါင်း (ကျွန်မတို့ တွေ ရုံးမှာ ၀ိုင်းပေါင်းကြတဲ့ ငါးပေါင်းကတင် ပိသာ ၈၀ကျော်) ပုဇွန်ဟင်း၊ ငါးအသား လွှာကြော်၊ အစိမ်းကြော်တို့ အလယ် စတုဒီသာမှာ ဝေတဲ့ ကောက်ညှင်းပေါင်းအဆုံး ၀န်ထမ်းတွေပဲ ၀ိုင်းလုပ် ကြတာပါ။

ဒါကြောင့် MMG ကထိန်နဲ့  ရက်တိုက်နေတဲ့အခါမှာ ကျွန်မ ဘယ်လိုမှ မအားပါဘူး။ MMG ကို အပြည့်အ၀ မကူနိုင်သလို ၀ါဆို သင်္ဃန်းကပ်တုံးကလို အချိုပွဲတောင်လုပ်မပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ (ကျွန်မ မအားကြောင်းပြောချင်တာနဲ့  မလိုတာတွေနဲ့  စာရှည်ကုန်ပြီ ထင်တယ်နော်) ဒီလို မအားချိန်မှာ ညီမငယ် မဉ္ဖူ ပြန်ရောက်လာတာ ၀မ်းသာစရာပါ။

ကထိန် မတိုင်ခင်စနေနေ့ မှာ ပဒေသပင် သီးဖို့လူတွေ စုပြီး ဘုန်းကြီး ကျောင်းလာချိန်မှာ ကျွန်မ ခဏ သွားပြီး လှူဖွယ် ပစ္စည်းအချို့ နဲ့  အချိုပွဲအတွက် မုန့် ဝင်ဝယ်ပြီး သွားခဲ့ပါတယ်။ ကိုသူရိန်၊ကိုနဂါးနဲ့  မြိတ်သား တို့ ကို ကိုသူရိန်ဆိုင်မှာ ၀င်ခေါ်ပြီး ဘုန်းကြီးကျောင်းကို သွားကြပါတယ်။

ကိုလင်းအောင်ပြည့်၊ ကိုဇော်လတ်၊ မမဉ္ဖူတို့ က နည်းနည်း နောက်ကျပြီးမှ ရောက်လာပါတယ်။ ကျွန်မက တော့ ဒီကထိန်မှာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ရုံနဲ့  အလှူပစ္စည်းက လွဲလို့ လုပ်အားဒါန မပါဝင်ခဲ့ပါဘူး။
ကိုလင်းအောင်ပြည့်ရဲ့ Thadardika (သဒ္ဓါဓိက) အဖွဲ့ ဝင်တွေနဲ့ စေတနာဓိကအဖွဲ့ ဝင်တွေလည်း လာရောက် လှူဒါန်း လုပ်အားပေးသွားကြပါတယ်။

ကထိန်နေ့ က ကျွန်မတို့  မာတီက အသက်ကြီးကြီး လူကြီးလေး ကိုမိုးလုံးပြည့်လျှံ၊ ကိုနဂါး၊ ကိုကိုညီညီ၊ မချို (Designer)၊ ကိုထွန်း ( Mistake 51 Area)၊ ကိုသူရိန်၊ မမဉ္ဖူ၊ ကိုဇော်လတ်၊ ကိုသစ်ကို၊ ကိုမြိတ်သားတို့  တက်ရောက်ကြသလို My Suboo Fun Club က ကိုစိုင်းနောင်၊ MC အဖွဲ့ ဝင်အချို့ ၊ Thadadika (သဒ္ဓါဓိက) အဖွဲ့ ဝင်အချို့ ၊ စေတနာဓိက အဖွဲ့ ဝင်အချို့ နဲ့ သီးသန့်  ဖိတ်ကြားခြင်းခံရတဲ့ လူကြီးလူကောင်းလေး ၂ယောက် {ရွှေရည်မင်းသူနဲ့ ကြာဖြူမင်းသူ} (ကိုသူရိန်ပိုင် ပစ္စည်းများ) တို့ လည်း တက်ရောက်ခဲ့ကြပါတယ်။

ကျွန်မတို့ ရဲ့ ဒုတိယအကြိမ်မြောက် ကထိန်ကို တက်ရောက်ချီးမြှင့်ခဲ့သူများ၊ လူကိုယ်တိုင် မလာရောက်နိုင် သော်လည်း အလှူငွေ ပေးပို့ ခဲ့သူများ၊ လူကိုယ်တိုင်သော်၎င်း၊ ဖုန်းဖြင့်သော်၎င်း၊ အွန်လိုင်းမှသော်၎င်း မေးမြန်း ဂရုစိုက်ခဲ့သောသူများနှင့် အနယ်နယ် အရပ်ရပ်မှ အလှူပစ္စည်းများပေးပို့ ခဲ့သူများအား MMG အဖွဲ့  ၀င်များကိုယ်စား ကျေးဇူးတင်ရှိကြောင်းကျွန်မ ဒီနေရာက ပြောချင်ပါ တယ်။ နောက်ပြီး ကျွန်မ ရေးသမျှ
ခံစားချက်လေးတွေကို လိုက်ပါ စီးမျော ခံစား ဖတ်ရှုပေးနေကြသူများကိုလည်းအထူး ကျေးဇူးတင်ရှိပါ တယ်လို့ ။

ဘာပဲဖြစ်ဖြစ် ဒုတိယအကြိမ်မြောက် မဟာကထိန်က အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ ပွဲလေးတစ်ပွဲ ပြီးသွား တိုင်း ကျွန်မတို့  ခံစားရရှိတာက ဘာနဲ့ မှ မလဲနိုင်တဲ့ ၊ ငွေကြေးနဲ့  ပိုင်းဖြတ် ၀ယ်ယူလို့  မရတဲ့ ပီတိ လေးတွေပါ။ ကိုယ်တတ်နိုင်သလောက် အင်အားလေး နဲ့ လိုအပ်တဲ့နေရာတွေမှာ၊ လိုအပ်နေတဲ့ အချိန်တွေ မှာ အကူအညီလိုနေသူတွေဆီ အရောက်ပို့ နိုင်တဲ့ အခြေအနေလေးတစ်ခု ဖန်တီးနိုင်တာကို အရမ်း ကျေနပ် မိပါတယ်။

(ဥပမာ – နွေရာသီတုံးက ဒလလို ရန်ကုန်နဲ့  နီးပါရက်နဲ့  သောက်ရေ ခက်ခဲနေတဲ့ နေရာဒေသမှာ ရေသွား လှူတာမျိုး၊ ကျောင်းဖွင့်စ နေ့ ရက်တွေမှာ ပဲခူးတိုင်း အလိုင်နီ ဘုန်းတော်ကြီးသင်ကျောင်းမှာ ဖတ်စာအုပ် တွေ၊ ကျောင်းသုံးပစ္စည်းတွေ သွားလှူတာမျိုး၊ ကျောက်တန်းက သီလရှင် စာသင်ကျောင်းလေးကို စာသင်ဖို့  ကျောက်သင်ပုန်း အစားထိုး White Board လဲလှယ်ပေးပြီး လိုအပ်နေတဲ့ စာရေးကရိယာတွေ လှူဒါန်းတာ မျိုး၊ ဂီရီမုန်တိုင်း ခံစားနေရတဲ့ သွားရေးလာရေး ခက်လို့  လူသူ အရောက်အပေါက်နည်းသေးတဲ့ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့ နဲ့ မြေပုံမြို့ အနီးအနားက ရွာတွေဆီက ဒုက္ခသည်တွေဆီကို ကိုယ်ထိ လက်ရောက် ကိုယ်တိုင် သွားလှူတာမျိုးပေါ့)

ဒီလိုအလှူမျိုးကို စိတ်ရော ကိုယ်ပါ လှူခွင့်ရတာကိုပဲ ကျွန်မတို့ ကျေနပ်ရပါတယ်။ ကြုံတုံးပြောချင်တာက တော့ ကျွန်မတို့ အဖွဲ့ ရဲ့ ခံယူချက်လို့  ပြောရင်လည်း ရတဲ့ အနေအထား တစ်ခုကိုပါ။ အဖွဲ့ ဝင်အားလုံးလို့  တော့  မဆိုလိုချင်ပါဘူး။ ဘာလို့ လဲဆိုတော့ မိသားစု တစ်စုထဲက ပေါက်ဖွားလာတဲ့သူချင်းတောင် စိတ်ထား ချင်း မတိုက်ဆိုင်တတ်တာဆိုတော့လေ။ မိသားစုပေါင်းများစွာက ပေါက်ဖွားလာတဲ့ ကျွန်မတို့ တွေဟာ အရာ အားလုံးမှာစိတ်ချင်း၊ အမြင်ချင်း၊ ခံယူ ချက်ခြင်း မတူနိုင်မှန်း နားလည်ပါတယ်။

ကျွန်မတို့ က တတ်နိုင်ရင် မှီခိုမှုကင်းတဲ့ ရပ်တည်ခြင်းမျိုးနဲ့ ရပ်တည်ချင်ကြတာပါပဲ။ ကျန်တဲ့သူတွေမှာ ဆန္ဒ အစုံ ရှိနိုင်ပေမဲ့ ကျွန်မတို့ Admin တဖွဲ့ လုံးကတော့ သဘောထားတူကြပါတယ်။ (ကိုသူရိန်၊ ကိုလင်းအောင် ပြည့်၊ ကိုအုံး၊ ကျွန်မ စသည်တို့ ပေါ့)။ ကျွန်မ တို့ အားလုံးဟာ လူကြီးတွေဖြစ်နေလို့ များလား။ အသက် အရွယ်ကပဲ စကားပြောလားတော့ မသိပါဘူး။ (အားလုံးဟာ over 30 သမားတွေလေ)။

သူများရဲ့ အုပ်ထိန်းမှုအောက်(under control) မှာ မဟုတ်ပဲ လွတ်လပ်စွာ လှုပ်ရှားချင်ကြတာပါ။ ကိုယ် လှူချင်တဲ့ ဆန္ဒရှိရင်၊ လှူဖို့  လိုတဲ့အခြေအနေမျိုး ဖြစ်ပေါ်လာရင် ကိုယ့်ရဲ့ အဖွဲ့ ဝင်တွေ၊ နီးရာမိတ်ဆွေတွေကို
အကြောင်းကြားပြီး အလှူခံတာမျိုးလောက်ကို ပဲ လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီကရလာတဲ့ အလှူငွေနဲ့ ပဲ အဆင် ပြေအောင် ခွဲခြမ်း စိတ်ဖြာ လှူဒါန်းခဲ့ပါတယ်။ လိုအပ်ရင်လည်း ကိုယ်နိုင်သလောက် အိတ်ထဲက စိုက်ထုတ်ပြီး လုပ်ကိုင်ခဲ့ကြတာပါ။ အဲဒီလို လုပ်ရတာမျိုးကိုလည်း စိတ်ရှင်းရှင်းနဲ့ လုပ်ကိုင်ခဲ့ပါတယ်။

အရမ်းကြီးကျယ်ပြီး လူသိထင်ရှားတဲ့ ထင်ပေါ်တဲ့ အလှူမျိုး မဖြစ်လည်း ကိစ္စမရှိပါဘူး။ ရပါတယ်။ တကယ် လိုအပ်တဲ့နေရာကို အပြည့်အ၀ အကူအညီပေးနိုင်ဖို့  ကိုပဲ ရည်ရွယ်ခဲ့ပါတယ်။ တစ်ခါမှ လုပ်ငန်းအခြေအနေ တင်ပြပြီး Proposalတင်တာမျိုး၊ မလိုအပ်ပဲ အလှူငွေ တောင်းခံတာမျိုးလည်း မလုပ်ခဲ့ပါဘူး။

အလှူရရှိတဲ့ ပိုက်ဆံကိုလည်း တစ်ပြားတစ်ချပ်မှ မလျော့စေရပဲ သူတို့ လှူတာထက် ပိုပြီးတော့သာ လှူဖြစ် ခဲ့တာပါ။ ကျန်တာကတော့ အဖွဲ့ ဝင် အချင်းချင်း နားလည်မှုနဲ့  ကိုယ်နိုင်တဲ့ဘက်ကနေ အားစိုက်ပြီး ရှေ့ ဆက် လုပ်ခဲ့ကြတာပါ။ ကိုယ်လှူဒါန်းချင်တဲ့ အချိန်မှာ သူများရဲ့ ထောက်ပံ့မှု၊ သူများရဲ့ လွှမ်းမိုးမှုကို မခံယူပဲ လွတ်လပ်စွာ လှူဒါန်းခွင့်၊ လိုအပ်တဲ့ နေရာလေးတွေမှာ (အပြည့်အ၀ မဟုတ်ရင်တောင် တစ်ဒေါင့် တစ်နေရာ က အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ) ဖြည့်ဆီးပေးနိုင်ခွင့် ရတာလေးနဲ့ တင်စိတ်ချမ်းသာခဲ့ကြပါတယ်။

အမှန်အတိုင်း ပြောရရင် အလှူတစ်ခုပြီးတိုင်း ရရှိလာတဲ့ ပီတိလေးတွေကို ချိုမြိန်စွာ စားသုံးရင်း နောက် တစ်ကြိမ် ခွန်အားတွေ အားသစ်တွေ မွေးမြူ ဖြစ်ပေါ်စေပါတယ်။ နောင်ကိုလည်း ဒီလိုခွန်အားမျိုး ဖြစ်ပေါ် ချင်ပါသေးတယ်။ ၀ိုင်းဝန်းကူညီ လက်တွဲရင်း ရှေ့ဆက်ကြပါစို့ ။

ကထိန်အကြောင်း ရေးဖြစ်အောင် ပြောပြ ရှင်းပြပေးခဲ့သော ကိုသူရိန်(ကိုအလင်းစေတမန်)နှင့် ကိုလင်းအောင်ပြည့်တို့ အား ကျေးဇူး အထူးတင်ရှိလျှက် (အမှားအယွင်းများ ပါရှိခဲ့ပါလျှင် ကျွန်မ၏ ချို့  ယွင်းချက်ကြောင့်သာဖြစ်ကြောင်း ကြိုတင် တောင်းပန်ရင်း)

မေဇူး

00း45 am

24.11.10

Advertisements

ဂီရိမုန်တိုင်း ဒုတိယအကြိမ် အလှူခရီးစဉ်

ဂီရိမုန်တိုင်း ဖြစ်ပွားခဲ့ရာ ကျော်ဖြူမြို့ နှင့် အနီးတ၀ိုက်ကို မုန်တိုင်းဖြစ်ပွားပြီး ၂ရက်အကြာမှာ MMG အဖွဲ့ မှ ကိုလင်းအောင်ပြည့်က မုန်တိုင်းခံစားရပုံ အသေးစိတ်ကို ပြန်လည် တင်ပြပြီး ဒုက္ခသည်များကို ကူညီနိုင်ရန် အတွက် ၄င်းဒေသအထိ သွားရောက်ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ထို့ နောက် လှူဒါန်းပေးပို့ ကျသော အလှူငွေများကို စု၍ ကျောက်ဖြူမြို့ တွင် ရောက်ရှိ နေသော ကိုလင်းအောင်ပြည့်ထံ ပေးပို့ ကာ MMG ၏ ပထမအကြိမ် အလှူအဖြစ် ရည်စူး လှူဒါန်းခဲ့ပါသည်။

ကိုလင်းအောင်ပြည့် ရန်ကုန် ပြန်လည် ရောက်ရှိလာပြီး နောက်ပိုင်းတွင် အမှတ် ၂၇၆၊ ပထမထပ် ၃၉လမ်း အပေါ် ဘလောက်ရှိ သူ၏ နေအိမ်တွင် အလှူခံပစ္စည်းများ လက်ခံရာ စုရပ်အဖြစ် ထားရှိပြီး အလှူငွေများ အလှူခံပစ္စည်းများကို စုဆောင်းခဲ့ပါသည်။ ရောက်ရှိလာသော ပစ္စည်းများကို သွားရောက် လှူဒါန်းရာတွင် အဆင်သင့် ဖြစ်စေရန်အတွက် လိုအပ်သော ပြင်ဆင်မှုများ ထုတ်ပိုး မှုများကို MMG အဖွဲ့ ဝင်များ၊ MC အဖွဲ့  ၀င်များ၊ သဒ္ဓါဓိက အဖွဲ့ ဝင်များ၊ စေတနာဓိက အဖွဲ့ ဝင်များ စုပေါင်းကာ ပြုလုပ်ခဲ့ကြပါသည်။

ထို့ နောက် 6.11.10 နေ့ တွင် ကျောက်ဖြူမြို့ သို့ ထွက်ခွာရန် ကြိုတင် ပြင်ဆင်ခဲ့ပါသည်။ 6.11.10 နေ့  နေ့ လယ် ပိုင်းတွင်ကျောက်ဖြူ မြို့ သို့  ထွက်ခွာမည့် အထက်ပါ အဖွဲ့ လေးဖွဲ့ ၏ အသင်းဝင်များက မိမိတို့  အဖွဲ့ ကို အသီးသီး လိုက်ပါပို့ ဆောင် နှုတ်ဆက်ကြပါသည်။
ကျောက်ဖြူမြို့ ကို ဂီရိမုန်တိုင်း အလှူခရီးစဉ်အဖြစ် ထွက်ခွာသွားသောသူများသည် ရန်ကုန်-ကျောက်ဖြူ Express ကားဖြင့် အချို့  လိုက်ပါကြပြီး အချို့ မှာ အလှူပစ္စည်းများ တင်ဆောင်ရန် ငှားရမ်းထားသည့် Lite Ace ကားဖြင့် လိုက်ပါသွားသည်ဟု သိရပါသည်။ အလှူလက်ခံရရှိသော ပစ္စည်းများမှာ များပြားသဖြင့် Lite Ace ပေါ်တင်ဆောင်ပြီး အားလုံး သယ်ဆောင်ရန် အဆင်မပြေသဖြင့် အထုတ်ကြီး ၃၇ ထုတ်ကို ဘုရင့်နောင်ဝင်း အတွင်းရှိ ကုန်တင် ကားကြီးများဖြင့် ခွဲ၍ ပို့ ဆောင်ခဲ့သည်ဟု သတင်းရရှိပါသည်။

ဂီရိမုန်တိုင်း ဖြစ်ပွားခဲ့ရာ ကျော်ဖြူမြို့ ကို MMG အဖွဲ့ မှ ကိုလင်းအောင်ပြည့် ဦးဆောင်သော အဖွဲ့ ၎ဖွဲ့ သည် 6.11.10 ညနေပိုင်းတွင် ဒုတိယအကြိမ် ရန်ကုန်မြို့ မှ ထွက်ခွာခဲ့တယ်လို့  ကျွန်မ အပိုင်း(၁)မှာ ရေးသားခဲ့ပါ တယ်။ ခုဒုတိယပိုင်းမှာ ပြောချင်တာကတော့ သူ တို့  ခရီးစဉ်ရဲ့ အခက်အခဲလေးတချို့ ကို ပြောပြချင်တာပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာက အခြားအခြားသော MMG ရဲ့ ပွဲတွေ လုပ်တိုင်းမှာ ကျွန်မက သတင်း
သဘောမျိုး အမြဲရေးပါတယ်။ ဒီ တစ်ခေါက် ခရီးစဉ်မှာလည်း သတင်းရေးဖို့ ရော ကိုယ်တိုင် လုပ်အားပေး ချင်တာရောတို့ ကြောင့် ကျွန်မ လိုက်ဖို့  ရည်ရွယ်ထားတာပါ။ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကြောင့် သူတို့ နဲ့ အတူ ကားနဲ့  မလိုက်နိုင်တာကြောင့် လေယာဉ်နဲ့  လိုက်မယ်လို့ လုပ်ထားခဲ့တာပါ။ ကျွန်မ လိုက်နိုင် အောင်လို့  လေယာဉ်ရှိတဲ့ 7.11.10 နေ့ နဲ့  ချိန်ပြီး 6.11.10 နေ့ မှာ သူတို့ သွားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်း သွားချိန်မှာ ကျွန်မရဲ့ အလုပ်ကိစ္စတွေနဲ့  အဆင်မပြေတာကြောင့် မလိုက်ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်မကို စောင့်နေပေးခဲ့တဲ့ အဖွဲ့ ဝင်တွေကို ဒီနေရာကပဲ တောင်းပန်ပါတယ်နော်။

ဒါကြောင့် ကျွန်မက သူတို့ ကို ပြောထားပါတယ်။ သူတို့ နဲ့  သွားတဲ့ခရီးနဲ့  ပတ်သက်တဲ့ အချက်အလက်တွေ ပြန်ပြောပြပါ။ ကျွန်မ တဆင့် ခံစားတင်ပြပေးပါမယ်လို့ လေ။ ကိုနဂါး၊ ကိုတင်ကိုလင်း (MC အဖွဲ့ ) ခေါင်းဆောင်တဲ့ အဖွဲ့ က ရန်ကုန်-ကျောက်ဖြူ Express ကားဖြင့် လိုက်ပါကြတာပါ။

ဒါပေမဲ့ ကိုလင်းအောင်ပြည့်ရဲ့အိမ် အလှူခံဌာနမှာ အခန်းတစ်ခုစာလုံး ပြည့်အောင် စုပုံထုတ်ပိုးထားတဲ့ အထုတ်တွေကို ဘုရင့်နောင် ကားဝင်းကို ပို့ ပေးပြီးမှ သူတို့ စီးရမဲ့ Experss ဆီ လိုက်ကြတာပါ။ ဒီမှာလည်း ပြောစရာရှိတာက Expess နဲ့  လိုက်ပါတဲ့ သူတို့  တွေဟာ ထိုင်ခုံ မရကြပါဘူး။ မချယ်ရီအပါအ၀င် ကိုနဂါးတို့  တတွေဟာ အလယ်ခုံကနေ ဖြစ်သလို လိုက်သွားကြရတာပါ။ သွားမယ် လို့  လက်မှတ် ၀ယ်ချိန်မှာ ထိုင်ခုံ မရတော့ပါဘူး။ ဒါပေမဲ့ ရက်ထပ်မဆုတ်ချင်တာကြောင့် ရရာနေရာကနေ လိုက်သွားကြတာပါ။ ခရီးဝေး ခရီးကြမ်းကို အလယ်ကနေ လိုက်ရတာ မလွယ်တာကို အားလုံးသိမှာပါ။

ဖြစ်ချင်တော့ သူတို့  အောင်မင်္ဂလာအဝေးပြေးဝင်းကို ရောက်ချိန်မှာ Express က ထွက်သွားပါပြီ။ ထွက်သွား တဲ့ Express ကို မှီအောင် အလှူပစ္စည်းများ တင်ဆောင်ဖို့  ငှားထားတဲ့ Lite Ace ကားနဲ့ အမှီ လိုက်ရတာပါ။ Express ကားကို ထောက်ကြံ့ရောက်ချိန်မှာ မှီသွားပြီး ကိုနဂါးတို့ အဖွဲ့  ကားပြောင်းစီးသွားကြတာပါ။

ကိုလင်းအောင်ပြည့်တို့ စီးသွားတဲ့ Lite Ace ကားက ပထမပိုင်း မြေပြန့် မှာတုံးကတော့ အိုကေပါပဲ။ အဆင် ပြေပါတယ်။ ဒီလိုနဲ့ ပြည် မြို့ ကိုရောက်သည်အထိ ပြသနာ မရှိပါဘူး။ ပြသနာက ပြည်ကျော်ပြီး ရိုးမကို စဖြတ်ကျော်တော့မှ ပြသနာတက်တာပါ။ အစတုံးက ကောင်းပြီကောင်းရက်နဲ့  လိုက်လာခဲ့တဲ့ ကိုရွှေ ကားဆရာက ရိုးမကို တ၀က်နီးပါးလောက် ဖြစ်ကျော်ပြီးချိန်မှာ ဘယ်လိုမှ ဆက် မမောင်းရဲတော့ပါဘူး။

ဒါကြောင့် မနက်၆နာရီလောက်မှာ ရှေ့ ဆက်လိုက်ရင် သူ့ ကားပျက်ရပါတော့မယ်၊ အင်ဂျင်ကွဲ ပါတော့မယ် ဆိုပြီး မသွားတော့ပါဘူး။ ကိုလင်းအောင်ပြည့်တို့ ကိုလည်း သူနဲ့ အတူ ရန်ကုန် ပြန်လိုက်ခဲ့ပါတဲ့။ ရန်ကုန် တော့ ပြန်မလိုက်နိုင်ဘူး။ ခင်ဗျား ထားခဲ့ရက်ရင်လည်း ဒီနေရာမှာပဲ ချထားခဲ့တော့ဗျာဆိုပြီး ပြောလိုက်တာ ဟိုကားဆရာက သူတို့ ၃ယောက်ကို တကယ်ပဲ ရိုးမထဲက ရွာတစ်ရွာဖြစ်တဲ့ ညောင်ချိုး ဆိုတဲ့ရွာလေးမှာ သူတို့ ကို အထုတ်တွေနဲ့ အတူ ချထားခဲ့ပြီး ရန်ကုန် ပြန်သွားခဲ့ပါတယ်။

မနက်၆နာရီလောက်မှာ စိတ်ညစ်ပြီး ချွေးပြန်ခဲ့ရတာပေါ့။ ကုန်ကားတွေ တားခဲ့ပေမဲ့ ဘယ်ကုန်ကားကမှ သူတို့ ကို မတင်ခဲ့ပါဘူး။ ဘာလို့ လဲဆိုတော့ သူတို့ က ကုန်အပြည့်တင်လာပြီးသားလေ။ ဒါကြောင့် လမ်းကြုံ ဘယ်လိုမှ တင်မပေးနိုင်ပါဘူး။ ဒါနဲ့  ကိုလင်းအောင်ပြည့်တစ်ယောက် ရွာထဲက ဆိုင်ကယ်တစ်စီး ငှားပြီး အောက်ဘက်ကို ပြန်ဆင်းရပါတယ်။ ညောင်ချိုးနဲ့  ၁၇-၁၈မိုင်လောက် ဝေးတဲ့ ဥသျှစ်ပင်ဆိုတဲ့ ရွာလေးကို ပြန်ဆင်းလာတာပါ။

သူက ပြည်နဲ့  ပိုနီးပါတယ်။ ဥသျှစ်ပင်ဆိုတဲ့ ရွာလေးမှာ တစ်အိမ်တက်ဆင်း ကားလိုက်ရှာရပါတယ်။ အားလုံး က ရခိုင်ဘက် ကျောက်ဖြူဘက်ဆို မလိုက်ချင်ပါဘူး။ ဝေးတယ်။ လမ်းကြမ်းတယ်။ ကားပျက်မယ်။ မမောင်းရဲ ဘူး စတဲ့ အကြောင်းပြချက် တွေ အများကြီးရခဲ့ပါတယ်။ ဒါနဲ့  တရွာလုံးနီးပါး ကုန်ခါနီးမှာမှ ခုကားငှားပေး လိုက်တဲ့ အိမ်ကို ရောက်သွားခဲ့ပါတယ်။ ကားငှားပါလို့  မပြောတော့ပဲ ဒုက္ခရောက်လာလို့  ကူညီပါဆိုပြီး အကူအညီ တောင်းခဲ့တာပါ။ အိမ်ပိုင်ရှင် ကားဆရာက အကြာကြီး စဉ်းစားပြီးမှ လိုက်ပေးမယ်လို့  ဆုံးဖြတ်ခဲ့ တာ။

သတ်မှတ်တဲ့ တန်ဖိုးပေးရတာ ဖြစ်ပေမဲ့ စေတနာထားပြီး လိုက်ပေးတာသာ မဟုတ်ခဲ့ရင် ဒုက္ခရောက်ပြီလေ။ ဟိုတစ်ဖွဲ့ ကလည်း သွားနှင့်တာ ရောက်လုပြီ။ ဒီလိုနဲ့  Express နဲ့ သွားတဲ့ ကိုနဂါးတို့  ကျောက်ဖြူကို နေ့  လယ် ၁၂နာရီလောက်မှာ ရောက်ရှိသွားပါပြီ။ အဲဒီအချိန်ကျမှ သူတို့ က ညောင်ချိုးကနေ ထွက်ခဲ့ရတာပါ။ အချိန် ၆နာရီလောက် အလဟသ ဖြစ်ခဲ့ရတယ်လို့  ကိုလင်းအောင်ပြည့်က ပြောပါတယ်။

Express ကားနဲ့  သွားတုံးက တံတားတွေ ဘာမှ မဖြစ်ဘူး ထင်ခဲ့ပေမဲ့ တကယ်တမ်း ကိုယ့်ကားနဲ့  ကိုယ် သွားတော့မှ တံတားတွေ မကြံ့ခိုင်တာ၊ အောက်ခြေမှာ တိုင်တွေ ကျိုးနေတာ တွေ့ ခဲ့ရတယ်တဲ့။ တံတား တစ်ခုရောက်တိုင်း ဆင်းပြီး ဖြေးဖြေးချင်း လှိမ့်မောင်း ခဲ့ရပါတယ်တဲ့။ ကားကြီးတွေကတော့ ဒီအတိုင်း မျက်စိမှိတ်ပြီး ၀ုန်းဒိုင်းကျဲ ဖြတ်နေတာ အလွန် အန္တရယ်များပါတယ်လို့  သူက ပြောပါတယ်။

အခက်အခဲတွေ ဖြတ်ကျော်ပြီး တောင်ဆင်းတောင်တက်တွေ ရိုးမတွေ ဖြတ်ကျော်ပြီး သူတိုရဲ့ ကားဟာ ည ၁၂နာရီကျော်မှာ ကျောက်ဖြူမြို့ က ရတနာထွန်း တည်းခိုခန်းကို ချောမွေ့ စွာ ရောက်ရှိခဲ့ကြောင်းပါလို့ ။

ကိုလင်းအောင်ပြည့်ပြောပြသော ခရီးစဉ်အတွေ့ အကြုံများကို ထပ်ဆင့်ခံစား တင်ပြ သွားပါမည်။

8.11.10

အခက်အခဲတွေ ကျော်ဖြတ်ပြီး ကျောက်ဖြူကို အောင်မြင်စွာနဲ့  ရောက်ရှိခဲ့ကြပါပြီ။ ဒါပေမဲ့ ပစ္စည်းထုတ် အတော်များများ တင်ပေးလိုက်တဲ့ ကုန်တင်ကားက ရောက်မလာသေးတာမို့  ပစ္စည်းမစုံလင်တာကြောင့် ရွာတွေ မသွားရသေးပါဘူး။ ကုန်တင်ကားက နေ့ လည် ၁၂နာရီလောက်မှ ရောက်မယ်လို့ ပြောတာကြောင့် ပစ္စည်းစောင့်ရင်း နားနေကြပါတယ်။ လမ်းခရီးမှာ ပင်ပန်းလာတာလည်း နဲနဲပါးပါးပြေအောင်လို့ ပေါ့။

မနက်ပိုင်း နားနေပြီးချိန်မှာ အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ မချယ်ရီက အလာခရီးစဉ်မှာ ခရီးသည်တင် Express နဲ့  လာရတာမို့  လမ်းမှာ ပါလာတဲ့ မှတ်ပုံတင်နဲ့  သိပ်အဆင်မပြောတာကြောင့် အပြန်လမ်းမှာ ပြသနာ မရှိအောင် ပုံစံ(၄) လုပ်ကို ရုံးမှာ သွားလုပ်ကြပါတယ်။ ညနေစောင်းတောင်အောင် ကုန်တင်ကား ရောက်မလာတာမို့  ဘယ်မှ မသွားရပဲ ကျောက်ဖြူမြို့ မှာ တင် အချိန်ကုန်ခဲ့ရတဲ့ နေ့  တစ်နေ့  ဖြစ်ခဲ့ပါတယ်။

9.11.10

မနက်ပိုင်းမှာ အားလုံး မျှော်လင့် စောင့်စားနေတဲ့ ပစ္စည်းတွေ ရောက်လာတာမို့  သွားဖို့  ရွယ်ထားတဲ့ ရွာတွေ ဆီ ထွက်ခွာဖို့  ပြင်ဆင်ပါ တယ်။ သွားမဲ့ရွာတွေက ပထမအကြိမ် သွားလှူခဲ့တဲ့ ပြင်ဝန်းဆိုတဲ့ ရွာလေးရယ်၊ ကျွန်းသာယာဆိုတဲ့ ရွာရယ်ပါ။ ပြင်ဝန်းက စက်လှေ နဲ့  ကျောက်ဖြူဆိပ်ကမ်းကနေ သွားရင် ၅နာရီ ကြာပါ တယ်။ ကျွန်းသာယာက စက်လှေနဲ့ သွားရင် ၄နာရီလောက်ကြာပါတယ်။ ဒါကြောင့် ကျွန်းသာယာကို အရင် ၀င်ဖို့  စီစဉ်ထားပါတယ်။ မနက် ၁၁နာရီ ၃၀ မိနစ်မှာ စက်လှေပေါ် ရောက်ရှိ စတင် ထွက်ခွာကြောင်း သတင်း ရရှိပါတယ်။ MMG ရဲ့ မင်းသားကြီး ကိုနဂါးကတော့ စက်လှေဦးမှာ အလှဓာတ်ပုံများ ရိုက်ကူးလျက် ရှိတယ် လို့ ထပ်မံသတင်း ရရှိပါတယ်။

ကိုလင်းအောင်ပြည့်ပြောပြသော ခရီးစဉ်အတွေ့ အကြုံများကို ထပ်ဆင့်ခံစား တင်ပြ သွားပါမည်။

ကိုလင်းအောင်ပြည့် ဦးဆောင်သော အဖွဲ့ ဝင်များသည် ကျောက်ဖြူဆိပ်ကမ်းမှ 9.11.10 နေ့ ခင်းပိုင်းတွင် ကျွန်းသာယာရွာလေးသို့  စက်လှေဖြင့် ထွက်ခွာခဲ့ပါသည်။ အဆိုပါ ရွာလေးတွင် အိမ်ခြေ ၆၃၀ကျော် ရှိပြီး ကျောက်ဖြူဆိပ်ကမ်းမှ ၄နာရီကျော်ကြာ စက်လှေဖြင့် သွားရသည်ဟု သိရပါသည်။

ထိုရွာတွင်ရှိသော ဒုက္ခသည်များအား ကိုယ်တိုင်ကိုယ်ကျ ကယ်ဆယ်ရေးပစ္စည်းများ ဝေခြမ်းခွင့်ရရန်အတွက် တာဝန် ရှိသူများနှင့် ပြောဆိုဆွေးနွေးပြီး အလှူပစ္စည်းများကို ကိုယ်တိုင် ပေးဝေခဲ့ကြသည်ဟု သိရပါသည်။ အ၀တ်အထည်များနှင့် ခေါက်ဆွဲခြောက်များကို အဓိကထား၍ အိမ်ထောင်စု တစ်ခုချင်းစီအတွက် ပေးဝေခဲ့ပါ သည်။ ဆေးဝါး နှင့်အခြား ခွဲခြမ်းရန် ခက်ခဲသော ပစ္စည်းအချို့ (ဥပမာ – ရေသန့် ဘူး၊ Water guard) ကို ထိုရွာရှိ သူနာပြုဆရာမကြီးထံတွင် ပေးအပ်ခဲ့ကြောင်း သိရပါသည်။၎င်းနောက် ညနေ ၆နာရီ ကျော်တွင် ကျွန်းသာယာမှ ပြန်လည် ထွက်ခွာလာခဲ့ပြီး ပြင်ဝန်းကျေးရွာသို့  ဆက်လက် ထွက်ခွာခဲ့ပါသည်။

ပြင်ဝန်းကျေးရွာသို့  ရောက်ရှိချိန်တွင် ညနက်နေပြီဖြစ်၍ ထိုရွာတွင် ညအိပ် ရပ်နားခဲ့ပါသည်။ ပြင်ဝန်း ကျေးရွာရှိ ရွာသားတစ်ဦး၏ အိမ်တွင် အမျိုးသား၇ဦး အိပ်စက်ကြပြီး မချယ်ရီနှင့် မရင်သွေးဦး၏ ညီမဖြစ်သူ တို့ မှာ မိန်းမဖော်များရှိရာ အခြားအိမ်တစ်ခုတွင် နေထိုင် တည်းခိုကြကြောင်း သိရပါသည်။

မနက်မိုးလင်းချိန် ပြင်ဝန်းရွာတွင် အလှူပစ္စည်းများ ဝေခြမ်းပြီး ကျောက်ဖြူမြို့ သို့  ပြန်လာမည် ဖြစ်ကြောင်း သိရပါသည်။ ရွာများတွင် အထူးလိုအပ်နေသော ပစ္စည်းမှာ အမိုးလုပ်ရန် တာပေါ်လင်စများ ဖြစ်ကြောင်း သိရပါသည်။

ကိုလင်းအောင်ပြည့်ထံမှ သိရှိရသည်များကို ထပ်ဆင့် ခံစားတင်ပြပါသည်။

တစ်နှစ်ပြည့်ခဲ့ပြီ MMG (အပိုင်း ၂)

တစ်နှစ်ပြည့် အခမ်းအနားနဲ့  ပတ်သက်တဲ့ အခက်အခဲတွေထဲက တစ်ခုကို ပြောရမယ်ဆိုရင်တော့ စာအုပ် ထုတ်တဲ့ အပိုင်းကို ပြောပြချင်ပါတယ်။ တစ်နှစ်ပြည့် အထိမ်းအမှတ် စာအုပ်ထုတ်မယ်ဆိုပြီး စာမူတွေ တောင်းခဲ့ ပါတယ်။ စာမူ ပိတ်ရက်ကိုလည်း ကြိုပြီး သတ်မှတ်ခဲ့ပါ တယ်။ မနှစ်က ၁လပြည့်လုပ်ချိန်မှာလည်း ကိုသူရိန်၊ ကိုဇောင်း၊ ကိုသစ်ကိုတို့  နှိပ်စက်လို့  ကျွန်မ ၃ရက်နဲ့  စာအုပ် အပြီးလုပ်ပေးခဲ့ရလို့  အမှားအယွင်း လေးတွေ ရှိခဲ့တာမို့  ဒီတစ်ကြိမ်မှာတော့ ဒီလို မဖြစ်ကြေးလို့  ပြောခဲ့ကြတယ်။ ၁လပြည့် စာအုပ်ထုတ်ပြီးထဲ က ၁နှစ်ပြည့် စာအုပ်ကို ရှယ် စီစဉ်မယ်ပေါ့။

ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမယ် ထင်ပါရဲ့။ ဘာလို့ လဲဆိုတော့ စာမူတွေ လက်ခံတာလည်း ကျွန်မတို့ ပဲ ဖြစ်နေပြီး စာအုပ်ကို ဖြစ်မြောက်အောင် စီစဉ်တာလည်း ကျွန်မတို့ ပဲ ဖြစ်နေခဲ့ တယ်လေ။ ဒါကြောင့် စာအုပ်ကို အသည်းအသန်လုပ်ရတာလည်း ကျွန်မတို့ ပဲ ဖြစ်ခဲ့တာပေါ့နော်။

ပြောရမယ်ဆိုရင် ဒီစာအုပ်လေး ဒီလို ရုပ်နာမ်လေး ထွက်လာအောင် အဓိက ပုံဖော်ထုဆစ်ခဲ့တာ ကိုလင်း အောင်ပြည့် ပါ။ အားကြိုးမာန်တက် ကြိုးစားပြီး ဒီစာအုပ်လေး ဖြစ်မြောက်အောင် ညဖက် ၄ရက် လောက် မအိပ်ရပဲ ညလုံးပေါက် ကူညီပေးမဲ့ MMG အဖွဲ့ ဝင်တွေ မရှိပဲ တစ်ယောက်ထဲ ငုတ်တုတ် ထိုင်လုပ်ခဲ့ရတာပါ။

နောက်ပြီး သူကိုယ်တိုင်ကလည်း သူလှုပ်ရှားပါဝင်နေတဲ့ အသင်းတွေ အဖွဲ့ အစည်းတွေ အများကြီးမှာလည်း တာဝန်ယူထားရတဲ့ ကိစ္စတွေ အများကြီးပါ။ အဲလို မအားတဲ့ကြားက MMG အတွက် အချိန်ပေး ခဲ့တာပါ။
ဒီမှာ တစ်ခု ပြောစရာရှိပါတယ်။ တကယ်တန်း စာအုပ်ကို အပြင်မှာ အပ်လိုက်လည်း ရတာပဲ မဟုတ်လား။ ဒါဆိုရင် မမှီ မှာလဲ စိတ်မပူရတော့ဘူး။ ဟိုပြေး ဒီပြေးလည်း မပြေးရတော့ဘူးပေါ့။ ဒီနေရာမှာ ကျွန်မတို့  အားလုံးက ဘယ်နေရာမှာ မဆို ကိုယ်တိုင်လုပ်ချင်ကြတဲ့ စိတ်တွေ သွားတူကြတာပါပဲ။ အားလုံးကို MMG ကလူတွေလုပ်တဲ့ hand made လေး တွေပဲ ဖြစ်ချင်ကြတယ်လေ။

ဝါဆိုသင်္ဃန်းကပ်တုံးက အားလုံး ၀ိုင်းပြီး ချက်ပြုတ် လုပ်ကိုင်ကြသလိုပေါ့။ စာအုပ်ကိစ္စတွေ စီစဉ်ရာမှာလည်း အဓိက အားတစ်အား လျော့ ခဲ့ရပါတယ်။ ကျွန်မတို့ အဖွဲ့ ရဲ့ ခြေမြန်တော် ကိုသစ်ကိုတစ်ယောက် စာမေးပွဲ ဖြေနေရလို့  ဒီ စာအုပ်ကိစ္စတွေ  ဒီပွဲကိစ္စတွေကို တကယ်တန်း run ချိန်မှာ သူ မပါနိုင်တော့ပါဘူး။ ဒီတော့ ကိုသူရိန်ရယ်၊ ကျွန်မရယ်၊ စာအုပ်လုပ်ပေးဖို့  တာဝန်ယူထားတဲ့ ကိုလင်းအောင်ပြည့်ရယ် ၃ယောက်ထဲ ဖြစ်ခဲ့ရပါတယ်။ ကျန်တဲ့သူတွေကလည်း သူတို့ ရဲ့ လုပ်ငန်းခွင်တွေ၊ စာသင်ခန်း တွေကြားမှာ မအားလပ်ကြဘူးလေ။ ဒီတော့ နားလည်ပေးခဲ့ရပါတယ်။

တကယ်တော့ ဒီစာအုပ်လေးဟာ ကျွန်မတို့ လို ၀ါသနာရှင်တွေရဲ့ လက်ရာကို စုစည်းထားတာမို့ လို့  Professional အနေနဲ့  ကြည့်ရင် အားမရစရာ စိတ်တိုင်းမကျစရာ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ကျွန်မအနေနဲ့ ကတော့ ဒီစာအုပ်လေးကို အတိုင်းအတာ ကြီးကြီးမားမားတစ်ခုအထိ အားရမိပါတယ်။ ကျေလည်း ကျေနပ်ခဲ့ပါတယ်။

စီစဉ်ချိန် ၃-၄ ရက်အတွင်းမှာ အပြီးလုပ်ရတာမို့  တချို့ တချို့  စိတ်တိုင်းမကျစရာတွေ ဖြစ်ခဲ့ပေမဲ့ မတတ်နိုင် တော့ပါဘူး ဒီအတိုင်း လက်လွှတ် လိုက်ပါတော့လို့  ပြောပေမဲ့ မရရအောင် မှီတဲ့အချိန်အတွင်းမှာ ကြိုးစား လုပ်ဆောင် ပေးခဲ့တဲ့ ကိုလင်းအောင်ပြည့်ကို ကျွန်မ ဒီနေရာကနေ MMG ကိုယ်စား ကျေးဇူး အထူးတင်ပါ တယ်လို့ လေ။

ကြိုတင်စုဆောင်းထားတဲ့ စာမူတွေကလည်း ကွန်ပျူတာအပ်ရင်း ဟိုရောက် ဒီရောက်၊ တချို့ နှစ်ပုဒ်ပို့ တဲ့ စာမူတွေကို ဘယ်အပုဒ်ရွေးမလဲ လုပ်ရင်း Print ထုတ်ထားမိတာကလည်း ၂ခုစလုံးရှိနေ၊ တချို့ ကျတော့ ထုတ်ပြီးထားပြီ ထင်ပြီး စာစီကာမှ ရှာမတွေ့ ၊ တချို့ ကျတော့ Forward Mail ထဲမှာ တွေ့ ဖူးထားတာမျိုး ဖြစ်လို့  ချန်ထားခဲ့ရ၊ ကာတွန်း အတွက် တစ်ယောက်ထဲပို့ ထားပေးတဲ့ မလားရှိုးမမရဲ့ ကာတွန်းတွေထဲမှာမှ ဘယ်ဟာလေးက ပို အဆင်ပြေမလဲ ရွေးရ နဲ့ လေ။

ဒီစာအုပ်လေးဖြစ်လာအောင် ကျွန်မ တတ်နိုင်သမျှ ကူညီ အားထုတ်ခဲ့ပါတယ်။ တချို့  မရှိသေးတဲ့ စာမူတွေ ပြန်ထုတ် ဖို့ ကိုလင်းအောင်ပြည့်ရဲ့ မြို့ ထဲ အလုပ်ခန်းကနေ ကိုသူရိန်ရဲ့ ကျိုက္ကဆံက အင်တာနက်ဆိုင်ရှိရုာ လိုက်သွားပြီး စာမူ ထုတ် ပြီးရင် မြို့ ထဲပြန်ပြီး စာမူပြေးပေးနဲ့  ကျွန်မပဲ ခြေမြန်တော် လုပ်ခဲ့ရပါတယ်။

စာမူတွေ ရပြီးတော့လည်း စစ်သည်အင်အား နှစ်သိန်းနှင့် ညီမျှသော ကျွန်မနဲ့  ကိုလင်းအောင်ပြည့်တို့  နှစ်ယောက် စာမူကို အမျိုးအစား Tag တွေ ထပ်ခွဲ၊ ပါမဲ့လူစာရင်းတွေ ရေး၊ မာတိကာ ဘယ်လိုထားရင် ကောင်းမလဲ။ ဘယ်စာမူကို အရင်ဆုံး ထားမလဲ ပြန်တိုင်ပင်ပေါ့။ ကိုယ်ပဲ အဆိုတင်သွင်းလိုက် ကိုယ်ပဲ ပြန်ထောက်ခံလိုက်နဲ့ ပေါ့။

ပြီးတော့ တမ်းတမ်းတတ ပြောဖြစ်ပါသေးတယ်။ ဒီအချိန်မှာ MMG အဖွဲ့ ဝင်သားတွေ အများကြီးသာ အနား မှာ ရှိခဲ့ရင် ဘယ်သူကတော့ ဘာတာဝန်ယူ၊ ဘယ်သူကတော့ ဘာပြေးလုပ်ပေးနဲ့  စီစဉ်လို့  အရမ်း အဆင်ပြေ မှာပဲလို့  လေ။ ဒါပေ မဲ့ ဘာပဲပြောပြော ဘယ်လို အခက်အခဲပဲရှိရှိ စာအုပ်ကလေးကတော့ သပ်ရပ်စွာနဲ့  MMG အဖွဲ့ ဝင်တွေဆီကို ရောက်ရှိ ခဲ့ပါပြီ။

မမှတ်သေးပဲ ထပ်ပြောရမယ်ဆိုရင် နောက်နှစ်ကို ဒီထက် အချိန်ပို ယူပါ့မယ်။ စာအုပ်ကိုလည်း ဒီထက် ပို ကောင်းစေရမယ်။ ရေးသူတွေလည်း ဒါထက်များအောင် လူတွေလည်း ပိုစည်အောင် ကျွန်မတို့  ကြိုးပမ်း သွားပါမယ်လို့ လေ။ အားလုံးကလည်း ကိုယ်တတ်နိုင်သလောက်လေး တွေနဲ့  ၀ိုင်းဝန်းကြိုးစား အားပေး ကြပါအုံးနော်။

တကယ်တော့ ဒီအပိုင်းကို (၃) အနေနဲ့ တင်မလို့ပါ။ဒါပေမဲ့ ဒါက အရင် ရေးပြီးသွားတာမို့  အပိုင်း၂ လို့ ပဲ ခေါင်းစဉ် တပ်လိုက်ပါတယ်နော်။ ပွဲအတွေ့ အကြုံ အသေးစိတ်ကို အပိုင်း၃ အနေနဲ့  ဖတ်ပေးပါလို့  မေတ္တာရပ်ခံရင်း

မေဇူး

တစ်နှစ်ပြည့်ခဲ့ပြီ MMG (အပိုင်း ၁)

ဘယ်လိုပဲဖြစ်ဖြစ် MMG တစ်နှစ်ပြည့်ပွဲလေးကတော့ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြီးစီးသွားပါပြီ။ အဲဒီအတွက် တက်ရောက်လာတဲ့သူတွေကိုရော မတက်ရောက်နိုင်ပေမဲ့ အဝေးကနေ စာမူတွေ ရေးပို့ ကြ တဲ့သူတွေ၊ အလှူငွေ ထည့်ဝင် ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ဦးစွာ ပထမ ပြောချင်ပါတယ်။

ကျွန်မတို့ ရဲ့ တွေ့ ဆုံပွဲလေးကို အမှတ်၂၅၊ ဓမ္မစေတီလမ်း၊ Yuzana Twin Tower မှာရှိတဲ့ Ocean Princess ပင်လယ်စာ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ တစ်နှစ်ပြည့် တွေ့ ဆုံပွဲလေး လုပ်ဖို့ ကို ဟိုးအတော် ကြာကြာထဲက post တင်ခဲ့တာပါ။ ဒါတောင် တချို့  မသိတဲ့သူတွေ ရှိသေးတယ်ဆိုတာကြောင့် စိတ်မကောင်း လည်း ဖြစ်ရပါတယ်။ စာအုပ်လည်း ထုတ်မယ်။ တွေ့ ဆုံပွဲလေးလည်း လုပ်မယ်ဆိုပြီး စီစဉ်ခဲ့ကြတာပါ။

တစ်နှစ်ပြည့် စာအုပ်လေးအတွက် စာမူတွေကို ဇွန်လကုန် နောက်ဆုံးထား ပေးပို့ စေခဲ့ပါတယ်။ တစ်နှစ်ပြည့် ကို မြိုင်မြိုင်ဆိုင်ဆိုင် စည်စည်ကားကားလေး ဖြစ်စေချင်ခဲ့တာ ကျွန်မတို့ ရဲ့ စိတ်ကူးလေးပါ။ ပွဲမတိုင်ခင်မှာ လည်း အားရင် အားသလို မအားတဲ့ကြားက အပြေးအလွှား တွေ့ ကြရင်း ပွဲကို စီစဉ်ခဲ့ကြရတာပါ။

တွေ့ ဆုံပွဲ မတိုင်ခင် ၂.၁၀.၁၀ စနေနေ့ ညနေပိုင်းမှာ အားလပ်တဲ့ အဖွဲ့ ဝင်တချို့ စုစည်းပြီး ပွဲလုပ်မဲ့ ဒီဆိုင် လေးမှာ နေရာထိုင်ခင်း အခင်းအကျင်းလေးတွေ ပြင်ဆင်ရင်း နောက်နေ့ ပွဲမှာ ပြောကြမဲ့ အစီအစဉ်လေး တွေကို ၀ိုင်းဝန်း တိုင်ပင်ကြပါတယ်။

၃.၁၀.၁၀ မှာတော့ နေ့ လည် ၁၂နာရီကျော်ထဲက ကျွန်မတို့  အဖွဲ့ ဝင်တွေ တစတစ ရောက်ရှိလာခဲ့ပါတယ်။ ကိုသစ်ကို၊ ကိုဇော်လတ်တို့ က ဧည့်ကြို တာဝန်ယူပြီး ကိုသူရိန်တို့  မရင်သွေးဦးတို့ က ရောက်ရှိနေတဲ့ ဧည့်သည်တွေ ကို ဧည့်ခံနေပါတယ်။ ကျွန်မကတော့ အပေါ်နဲ့  အောက် တက်လိုက် ဆင်းလိုက် လုပ်ရင်း မုန့် တွေ လိုက်စီစဉ်သလို၊ ဧည့်သည် ကြိုနေသလို ဧည့်သည်လိုက် ဧည့်ခံနေသလိုနဲ့  ဟိုယောင် ဒီယောင် လုပ်နေပါတယ်။

Vinyl လုပ်ထားပေမဲ့ မရောက်လာသေးတော့ ကိုသစ်ကိုတို့ ကိုပဲ ဆိုင်အ၀င်မှာ MMG Logo လုပ်ပြီး ရပ်နေခိုင်းထားပါ တယ်။ ကိုသစ်ကို ကိုတွေ့ ရင် MMG အဖွဲ့ မှန်း သိပါတယ်လို့  နောက်နေကြတာ။ သူက Fighter လေ။ (သူ့ ကို အဲလို ပြောတာ သူ မသိစေနဲ့ နော်)

ပွဲကိုလာတဲ့သူတွေကို ဧည့်ခံကျွေးမွေးဖို့ ကို MMG အဖွဲ့ ဝင် ကိုအဂီး ပြုလုပ်ပေးထားတဲ့ ကော်ဖီရယ်၊ Cheese Cake ရယ်၊ ပေါင်မုန့်  ရယ်၊ ပုဇွန်နဲ့  ငါးတို့ နဲ့  ပြုလုပ်ထားတဲ့ Sausage ရယ်နဲ့  ပြင်ဆင်ထားပါတယ်။ မလာနိုင်တဲ့သူတွေ သွားရည်ယိုအောင် ပြောပြတာပါနော်။ (ဥပမာ ညီမလေး သော်တာပေါ့)။ မုန့် တွေကို ဓာတ်ပုံရိုက်ထားမိရဲ့လားတော့ မသိဘူး။

ပွဲကိုလာတဲ့သူ အားလုံးကို တစ်ယောက်လျှင် တစ်နှစ်ပြည့်စာအုပ် တစ်အုပ်ရယ်၊ MMG ရင်ထိုးရယ်၊ မေးခွန်းလေး တွေပါတဲ့ စာရွက်လေးတစ်ရွက်ရယ် ဝေငှပါတယ်။ မေးခွန်းစာရွက်လေးကို စီစဉ်ခဲ့တာ ကိုနဂါးရဲ့ စိတ်ကူးပါ။ လာတဲ့သူတွေ အားလုံးဆီက ရင်တွင်းဖြစ် အသံတွေကို ကြားချင်လို့ ပါတဲ့။

သူ့ မေးခွန်းလေးတွေကတော့
၁။ MMG တွေ့ ဆုံပွဲကို လာရတာ ဘယ်လိုခံစားရသလဲ။
၂။ MMG တွေ့ ဆုံပွဲလုပ်ရင် ဘာတွေ လုပ်သင့်တယ် ထင်ပါသလဲ။
၃။ MMG အဖွဲ့ ရဲ့ အားနည်းချက်တွေက ဘာတွေလဲ။
၎။ MMG အဖွဲ့ ကို ဘာတွေ အကြံပြုချင်ပါသလဲ။ တို့  ဖြစ်ပါတယ်။

(ဒီအချက်တွေကလည်း ကျွန်မတို့  အားလုံး သိထားသင့်တဲ့ ကိစ္စမို့  ဒီအိုင်ဒီယာကို ပေးခဲ့တဲ့ ကိုနဂါးကို ကျေးဇူးပါလို့ )
ပွဲမှာ အားလုံး ထောင့်စေ့အောင်တော့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟာကွက်တွေ လိုအပ်တာတွေတော့ ရှိအုံးမှာပါ။ လိုအပ် တာလေးတွေ ရှိရင် ဖြည့်ပြီး တွေးပေး မြင်ပေးကြပါနော်။ နေ့ လည် ၁နာရီခွဲမှာ အခမ်းအနား အစီစဉ် စတင်ပါတယ်။ အခမ်းအနားမှူးအဖြစ် ကိုမြတ်ကျော်သူက ဆောင်ရွက်ပေးပါတယ်။

အခမ်းအနား အစီအစဉ်များကတော့
၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြော်ငြာပါတယ်။
၂။ တက်ရောက်လာတဲ့ ဧည့်အချင်းချင်း တစ်ဦးနဲ့  တစ်ဦး မိတ်ဆက်ကြပါတယ်။
၃။ MMG အဖွဲ့  ဖြစ်ပေါ်လာပုံကို ကိုသစ်ကိုမှ ပြောကြားပါတယ်။

၎။ MMG အဖွဲ့ ရဲ့ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေကို ကိုအလင်းစေတမန်မှ ပြောကြားပါတယ်။

၅။ MMG တစ်နှစ်ပြည့် မဂဇင်းနဲ့ ပတ်သက်ပြီး မမေဇူးမှ ပြောကြားပါတယ်။

၆။ MMG ရဲ့ ရှေ့ ဆက် လုပ်ဆောင်မဲ့ ကိစ္စရပ်များကို ကိုလင်းအောင်ပြည့်မှ ပြောကြားပါတယ်။

၇။ မြန်မာအမျိုးသားဗဟိုဌာန (Myanmar Center of Youth) နဲ့ ပတ်သက်ပြီး မမာလာမှ မိတ်ဆက် ပြောကြားပါ တယ်။

၈။ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍအနေနဲ့  Google Reader အကြောင်းကို မိုးလုံးပြည့်လျှံမှ ရှင်းလင်း ပြောကြားပါတယ်။

၉။ ဒီဇိုင်းပညာရပ်ဆိုင်ရာနဲ့  ပတ်သက်ပြီး ကိုနဂါးမှ ရှင်းလင်းတင်ပြပါတယ်။

၁၀။ ဧည့်သည်တွေ လာချိန်က ပေးထားတဲ့ မေးခွန်းတွေကို ပြန်သိမ်းပြီး သူတို့ ရဲ့ မေးမြန်းချက်တွေကို MMG Admin များက ဖြေကြားပေးဖို့  ဖြစ်ပါတယ်။
၁၁။ အခမ်းအနား တက်ရောက်လာတဲ့သူ အားလုံးကို ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခြင်း ဖြစ်ပါတယ်။ (အားလုံး မျှော်လင့်နေကြတဲ့ Laptop ကတော့ တပ်မတော်ခန်းမမှာ ကွန်ပျူတာ ပြပွဲတွေ ခုတလော မရှိသေးလို့  မ၀ယ်ထား ရသေးတာလို့  MMG Admin ကိုအလင်းစေတမန်က ပြောပါတယ်)

၁၂။ လက်ဆောင်လဲဖို့  ယူလာတဲ့သူ အချင်းချင်း လက်ဆောင် လဲပါတယ်။
၁၃။ အဖွဲ့ ဝင်အချင်းချင်း ရင်းနှီးစွာနဲ့  အဖွဲ့ တိုးတက်ရေးဆွေးနွေးသလို အင်တာနက် သုံးစွဲရာတွင် မပြေလည်မှုများကို လည်း အချင်းချင်း မေးမြန်း ဆွေးနွေးကြပါတယ်။
၁၄။ အမှတ်တရ ဓာတ်ပုံများ ရိုက်ပြီး အခမ်းအနား ပြီးဆုံးပါတယ်။

ကျွန်မတို့  MMG အဖွဲ့ ရဲ့ လိုဂိုကို ပြောင်းလဲဖို့  ဆိုပြီး နဂိုက ပို့ စ်တွေတင်၊ ပြိုင်ပွဲတွေ ခေါ်ခဲ့ပေမဲ့ ခုချိန်ထိ ပြတ်ပြတ် သားသား မဆုံးဖြတ်နိုင် မပြောင်းလဲနိုင်ခဲ့သေးတာလည်း အားလုံးအသိပါပဲ။ ဒီပွဲမှာ ကိုလင်းအောင်ပြည့်ဆွဲထားတဲ့ လိုဂိုနဲ့  ကျွန်မတို့  ရင်ထိုးလေးတွေ လုပ်ထားခဲ့ကြပါတယ်။

အဲဒီလိုဂိုကို ဒီပွဲ တက်ရောက်သူ အတော်များများက သဘောကျတာကြောင့် ကိုနဂါးကပဲ ဦးဆောင်ပြီး ဒီလိုဂိုကို ပြောင်းလဲမယ် ဆိုရင် လက်ခံ မခံ အတည်ပြုခဲ့ပါတယ်။ အားလုံးကလည်း သဘောကျ ထောက်ခံခဲ့တာမို့  မကြာခင် မှာ လိုဂို ပြောင်းလဲမယ်လို့  ထင်ပါတယ်။

ဒီပွဲမှာ ပြောဖြစ် တိုင်ပင်ဖြစ်ခဲ့တာတွေ အများကြီးပါပဲ။ အားလုံးလည်း စိတ်ဝင်စားမယ် ထင်ပြီး အဖွဲ့ အတွက် အကျိုး ရှိမယ် ထင်တာလေးတွေ နောက်နေ့  ထပ်ရေးပါအုံးမယ်နော်။
အားလုံးပဲ စောင့်ဖတ်ပေးကြပါအုံးနော်။
မေဇူး
3.10.10
11:30 pm

သာဓုခေါ်ပါ ၀ါဆိုအလှူမှာ (ဒုတိယပိုင်း)

ကျွန်မရဲ့ ၀ါဆိုသင်္ဃန်းကပ်ပွဲ ပထမပိုင်းကို ဖတ်ရှုပေးတဲ့ မာတီ ပရိသတ်အားလုံးကို ကျေးဇူး အထူးတင်ပါ တယ်လို့  ဒီနေရာက ဦးစွာ ပြောချင်ပါတယ်။ အလှူ ဒုတိယပိုင်းကို နောက်နေ့ မှာ ဆက်ရေးပြီး တင်မယ်လို့  စီစဉ်ခဲ့ပေမဲ့ ချက်ချင်း မတင်ဖြစ်တဲ့အတွက်လည်း အားလုံးကို တောင်းပန်ပါတယ်နော်။

တကယ်တော့ နောက်နေ့ မှာ အမေ့က ဆေးရုံတက်ဖို့  ဖြစ်လာပါတယ်။ အလှူ ပထမပိုင်းကို ညတွင်းချင်း ရေးပြီး နောက်နေ့ ညနေ ရုံးဆင်းချိန် ၀င်တင်မယ် လုပ်ထားတာပါ။ အဲဒီညနေမှာပဲ အမေ့ကို ဆေးရုံတင်ရဖို့  ဖြစ်လာပါတယ်။ မာတီအတွက်၊ MMG အတွက် ရေးထားတဲ့ စာကို ချက်ချင်း တင်ချင်တော့ ဆေးရုံတက်မဲ့ အမေကို ဆေးခန်းကအပြန်  အသာလေး အိမ်ပေါ်တင်ပေးပြီး အင်တာနက်ဆိုင်ပြေးပြီး အပြေးအလွှား တင်ခဲ့ရတာလည်း အမှတ်တရတစ်ခုပါ။

နောက်နေ့ တွေမှာ ဒုတိယပိုင်း ဆက်ရေးဖို့  ဘယ်လိုမှ မဖြစ်နိုင်သေးတော့ စာရေးချင်တဲ့ ဆန္ဒကို ကြိတ်မှိတ် မြိုသိပ်ရင်း ဆေးရုံမှ လူနာစောင့် နေခဲ့ရပါတယ်။ ရှေ့ က ရေးထားတဲ့ စာမူအတွက် ၀င်ရေးကြတဲ့ comment လေးတွေကို သိချင် စိတ်နဲ့  ဖတ်ချင်ပေမဲ့ ဆေးရုံနဲ့  ရုံးကိုသာ ကူးသန်းနေရဆဲမို့  ခုဒီစာမူကို ရေးနေချိန် အထိ ဖတ်ခွင့် မရသေးပါဘူး။ ဒီ စာလေးကိုလည်း အရမ်း ရေးချင်စိတ်နဲ့  ဆေးရုံမှာ ညစောင့်ရင်း Dream Bed လေးပေါ်မှာ Laptop လေးတစ်လုံး ပေါင် ပေါ်တင်ရင်း ငုတ်တုတ်လေး ထိုင်ရေးခဲ့ရတာလည်း အမှတ်တရ နောက်တစ်ခုပေါ့။

၂၉.၈.၁၀ နေ့ က ဆရာတော် တရားဟောပြီး လှူဖွယ် ပစ္စည်းတွေ ဆက်ကပ် လှူဒါန်းပြီးချိန်မှာတော့  ကျွန်မ တို့ MMG အဖွဲ့ ဝင် တချို့ ရယ် (မောင်ငယ် မိုးလုံးပြည့်လျှံက ကလေးပီပီ Happy World သွားမယ်လို့  ကြွေး ကြော်ရင်း ပြန်သွားပြီး ကိုသူရိန်၊ မရင်သွေးဦး၊ ကိုညီတို့ က မအားလပ်လို့ ပြန်သွားကြသလို lucobest တို့  july butterfly တို့  မုန့် ဆရာ ကိုအဂီးတို့ နဲ့  အချို့ ချို့ သော သူတွေလည်း ၀ါဆို သင်္ဃန်းအလှူ အပြီးမှာ ပြန် သွားကြပါတယ်) ကိုလင်းအောင်ပြည့်ရဲ့ Thadadika အဖွဲ့ ဝင်တွေရယ်၊ မမာလာတို့ ရဲ့ MC အဖွဲ့ ဝင်တွေ ရယ် စုပေါင်းပြီး ဒုတိယ အလှူခရီးစဉ်ဖြစ်တဲ့ မြိုင်သာယာ (၁) ရပ်ကွက် ကျောက်တန်းမြို့ မှာ တည်ရှိတဲ့  “ဇမ္ဗုဥသျှောင် သီလရှင် စာသင်တိုက်နှင့် (ပရဟိတ) သီလရှင်သင် (အခမဲ့) ပညာရေးကျောင်း” ကို နေ့ လည် ၂နာရီလောက်မှာ ကား ၂စီးနဲ့  ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ အချို့ အဖွဲ့ ဝင်တွေ ကတော့ မြို့ ထဲကနေ ကား၁စီးနဲ့  သွားနှင့်ပါပြီ။

ဒီနေ့ မှာ အဓိကအနေနဲ့   ဒီကျောင်းလေးမှာ ပညာသင်ကြားနေတဲ့ ဆရာလေးနဲ့  ကလေးတွေအတွက် လက်ရှိ သုံးနေတဲ့ မြေဖြူနဲ့  ရေးနေရတဲ့ Black board အစား Maker Pen နဲ့  ရေးရတဲ့ White board လေးတွေ လဲလှယ်ပေးချင်တာပါပဲလို့  ဒီခရီးကို စီစဉ်သူ ကိုလင်းအောင်ပြည့်က ပြောပါတယ်။

နောက်တော့ အဖွဲ့ သားတွေ အားလုံး စုပေါင်း ၀ိုင်းဝန်း လှူဒါန်းကြ တဲ့ ဗလာစာအုပ်တွေ၊ ခဲတံတွေနဲ့  ကလေးတွေအတွက် မုန့် တွေကို ကျောင်းသူ ဆရာလေးတွေနဲ့  ကလေး ၁ဦးချင်းစီကို ပေးအပ် လှူဒါန်းကြမဲ့ အစီအစဉ်ပါ။

ပထမဦးဆုံး အနေနဲ့  ဒီကျောင်းရဲ့ အုပ်ချုပ်သူ ဆရာလေး ဒေါ်ဝိမလစာရီနဲ့  ဒေါ်နန္ဒာသိင်္ဂီတို့ ကို တွေ့ ဆုံ ဖြစ်ခဲ့ပါတယ်။ ဒီကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစား နေတဲ့ ဆရာလေး အပါး (၈၀) ကျော်နဲ့  ကျောင်းသား၊ ကျောင်းသူပေါင်း  (၃၀၀) ကျော်နဲ့  အားလုံးပေါင်းရင် (၃၈၄) ယောက် ရှိတယ်လို့  သိရပါတယ်။ ဒီနေ့ လာတဲ့ အုပ်စုထဲမှာ ပါတဲ့ MC အဖွဲ့က ကိုချစ်ရန်တိုး (တစ်ခု တောင်းပန်ချင်တာ က ပထမပိုင်းမှာ သူ့ နာမည်ကို ကိုချစ်ရင်တိုးလို့ မှားယွင်းစွာ ဖော်ပြမိခဲ့ပါတယ်။  အဲဒီ အတွက် ဆောရီးပါနော်) က ဒီကျောင်း လေးမှာ စာလာသင်ပေးဖူးပါတယ်။

ဒါကြောင့် ကျွန်မတို့  အဖွဲ့ ကို တစ်ခန်းဝင် တစ်ခန်းထွက် သူ့ ရဲ့ ကျောင်းသားလေးတွေနဲ့  လိုက်မိတ်ဆက် ပေးပါတယ်။ သူငယ်တန်းကနေ ဆဌမတန်းအထိ အတန်းတိုင်းမှာ ဆရာလေးတွေရော ကျောင်းသား၊ ကျောင်းသူလေးတွေကိုရော တွေ့  ရပါတယ်။ ကျောင်းရဲ့ ဟောခန်းမှာ ဆရာလေးတွေ၊ ကျောင်းသား၊ ကျောင်းသူလေးတွေ အားလုံးကို စုစည်းခိုင်းပါတယ်။ ပြီးတော့ ကလေးတွေ အားလုံးက ကျွန်မတို့ တတွေကို ကဗျာလေးတွေ၊ မေတ္တာပို့ တေးလေးတွေ ရွတ်ပြကြပါတယ်။

သူတို့ လေးတွေရဲ့ ဖြူစင်တဲ့ အရိုးခံ မျက်နှာလေးတွေ၊ ကြည်လင်တောက်ပတဲ့ မျက်လုံးလေးတွေ၊ တက်ကြွ စွာ သီဆိုနေကြတဲ့ ကဗျာရွတ်သံတွေက အဝေးက လာတဲ့ ကျွန်မတို့  ရင်ကို အေးမြ လှုပ်ခတ်စေတာ အမှန် ပါပဲ။ သူတို့ လေးတွေရဲ့ မေတ္တာပို့ သံ၊ ကဗျာရွတ်သံ သီချင်းသီဆိုသံလေးတွေနဲ့  သီလရှင်ကျောင်းလေးက အသက်ဝင်နေပါတယ်။

အပြင်မှာတော့ မနက်ထဲက ရွာနေတဲ့ မိုးကလည်း ရွာကောင်းနေဆဲပါပဲ။

ကျောင်းလေးက အသစ်ဆောက်ထားတဲ့ ၂ ထပ် ကျောင်းဆောင်လေး ၂လုံးမှာ ကျောင်းသား၊ ကျောင်းသူ လေးတွေ ဆရာ လေးတွေ စာသင်ကြတာပါ။ ကျောင်းရဲ့ အုပ်ချုပ်သူတွေကတော့ ဒီဘက်က နဂို ပျဉ်ထောင် အိမ်ငယ် အဟောင်းလေးမှာ နေထိုင်ကြဆဲပါပဲ။

ကလေးတွေကို ကိုလင်းအောင်ပြည့်က အရင်တစ်ခေါက်က သူ သင်ပေးထားတဲ့ ကဗျာလေး ပြန်ဆိုခိုင်း ပါတယ်။ ကလေး တွေကလည်း သံပြိုင် ပြန်ဆိုပြပါတယ်။ နောက်တော့ မရသေးတဲ့သူတွေ များနေတာ ကြောင့် ကိုလင်းအောင်ပြည့်က အမူ အရာနဲ့  ပြန်သင်ပေးပါတယ်။ အဲဒီကဗျာလေးကို ကြိုက်နှစ်သက်မိတာ ကြောင့် ဒီစာမူမှာ ဖော်ပြနိုင်အောင် ကိုလင်းအောင် ပြည့်ကို ပြန်ရေးခိုင်းခဲ့ပါတယ်။

သူ့ ကဗျာလေးကတော့

“အို သတိထား xxx  သင့်ရဲ့ မျက်စိ ဘာကိုကြည့်  xxx  အို သတိထား xxx သင့်ရဲ့ မျက်စိ ဘာကိုကြည့် xxx ” သင့် တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်မျက်စိကို အသုံးချပါ။

“အို သတိထား  xxx သင့်ရဲ့ နားက ဘာကိုကြား xxx အို သတိထား  xxx သင့်ရဲ့ နားက ဘာကိုကြား xxx ” သင့်တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ နားကို အသုံးချပါ။

“အို သတိထား xxx  သင့်ရဲ့ နှုတ်က ဘာတွေပြော xxx အို သတိထား xxx  သင့်ရဲ့ နှုတ်က ဘာတွေပြော xxx ” သင့် တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ နှုတ်ကို အသုံးချပါ။

“အို သတိထား xxx သင့်ရဲ့ လက်က ဘာတွေလုပ် xxx အို သတိထား xxx သင့်ရဲ့ လက်က ဘာတွေလုပ် xxx ” သင့် တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ လက်ကို အသုံးချပါ။

“အို သတိထား xxx သင့်ရဲ့ ခြေထောက်က ဘယ်တွေသွား xxx အို သတိထား xxx သင့်ရဲ့ ခြေထောက်က ဘယ်တွေသွား xxx ” သင့်တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ ခြေထောက်ကို အသုံးချပါ။

“အို သတိထား xxx သင့်ရဲ့ စိတ်က ဘာတွေတွေး xxx အို သတိထား xxx သင့်ရဲ့ စိတ်က ဘာတွေတွေး xxx ” သင့် တိုင်းပြည်နဲ့  လူမျိုးအတွက် xxx သင့်ရဲ့ စိတ်ကို အသုံးချပါ။ တဲ့။

ကဗျာလေးတွေ ရွတ်ပြီးတော့ ဆရာလေးတွေထဲမှာ အသက်အငယ်ဆုံး ဖြစ်မယ်ထင်တဲ့ ဆရာလေး မ၀ဏ္ဏ သီရိကို ခေါ် ထုတ်ပြီး ကဗျာ ရွတ်ခိုင်းပါတယ်။

အသက် ၄နှစ်ခွဲသာရှိသေးတဲ့ ဆရာလေးက ငယ်ပေမဲ့ ချစ်ဖို့ ကောင်းသလို သွက်လည်း သွက်ပါတယ်။ ကျွန်မတို့ တွေကို ရှက်စနိုး အမူအရာလေးနဲ့  ကဗျာလေးတွေ ရွတ်ပြပါတယ်။

ပြီးတော့ သူတို့ တစ်ဦးချင်းစီကို ဗလာစာအုပ်လေး ၁အုပ်၊ ခဲတံ ၁ချောင်း၊ မုန့် ၁ခုစီ ဝေပေးခဲ့ပါတယ်။ နောင် ကိုလည်း တတ်နိုင်ရင် ဒါထက်များများ သွားလှူချင်ပါသေးတယ်။ White board ၁၀ချပ်နဲ့  Marker Pen တွေရယ် ပိုတဲ့စာအုပ်၊ ခဲတံတွေရယ်ကိုတော့ ကျောင်းမှာပဲ ပေးခဲ့ပါတယ်။ (ဗလာစာအုပ် ၁၀ ဒါဇင် လှူဒါန်းခဲ့တဲ့ Bluelark ကိုလည်း ကျေးဇူးပါ လို့ နော်။)

ကလေးတွေကို စာအုပ်တွေ ဝေပြီးချိန်မှာတော့ Thadardika အဖွဲ့ ဝင်တွေ ပြန်ကြပါတယ်။ ကိုလင်းအောင် ပြည့်၊ မချို (Designer)၊ မသင်း (Designer)၊ ကိုသစ်ကို၊ ကိုဇော်လတ်၊ ကိုမြိတ်သား၊ ကျွန်မ၊ မမာလာ (MC)၊ ကိုချစ်ရန်တိုး (MC) ကိုလေးဖြူ (MC) တို့ ၁၀ဦးကတော့ ကြုံရာနဲ့  ပြန်မယ်ဆိုပြီး ကျောင်းမှာ ဆက်နေခဲ့ကြ ပါတယ်။

MMG နှစ်ပတ်လည်နေ့  လုပ်မယ်လို့  မှန်းထားတဲ့ စက်တင်ဘာ ၁၉ရက်နေ့ မှာ ကျောင်းနေ ဆရာလေး အားလုံးကို အာရုံဆွမ်းနဲ့  နေ့ ဆွမ်းကပ်ဖို့  လျှောက်ထားပြီး ဆွမ်း၂နပ်စာ ကပ်ဖို့ အလှူငွေ ၆၀,၀၀၀/ ထည့် ခဲ့ပါသေးတယ်။ ဒါလည်း MMG ရဲ့ အလှူတစ်ခုမို့  သာဓု ခေါ်ကြပါအုံးနော်။

တကယ်လို့  ၁၉.၉.၁၀ မှာ နှစ်ပတ်လည် လုပ်ဖြစ်ခဲ့ရင်တော့ ဆွမ်းကပ်တာ လာနိုင်မှာ မဟုတ်ဘူးလို့ လည်း ပြောထားခဲ့ပါ တယ်။ ဆရာလေးတို့ ကတော့ လာနိုင်ရင် လာခဲ့ကြပါလို့  ခေါ်နေပါတယ်။ အားလုံး လူတွေ ရှင်းချိန်ကြမှ ဒီကျောင်းလေး နဲ့  ပတ်သက်တဲ့ အချက်အလက်တွေကို တစ်ယောက် တစ်ပေါက် ၀ိုင်းဗျူးကြ တာပါ။

ကျောင်းမှာ အရင်က စတုတ္ထတန်းအထိသာ ထားခဲ့ပါတယ်။ ကျောင်းက ဆရာလေးတွေက စတုတ္ထတန်း အောင်ချိန်မှာ သူတို့ ကို မြို့ ကျောင်း ဆက်တက်ကြဖို့  ပြောပေမဲ့ ဆရာလေး အများစုက ဒီကျောင်းမှာ ရှိသလာက် အတန်းနဲ့ သာ ရောင့်ရဲပြီး အခြား မြို့ ကျောင်းသွား ကျောင်းဆက်မတက်တော့ပါဘူး ဆိုလာ တာကြောင့် အုပ်ချုပ်သူ ဆရာလေးတို့ မှာ ကလေးငယ် တွေရဲ့ ပညာရေးကို ထောက်ရှုပြီး သူတို့ ရဲ့ ကျောင်းကို ဆက်လက်ပြီး အတန်းတိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။

ခုဆို ဆဌမတန်း အထိ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ နောင်နှစ်မှာလည်း သတ္တမတန်းကို တိုးချဲ့ ဖွင့်လှစ်သွားမဲ့ အစီအစဉ် ရှိကြောင်း သိရပါတယ်။ ဆရာလေးအချို့ နဲ့  ကျောင်းသူ ကျောင်းသားအချို့ ကတော့ သာကေတမြို့ နယ်က မှန်ကင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ဒသမတန်းအထိ ဆည်းပူး သင်ယူ နေကြတာလည်း ရှိပါ တယ်။ ဒီနှစ်မှာ ဒသမတန်းတက်တဲ့ သီလရှင် (၄) ပါးကို လူဝတ်လဲပြီး ကျောင်းဆက် တက်ခိုင်းထားတယ်လို့  သိရပါတယ်။

အုပ်ချုပ်သူ ဆရာလေး ဒေါ်ဝိမလစာရီက ဒီကျောင်းကို နောင်တချိန်မှာ သီလရှင် ဆရာလေးများက ပြန်လည် လက်ဆင့်ကမ်း ပညာပေး သင်ကြားသွားတာမျိုး ဖြစ်ချင်ပါတယ်တဲ့။ အဲဒီလို ဖြစ်အောင်လည်း ကြိုးစားသွား မယ်လို့  ဆိုပါတယ်။ အခုချိန် မှာတော့ လိုအပ်တဲ့ ဆရာ၊ ဆရာမတွေကို ငှားရမ်း သင်ကြားပေးနေပါတယ်။

အတန်းတစ်ခု တိုးချဲ့ လိုက်တိုင်းမှာ ဆရာတွေ ငှားရမ်းရတာမို့  အတန်းသစ်တစ်ခု ထပ်တိုးတိုင်း ဆရာလေး တို့ မှာ အတန်းသစ်အတွက် ဆရာ ရှာဖွေရသလို ဆရာတွေအတွက် လစာကလည်း ထပ်ပြီး လိုအပ်လာပါ တယ်တဲ့။ နှစ်စဉ် ကျောင်းမှာ ရောက်ရှိလာတဲ့ သီလရှင် ဆရာလေး ဦးရေကလည်း များပြားလာပါတယ်။

ကျောင်းလာတက်တဲ့ အပြင်က ကျောင်းသား၊ ကျောင်းသူတွေကိုလည်း စာအုပ်၊ ခဲတံ၊ ဖတ်စာအုပ် စတာတွေ ကို ကျောင်းက စိုက်ပြီး အမြဲတမ်း ပေးပါတယ်။ ဒါကြောင့် လှူဒါန်းချင်သူတွေအနေနဲ့  စာအုပ်၊ ခဲတံ၊ ဖတ်စာအုပ်တွေ လှူဒါန်းနိုင်သလို ဆရာလေးတွေအတွက် ဆွမ်းလည်း ဆက်ကပ် လှူဒါန်းနိုင်ပါတယ်။ တကယ်လို့  လှူချင်တယ်ဆိုရင်လည်း ဇမ္ဗုဥသျှောင် သီလရှင် စာသင်ကျောင်း ဖုန်းနံပါတ် – ၀၁ ၇၀၁၇၄၃ သို့  ဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့ လေ။

ညနေ ၅နာရီလောက်မှာ ပြန်ဖို့  ပြင်ဆင်ကြပါတယ်။  လမ်းမပေါ်ရောက်အောင် လျှောက်သွားပြီးမှ ကြုံရာ ကားနဲ့  ပြန်ကြ မယ်ပေါ့။ ကျွန်မတို့  ပြန်စရာ ကားမရှိတော့ဘူးလေ။ အဲဒီအချိန်မှာ ပြသနာတက်တာ ကိုသစ်ကိုပါ။ သူ့ ဖိနပ်ကို လာတုံးက စီးလာတဲ့ ကားပေါ်မှာ ချွတ်ထားခဲ့တယ်တဲ့။ ကားက ရန်ကုန်ဘက်ကို ပြန်သွားပြီလေ။ သူ့ ဖိနပ်ကို ပြန်ချထားဖို့  သူ သတိ မရလိုက်ဘူး။ (သူ့ ဖိနပ်ပျောက်မှာစိုးလို့  ဥစ္စာခြောက် တာ နေမှာနော်)။ ဒီတော့ မိုးရွာထဲမှာ ခြေဗလာ လျှောက်ရုံမှလွဲ၍ အခြား မရှိပေါ့။

အားလုံး မိုးရေထဲမှာ စကားတပြောပြောနဲ့  လျှောက်လာခဲ့ပါတယ်။ ကိုသစ်ကတော့ ဖိနပ်မပါတော့ မျက်နှာ ငယ်လေးနဲ့  ဟိုကြည့် ဒီကြည့်ပေါ့။ (သူဖိနပ်မပါတာ သူများတွေ သိမှာစိုးလို့ လေ)။ ဒါပေမဲ့ ကျွန်မတို့ က ပြောပါတယ်။ ကောင်မလေး လှလှလေးတွေ ပါတာ။ သူ့ ကို ဘယ်သူမှ မကြည့်ပါဘူး။ သူ ဖိနပ်မပါတာ ဘယ်သူမှ မသိနိုင်ပါဘူးလို့ လေ။

လမ်းထိပ်ရောက်တော့ မှတ်တိုင်လေးမှာ ရပ်နေကြပါတယ်။ လိုင်းကားငယ် ဒတ်ဆန်း တစ်စီး ထိုးဆိုက် လာပေမဲ့ ဆယ်ယောက် တစ်အုပ်စုလုံး မပါနိုင်တာကြောင့် မစီးကြပါဘူး။ ဒီအချိန်မှာပဲ လိုက်အေ့စ်တစ်စီး လာတာကို တွေ့ လိုက်ရပါ တယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ တားကြည့်ရအောင်ပေါ့။ ရပ်ပေးတော့လည်း အမြတ်ပေါ့။ အနည်းဆုံး ကားများများ ရှိတဲ့ သန်လျင် လမ်းဆုံလောက်ပဲ ရောက်ရောက်ဆိုပြီးတော့လေ။

ကျွန်မတို့  ရွေးချယ်မှု မှန်ကန်ပါတယ်။ ကားလှမ်းတားသူက စတစ်ကော်လာ အဖြူနဲ့  ယောပုဆိုးဝတ်ထား တဲ့ ကိုလင်းအောင်ပြည့်လေ။ အဟန့် ကောင်းတဲ့သူ တားလို့ လား မသိဘူး။ ကားက ရပ်ပေးပါတယ်။ ဘာဖြစ်လို့ လည်းပေါ့။ ဒီတော့ သီလရှင်ကျောင်းလေးမှာ အလှူလာလုပ်ပြီး အပြန် ကားမရှိလို့  နီးရာကို လမ်းကြုံ လိုက်ခွင့်ပြုပါဆိုတော့ သူက မြို့  ထဲပြန်မှာမို့  မြို့ ထဲအထိ လိုက်လို့ ရတယ်ဆိုတော့ အားလုံးက အတိုင်းဆမဲ့ ကျေးဇူးတင်ပါတယ်ပေါ့။

ကားက နောက်ခန်းမှာ တစ်ယောက်မှ မပါတာကြောင့် ကျွန်မတို့  နောက်ခန်းမှာ အေးဆေး ချောင်ချိစွာ စီးနင်းလိုက်ပါခွင့် ရခဲ့ပါတယ်။ လာတုံးကတောင် လူများတော့ ကားက ကျပ်သေးတယ်။ ကောင်းမှု ကုသိုလ်လုပ်လို့  စေတနာ အကျိုးကို ချက်ချင်း ခံစားရတာလို့  ၀မ်းသာ ပီတိဖြစ်ခဲ့ရပါတယ်။ (အမည်မသိ ကားကြုံပေးစီးတဲ့ အကိုကြီးကိုလည်း ဒီနေရာက ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်)

ကျွန်မတို့ အားလုံးကို သာကေတ ရွှေပုဇွန်ရှေ့ မှာ ဆင်းခဲ့ကြပါတယ်။ အားလုံးလည်း မိုးစိုပြီး ချမ်းနေတာ ကြောင့် ရွှေပုဇွန်မှာ ကော်ဖီ ၀င်သောက်ပြီးမှ အိမ်ပြန်ခဲ့ကြပါတယ်။ ကိုသစ်ကိုနဲ့  ကိုမြိတ်သားကတော့ Capital Hyper Mart မှာ ဖိနပ် ၀င်ဝယ်ဖို့  ယောင်လည် ယောင်လည်နဲ့  ထွက်သွားကြပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်နေ့ ထဲမှာ အလှူ၂ခု လုပ်ခွင့်ရတာလည်း ၀မ်းမြောက်စရာ အမှတ်တရ တစ်ခုပါပဲ။ အားလုံး လှူဒါန်းတဲ့ အလှူကို မလာနိုင်၊ မသွားနိုင်တဲ့သူတွေ ကိုယ်စား ကျွန်မတို့ က တတ်အားသရွေ့  ကူညီခွင့်ရတာ ကိုပဲ ကျွန်မတို့ က ၀မ်းသာလှပါပြီ။ ဒါကြောင့် နောင်ကိုလည်း လှူချင်တာများ ရှိရင် ကျွန်မတို့ ကိုလည်း ဆက်သွယ်လို့  ရပါတယ်။ ဒီသီလရှင်ကျောင်းလေးကို နောင်တစ်ကြိမ်လည်း သွားထပ်လှူချင်ပါသေးတယ်။
ကျွန်မကတော့ နောင်တစ်ခေါက်သွားရင် ကလေးတွေအတွက် ဗဟုသုတ ဖြစ်စေမဲ့ စာအုပ်လေးတွေ၊ ပုံပြင် စာအုပ်လေး တွေ လှူမယ်လို့ စိတ်ကူးထားပါတယ်။ သူတို့ လေးတွေရဲ့ စာကြည့်တိုက်မှာ စာအုပ်လေးတွေ သိပ်မရှိသေးတာ တွေ့ ခဲ့ရ လို့ ပါ။ အားလုံးလည်း ကျွန်မတို့  အလှူကို သာဓုခေါ်လည်း နောင်ကိုလည်း ကြုံ ရင် ပါဝင် လှူဒါန်းကြပါအုံးလို့  တိုက်တွန်း ရင်း ကျွန်မရဲ့ စာမူလေးကို သီလရှင်ကျောင်းလေးရဲ့ ဆောင်ပုဒ် လေးကို ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ်နော်။ MMG ချစ်သူများ ကျန်းမာ ပျော်ရွှင်ကြပါစေနော်။
ကလေးများအတွက်
ဒီနေ့ 
ကလေးများအတွက် ဒီနေ့ လိုအပ်ခြင်းများ   အချိန်ကို စောင့်မနေနိုင်
ကလေးများအတွက် လူတိုင်းကူညီရမဲ့   အချိန်ဟာ ဒီနေ့ ပေါ့
သူ့ အသွေးအသားနဲ့  အသိ   အစဉ်ဖွံ့ ဖြိုးတိုးတက်စေ
နောက်တစ်နေ့ မှ စတင်ရန်   အချိန် ရွှေ့ ဆိုင်းထား၍ မဖြစ်နိုင်ပါ
ကူညီ ………… ကာကွယ်စောင့်ရှောက်ပါ  ကလေးများကို ……… ဒီနေ့  စတင်စို့ ။

His Name is  “Today”
( Many of the things
We need can wait
Bas the child cannot)2
Right now is the times
His bones are being for mest
His blaod is being made
And his sansive are be there belores
To whom we cannot answers tomorrow
His name is today.


သူတို့ ကျောင်းရဲ့ လက်ကမ်းစာစောင်က ကဗျာလေးကို ဖော်ပြပေးလိုက်တာပါ။ ကျွန်မတို့ လည်း သူတို့ ကို ဒီနေ့  ကူညီ ကြပါစို့ ။

မေဇူး
12.9.10
11:35 pm

သာဓုခေါ်ပါ ၀ါဆိုအလှူမှာ (ပထမပိုင်း)

၂၉.၈.၁၀ နေ့ မှာကျွန်မတို့  MMG အဖွဲ့ အနေနဲ့  ကုသိုလ်ကောင်းမှု ၂ခုကို တနေ့ ထဲ လုပ်ခွင့် ကြုံခဲ့ရပါတယ်။ ပထမ တစ်ခုက MMG ၀ါဆိုသင်္ဃန်းကပ်ပွဲ ဖြစ်ပြီး ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်မှာ ရှိတဲ့ မင်္ဂလာမဏ္ဍိုင် ဘုန်းကြီးကျောင်းမှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။

နောက် တစ်ခုကတော့ အလှူအပြီးမှာ MMG အဖွဲ့ ဝင်တွေရယ်၊ ကိုလင်းအောင်ပြည့် ခေါင်းဆောင်တဲ့ Thadardika လူငယ်အဖွဲ့ ဝင်တွေရယ်၊ Myanmar Center for Youth (မြန်မာ လူငယ်များ ဗဟိုဌာန) MC အဖွဲ့ ရယ် ပေါင်းပြီး ကျောက်တန်းမြို့ နယ်က “ဇမ္ဗုဥသျှောင် သီလရှင် စာသင်တိုက်နှင့် (ပရဟိတ) သီလရှင်သင် (အခမဲ့) ပညာရေး ကျောင်း” ကို သွားရောက်ပြီး သူငယ်တန်း ကနေ ဆဌမတန်း အထိ ကျောင်းတက်နေကြ တဲ့ သီလရှင် ဆရာလေးတွေနဲ့  ကျောင်းသူလေးတွေအတွက် လိုအပ်နေတဲ့ ပညာရေး နဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေကို စုပြီး သွားလှူ ကြတာပါ။

အစက စပြောရမယ်ဆိုရင်တော့ ကျွန်မတို့ MMG အဖွဲ့ ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ က ၃၀.၈.၁၀ မှာ ပြည့်တာပါ။ ဒါပေမဲ့ နှစ်ပတ် လည်ပွဲကို စက်တင်ဘာလ တတိယအပတ်လောက်မှာမှ ကျင်းပမယ်လို့  စီစဉ် ထားတာကြောင့် MMG တစ်နှစ်ပြည့် နှစ်ပတ်လည်ရက် မှာ ၀ါဆိုသင်္ဃန်းကပ်ဖို့  စီစဉ်ခဲ့ကြတာပါ။ ၀ါဆို သင်္ဃန်းကပ်ဖို့  ဘုန်းကြီးကျောင်းကိုတော့ ကိုသူရိန်နဲ့  ဦးဇင်းလေး အရှင် ၀ရသာမိတို့  တိုင်ပင် ရွေးချယ်ခဲ့ကြ ပါတယ်။

အဲဒီမှာမှ အလှူနေ့ ကြရင် ဆရာတော်တွေကို ဘာနဲ့  ဆွမ်းကပ်ကြမလဲ၊ ဧည့်သည်တွေကို ဘာကျွေးကြမလဲ ဆိုတာ ကျွန်မတို့  ၀ိုင်းပြီး တိုင်ပင်ကြရင်း အလှူမှာ ကုသိုလ်လည်း ပိုရအောင်၊ အဖွဲ့ ဝင် အချင်းချင်း ပိုပြီး ရင်းရင်းနှီးနှီး နွေးထွေး ရအောင်ဆိုတဲ့ စိတ်ကူးလေးနဲ့  MMG အဖွဲ့ ဝင်တွေ ကိုယ်တိုင် ဈေးဝယ်ပြီး ကိုယ်တိုင် ချက်ကြမယ်လို့  ဆုံးဖြတ်ခဲ့ကြပါ တယ်။

ပင်တိုင်ချက်မယ်လို့  တာဝန်ခံတာက ကျွန်မတို့ ရဲ့ အကိုကြီး ကိုလင်းအောင်ပြည့်ပါ။ ကျွန်မတို့ တွေကတော့ ၀ိုင်းကူကြမယ်ပေါ့။ ကိုသူရိန်တို့ ၊ ကိုသစ်ကိုတို့ ကတော့ အလှူအတွက် ဈေးဝယ် ပေးမယ်။ ကျွန်မကတော့ အချိုပွဲအတွက် ကျောက် ကျော ၂မျိုး လုပ်ပေး မယ်။ လာနိုင်တဲ့သူတွေ လာပြီး လိုအပ်တာတွေ ၀ိုင်းလုပ်ပေး မယ်ဆိုပြီး တာဝန်တွေ ခွဲခဲ့ကြပါတယ်။ ၂၇.၈.၁၀ နေ့ ညနေမှာ ကိုသူရိန် က အလှူအတွက် လိုအပ်သော ကြက်သား၊ ပုဇွန်တို့  ၀ယ်ခြမ်းလာပေးပြီး ကိုလင်းအောင်ပြည့်၊ ကိုသစ်ကို၊ ကိုဇော်လတ်၊ကိုမြိတ်သား နဲ့  MC အဖွဲ့ က ကိုချစ်ရင်တိုး၊ ကိုလေးဖြူနဲ့  Thadardika လူငယ်အချို့ က ညအိပ်ပြီး ချက်ကြမှာပါ။

၂၈.၈.၁၀ ညနေ ၆နာရီလောက်မှာ ကျွန်မနဲ့  မရင်သွေးဦးတို့  ချိန်းပြီး ဘုန်းကြီးကျောင်းမှာ လုပ်အားလာ ပေးခဲ့ပါတယ်။ မနက်အတွက် လုပ်ကိုင်နေကြရင်းနဲ့  စိတ်ကူး ထပ်ပေါ်လာကြပြီး အာရုံဆွမ်း မုန့် ဟင်းခါးပါ ကပ်မယ်လို့  ထပ်စီစဉ်ကြပါတယ်။ ရယ်ဒီမိတ် မုန့် ဟင်း ခါးထုတ်တွေနဲ့ လိုအပ်တာတွေ ထပ်ဝယ်ခြမ်းဖို့  ကိုသစ်ကိုတို့  ကိုလင်းအောင်ပြည့်တို့ တ့တွေ ဗဟန်းဈေးကို ထပ်သွားကြပါတယ်။

ကိုလင်းအောင်ပြည့်ရဲ့ မိတ်ဆက်ပေးမှုနဲ့  ကျွန်မတို့ လိုပဲ လုပ်အားပေး လာကူကြတဲ့ MC အဖွဲ့ က မမာလာ၊ ကိုချစ်ရင်တိုး၊ ကိုလေး ဖြူတို့ နဲ့  သိကျွမ်းခွင့် ရခဲ့ပါတယ်။ ခုမှ ခင်မင်ခွင့် ရပေမဲ့ မမာလာနဲ့  ကျွန်မတို့ တွေ ညီအမအရင်းလို ရင်းနှီးခဲ့ကြတာကလည်း အမှတ် တရတစ်ခုပါပဲ။

ညဘက်မှာ Thadardika လူငယ်အဖွဲ့ က ညီမငယ်တွေ ဖြစ်တဲ့ ဖူးဟန်ကို၊ ဂျစ်တူးနဲ့ ဘုတ်ပေတို့  ရောက်လာ ပြီး ကျွန်မ တို့ ကို ၀ိုင်းကူပါတယ်။ နောက်နေ့  ဟင်းချက်မဲ့ ကြက်သွန်တွေ ဘာတွေ နဲနဲပါးပါး ၀ိုင်းလုပ်ပေးပြီး ကျွန်မက မုန့် ပြန်လုပ်ရအုံးမှာမို့ လို့  အိမ် ပြန်လာခဲ့ပါ တယ်။ ညအိပ်မဲ့ သူတို့ တွေကတော့ ညစာကို ခုမှ ဈေးက ၀ယ်လာပြီး ချက်ပြုတ်စားဖို့  လုပ်နေကြတုံးပါပဲ။ စုစုရုံးရုံးနဲ့  အားလုံး ပျော်စရာချည်းပါပဲ။

အိမ်ပြန်ရောက်တော့ ထမင်းစားပြီး မနက်အတွက် အုန်းနို့ ကျောက်ကျော ၁ဗန်းရယ်၊ အာဂါး စပျစ် ဂျယ်လီ ကျောက် ကျော ၁ဗန်းရယ် ထိုးပြီး အိပ်တာပါပဲ။

ရုံးက အပြန်ထဲက နောက်နေ့ အတွက် လှူမဲ့ စာအုပ်တွေ၊ ခဲတံတွေ၊ လော်လီပေါ့ သကြားလုံးဗူးတွေရယ်ကို ကြို ပြီး ဘုန်းကြီးကျောင်းမှာ ၀င်ထားခဲ့ပြီလေ။ မနက်ကျရင် ကျောက်ကျော ၂ဗန်းရယ်၊ ဆရာတော် ဦးကောဝိဒ ပို့ လိုက်တဲ့ အလှူအတွက် သင်္ဃန်းပါ ခြင်းတစ်လုံးရယ် ယူပြီး ဘုန်းကြီးကျောင်းကို တန်းလာရုံပါပဲ။

မနက်စောက သူတို့  ညအိပ်တဲ့သူတွေနဲ့ ပဲ အာရုံဆွမ်း မုန့် ဟင်းခါး ကပ်လိုက်ကြပါတယ်။ မနက် ၉နာရီ လောက်မှာ ကျွန်မ ဘုန်းကြီး ကျောင်းကို ရောက်ပါတယ်။ အဲဒီအချိန်မှာ အိုးသူကြီး ကိုလင်းအောင်ပြည့်က ရေပြန်ချိုးနေပြီး ရှိတဲ့သူ တွေက အစိမ်းကြော်အတွက် လှီးချွတ်နေကြပါတယ်။ ထမင်းအိုးတည်တဲ့သူက တည်နေပါ တယ်။ နောက်ကျမှာစိုးလို့  စိတ်ပူပေမဲ့ အစိမ်းကြော်ရော၊ အရည်သောက် ချဉ်ပေါင်ဟင်းရောကို လုပ်ကိုင် ချက်ပြုတ်နေရင်းနဲ့  ပြီးသွားတာပါပဲ။ ကိုလင်းအောင်ပြည့်ကတော့ ဟင်းလည်း ချက်ရင်း၊ ကင်မရာ နဲ့  မှတ်တမ်းလည်း တင်ရင်းနဲ့ ပေါ့။

အချိုပွဲအတွက် ကျောက်ကျောတွေ သစ်သီးတွေ လှီးချွတ်ရင်း ပြင်ဆင်ထားပါတယ်။

MMG က မုန့် ဆရာ ကိုအဂီးကလည်း အချိုပွဲ အတွက် ချိစ်ကိတ်တွေ၊ မုန့် တွေ အများကြီး ကိုယ်တိုင်လုပ်ပြီး ယူလာပါတယ်။ ကျွန်မတို့ ရဲ့ ၀ါဆိုသင်္ဃန်း ကပ်ပွဲလေးဟာ ကိုယ်တိုင် လုပ်မုန့် တွေ၊ ဟင်းတွေနဲ့  ပိုပြီး အသက်ဝင် နွေးထွေး တယ်လို့  အားလုံးက ခံစားရပါတယ်။

ဆရာတော်တွေကို ဆွမ်းကပ်ပြီး ဧည့်သည်တွေကို ဧည့်ခံ ကျွေးမွေးပါတယ်။ ဒီနေ့ ပွဲမှာ ပွဲတက်ရောက်တဲ့သူ ခါတိုင်းထက် ပိုများတာ ကြောင့် ကျွန်မတို့  ပိုပြီး ကြည်နူးရပါတယ်။ (ရောက်မလာနိုင်တဲ့ ကိုနဂါးတို့  ညီမငယ် မြလေးသျှင်တို့ ကို ကျွန်မတို့  လာနိုးနဲ့  မျှော်နေ ခဲ့တာ ပွဲအစမှ အဆုံးအထိပါပဲ)။ အဖွဲ့ ဝင်တွေ ဖြစ်တဲ့ အရှင် ၀ရသာမိ၊ ကိုသူရိန်၊ မုန့် ဆရာ ကိုအဂီး၊ ကိုမြိတ်သား၊ ကိုကိုညီညီ၊ ကိုလင်း အောင်ပြည့်၊ ကိုဇော်လတ်၊ Mistake 51 က Admin မောင်ငယ် မိုးလုံးပြည့်လျှံ၊ ကိုအောင်မိုး၊ ကျွန်မ၊ ဒီဇိုင်နာ မချို၊ မသင်း(ပန်းရောင်)၊ julybutterfly နဲ့  ကိုလင်းအောင်ပြည့်တို့ ရဲ့ Thadardika အဖွဲ့ ဝင်တွေ၊ မမာလာတို့ ရဲ့ MC အဖွဲ့ တွေနဲ့  တော်တော်လေးကို စည်ကားပါတယ်။ (တချို့ တွေ နာမည် မမှတ်မိလို့  ကျန်ခဲ့ရင် စိတ်မဆိုးပါနဲ့ နော်)

အားလုံးလည်း စားကောင်းကြပါတယ်။ ကြက်သားနဲ့  အာလူး ဆီပြန်ဟင်းရယ်၊ ကြက်သားနဲ့  အစိမ်းကြော် ရယ်၊ ငရုတ်သီး ငပိကြော်ရယ်၊ ချဉ်ပေါင်နဲ့ ငါး ဟင်းရည်သောက်ရယ်၊ တညင်းသီး ပြုတ်ထောင်းကို ဆီနဲ့ နှမ်း နဲ့  နယ်ထားတာရယ်နဲ့  ထမင်း မိန်စေတာတော့ အမှန်ပါပဲ။ ဆရာတော်တွေအတွက် ပုဇွန်ကြော်နဲ့  ငါးကြော် နှပ် အပိုပါပါတယ်။ မနက် အာရုံဆွမ်း မုန့် ဟင်းခါးလည်း ကပ်ထားကြပါသေးတယ်။

ကြုံတုန်း ကျွန်မ တစ်ခု ပြောချင်တာက တစ်ခုခု လုပ်ပြီးတိုင်းမှာ လုပ်တဲ့ပွဲ အကြောင်းလေးတွေ ကျွန်မ ပြန် ရေးဖြစ်တာက အလှူဆိုရင်လည်း အားလုံး စုပေါင်း လှူဒါန်းထားကြတာတွေကို ကိုယ်တိုင် ကိုယ်ကျ မလိုက် ပါနိုင်တဲ့သူတွေ ပြန်ပြီး သိနိုင် အောင် သူတို့ လည်း အလှူအတွက် သာဓု ခေါ်နိုင်အောင်၊ နောင်လည်း လှူ ချင်စိတ်ပေါက်အောင်၊ တွေးလိုက်တိုင်း ကိုယ့် အလှူလေးကို မြင်ယောင် ပီတိ ဖြစ်နိုင်အောင်လို့  ပြန်လည် မျှဝေ ခံစားနိုင်အောင် ရေးဖြစ်တာပါနော်။

ဧည့်သည်တွေ ရှင်းသွားချိန်မှာမှ ဆရာတော်တွေကို လှူထားကြတဲ့ သင်္ဃန်းတွေနဲ့  ၀တ္ထု ကပ်ကြပါတယ်။ ဆရာတော်တွေ က မနက်ပိုင်းမှာ ဒေးဒရဲအသင်းကလည်း ဆွမ်းကပ်သေးတာမို့  ကျွန်မတို့ က ဆွမ်းကပ်ပြီး နောက်မှပဲ တရားနာကြပါ တယ်။ ဆရာတော် ဟောတဲ့ တရားထဲမှာ အားလုံးအတွက် မှတ်ယူစရာလေးတွေ ပါတာမို့  ပြန်လည် မျှဝေချင်ပါတယ်။

ဆရာတော်က သူ့ ရဲ့ သဘောထားကို ညီညွတ်မှု အဓွန့် ရှည်ရေး နှိုးဆော်ချက်လို့ အတိုချုပ်ပြီး ပြောပြခဲ့ ပါတယ်။ အဓိက အချက် ၅ချက် ရှိပါတယ်။

နံပါတ် ၁။ အကောင်းမြင်ဝါဒကို ကျင့်သုံးပါ။

နံပါတ် ၂။ အတုံ့ အပြန် ၀ဋ်ခံတာကို လက်ကိုင်ထားပါ။ (ဒီအချက်ကို ကျွန်မ သေချာ နားမရှင်းလိုက်ပါဘူး။ အသံသွင်းလာတာ ပြန်ဖွင့်တော့လည်း အဲလိုပဲ ကြားမိသလိုပါပဲ။ တကယ်လို့  အမှားအယွင်း တစ်စုံ ပါခဲ့ပါ လျှင် ကျွန်မရဲ့ အမှတ်မှားမှုသာ ဖြစ်ကြောင်း ကြိုတင် ၀န်ခံပါတယ်နော်။)

နံပါတ် ၃။ ပျူပျူငှာငှာ ပြောဆို ဆက်ဆံကြပါ။

နံပါတ် ၄။ ကုသိုလ်ကြောင့် အကုသိုလ် မဖြစ်ပါစေနဲ့ ။

နံပါတ် ၅။ လူ အချင်းချင်း မချစ်ရင်နေပါ။ မမုန်းပါနဲ့ ။ မကြင်နာချင် နေပါ နာကြဉ်းအောင် မလုပ်ပါနဲ့ တဲ့။ (နှစ်တရာအတွင်း အားလုံး သေကြမဲ့သူတွေ ချည်းပါပဲတဲ့)

ဆရာတော် တရားဟောပြီး လှူဖွယ် ပစ္စည်းတွေ ဆက်ကပ်ပြီးချိန်မှာ ကျွန်မတို့ အဖွဲ့ တွေရဲ့ ဒုတိယ အလှူ ခရီးစဉ်အဖြစ် ကျောက်တန်းမြို့ ကို ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ (အချိန်မရလို့  မလာတော့ပါဘူး လုပ်နေရာကနေ အလှူလာပြီး ညနေအထိ အတူလိုက်ပါခဲ့သော ညီမငယ် မချိုနဲ့  မသင်းကိုလည်း ကျေးဇူး ပါလို့  ဒီနေရာက ပြောချင်ပါတယ်)။ အလှူ ဒုတိယပိုင်းကို ဆက်ရေးပါအုံး မယ်။ ဒီနေ့ တော့ ဒီလောက်ပဲ ဖတ်ပေးပါအုံးနော်။

(အိပ်ငိုက်နေပြီလေ)

မေဇူး

29.8.10

ကျွန်မနှင့် အလိုင်နီ ခရီးစဉ်

6.6.10 မနက် ၇နာရီ မိနစ် ၃၀

ပဲခူးမြို့  အလိုင်နီကျေးရွာကို သွားကြဖို့  MMG အဖွဲ့ ဝင်တွေရယ်၊ My Suboo Fun Club အဖွဲ့ ဝင်တွေရယ်၊ Mistake 51 Area အဖွဲ့  ၀င်တွေရယ်ဟာ မြေနီကုန်းက KING လားရှိုး ပေါက်စီနှင့် ကဖေးဆိုင်မှာ ဆုံရပ် အဖြစ် သတ်မှတ်ပြီး ချိန်းဆို ခဲ့ကြပါတယ်။ သွားမဲ့ အဖွဲ့ ဝင်တွေဟာ သက်ဆိုင်ရာ အုပ်စု အလိုက် ပစ္စည်းတွေ တပုံတပင်နဲ့  ရောက်ရှိ လာကြပါတယ်။

ကျွန်မတို့  MMG အဖွဲ့ ကတော့ ဦးဇင်း အရှင် ၀ရသာမိ (dhammaanalysis)၊ ကိုအလင်းစေတမာန်၊ ကိုနဂါး၊ ကိုကို ညီညီ၊ ကိုဇော်လတ်၊ ကိုသစ်ကို၊ မရင်သွေးဦး၊ မသော်တာတို့  မောင်နှမ ၂ယောက်၊ ကျွန်မနဲ့  ရုံးက ညီမလေး တစ်ယောက်တို့  ရောက်နေကြပါပြီ။ ကိုလင်းအောင်ပြည့် ကတော့ လာနေဆဲပါ။ မရောက်သေး ပါဘူး။ ဒီနေ့ သွားဖြစ်တဲ့ ခရီးစဉ်ကို My Suboo Fun Club က ဦးဆောင် စီစဉ်တာပါ။ ကျွန်မတို့ ကတော့ သူတို့ နဲ့ အတူ တပါထဲ လိုက်ရင်း ကိုယ်နိုင်သလောက် လှူကြ တာပါ။ မနက် ၈နာရီ ၁၅ မိနစ်မှာ စီစဉ်ထားတဲ့ ဘီအမ် ကား ၃စီး ရောက်လာပါတယ်။

ယူသွားကြမဲ့ အလှူပစ္စည်းတွေ တင်ကြရင်း သွားမယ်လည်း လုပ်ရော ဦးဇင်းလေးက မာတီက လူတွေ မတွေ့ ရတာကြာလို့  ဒီကို လာတာ။ ပဲခူးကိုတော့ မလိုက်တော့ပါဘူးတဲ့။ ကိုအလင်းကလည်း သွားမဲ့သူတွေ ကို လာတွေ့ တာပါ။ ဆိုင်မှာ လူစောင့် မရှိလို့  မလိုက်တော့ပါဘူးတဲ့။ ကျွန်မတို့ အုပ်စုက ဦးဇင်းလေးကိုရော ကိုအလင်းကိုပါ လိုက်ခဲ့ပါဆိုပြီး အတင်း ချောဆွဲလာတာပါ။ သူတို့ လည်း ကျွန်မတို့ ကို အားနာစွာနဲ့  လိုက်ခဲ့ ကြ တာ ည ၇နာရီခွဲမှ ရန်ကုန် ပြန်ရောက်ပါတော့တယ်။

ကျွန်မတို့  ကားတွေ မြေနီကုန်းက စထွက်ချိန်အထိ ကိုလင်းအောင်ပြည့်တစ်ယောက် ရောက်မလာသေးပါ ဘူး။ သူ ကျန်ခဲ့မှာဆိုးလို့  ကိုနဂါးတို့  ကိုသစ်တို့  တောက်လျှောက် လှမ်းဖုန်းဆက်ပြီး လိုက်လာရမဲ့ နေရာ ပြောနေ ပါတယ်။ ကျွန်မတို့ ကားတွေက စာသင်ခုံတွေကို ဘုရင့်နောင်မှာ ၀င်တင်ကြပါတယ်။

ကိုလင်းအောင်ပြည့် က Victoria Shopping Mall ရှေ့ ကနေ စောင့်နေပါတယ်။ သူက လည်း ကျွန်မတို့  ၀တ် ဖို့  ၀တ်စုံတွေ လိုက်ယူရင်း နောက်ကျနေတာ။ နေ့ လည် ၁နာရီမှာ သွားစရာ ရှိပေမဲ့ MMG က သွားရင် မလိုက်ပဲ မနေနိုင်လို့  ဆိုပြီး လိုက်လာတာပါ။

ကျွန်မတို့ ကလည်း ကိုလင်းအောင်ပြည့် လိုက်လာရင် ပုံကောင်းကောင်းလေးတွေ ရလို့  သူ့ ကို အမြဲ လိုက် စေချင်တာ။ (သူ့  ကင်မရာက မိုက်တယ်လေ။) ဓာတ်ပုံ လိုချင်လို့  သူ့ ကို လိုက်စေချင်မှန်းတော့ သူမသိစေ နဲ့  နော်။ နောက်ဆို မလိုက်ပဲ နေလိမ့်မယ်။

မနက် ၉နာရီကျော်မှာ ကျွန်မတို့  အဝေးပြေး လမ်းမကြီးပေါ်ရောက်နေကြပါပြီ။ ကျွန်မတို့ ဟာ ရန်ကုန်တိုင်း ကို ကျော်ပြီး ပဲခူးတိုင်း ဘက်ကို ရောက်ခဲ့ပြီ။ ရန်ကုန်- မန္တလေး အမြန် လမ်းသစ်ကြီးက မဟုတ်ပဲ နဂို လမ်း ဟောင်းဘက်က လာခဲ့ကြတယ်။ ကျွန်မတို့ သွား ရမဲ့ လမ်းခွဲထိပ်မှာ အလိုင်နီရွာက ကျောင်းဆရာလေးနဲ့  ဦးဇင်းတစ်ပါးက လာကြိုပါတယ်။

ရန်ကုန်- ပဲခူးကားလမ်းမဘေးက ချိုးကွေ့ တဲ့လမ်းချိုးကနေ ကျွန်မတို့  သွားမဲ့ အလိုင်နီ ရွာအထိ အတော် ကြာအောင် ကားစီး ရပါသေးတယ်။ လမ်းမှာ အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ်ကို ဖြတ်ကျော်ရပါ တယ်။ အဲဒီမှာ ကားတွေ ဖြတ်ကျော်ခွင့်ရအောင်လို့  ကျွန်မတို့  နာရီဝက်လောက် ရပ်စောင့်ရပါတယ်။


အလိုင်နီသွားတဲ့ MMG အဖွဲ့ ဝင်အားလုံးပါ။

နေ့ လည် ၁၂နာရီ ထိုးလုမှာ အလိုင်နီဆည်ထိပ်မှာရှိတဲ့ အမှတ်(၅) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အောင်သိန္ဓိကျောင်းတိုက် ကို ရောက်ရှိကြပါတယ်။ ကျွန်မတို့ တွေကို ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေ၊ ကျောင်းထိုင် ဘုန်းဘုန်းတွေ၊ ဆရာ ဆရာမတွေ လာကြိုကြပါတယ်။ ကားတွေပေါ် က အထုတ်တွေ ၀ိုင်းချပေး၊ သယ်ပိုးပေးကြပါတယ်။

အဲဒီအချိန်မှာ ကျောင်းတက် ခေါင်းလောင်းထိုးတာကြောင့် ကလေးတွေ ကျောင်းဘက်ကို ပြန်သွားကြပါ တယ်။ ကျောင်းထဲမှာ ကလေးတွေ အားလုံးစုပေါင်း ထိုင်နေပြီး ကလေးတွေ စားဖို့  ထမင်းပွဲတွေ ပြင်ထား ပေးပါတယ်။ ကလေး အားလုံးပေါင်း ၂၇၂ယောက် ပါ။ ကလေးတွေ များပေမဲ့ အရမ်း စည်းကမ်း ရှိပါတယ်။ ငြိမ်သက် တိတ်ဆိတ်နေတာပါပဲ။

စုစည်း ရောက်ရှိနေကြတဲ့ ကျောင်းသားတွေ။
ဒီနေ့ မှာတော့ အလှူရှိတဲ့ အထိမ်းအမှတ်နဲ့  ကလေးတွေကိုရော မိဘတွေကိုပါ ဘုန်းကြီးကျောင်းမှာ ထမင်း ကျွေးမှာပါ။ ကလေးတွေ ကို သူ့ သက်ဆိုင်ရာ အတန်းအလိုက် ထမင်းခေါ်ကျွေးပါတယ်။

သူတို့ တွေကို ထမင်းကျွေးနေတုံး My Suboo Fun Club အဖွဲ့ ဝင်တွေက ကလေးတွေကို ပေးဖို့  အင်္ကျီတွေ၊ စာအုပ်တွေကို အထုတ်တွေ ခွဲထုတ်နေပါတယ်။ ကျွန်မတို့ အဖွဲ့ ကတော့ ကလေးတွေအတွက် ကျွန်မ ယူလာ တဲ့ Cake Boy နဲ့  Lolly Pop လေးတွေကို လိုက်ဝေ ပေးပါတယ်။ ကလေးတွေ အားလုံး ထမင်းကျွေးပြီးတော့ ကျောင်းသား မိဘတွေကိုလည်း ကျွေးပါတယ်။ ကျွန်မတို့  အဖွဲ့ တွေကိုလည်း ဘုန်းကြီးကျောင်းပေါ်မှာ ထမင်း ပြင်ဆင်ကျွေးပါတယ်။


အလိုင်နီဆည်ပေါ်က မြင်ရတဲ့ ရွာကျောင်းလေးရဲ့ မြင်ကွင်းပါ။

အားနေချိန်လေးမှာ ကျောင်းဘေး ကပ်ရက်ရှိတဲ့ အလိုင်နီဆည်ပေါ်တက်ပြီး ကျွန်မတို့ အုပ်စု အမှတ်တရ ဓာတ်ပုံ ရိုက်ကြ ပါသေးတယ်။ အလိုင်နီ ဆည်ပေါ်က မြင်ရတဲ့ ရွာကျောင်းလေးဟာ ချစ်စရာ အေးအေး ချမ်းချမ်းလေးပါ။

ထမင်းစားပြီး ခဏနားနေချိန်မှာ ဇွန်လဖွား မွေးနေ့ ရှင်တွေအတွက် စုပြီး My Suboo Fun Club အဖွဲ့ ဝင် မွေးနေ့ ကိတ်ခွဲပြီး တပျော် တပါး ကျင်းပနေတာကိုလည်း တွေ့ ခဲ့ရပါတယ်။ နေ့ လည် ၂နာရီခွဲလောက်မှာ ကျောင်းထိုင်ဆရာတော်က အလှူရှင်တွေ အားလုံးစု ပြီး ရေစက်ချ တရားနာကြပါတယ်။

ကျောင်းသား တစ်ဦးချင်းစီကို My Suboo Fun Club အဖွဲ့ ဝင်များနှင့် MMG အဖွဲ့ ဝင်များမှ ကျောင်းသုံး ပစ္စည်းများ လှူဒါန်းကြစဉ်

တရားနာပြီးချိန်မှာတော့ အလှူရှင်တွေက (ကျွန်မတို့ အဖွဲ့ တွေ) လှူမဲ့ပစ္စည်းတွေ အားလုံးစုပြီး ကလေးတွေ ကို တတန်းချင်းအလိုက် တစ်ယောက်ချင်းအလိုက် နာမည်ခေါ်ပြီး ကျောင်းသုံးပစ္စည်းတွေ ပေးအပ်ပါတယ်။ My Suboo Fun Club အဖွဲ့ ဝင် အလှူရှင်တွေ စီစဉ်လာတာက တကယ့်ကို သဘောကျစရာပါ။ ကလေးတွေ အတွက် ကျောင်းသုံး ပစ္စည်းသာမက ကလေး ကစားစရာလေးတွေကိုပါ အယောက်တိုင်းအတွက် စီစဉ် လာ တာကိုက ချီးကျူးလောက်ပါတယ်။

ကလေးတွေကို မုန့် ဝေနေတာပါ။

စာသင်ကျောင်းအတွက် လှူထားတဲ့ ခုံတွေပါ

ထူးချွန်ကလေးငယ်များကို ဆုချီးမြှင့်နေသော My Suboo မှ ကိုစောနောင်
ကလေးတွေ ဖတ်ဖို့  စာကြည့်တိုက်လေး လုပ်ထားပေးတာကိုလည်း ၀မ်းသာစရာ ဒီကျောင်းမှာ တွေ့ ခဲ့ရပါ တယ်။ ဘာပဲပြောပြော ကျွန်မတို့ ရဲ့ ခုံလှူတန်းမှု၊ ကလေးတွေအတွက် စာအုပ် စာတမ်း ကျောင်းသုံး ပစ္စည်း လှူဒါန်းမှုတွေသာမက ကျွန်မတို့ လာတဲ့သူ အတော်များများ မှာလည်း ကလေးတွေ ဖတ်ဖို့  ပုံပြင် စာအုပ် လေးတွေ၊ ဗဟုသုတ စာအုပ်စာတမ်းတွေ၊ ဂျာနယ်တွေ၊ စာကြည့်တိုက်အတွက် စာအုပ်တွေ အများကြီး ပါ လာကြပါတယ်။ ဒီစာအုပ်လေး တွေကလည်း သူတို့ အတွက် အထောက်အကူ ဖြစ်နိုင်ပါလိမ့်မယ်။

အလယ်တန်းကျောင်းသားတွေအတွက်ပါ။

ဒီကျောင်းက ကျောင်းသားစာရင်းကို တင်ပြရရင်

သူငယ်တန်း – ၁၁၈ ယောက်
ပထမတန်း – ၄၃ ယောက်
ဒုတိယတန်း – ၃၀ ယောက်
တတိယတန်း – ၂၅ ယောက်
စတုတ္ထတန်း – ၁၈ ယောက်
ပဉ္စမတန်း – ၁၇ ယောက်
ဆဌမတန်း – ၁၂ ယောက်
သတ္တမတန်း – ၅ ယောက်
အဌမတန်း – ၄ ယောက်
အားလုံးပေါင်း – ၂၇၂ ယောက် ဖြစ်ပါတယ်။

ကျွန်မတို့ တွေ ညနေ ၄နာရီ ၄၅ မိနစ်မှာ အောင်မြင်စွာနဲ့  ပြန်လာခဲ့ကြပါတယ်။ သူတို့ လေးတွေဟာ ဒီ အမှတ် (၅) ဘုန်းတော်ကြီးတော်သင် ပညာရေးကျောင်းမှာမှ မတက်ရရင် ဟိုးအ၀းကြီး မြို့ ပေါ်မှာ ကျောင်း သွားတက်ရမဲ့ ကလေးငယ်တွေပါ။

အလိုင်နီရွာ ကျောင်းထိုင် ဘုန်းဘုန်း၊ ကျောင်းဆရာလေးနှင့် ကျောင်းသားများ
ဘာပဲပြောပြော ခုလို ကျောင်းနဲ့  အလှမ်းဝေးလို့  မြို့ ကျောင်းမှာ စာသွား မသင်နိုင်တဲ့ ကလေးငယ်တွေကို အဆင်ပြေစွာ စာသင်နိုင်အောင် ကူညီရာ တွင် ကိုယ်အား၊ စိတ်အား၊ လူအား၊ ငွေအား စသည့် ကိုယ်နိုင်ရာ တတပ်တအားဖြင့် ပါဝင်ခဲ့သောသူများ၊ ကိုယ်တိုင် မပါဝင် နိုင်သော် လည်း နှုတ်အားဖြင့် နှိုးဆော် ဦးဆောင်ခဲ့သူ များ၊ မာတီမှ သူငယ်ချင်းများ၊ MMG မှ သူငယ်ချင်းများ၊ My Suboo Fun Club မှ မိတ်ဆွေများ၊ Mistake 51 Area မိတ်ဆွေများနှင့် အားလုံးသော မိတ်ဆွေ သူငယ်ချင်း များကို ကျွန်မတို့  ပြုသမျှ ကုသိုလ်ကို သာဓုခေါ်နိုင်အောင် ပြန်လည် ခံစား တင်ပြ လိုက်ရပါတယ်နော်။

မေဇူး
7.6.10
12:15 pm

{MMG အဖွဲ့ ၏ ဒုတိယအကြိမ် ရေအလှူ} နွေအပူ ရေလှူရာဝယ်

မြန်မာ မာတီပလိုင်းအဖွဲ့ (MMG) နဲ့  သဒ္ဓါဓိက လူငယ်အဖွဲ့ ရဲ့ စုပေါင်း ရေလှူဒါန်းပွဲကို ၂၃.၅.၁၀ နေ့ က ရန်ကုန်တိုင်း ဒလမြို့ နယ် ဘက်မှာ ပြုလုပ်ခဲ့ပါတယ်။ MMG အဖွဲ့ ရဲ့ ဒုတိယအကြိမ်မြောက် ရေလှူဒါန်းခြင်း ဖြစ်ပါတယ်။ MMG ၏ ပထမအကြိမ် ရေလှူပွဲကို ၂၀.၅.၁၀ နေ့ က ဒလမြို့ နယ်ဘက်မှာပဲ သွားရောက် လှူဒါန်းခဲ့တာပါ။

ပထမအကြိမ်က PMG ရေသန့် ဘူးတွေနဲ့ အတူ ဓာတ်ဆား၊ ၀မ်းပိတ်ဆေး စတာတွေကိုပါ လှူဒါန်းခဲ့ပါတယ်။ ရုံးဖွင့်ရက် ဖြစ်တာ ကြောင့် ကျွန်မ မလိုက်နိုင်ခဲ့ပါဘူး။ ဒုတိယအကြိမ်မှာမှ လိုက်ပါဖြစ်ခဲ့တာပါ။

ခုတကြိမ် လှူဒါန်းတဲ့ ရေသန့် ဘူးတွေက Toki သောက်ရေသန့် ကပါ။ ၂၃.၅.၁၀ မနက် ၉နာရီမှာ ပန်းဆိုးတန်း အထက်ဘလောက်က Super King လားရှိုး ခုနှစ်လွှာ ပေါက်စီနှင့် ကဖေးဆိုတဲ့ ဆိုင်လေးမှာ ချိန်းဆိုထား ကြတာပါ။ မနက် ၉နာရီကျော်မှာ လိုက်ပါကြမဲ့သူ တွေ အတော်များများ တဖွဲဖွဲနဲ့  ရောက်လာကြပါတယ်။

မိန်းကလေးထဲက ကျွန်မ ရောက်ပြီး သိပ်မကြာခင် ညီမလေး မြလေးသျှင် ရောက်လာပါတယ်။ မရင်သွေးဦး လည်း လာမယ် ပြောပါ တယ်။ ၉နာရီခွဲခါနီးမှာ ကိုနဂါး၊ ကိုသစ်ကိုတို့  ဦးဆောင်တဲ့အဖွဲ့ က ဆင်ရေတွင်းမှာ ရှိ တဲ့ Toki သောက်ရေသန့် ကို သွားသယ်ကြပါ တယ်။

ကိုလင်းအောင်ပြည့်ကတော့ အချိန်နီးမှ ကိုသစ်ကိုက MMG ရင်ထိုး Sticker လုပ်ချင်တယ်။ Vinyl လုပ်ချင် တယ်လို့  လှမ်းဂျီကျ ထားတာကြောင့် မနက်ပိုင်းမှ အသည်းအသန် အင်တာနက်ဆိုင် ပြေးပြီး ဓာတ်ပုံတွေယူ Vinyl လုပ်၊ Sticker Paper ပြေးဝယ်ပြီး Print ထုတ်နဲ့  အလုပ်ရှုပ်နေပါတယ်။


အရေးပေါ်ဖန်တီးပေးထားတဲ့ ကိုလင်းအောင်ပြည့်ရဲ့ Vinyl လေးပါ။

ကျွန်မတို့  ကိုအလင်းစေတမန်တို့  သျှင်တို့ ကတော့ သူတို့ ကို စောင့်ရင်း MMG တစ်နှစ်ပြည့်မှာ ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ထိုင် စကားပြောရင်း စိတ်ကူးနဲ့  ကိုယ်လုပ်ချင်တာတွေကို ဆွေးနွေးနေကြတာပါ။ ပထမ အစီ အစဉ်က ဒလဘက်ကို ၁၁နာရီခွဲ ဇက်နဲ့ ကူးဖို့  စီစဉ်ထားတာပါ။ ဒါပေမဲ့ ရေသွားဖြည့်နေတဲ့ ကိုနဂါးတို့  က ဖုန်းဆက်လာပါတယ်။

ရေသန့် ကားတွေက Weight များတော့ ဇက် အတက်အဆင်း အဆင်မပြေမှာစိုးလို့  လှိုင်သာယာဘက်ကပဲ သွားကြမှာမို့  ကျွန်မတို့  တွေကို သူတို့ ရှိတဲ့ ဆင်ရေတွင်းကို လိုက်လာခဲ့ဖို့  ကိုလင်းအောင်ပြည့်ကို လှမ်းပြော တာပါ။ အဲဒီအချိန်မှာပဲ ကိုလင်းအောင်ပြည့်ရဲ့ Vinyl တွေ Sticker တွေ ရလာတာမို့  ကျွန်မတို့ သွားဖို့  စီစဉ် ထားတဲ့ ကားနဲ့  ဆင်ရေတွင်းကို လိုက်ခဲ့ကြပါတယ်။

ပထမအကြိမ် ရေလှူချိန်က လိုက်ပြီး လုပ်အားပေးခဲ့ရာက ခါးနာသွားတဲ့ ကိုရာဝဏ္ဏကလည်း သွားမဲ့ သူအချို့  ကို ရေယူတဲ့နေရာအထိ လိုက်ပို့ ပေးသွားခဲ့ပါသေးတယ်။ လုပ်အားပေးတဲ့သူတွေ စီးဖို့ အတွက် Lite Ace တစ်စီး စီစဉ်ထားပြီး ရေသန့်  တင်တဲ့ကားကတော့ ကားကြီး ၁စီး၊ ကားလေး ၁စီး အားလုံးပေါင်း ၃စီးဟာ နေ့  လည် ၁၂နာရီ တိတိမှာ ဆင်ရေတွင်းက စထွက်ခဲ့ပါတယ်။

ရေလှူသွားတဲ့ ကား၃စီးပါ။

လှိုင်သာယာဘက်က သွားရတဲ့အတွက် ခရီးက နဲနဲ ပိုဝေးသွားပါတယ်။ တွံတေးဘက်ကို ဖြတ်ပြီးတော့မှ ဒလ ကို သွားရတာမို့ လို့  လေ။ ကျွန်မတို့  သွားရမဲ့နေရာကို ပြောပြပေးမဲ့ ကိုလင်းအောင်ပြည့် မိတ်ဆွေတွေက ဒလမြို့ နာရီစင်ထိပ်မှာ ဆိုင်ကယ်နဲ့  လာကြိုပါ တယ်။ ပြီးတော့ ဒလမြို့  အမှတ် ၉ ရပ်ကွက်ကို ရောက်ခဲ့ပါ တယ်။ အဲဒီကို ရောက်ချိန်မှာ နေ့ လည် ၁နာရီခွဲကျော်ပါပြီ။


ရေဝေတဲ့ လမ်းထပ်က ရပ်ကွက်လေးပါ။
ပထမအကြိမ်တုံးက ကားဘီးပေါက်တာကြောင့် ညနေ ၃နာရီမှ ရေ စဝေရတယ်လို့  ပြောပါတယ်။ ပထမဆုံး ကျွန်မတို့  ရေသွားဝေတဲ့ အမှတ် ၉ ရပ်ကွက်နဲ့  အမှတ် ၁၁ ရပ်ကွက်က ကပ်ရပ်ပါ။ သူတို့ ဆီမှာ တကယ့်ကို ရေရှားတာပါ။ သောက်ရေ လိုချင်ရင် ၂မိုင်ကျော် ဝေးတဲ့ နေရာအထိ သွားခပ်ရတာပါ။ အဲဒီ သပြေကုန်းဘက် ကတော့ အိမ်ခြေနည်းတော့ သောက်သုံးရေ လုံလောက်ပါသေးတယ်တဲ့။

သုံးရေကလည်း စိမ်းတောက်နေတာပါပဲ။ ရေညှိုတွေ အရမ်းများတဲ့ အစိမ်းရောင်မျိုး ပေါက်နေတာပါ။ အဲဒီရေနဲ့  ထမင်းချက်ရင် ထမင်း တောင် အစိမ်းရောင် ပေါက်တယ်လို့  သူတို့ က ပြောကြပါတယ်။ အမှတ် ၉ ရပ်ကွက် နဲ့  အမှတ် ၁၁ ရပ်ကွက် ၂ခုမှာ ကျွန်မတို့  ရေသန့် ဘူး ၃၀၀ လှူခဲ့ပါတယ်။

ကျွန်မ ကလေးတွေကို ပေးချင်လို့ ဆိုပြီး ထုတ်လာတဲ့ မုန့် ထုတ်လေးတွေလည်း ဝေပေးခဲ့ပါသေး တယ်။ မုန့်  ၃-၄မျိုးကို အိတ်လေး တွေနဲ့  ပြန်ထုတ်ထားတာပါ။ ပါလာတာ အားလုံးမှ မုန့် က အထုတ် ၁၀၀ထဲပါ။ ဝေနေ ရင်းနဲ့  ယူတဲ့ကလေးတွေ များလာပြီး မုန့် ထုတ် မလောက်လို့  ကျွန်မ သူတို့ ကြားက မနည်း ထွက်ပြေး လာရပါသေးတယ်။

နောက်ပြီး ရေလာယူတဲ့သူတွေကို ဓာတ်ဆားလည်းဝေခဲ့သေးပါတယ်။ အိမ်ခြေ ၂၅၀ လောက်ရှိတယ်ဆိုပြီး ကိုသစ်ကိုတို့ က အထုတ် ၂၅၀ စီစဉ်ခဲ့တာပါ။ ရေဝေတဲ့နေရာကို ၀င်ရတာ လမ်းအရမ်းဆိုးပါတယ်။ နောက်ပြီး ကျွန်မတို့  ရန်ကုန်က ထွက်ထဲက ရွာလိုက်တဲ့မိုး က သည်းကြီးမည်းကြီးပါပဲ။ ဒလကို ၀င်မှ နဲနဲ တိတ်သွားတာ ပါ။ ဒါပေမဲ့ ဒီရပ်ကွက် ၂ခုကို  ရေဝေမပြီးခင်မှာပဲ မိုးက ထပ်ရွာချတာမို့  အားလုံး စိုရွှဲကုန်တာပါပဲ။

ယောကျာ်းလေးတွေကတော့ ရေသန့် ဘူးတွေ ကိုယ်တိုင်တင် ကိုယ်တိုင်ချ ကိုယ်တိုင် လိုက်ထည့်နဲ့  ကုသိုလ် တွေ အများကြီး ရမှာ ဖြစ်သလို တော်တော်လေးလည်း ပင်ပန်းကြပါတယ်။

ပထမအကြိမ်ရော ဒုတိယအကြိမ် ရော ဒီလူတွေက ပြန်ပါတာမို့  သူတို့ ကတော့ ပိုပင်ပန်းပါတယ်။

ရေဝေပြီးလို့  ပြန်မယ်လုပ်တော့ ကားက ပြန်တက်မနိုင်ပါဘူး။ လယ်ကွင်းတွေ ချိုင့်ခွက်တွေထဲ ရုန်းပြီး ဆင်း သွားတဲ့ ကားကြီးက ပြန်အတက်မှာ နစ်ပါတယ်။ နစ်နေတဲ့ကားကို နယ်ခံလူတွေရယ်၊ လုပ်အားပေး အဖွဲ့ တွေ ရယ် တော်တော်လေး ကြိုးပန်းပြီး မနည်း တွန်းတင်ကြရပါတယ်။

နောက်တစ်နေရာကို မသွားခင်မှာ မနက်စာစားဖို့  ဒလ ဆိပ်ကမ်းဘက်ကို ပြန်သွားရပါတယ်။ ဘာလို့ လဲဆို တော့ ညနေ ၄နာရီ ထိုး နေမို့  မပြောကြပေမဲ့ အားလုံးက ဗိုက်ဆာနေကြပါပြီ။ ဒလ ကူးတို့ ဆိပ်နားက ဒေါ်ရှမ်း ဆိုတဲ့ ထမင်းဆိုင်လေးမှာ ထမင်းစားဖြစ်ကြ တော့ ၄နာရီခွဲလုလု ဖြစ်နေခဲ့ပြီ။

ထမင်းစားပြီးချိန်မှာ ရေကုန်သွားတဲ့ ကားတစ်စီးက ပြန်ဖို့  ဇက်ဆိပ်မှာ ကျန်နေခဲ့ပါတယ်။ ကျန်တဲ့သူတွေက နောက်ထပ် ဝေမဲ့ ရပ်ကွက်တစ်ခုကို သွားပါတယ်။ အဲဒီမှာ မပြောမဆိုနဲ့  ကျန်နေခဲ့တာကတော့ ကျွန်မတို့  MMG ရဲ့ အကိုကြီး ကိုအလင်းစေတမန်ပါ။ မပြောမဆိုနဲ့  ကျန်နေခဲ့တာမှ သူ့ အိတ်ထဲမှာ ပိုက်ဆံ တပြားမှ မကျန်တာကို မသိပဲ ကျန်နေခဲ့တာပါ။ သူ့ ပိုက်ဆံတွေက အလုပ်များ ချိန်က ခဏ အပ်ထားတဲ့ ညီမလေး သျှင် ရဲ့ အိတ်ထဲမှာလေ။ အိမ်ကို ဘယ်လို ရောက်အောင် ပြန်မယ်တော့ မပြောတတ်ပါဘူး။

နောက်ရပ်ကွက်က ပွဲစားတန်းဆိုတဲ့ အမှတ် ၁၄ရပ်ကွက်လေးမှာပါ။ သူတို့ ရပ်ကွက်ကို လာတဲ့ လမ်းမှာ သောက်ရေကန် ၃ကန် တွေ့ ခဲ့ပါတယ်။ ဒါပေမဲ့ ၂ကန်က ရေလုံးဝ မရှိပဲ အလယ်ကျွန်း သောက်ရေကန်ဆိုတဲ့ ၁ကန်ကတော့ ကန်လယ်မှာ ကြာတွေ အများအပြား ရှိနေပေမဲ့ ရေနဲနဲပါးပါး ခပ်လို့ ရပါသေးတယ်။ အနည်းဆုံးတော့ သုံးရေ တော့ ရပါသေးတယ်။

လမ်းမှာ ကျွန်မတို့ လို ရေလာလှူတဲ့ အဖွဲ့  ၃-၄ဖွဲ့ တွေ့ ခဲ့ပါတယ်။ တချို့ က သံတိုင်ကီတွေ၊ စည်ပိုင်းတွေနဲ့  သုံးရေ လာလှူတာပါ။ ကျွန်မတို့ ရဲ့ လက်ကျန်ရေ ပုံး၂၀၀ကို ဒီရပ်ကွက်လေးမှာပဲ ဖြတ်ပြီး ပေးခဲ့ပါတော့တယ်။ ညနေ ၆နာရီကျော်ပြီမို့  မှောင်စ ပြုလာပြီလေ။  ကားကူးတဲ့ ဇက်က ညနေ ၆နာရီ နောက်ဆုံး ဆိုတာကြောင့် ရေသန့် ကားတွေ ကျွန်မတို့ လာတဲ့ ကားတွေက ဒလဘက်က ပြန်ကူး မယ် စိတ်ကူးထားပေမဲ့ မမှီတော့ပါဘူး။

လှိုင်သာယာဘက်က ပြန်မှ ရတော့မှာမို့  ကျွန်မတို့  မိန်းကလေးတွေနဲ့  တချို့ သူတွေ ဒလဘက်ကမ်းကနေ လူကူးဇက်နဲ့  ပြန်ဖို့  စီစဉ် ပြီး လမ်းခွဲကြပါတယ်။ ကိုလင်းအောင်ပြည့်၊ ကိုသစ်ကို၊ ကိုနဂါးတို့ ကတော့ သောက်ရေသန့် ဘူးတွေ ပြန်အပ်ရအုံးမှာမို့  ကားတွေနဲ့  ပဲ ပြန်ဖို့  ကျန်နေခဲ့ပါတော့တယ်။

အားလုံး ဒလဘက်ကမ်းမှာပဲ လူစု ခွဲခဲ့ကြတာပါ။ ခရီးစဉ်တစ်ခုလုံးမှာ စိတ်အေးချမ်း ကြည်နူးစွာနဲ့  အဆင်ပြေ ချောမွေ့ စွာ ပြီးဆုံးသွား ခဲ့ပါတယ်။ ပီတိတွေ ကြည်နူးမှုတွေလည်း ဖြစ်ရပါတယ်။ အားလုံးရဲ့ အလှူလည်း အထမြောက် အောင်မြင်ခဲ့တာမို့  ရေလှူသောသူများ ရော၊ မလှူဖြစ်တဲ့ သူတွေရော ၀မ်းသာ ကြည်နူး သာဓုခေါ်နိုင်အောင် ရည်ရွယ်ပြီး ဒီစာမူလေးကို ကျွန်မ ရေးတင်ဖြစ်တာပါ။

ဒီခရီးစဉ်ကို စာမေးပွဲ နီးလို့  စာကျက်နေရတဲ့ကြားကနေ ကျွန်မ ဂျီကျလို့  လိုက်လာပြီး စိတ်ပါလက်ပါ ကူညီပေးခဲ့တဲ့ ညီမလေး မြလေးသျှင်၊ Victoria Shopping Mall မှာ စီးရီးခွေ အသစ်ထွက်လို့  လက်မှတ်ထိုးပွဲ ရှိတဲ့ ကြားကနေ MMG အတွက် လိုက်ပါ ကူညီ လုပ်အားပေးတဲ့ ကိုနဂါး၊ အခြားအခြားသော လူမှုရေး ကိစ္စ များကို ထားရစ်ကာ စိတ်ပါလက်ပါ ကူညီပေးခဲ့ကြသော သဒ္ဓါဓိက အဖွဲ့ ဝင် များနှင့် လိုက်ပါ ကူညီကြသော MMG အဖွဲ့ ဝင်များကို အားလုံး ကိုယ်စား ကျွန်မက ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ……….

23.5.10
11:50 pm

ကျွန်မနဲ့  ခရီးသွားခြင်း {အတွေး၊အရေး – ၁၇}

ကျွန်မ ဘ၀မှာ ခရီးသွားခြင်းကို နှစ်တိုင်းလိုလို စွဲစွဲမြဲမြဲ လုပ်ဖြစ်ခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ။ အရင်ကတော့ ခရီးသွားခြင်းကို ရံဖန် ရံခါ လုပ်ဖြစ်ခဲ့ပေမဲ့ ၂၀၀၅ ခုနှစ်က စပြီး နှစ်တိုင်းလိုလို ပုံမှန် ခရီးသွား ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ခု ၂၀၁၀ အထိ ဆိုပါတော့။

၂၀၀၅ ခုနှစ်က ပုဂံ၊ ညောင်ဦး၊မန္တလေး ၊ စစ်ကိုင်း၊ မင်းကွန်းဘက်ကို ဒီဇင်ဘာလ Christmas နဲ့  New Year ကြားကာလမှာ သွားဖြစ် ခဲ့ပါတယ်။ ဒီဇင်ဘာလဟာ အညာမှာတော့ အရမ်း အေးပါသေးတယ်။ ဆောင်းတွင်း မှာ ခရီးသွားရတဲ့ ဖီလင်လေးကလည်း အရမ်း နေလို့ ကောင်းပါတယ်။ အရာအားလုံးကို စိုစို ပြည်ပြည်၊ အေးအေး ချမ်းချမ်းနဲ့  မြင်ရ တွေ့ ရ ခံစားရလို့ ပါ။

၂၀၀၆ ခုနှစ်မှာတော့ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပင်းတယ၊ အောင်ပန်းတို့ ကို သွားဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ Christmas နဲ့  New Year ကြားကာလမှာပဲ သွားဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ အောင်ပန်းက လိမ္မော်ခြံ ထဲမှာ ပလိုင်းကြီးနဲ့  လိမ္မော်သီး ခူးနေတဲ့ အိုက်တင်တွေနဲ့  ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာလား အမှတ်တရ ပါပဲ။ နောက် အမှတ်တရ တစ်ခုကတော့ ပြန်မဲ့နေ့ မှာ ကလောမြို့ နား လေးက မြင်းမထိဂူကို မနက်ပိုင်း ၀င်လည်ကြ ပါတယ်။ ပုံမှန်ဆိုရင် အဲဒီက ပြီးရင် ရန်ကုန် ပြန်မယ်လို့  စီစဉ်ထားတာပါ။

အဲဒီမှာပဲ မြင်းမထိဂူ မရောက်ခင် လမ်းခွဲလေးက ဆိုင်းဘုတ်ကို စပ်စပ်စုစု ဖတ်လိုက်တာက ကျွန်မပါ။

“လွိုင်ကော်သို့  ၃၉မိုင်တဲ့ နီးနီး လေးပဲ သွားမလား။ ကယားပြည်ကို တစ်ခါမှ မရောက်ဖူးဘူး” လို့  စတင်ခဲ့ တာပါ။ ခရီးသွားတိုင်းမှာ ကျွန်မက ခရီးစဉ် စီစဉ်သူ ဒုတိယ လက်ထောက်ပါ။ သွားမဲ့ ခရီးစဉ်တိုင်းကို ကိုယ်တိုင် ရေးဆွဲ၊ ဘယ်မှာ တည်းမလဲ စီစဉ်နဲ့  အမြဲတမ်း ပင်တိုင် လုပ်ခဲ့သူပါ။ ကျွန်မရဲ့ စပ်စပ်စုစု စကားကို ကျွန်မရဲ့ ခေါင်းဆောင် ကလည်း လက်ခံပါတယ်။

ဒါနဲ့ ပဲ လွိုင်ကော်သွားမဲ့ လမ်းကို စုံစမ်းပြီး ခရီးဆက်ခဲ့ကြပါတယ်။ မိုင် ၂၀ကျော်လောက် ရောက်မှ စောစောက ဖတ်ခဲ့တဲ့ ခရီးမိုင်ဟာ ၃၉ မိုင် မဟုတ်ပဲ ၉၃ မိုင် ဖြစ်ကြောင်း နောက်ကျမှ သိခဲ့တာပါ။ ဒါပေမဲ့လည်း ရဲဘော် ဆက်လုပ်ပေါ့။ ကိုယ့်အုပ်စုနဲ့ ကိုယ်၊ ရုံးအပိုင် မီနီဘတ်စ်နဲ့  သွားကြတာဆိုတော့ သိပ် မခဲယဉ်းပါဘူး။ ကယားပြည်ဆိုတာ ရောက်ဖူးဖို့  မှ မလွယ်ပဲ။ ဒီတော့ မှားဖတ်မိတာပဲ အမှားကောင်း ဆိုပြီး ဆက်လက် ချီတက်ခဲ့ကြပါတယ်။

ကယားပြည်နယ်ကို ရောက်တော့ ညနေ ၅နာရီ ကျော်နေပါပြီ။ ဒါကြောင့် နာမည်ကြီး တောင်ကွဲစေတီနဲ့  တောင်ပေါ်က ဘုရားလေး ရှိတဲ့ မြို့ ကို အပေါ်စီးက မြင်ရတဲ့ ကျွန်မ နာမည် မမှတ်မိတော့တဲ့ စေတီလေး တစ်ဆူကို ရောက်ခဲ့ပါတယ်။ လွိုင်ကော်မြို့ လေးဟာ အေးချမ်း တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့ လေးတစ်ခုရယ်သာပါ။ အဲဒီနှစ်က မှတ်မှတ်ရရ ခြေရှည်ပြီး ကယားပြည်နယ် အထိ ရောက်ခဲ့ တာပါ။

၂၀၀၇ ခုနှစ်မှာတော့ ဒီဇင်ဘာလမှာ မသွားဖြစ်တော့ပါဘူး။ အလုပ်တွေ များနေတော့ ခွင့်ရက်ရှည်ယူပြီး သွားဖို့  မအားတာနဲ့  ၂၀၀၈ ခုနှစ် သင်္ကြန်ကာလမှာ သွားခဲ့တာပါ။ ခရီးစဉ်က ရွှေစက်တော်၊ မုံရွာ၊ မန္တလေး၊ မေမြို့ ၊ လားရှိုး၊ မူဆယ်ဘက်ကို သွားခဲ့ကြတာပါ။ နွေရာသီ ခရီးသွားတဲ့ ဖီလင်ကလည်း တစ်မျိုးလေး ကောင်းပါတယ်။

ဘာလို့ လဲဆိုတော့ ဆောင်းတွင်းသွားရင် အနွေးထည် အထူကြီးတွေနဲ့  ဓာတ်ပုံရိုက်ရင် ပဲပေးလို့  သိပ်မှ မကောင်းတာပဲ။ နွေရာသီ ဆိုတော့ လွတ်လပ် ပေါ့ပါးတဲ့ ၀တ်စုံလေးတွေ စိတ်ကြိုက် ၀တ်နိုင်တယ်လေ။ တစ်ခု မကောင်းတာကတော့ သင်္ကြန်တွင်းမို့  စားစရာ နေစရာ အားလုံး ဈေးနှုန်းက ၂ဆ နီးပါး ဈေးကြီးတာပါ။ နောက်ပြီး သင်္ကြန်ဆိုတော့ ရေစိုတာပေါ့နော်။

အဆိုးဆုံးက တရုတ်ပြည် ရွှေလီဘက်ကို သွားလည်ချိန်ပါ။ အိုး ရွှေလီ သင်္ကြန်က အလွန်ဆိုးတာပဲ။ ရေကို ပုန်းလိုက်ကြီး တိုက်တွေ ပေါ်က လောင်းချတာ၊ စားသောက်ဆိုင်မှာ စားသောက်နေတုံး တိုက်တွေပေါ်ကနေ ရေတွေ လောင်းချတာ၊ ဈေးဝယ်နေရင်း ဆိုင် အတွင်းထဲအထိ ရေ၀င်လောင်းတာမျိုးတွေလေ။ ကျွန်မတို့ ကသာ ဈေးဝယ်နေတုံး ရေလိုက် အလောင်းခံရလို့  စိတ်လည်း ညစ်၊ သူတို့ ဆိုင်တွေ စိုကုန်လို့  အားနာပေမဲ့ သူတို့ ကတော့ အေးဆေးပါ။ ဘာမှ မမှုပါဘူး။

၂၀၀၉ ခုနှစ်မှာလည်း သင်္ကြန်မှာပဲ သွားဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လည်ပတ်ဖို့  သက်သက် မဟုတ်ပဲ အလုပ်ကိစ္စနဲ့  လုပ်ငန်းခွင် တစ်ခုကိုပါ ၀င်ကြတာပါ။ ကျွန်မတို့ ရဲ့ လုပ်ငန်းက ကချင်ပြည်နယ် တနိုင်း ဘက်မှာလေ။ ဒီတခေါက်မှာတော့ ကျွန်မက ခါတိုင်းသွား နေကျ မီနှီဘတ်စ်နဲ့  မလိုက်နိုင်ခဲ့ပါဘူး။ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေကြောင့် (Operation လုပ်ထားရတာကြောင့်) လေယာဉ်နဲ့  နောက်မှ မြစ်ကြီးနားကို လိုက်သွားတာပါ။ ဒါပေမဲ့ အပြန်လမ်းမှာတော့ ခေါင်းမာစွာနဲ့  ကားစီးပြီး ရအောင် ပြန်လာခဲ့တာပါ။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့် ၊ မြစ်ဆုံ၊ ကရိန်နော်၊ အင်းတော်ကြီး ရွှေမဉ္ဖူဘက်အထိ ရောက်ခဲ့ တာပါ။ အပြန်ကျမှ ဗန်းမော်၊ နမ့်ခမ်းလမ်းဘက်ကနေ မူဆယ်ဘက်ကို ၀င်ပြီး လှည့်ပြန်လာတာပါ။ တရုတ် နယ်စပ်မြို့ ၂မြို့ ဖြစ်တဲ့ ရွှေလီနဲ့  လိုက်ဇာကို မတူညီတဲ့ နယ်စပ်နေရာ ၂ခုကနေ ရောက်ရှိ လည်ပတ် ခဲ့ရပါတယ်။့ သင်္ကြန် ပိတ်ရက် ၁၀ရက်လုံး ကားပေါ်မှာ ကုန်ခဲ့ကြတဲ့ အမှတ်တရ နှစ်တစ်ခု ပါပဲ။ ဘာလို့ လဲဆို တော့ တနေရာနဲ့  တနေရာ အရမ်းဝေးတော့ ကားစီးရင်း အချိန်ကုန်ရတာမို့ လေ။

ဒီလိုနဲ့  နှစ်တိုင်းလိုလို ခရီးထွက်ဖြစ်လာတော့  ခရီးသွားခြင်း အရသာ ဆိုတဲ့ ဖီလင်ကိုလည်း မူးယစ် ဆေးစွဲ သလို ယစ်မူး စွဲလမ်း နှစ်သက်တတ်လာပါတယ်။ တစ်နှစ်တစ်ခါ ခရီးသွားချိန်နားနီးလာရင် လူက အလိုလို နေရင်း ရင်ခုန်လာပါတယ်။ ဒီနှစ် ဘယ်နေရာ သွားမှာလဲ? ဘယ်သူနဲ့  သွားမှာလဲ။? ဘယ်အချိန်သွားမှာလဲ? ဥပမာ ဆောင်းတွင်းဘက် ဒီဇင်ဘာမှာ  သွားမလား? နွေရာသီ သင်္ကြန် ပိတ်ရက်တွေမှာ သွားမလား ဆိုပြီး တော့ပေါ့။

ရင်ခုန်သံက တစ်နှစ်နဲ့  တစ်နှစ် မတူညီပါဘူး။ အညာကို သွားမယ်ဆိုရင် လူက အညာဒေသ မြင်ကွင်းလေး တွေကို ကြိုတင် မြင်ယောင်ရင်း၊ ဖုန်နံ့ လေးတွေ ကြိုရရင်း၊ ရှမ်းပြည် သွားမယ်ဆိုရင်လည်း ရှမ်းအိုးစည်သံနဲ့  ပဲပုတ်နံ့ လေး ကြိုရလာသလိုပဲ ကျွန်မက ကြိုတင် ရင်ခုန်တတ်သူလေ။

ကားပေါ်မှာ ဖွင့်မဲ့ သီချင်းကအစ ရွေးချယ်ထားတာလေ။ ရှမ်းပြည် သွားရင် စိုင်းထီးဆိုင်တို့ ၊ စိုင်းဆိုင်မော်တို့ ၊ အညာသွားရင် စိုးစန္ဒာထွန်းတို့  ပိုးအိစံတို့ အစ အဲဒီလို အသေးစိတ် စီစဉ်ထားတတ်တာ။ အဲဒီလောက်အထိ ခရီးသွားမှုမှာ ရစ်မူးတတ်တဲ့ မိန်းမ တစ်ယောက်ပေါ့။

၂၀၁၀ ခုနှစ်မှာ ကျွန်မ ခရီး ၂ကြိမ် သွားခဲ့ပါတယ်။ နောက်ထပ် ရေးသားပါအုံးမယ်နော်။ ၂၀၁၀ ခရီးစဉ် အသေးစိတ်ကိုပေါ့။ ကျွန်မနဲ့  အတူ လိုက်ပါ ခရီးသွားပေးကြပါအုံးနော်။

စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ – ၁၅ ( သရုပ်မှန် ၀တ္ထုရေးနည်း – ၁)

ဝတ္ထုတစ်ပုဒ်မှာ သရုပ်မှန်မှု အငွေ့ အသက်ရအောင် ဘယ်လိုရေးရမယ်ဆိုတာကို စာရေးဆရာမ La Vyrle Spencer က သူ့  ဆောင်းပါးမှာ ဒီလို ပြောထားပါတယ်။

“အဲဒီ ၀တ္ထုကို ဖတ်လိုက်ရတာ တကယ့်အဖြစ်အပျက်လိုပဲ။ ဘယ်လိုများ ရေးလိုက်တာလဲ” လို့  တစ်စုံ တစ်ယောက် က စာရေးသူ ကိုမေးမယ်ဆိုရင် ဒါဟာ စာရေးသူအတွက် ကြီးစွာသော ဆုလာဘ် ရလိုက်သလို ပါပဲ။ တကယ်လို့ ပြောလာသူက ဆက်ပြီး “ကျွန်တော် ကိုယ်တိုင် အဲဒီဇာတ်လမ်းထဲ ရောက်သွားသလိုပါပဲ။ ၀တ္ထုထဲက အသံတွေ ကြားရတယ်။ အနံ့ တွေ ရနေတယ်။ ဖတ်ရင်း ဖတ်ရင်းနဲ့  ကိုယ်တိုင် အဲဒီ စာမျက်နှာ တွေထဲ ရောက်သွားတယ်ဗျာ” လို့  ဆိုလိုက်ရင် အဲဒီ စာရေးဆရာဟာ စာဖတ်သူအတွက် ထူးခြားမှု တစ်စုံ တစ်ရာ ပေးနိုင်တာ သေချာသွားပါပြီ။

ကျွန်မကို အဲလိုဖြစ်အောင် ဘယ်လိုရေးတာလဲလို့  မေးလာရင် ကျွန်မအဖြေကတော့ “အာရုံငါးပါး ပါဝင် အောင် ရေးထားလို့ ပါပဲ” လို့  ဖြေပါလိမ့်မယ်။ စာရေးဆရာ အတော်များများ သဘောမပေါက်ကြတာက စာဖတ်သူ ရင်ထဲ စွဲငြိသွားအောင် သရုပ်မှန် ၀တ္ထု ဖြစ်နိုင် ဖို့ အတွက် အာရုံငါးပါးကို ကိုယ့်ဝတ္ထုထဲပါအောင် ဖန်တီးကြဖို့  လိုတယ်ဆိုတဲ့အချက်ပါပဲ။

ကျွန်မတို့  ၀တ္ထုတွေမှာ ‘အမြင်’ အာရုံကို အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့ ‘အနံ့ ’ တို့ ၊ ‘အသံ’ တို (ဇာတ်ကောင်တွေ ပြောနေကြတဲ့ စကားအပြင်) ‘အရသာ’ တို့ ၊ ‘အတွေ့ ’ တို့ ကို ဘယ်လို ဖန်တီးမလဲ။ ဇာတ်ဝင်ခန်းတစ်ခု ရေးတော့မယ်ဆိုရင် “အမြင်၊ အကြား၊ အတွေ့ ၊ အရသာ၊ အနံ့ ” ဆိုတဲ့ အာရုံငါးပါးကို ဘယ်လို ပါအောင်ထည့်ရေးရမလဲဆိုတာ အကွက်ချ စဉ်းစားပြီးမှ ချရေးပါတယ်။

အနံ့ ဆိုလို့  ကောင်းတဲ့ အနံ့  ဖြစ်ရမယ်လို့  မဆိုလိုပါဘူး။ တစ်ခါတရံမှာ ဆိုးဝါးတဲ့ အနံ့ ဆိုးတွေက တကယ့် ဖြစ်ရပ်မှန်နဲ့  အနီးစပ် ဆုံးဖြစ်အောင် ထူးထူးခြားခြား ဖန်တီးပေးတတ်ပါသေးတယ်။ ဆိုကြပါစို့ ။ ရေခဲသေတ္တာ တံခါး ဖွင့်ချိန်မှာ ရလိုက်တဲ့ ဟင်းသီး ဟင်းရွက် အပုပ်နံ့ ၊ ယောကျာ်းတစ်ယောက် ကိုယ်ကထွက်လာ တဲ့ ချွေးနံ့ ပြင်းပြင်း၊ မိန်းမတစ်ယောက် လက်မှာ ပေနေတဲ့ ရေနံဆီ အနံ့  စသဖြင့်ပေါ့။

ဇာတ်ဝင်ခန်းမှာ အဲဒီအနံ့  ရနေတယ်ဆိုတာကို တစ်ကြိမ်ပြောရုံနဲ့  မပြီးသေးဘူး။ ကိုယ့်ဇာတ်ကောင် လှုပ်ရှား နေသမျှ ကာလပတ်လုံး ဒီအနံ့ ကို ပရိသတ်က ရနေအောင် ခဏခဏ ရေးပေးရပါမယ်။

ဆိုကြပါစို့ ။ ဇတ်ဝင်ခန်း တစ်ခုမှာ လင်မယား၂ယောက် အော်ကြီးဟစ်ကျယ် ငြင်းခုန်နေကြမယ်။ ယောကျာ်းက မီးဖိုတံခါးဝကနေ မိန်းမကို လှမ်းအော်မယ်။ “ဟေ့ မင်းအမေကြီး ငါတို့ နဲ့  အတူတူ ဆက်နေမှာကို ငါ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ငါ ပြန်လာလို့  မှ အဘွား မသွားသေးဘူး ဆိုရင် ငါ ဆင်းသွားမယ်” ပေါ့။

ဒီဇာတ်ဝင်ခန်းကို ရေးချိန်မှာ မီးဖိုထဲရောက်နေတဲ့ မိန်းမကို ဖရုံယို လုပ်ခိုင်းထားမယ်။ ဒီတော့ ဘာအနံ့ တွေ ၀င်လာမလဲဆိုရင် ပျားရည်အနံ့ ၊ သကြားနံ့ ၊ အမွှေးနံ့  စသဖြင့် ပါလာမယ်။ တခြား မီးဖိုတစ်ခုမှာလည်း ဟင်းချက်နေတော့ ရှာလကာရည်နံ့ တို့ ၊ ဟင်းမွှေး မဆလာနံ့ တို့ က ရှိနေအုံးမယ်။

တကယ်လို့  သူတို့ လင်မယား စကားအပြန်အလှန် ပြောနေကြတာ စာမျက်နှာ တစ်ဝက်လောက်အထိ ရောက်လာရင် ကျွန်မက စာဖတ်သူကို မီးဖိုထဲက အနံ့ တွေကို ပြန်သတိရသွားအောင် တစ်ချက်လောက်တော့ ၀င်ထောက်လိုက်ရတယ်။ ဥပမာ ဒီလိုပေါ့။

“နိုရာ၊ မင်းကို ငါ သတိပေးနေတာ၊ မင်းအမေနဲ့  မင်းနေမလား၊ ငါနဲ့  နေမလား။ မင်းကြိုက်ရာ ရွေးပေတော့။” လို့  သူက အော်လိုက် တယ်။ သူ့ မျက်နှာကလည်း မီးဖိုခန်းထဲက ရှာလကာရည်နံ့ လိုပဲ ချဉ်စူးနေတော့တယ်။

ချဉ်တယ်တိုတဲ့ အနံ့ က အမျိုးသားရဲ့ မျက်နှာပေါ်က ဒေါသကို တင်စားရာ ရောက်စေသလို၊ ဖရုံယိုက ထွက် တဲ့အနံ့ ကလည်း နိုရာရဲ့ နူးညံ့မှုကို တင်စားရာ ရောက်ပါတယ်။ အမျိုးသားရဲ့ မျက်နှာကို ရှာလကာရည်နဲ့  တင်စားလိုက်တော့ ဟာသဖောက်ရာလည်း ရောက် ပါတယ်။ ဒီလို ဇာတ်ဝင်ခန်း ရေးရင် လင်မယား နှစ်ယောက် အော်ဟစ်နေရင်းနဲ နိုရာက သူလုပ်စရာ ရှိတာတွေ ဆက်လုပ်နေတယ် ဆိုတာ ဖော်ပြဖို့  မမေ့ ပါနဲ့ ။ နိုရာက ချက်ပြုတ်နေတာဆိုတော့ စကားပြောရင်း ဟင်းအိုး အပူကို ကိုင်ချင်ကိုင်မိသွားမယ်။ အဲဒီလို ပူသွားရင် သူက ရေပိုက်ဖွင့်ပြီး လက်ထိုးခံလိုက်မယ်။ ဒီမှာ ဇာတ်ဝင်ခန်းက အရှိန် ပိုမြင်သထက် ပိုမြင့်လာပြီ။ ပူသွားတယ်ဆိုတဲ့ အတွေ့ အာရုံကို ထည့်လိုက်နိုင်ပြီ။ ပူတယ်ဆိုတာ ကောင်းတဲ့ အတွေ့ အာရုံတော့ မဟုတ် ဘူး။ ဒါပေမဲ့ တကယ့်သဘာဝမှာလည်း ဒါမျိုး ဖြစ်တတ်တာဆိုတော့ ကိုယ့်ဇာတ်ဝင်ခန်းက သရုပ်မှန် ဖြစ်လာ တယ်။

ပြောရင်း သနပ်တွေပေါ်ကို ဆီလောင်းထည့်လိုက်တော့ ဖိတ်စင်သွားတယ်။ ဖိတ်သွားတာကို သုတ်ပစ်ရမယ်။ စိုသွားတယ်ဆိုတဲ့ အတွေ့ အာရုံ ၀င်သွားပြီ။ ပြီးတော့ သူ့ လက်ကို လက်နှီးနဲ့  သုတ်လိုက်အုံးမယ်။ နဖူးက ချွေးတွေ စီးကျနေမယ်။ အပူဆိုတဲ့ အတွေ့  အာရုံ ပေါ်လွင်တဲ့အပြင် ချွေးစီးကျတာလည်း အတွေ့ ပါပဲ။ အော် ရင်းနဲ့  ဇွန်းနဲ့  ဖြစ်ဖြစ်၊ ယောက်မနဲ့  ဖြစ်ဖြစ် ပေါက်လိုက်မယ်။ (အသံ ပါလာပြီ)

စကားများရင်း တန်းလန်းနဲ့  ယောကျာ်းက ဒေါသတကြီး ထွက်သွားတော့ မိန်းမက သူ့ ကော်ဖီခွက်ကို ရေခဲ တုံးတွေ ထပ်ထည့်ပြီး လှုပ်(ဖန်ခွက်နဲ့  ရေခဲတုံး ထိတဲ့အသံ)၊ ကော်ဖီသောက်တော့ ခါးနေတဲ့အတွက် မျက်နှာရှုံ့ မဲ့သွားမယ်။ (အရသာ)

ခုကျွန်မပြောတဲ့အထဲမှာ အာရုံငါးပါးလုံးပါသွားတာ သတိပြုမိပါလိမ့်မယ်။ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ဒါတွေ အားလုံး ပါဖို့ ဆိုတာ အကွက်ချ စဉ်းစားထားမှသာ ဖြစ်နိုင်ပါတယ်။ တချို့ ဇာတ်ဝင်ခန်းတွေမှာ အာရုံ ငါးပါးလုံး ပါအောင် ရေးဖို့  မလွယ်ပါဘုး။ အထူးသဖြင့် အရသာပေါ့။ အဲဒါပါအောင် ရေးဖို့  အခက်ခဲဆုံးပါပဲ။ အနည်းဆုံး အာရုံ ၃-၄ ခုတော့ ပါအောင် ရေးဖို့ လိုပ့တယ်။ စကားပြောတွေ ရေးရာမှာလည်း စာဖတ်သူနဲ့  တသားတည်း ကျအောင် ရေးတတ်ဖို့  လိုပါတယ်တဲ့။